လေညှင်းသည် ပခုံးတွင် ဆောင်းအငွေ့အသက်ကို ဆွတ်ကာ
မျက်နှာပေါ်တွင်အိနြေ္ဒရနေသော ရေစက်ရေပေါက်များကို ပွတ်တိုက်သွား၏။
မျက်နှာသုတ်ပ၀ါကို အားမနာနိုင်တော့။သြကာသလောကသည် မကြာမီရက်ပိုင်းအတွင်း
ယင်း၏ တစ်ကိုယ်လုံး (သို့) အရပ်ရှစ်မျက်နှာအပြည့် မြူများကို ၀တ်ဆင်ရန်
ရာသီသစ် အမှီ လျှော်ဖွတ်နေသည်။ အနီရောင်ခေါင်းတုံးကြီးသည်
အလင်းရောင်နှင့်အပူဓာတ်အား လု့ပြည်တွင် ဖောက်ကားရန် အရှေ့ တံခါးဝမှ
ဝင်လာနေသည်။ အိပ်မပျော်ခြင်း အိပ်ရာခင်းအား ခင်းမအိပ်မိရျှ် တော်သေးသည် ဟု
ဆိုရမည်။ ကြမ်းပိုးများ အုပ်စုဖွဲ့နေထိုင်သော ယင်းအိပ်ရာခင်းထဲတွင် နီရဲစွာ
အဖုအထစ်ထနေသည့် အိပ်ချိန်များရှိသည်။ လန်းဆန်းမှု နှင့် နံနက်ခင်းအား
လက်ကမ်းပေးလိုက်သည်။ မင်္ဂလာပါ . . .။
မင်္ဂလာပါ ဟု နှုတ်ဆက်ပြီး မင်္ဂလာနှင့်မကိုက်ညီသော
ကိစ္စကြီးငယ်အသွယ်သွယ်အား ကျောက်သင်ပုန်းပေါ်တွင်သာမက
ကတ္တရာလမ်းမများပေါ်တွင်ပါ နေရာမရွေး တွေ့နေရသည်။ ရုန်းကန်ခြင်းနှင့်
မွေးဖွားပြီး ရုန်းကန်ခြင်းနှင့် အဆုံးသတ်ရသည့် သုညများ၏အဓိပ္ပာယ်သည်
မည်သည့်အတိုင်းအတာအထိ အနှစ်သာရ ပြည့်စုံခဲ့ပါသနည်း။
ငှက်ပျောပင်တစ်ပင်၏သက်တမ်း သည် အချိန်မည်မျှ ကြာမြင့်ပါသနည်း။
အတည်တကျမရှိသော ဘတ်စ်ကားနံပါတ်များဖြင့် မြို့ပတ်ရာတွင်
လက်ကိုင်ဖိုင်ဘာကွင်းများ ၊ သံတန်းများ ၊ ထိုင်ခုံရှည်များပေါ်တွင်
ထွက်ပေါက်တစ်ခု ရှာတွေ့ခဲ့သည်။ ဆင်းချင်ရာဆင်း တက်ချင်ရာတင်ရင်း
စာအုပ်အဟောင်းဆိုင်များ နှင့် မယောင်မလည် ပေါင်းတတ်သင်းတတ်ခဲ့သည်။
တရားရှာကိုယ်မှာတွေ့ ဆိုသည့်အတိုင်း သူစိမ်း များကြားတွင်
ကျွန်တော့်ကိုယ်ကျွန်တော် ရှာတွေ့ခဲ့သည်။
ငှက်ကလေး သည် ကျွန်တော့်ကို အဆာလွန်စေခဲ့သည်။ အဆာလွန်ရကျိုးလည်းနပ်ပါသည်။
ပထမအိပ်မက် အား အရှင်လတ်လတ် မက်ခဲ့ဖူးပြီ။
အိပ်မက်နှင့်ဘ၀ ၊ အိပ်ခြင်းနှင့်သေခြင်း စသည် စသည် တို့သည်
မည်မျှ ကွဲပြားခြားနားကြသနည်း။ ကျွန်တော်နှင့်တူသော လွယ်အိတ်သည်
အခွံဖြစ်သွားသော စီးကရက်ဘူးခွံများ နှင့် အနှစ်မဲ့သွားသော
လူငယ့်သက်တမ်းအကန့်များ နှင့် ပြည့်နှက်နေသည်။ သဲနာရီ ကို မည်သူမျှ
အသုံးမပြုတော့ပါ။
မီးဖိုချောင်တွင် ညှော်နံ့ရှိသည်။ ဘတ်စ်ကားပေါ်တွင်
ချွေးနံ့ရှိသည်။ဓမ္မတွင် တရားနံ့ရှိသည်။ လူတိုင်းတွင် တရားနံ့ရှိပါသလား။
ကျွန်တော့်တွင် ဆေးလိပ်နံ့ရှိသည်။ ရေမွှေးဆွတ်လေ့ဆွတ်ထမရှိသော ကျွန်တော် သည်
မည်သည့်ရေမွှေးကိုမျှ မသိပါ။ ရေမွှေးဆိုသည့်အတိုင်း မွှေးနေသော ရေဖြစ်မှာ
သေချာပြီး ယင်းတို့၏တံဆိပ်နာမများ ကို ယင်းတို့၏ အနံ့ဖြင့် ခွဲခြားကြသည်ဟု
ကြားဖူးနားဝရှိခဲ့သည်။ ရေနံလည်းရှိသည်မဟုတ်ပါလား။
ဆယ့်နှစ်လရာသီတွင် သက်ဆိုင်ရာ ရာသီပန်းနံ့များရှိကြသည်။
လူသားအားလုံးသည် အသက်ရှင်ရပ်တည်မှုအတွက် မမောမပန်း ကို စိုက်ပျိုးနေကြရ၏။
ရေလောင်းနေ၏။ပေါင်းနှုတ်နေ၏။ . . . ။ရေသောက်မြစ်များမတူကြပါ။ … ပန်း
အမျိုးအစား လည်း မတူညီကြပါ။ ကမ္ဘာကြီးတွင် သစ်တောနံ့များရှိသည်။
သစ်တောနံ့များရှားပါးလာသည်။ ပန်းဆယ်မျိုးအနုပညာတွင် ယဉ်ကျေးမှုအနုစိတ်နံ့။
ဈေးနှင့်ကုန်တိုက် ကို လူသားတို့ မည်သို့ မည်ပုံခွဲခြားကြပါလိမ့်။
နှစ်ဆယ်နားနီးနေသော ကျွန်တော့်ပြက္ခဒိန်သည် အနံ့တော်တော်များများကို
ထိတွေ့ဖူး၏။ ညစာစားပွဲ၏ဟင်းချိုနံ့သည် အိမ်ပုကလေး၏ ကလေးအငိုအား
မတိတ်စေနိုင်ပါ။
ကျွန်တော်သည်တစ်နေ့တစ်ထောင်ရ စုဗူးအပေါက်ကလေးဖြစ်သည်။ စုဗူးဖောက်မည့်နေ့တွင် မဲဇာသို့အရောက်သွားမည် ဟု အားခဲထားသည်။
ဆေးပေါ့လိပ်တစ်လှည့် ဖက်ကြမ်းတစ်လှည့် ဖြင့်
စာအုပ်တစ်အုပ်အား အိမ်သို့ ခေါ်လာရန် ကြိုးပမ်းနေဆဲသကာလ။
စုဗူးများတွင်တောင်ပံမပါခြင်း ၊ ပိုက်ဆံတွင်တောင်ပံပါခြင်း ၊
စာအုပ်ဈေးနှုန်းများ အာကာသသို့ စူးစမ်းလေ့လာရေးထွက်နေသည်။ အမှီလိုက်ရန် ၊
အလိုက်မှီရန် ခက်ခဲလှပါသည်။ ဆေးလိပ်ဖြတ်ဆိုလျှင် ဖြတ်နိုင်ပါသည်။
စာအုပ်စွဲမှု နူးညံ့ညံ့ရောဂါအား ဟန့်တားရန် ဘုရားလမ်းမှ
စာအုပ်အဟောင်းဆိုင်လေးက ဆေးပေးခန်းအဖြစ် ကျားကန်ပေးထားနိုင်ခဲ့သည်။
နေ့တွင်ပူတော့မည် ၊ ညတွင်ချမ်းတော့မည်။ တော်သလင်းနေ
ပုဇွန်သေမသေတော့ မသိ။ ဆိပ်ကမ်း ၊ အုတ်ဖုတ်စက်နှင့်မှတ်တိုင်များ ၊
မြို့သစ်မြိုထားသောစက်ရုံများ စသည် စသည် တို့သည် သေချင်စော်နံ့ များ
ထုတ်လွှတ်နေပေလိမ့်မည်။ အိုဇုန်းလွှာပေါက်ပြဲခြင်း အား ဖာထေးခြင်းလား ၊
အပေါက်ချဲ့ခြင်းလား ၊ …လား မသိပါ။ ကျည်ဆန်ရထားများရှိသည်ဟုဆိုသော်
ကျည်ဆန်ဘတ်စ်စကားများ အစာရှာထွက်ချိန် ညနေပိုင်းတွင် အပြေးပြိုင်ရန်
ကျွန်တော့်ကျည်ဆန်စက်ဘီးလေးသည် ဘီးတပြင်ပြင်နှင့်။ ယနေ့သည်
နေ့ကောင်းရက်သား။ ထိုစာအုပ်လေး ရှိနေပါစေ။ ဆရာဘုန်းနိုင်မရှိတော့ပါ။
လက်ဘက်ရည်ဆိုင် နှင့် ထိုင်ရန် ညနေ ငါးနာရီ (သို့) ခြောက်နာရီ ကို
ချိန်းလိုက်ရသည်။ ညနေခင်း၏ ပြည့်ဝပျော်ရည်ထဲတွင် အိပ်တန်းတက်ရန် ပြန်မည့်
ငှက်များနှင့် အိမ် သို့ပြန်ရန် တက်မည့် လူများ ခြေချင်းလိမ်နေ၏။
မြို့ပြသည် မီးရောင်စုံများ ကို သိမ်းဆည်းထားရာမှ နေရာကွက်ကြား
တပ်ဆင်ထွန်းညှိလိုက်ပြီ။ ညတွင်ချမ်းရျှ် နေ့တွင်ပူမည်။ ပူလွန်းရျှ်
သေချင်စော်နံသည်။ ချမ်းလွန်းလျှင်ကော … ? သေချင်စော်နံပေဦးမည်။
ကျွန်တော့်ပုံရိပ် သည် မှန်ထဲတွင် အခိုးအငွေ့ဆန်ဆန်
လူးလွန့်နေ၏။ ရေမိုးချိုးပြီးသော ခန္ဓာအဟောင်းနှင့် စာအုပ်အသစ်ကို
အရသာခံဖတ်မည်။ စာကြည့်စားပွဲသည် အူမြူးနေ၏။ အခန်းထောင့်မှ
အရောင်များထွက်နေသည်။ လွယ်အိတ်လေးသည် ယခုအချိန်အထိ
ရင်တုန်မှုပျောက်ကင်းဦးမည်ဟု မထင်ပါ။ ညစာ သည် မင်္ဂလာဦးည အား
ဖြတ်သန်းရတော့မည့် လူပျိုအလား ထမင်းပန်းကန်ကို ပလုတ်ပလောင်း ၀ါးနေ၏။
တ၀ီဝီ ပတ်ပြေးနေသော ပန်ကာကို ပလပ်ဖြုတ်လိုက်သည်။
နှုတ်ခမ်းကို ပြာခွက်အတွင်း ဖိချေရျှ် မီးသတ်လိုက်သည်။ သာမန်လေထု
တစ်ခုရအောင် မနည်းပြုပြင်ယူလိုက်ရသည်။ စာမျက်နှာ - ၂၀ ။ ချိန်ခွင်သည် ည ၁၂
နာရီ ကို မိနစ်တံများဖြင့် ထည့်ချိန်နေသည်။ ပတ်ဝန်းကျင်၏ တိတ်ဆိတ်မှုသည်
လမ်းထိပ်ရှိ ဂစ်တာသံကိုပင် မကြားရ။ မျက်ခွံပွင့်နေသော ပြတင်းတံခါးများကို
မလုံမလဲကြည့်ပြီး … အသက်ရှုလမ်းကြောင်း အား စက္ကန့်သုံးဆယ်မျှ
ဆင်းသက်စေလိုက်သည်။ မြတ် စွာ ဘု ရား … ။
လက်ဘက်ရည်ဝိုင်း ကို ပြောပြသည်။ သက်သေပြရန်အလို့ငှာ
ထိုစာအုပ်ကိုပင် ကျောတွင်ပိုးလာလိုက်သေးသည်။ တစ်ယောက် က အသစ်နံ့။ တစ်ယောက် က
ဆေးလိပ်နံ့ ။ တစ်ယောက် က အူကြောင်ကြောင်နံ့ ။ တစ်ယောက် က
ဂေါက်တောက်တောက်နံ့။ တစ်ယောက် က ဆေးရုံနံ့။ ဆေးရုံနံ့နှင့် ဥပမာပေးသည်။
ဟုတ်သင့်သလောက်ဟုတ်သည်။ ဆေးရုံနံ့ဟူသည် ရောက်လေ့ရောက်ထမရှိသော
ပုဂ္ဂိုလ်တစ်ဦးအဖို့ အိမ်အထိ အနံ့စွဲစေသည်။ ရေချိုးလိုက်လျှင် ပျော်မည်။
ကျွန်တော် လက်မခံပါ ။ ကျွန်တော် ရေချိုးသည်မှာ နှစ်ခါတိတိ။
ထိုအနံ့ပျောက်မသွားပေ။
အနံ့ဆိုသည်မှာ တွင်းအောင်းသတ္တ၀ါတစ်မျိုးလား။
ကျွန်တော့်အသက်ရှုလမ်းကြောင်းအတွင်း အချိန်ပြည့်နီးပါး ခိုအောင်းနေ၏။ ငယ်ဘ၀ ၏
ပုစ္ဆာများထဲမှ အဖြေလိုအပ်နေသော သင်္ကေတ * ကို ယူသုံးခွင့်ပြုပါ။ အာရုံ (၆)
ပါး တွင် အနံ့ပါသည်မှာ မှန်သော်လည်း ကျွန်တော့်အတွက်မူ (၁) အနံ့ ၊ (၂)
အနံ့ ၊
………..(၆) အနံ့။
ဆေးလိပ်သောက်ရန်မီးညှိသည်။ တစ်ရှိုက် ရှိုက်ရျှ်ဖွာသည်။
ဆေးလိပ်ကုန်သွားလျှင် … * အနံ့။ အကြိုက်ဆုံးဆိုသည့် ဆူးပုပ်ရွက်ဟင်းချို
အိမ်တွင်ချက်သည်။ တစ်ဇွန်းကုန်သွားလျှင် … * အနံ့။ ကှ်ျသို့ဖြင့်
ခရေပွင့်နံ့မရှိသော * နံ့သည် ကျွန်တော်နှင့်ကျွန်တော့်အသက်ရှုလမ်းကြောင်း
အား သိကအောက်ဖြစ်စေသည်။ စိတ်စွဲသည် ဟု သင်က သုံးသပ်လျှင်သုံးသပ်နိုင်ပါသည်။
ကျွန်တော် စိတ်မစွဲပါ။ သက်သေပြစရာလည်းမရှိပါ ဟု မခံချိမခံသာ
ပြောရပါလိမ့်မည်။ * နံ့သည် မွှေးသည် မှာ သေချာသည်။ သို့သော် ကျွန်တော်
နာမည်မပေးရသေးပါ။ ရေမွှေးများကို ယင်းတို့၏ အနံ့ဖြင့် အမည်နာမ (၀ါ)
တံဆိပ်ကပ်ကြသည်မဟုတ်ပါလား။
မွှေးရနံ့(၀ါ) * နံ့ ကို ခေါင်းစားနေသော ကျွန်တော်သည်
ထိုစာအုပ်အား ယခုအချိန်ထိမဖတ်ရသေးပါ။ အာရုံ(၆)ပါးရှိသည်။ (၁)* ၊ (၂)* ၊
….(၆) *။ လွန်ခဲ့သော နှစ်ပတ်ခန့်က စာကြည့်စားပွဲပေါ်တင်ခဲ့သော
ထိုစာအုပ်အမည်မှာ
ကိုယ့်ဘ၀ အလှ ငွေလမင်း ။
စွဲလန်းမှု ပြဿနာ ဟု ကျွန်တော် ဆိုရမည်လား။ စိတ္တဇနာမ်ဖြစ်သော ခရေပွင့်မတွင်
ကိုယ်သင်းရနံ့ ရှိ/မရှိ ကျွန်တော် မသိပါ။ ကျွန်တော့်ပုံရိပ်သည်
မည်သည့်မှန်ထဲတွင် မဆို ကျွန်တော့် ပုံတူ ကို
ပုံဖော်နေ၏(အခိုးအငွေ့ဆန်ဆန်)။
ပုဒ်မဆိုသည်မှာပြီးဆုံးခြင်းကိုဖော်ပြသည့်သင်္ကေတတစ်ခုမဟုတ်ပါလား။ ။
ဟော … * နံ့ သင်းလာသလိုလို
_______________________________________________________________________________________________________________________________
ငှက်ကလေး - (ဆရာ)မင်းလူ
ပထမအိပ်မက် - (ဆရာ)လင်္ကာရည်ကျော်
ကိုယ့်ဘ၀ အလှ ငွေလမင်း - (ဆရာ)တက္ကသိုလ်ဘုန်းနိုင်
_______________________________________________________________________________________________________________________________
အချိန်ကုန်သွားလျှင် တောင်းပန်ပါသည်။
အချိန်မကုန်ဘူးဆိုလျှင် ကျေးဇူးတင်ပါသည်။
| ကောက်ကွေ့