Wednesday, October 31, 2012

နားသန်သီးနဲ့ မိန်းကလေး (ဇွဲလွင်)




                                      နားသန်သီးနဲ့ မိန်းကလေး

          ကြာခဲ့ပြီ။ ကြာလှခဲ့ရော့ထင့်။
          စိတ်၏ တွင်းနက်နက် တစ်နေရာမှာ နားသန်သီးလေးသည် တဖြတ်ဖြတ် လှုပ်ခါနေဆဲ။
          ပန်းရောင်ဖျော့နု နားဖျားလေးဆီမှ ရွှေရောင်နားသန်သီးလေး တွဲလဲ။
          ကြိုးစား ဖျောက်ဖျက်ပစ်ခဲ့မိလို့လား အချိန် နေရာ လူပုဂ္ဂိုလ်တို့ ဝေဝါးသွားသော်လည်း နားသန်သီးလေးက ပြတ်သားနေမြဲ။




                          #         #       #
                မှတ်ဥာဏ်ကို မေ့ဖျောက်ပစ်ဖို့ဆိုသည်မှာ ကြိုးစားမှုနှင့် အလေ့အထ လိုသည်လား။ ကျွန်တော် မေ့ချင်ခဲ့သော ကိစ္စတော်တော်များများကို မှတ်ဥာဏ်မှာ ဝေဝါးသွားအောင် ဖျောက်ဖျက်ပစ်နိုင်ခဲ့သည်။ တစ်ခုပေါ်တစ်ခု အဆင့်ဆင့် ထပ်ကဲ တင်ခြင်းဖြင့်လား။ မှုန်ဝါးသွားစေခြင်းဖြင့်လား။ ဟိုးချောင်တစ်ခုထဲ ထိုးထားကာ အသက်ရှင်နေသရွေ့ ပြန်မရှာကြည့်တော့ ဆုံးဖြတ်ထားခြင်းဖြင့်လား။ တစ်နည်းနည်းကတော့ အသုံးတည့်သည်မှာ အမှန်ပဲ။
                     မှတ်ဥာဏ်ဆီမှ ပုံရိပ်တို့ ဝေဝါးပျောက်ကွယ်သွားသော်လည်း ခံစားချက်များကတော့ဖြင့် ကျန်ရစ်ခဲ့သည်။ အဖြစ်အပျက်တို့ကို သေချာမမှတ်မိနေသော်လည်း မည်သို့ ခံစားခဲ့ရသည်က အကြောင်းတိုက်ဆိုင်တိုင်း  အသိစိတ်မျက်နှာပြင်ပေါ် တက်လာခဲ့တတ်သည်။ ဟိုးအောက်ထဲ နစ်မြုတ်နေသည်ထားဦး အကြောင်းတစ်စုံတစ်ရာက မျှားချိတ်သဖွယ် မျက်နှာပြင်ပေါ် ဆောင်ယူလာတတ်လေသည်။ တခါတရံ ဘာမှ မတိုက်ဆိုင်သည့်အချိန်မျိုးမှာပင် သက်ရှိသဖွယ်  လေရှူရှိုက်ဖို့ ကုံးရုံးတက်လာတတ်တာမျိုးရှိသေးပြန်သည်။ သေဆုံးခြင်းမရှိ မျက်ကွယ်ပြုဖို့လည်း ခက်ခဲလျှင်တော့ တည်ရှိနေခြင်းကို အသိမှတ်ပြု ပြေအေးလိုက်ကြတာ ကောင်းပါမည်။
                          #         #       #
                   ဖြူနုသော နားရွက်ကလေးမှာ နားသန်သီးလေး တွဲလဲနှင့်  အဖြူအစိမ်းဝတ်ကျောင်းသူ မိန်းကလေးတစ်ယောက်။

                  သူ့ နှင့် ပတ်သက်သော ကျွန်တော် မှတ်မိနေသည်များမှာ လက်ချိုးရေတွက်လို ရအောင်ပင် ရှားပါးလှသည်။ တောင်တွင်းကြီးမြို့ ။ ရတနာဒေဝီကျောင်း။ အမှန်တော့ ကျောင်းသည်ပင် ကျွန်တော်စိတ်ထဲ မသဲကွဲတော့ပြီ။ အမှတ်သညာများ ပျောက်ဆုံးနေခဲ့ပြီ။ ဘယ်နှစ်တန်းမှာ တွေ့ ခဲ့ကြသည်လဲ။ အလယ်တန်းပညာရေးဖြစ်မည်။ အတိအကျမသိနိုင်တော့။ ကျွန်တော် မေ့နိုင်ခဲ့လွန်းလှသည်။ မေ့နေခဲ့သည်များကို ထားခဲ့ကြပါစို့။
                 နာမည်ပင် ကျွန်တော် သိအောင် မကြိုးစားခဲ့သည့် မှတ်ဥာဏ်ထဲသို့ အဝင်မခံခဲ့သည့် မိန်းကလေးကို ကျွန်တော် စမြင်မိသည့် ပုံရိပ်ကိုတော့ မှတ်မိနေပါသေးသည်။
တရုတ်သွေးနှောမည်ထင်ရသည့် မျက်နှာနှင့် မိန်းကလေးသည် လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ့ပဲ။ နားသန်သီးလေး တလှုပ်လှုပ်နှင့် ကျွန်တော့် မျက်စိထဲ ထူးခြားနေခဲ့သည်။ ကျောင်းအင်္ကျီ အဖြူကို မိန်းကလေးဆန်ဆန် အတွန့်အခေါက်များနှင့် ဝတ်တတ်သည်။ ကျွန်တော် မှတ်မိသမျှတော့ သူ ဝတ်တာ ဂါဝန်တွေပါပဲ။ မိန်းကလေး သူငယ်ချင်း အုပ်စုတွေထဲလည်း ရွှင်လန်းသည့်အပြုံးနဲ့။ဘဝမှာ ပျော်ရွှင်နေသည့် ဆယ်ကျော်သက် မိန်းကလေးငယ်။
             သူများတကာထက် ထူးခြားနေသည်ကတော့ သူနဲ့လည်း တကယ်လိုက်ဖက်လှတဲ့ ရွှေနားသန်သီးလေးပဲ။ စကားပြောတိုင်း တခုခု လှုပ်ရှားလိုက်တိုင်း နားသန်သီးလေးကပါ ရောလို့ တလှုပ်လှုပ်။ စာသင်နေချိန်များတွင်တော့ အာရုံစူးစိုက်ထားရွေ့လားမသိ။ နားသန်သီးလေးကပါ တည်ငြိမ်နေတတ်သည်။ သူ့မျက်နှာထက် ဖြူဝင်းတဲ့ နားရွက်ဖျားကလေးဆီက  နားသန်သီးလေးကိုပဲ ကျွနော် စိတ်ဝင်စားမိသည်။ ဘာမှ အဆန်းတကြယ် မဟုတ်ပဲ လုံးလုံးကလေးနှင့် တလှုပ်လှုပ်ဖြစ်နေတတ်တဲ့ နားသန်သီးလေး။ ကျွန်တော် အပျင်းပြေ အာရုံ စူးစိုက်ရာနေရာလေး။  ပိုင်ရှင် မိန်းကလေး ပျော်မြူးနေတတ်သည့် အခါမျိုးတွင် သူပါ စပ်စလူးခုန်ပေါက်နေတတ်သည်ကိုက ချစ်စရာ။ တစ်ခါ တစ်ရံ သူ ငြိမ်နေတာ များပြီဆိုလျှင် ကျွန်တော် စိတ်ကူးထဲမှ လက်ညှိုးနှင့် တောက်ထုတ်ကြည့်မိတတ်သည်။
              နားရွက်ဖျားလေးက အမြဲတမ်းလည်း ဖြူဝင်းနေတာ မဟုတ်တတ်။ တချို့ သော အချိန်များတွင် နီမြန်းနေတတ်သည်။ ဘာကြောင့်များ ဆိုတာ ကျွန်တော် သိပ်မသေချာလှ။ အဲဒီတုန်းက အတန်းထဲ အာရုံမရှိချိန်များတွင် ကျွန်တော် နားသန်သီး ကသိုဏ်းရှူနေတတ်တာ များလေသည်။


                                                                 #         #       #
                 The Girl With Pearl Earrings ပန်းချီကားနှင့် ရုပ်ရှင်ကို ကြည့်ရသောအခါ ထို ပုလဲနားဆွဲလေးက ကျွန်တော့် နားသန်သီးလေးလောက် ချစ်ဖို့ မကောင်းတာ အမှန်ပဲလို့ တွေးမိသည်။ ကျွန်တော်သာ ပန်းချီဆွဲတတ်ခဲ့လျှင် သူ့ နားရွက်ဖျားနှင့် နားသန်သီးလေးကို အသေးစိတ် ဆွဲပေးဖြစ်မည်ထင်သည်။ တစ်ပုံထဲနှင့်တော့ မပြည့်စုံပဲ ပြောင်းလဲနေသည့် ပုံရိပ်များကို ပါ စီးရီးလိုက် ဆွဲပေးရမည်ဖြစ်သည်။
                   အဲဒီ မိန်းကလေးငယ်နှင့် ကျွန်တော် စကားတစ်ခွန်းတောင် မပြောဖူးတာ သေချာသည်။ သို့ပေမယ့်လည်း ကျွန်တော် နှစ်သက်မိသည့် နားရွက်ဖျားလေးကို ကိုင်တွယ်ခွင့် ရသည့် တစ်ချိန် အသေအချာရှိခဲ့ဖူးပါသည်။ ကာယကံရှင်လည်း မကြည်ဖြူ ကျွန်တော်လည်း မကြည်နူး နိုင်သည့် အဖြစ်အပျက်ပါပဲ။
                       အတန်းထဲမှာ မနေ့က ပေးလိုက်သော အိမ်စာ ဖြစ်မည်လား။ ဒါမှမဟုတ် သင်္ချာ ပုဒ်စာဖြစ်မည်လား။ မသဲမကွဲ။ ဆရာဖြစ်သူ၏ ပုံပန်းကိုပါ တွက်ဆလို့ မရတော့ချေ။  နားသန်သီးမလေး မလုပ်နိုင်သော ကျောင်းစာကို ကျွန်တော် လုပ်နိုင်ခဲ့ပြီး နားရွက်ဆွဲကာ ကျောင်းခန်းထဲ လမ်းလျှောက်ခွင့်ရခဲ့သည်ဟု အတိုချုံးဆိုကြပါစို့ ။
                        အဲဒီတုန်းက စာရသူက စာမရသူကို နားရွက်ဆွဲရသည့် ဒဏ်ပေးခြင်းမျိုး ကျွန်တော် တွေ့ နေခဲ့ဖူးပါသည်။ နားရွက်ဆွဲခံရလို့ ရှုံ့ မဲ့နေသူတွေ။ နားရွက်ဆွဲရလို့ ပျော်မြူးနေသူတွေ။ အဆွဲခံရသူကလည်း ခပ်တည်တည်။ ဆွဲရသူကလည်း ပုံမှန်။ ဒါမှမဟုတ် ကျွန်တော်ဖြစ်ခဲ့သလို ရှက်ရွံ့ မုန်းတီးစွာ ဖြတ်သန်းခဲ့ရသူတွေလည်း  ရှိမည်ထင်သည်။
                    နှစ်ယောက်ပြိုင်စာမေးခံရသောအခါ ကျွန်တော်က နားရွက်ဆွဲသူရော အဆွဲခံရသူပါ မဖြစ်ချင်ခဲ့ပါ။ ကံဆိုးချင်တော့ တစ်ဖက်က နားသန်သီးလေး အထစ်ထစ်အငေါ့ငေါ့နှင့် မေ့လျော့နေခဲ့လေသည်။ ဆရာက မင်း နားရွက်ဆွဲပြီး အတန်း နောက်ကို လျှောက်ပြီး ပြန်လာခဲ့ လို့ ဆိုသည်။
                   စာမရလို့ အပြစ်ပေးသူသည် ဆရာသာ ဖြစ်သင့်သည် မဟုတ်လား။ ကျွန်တော် မလုပ်ချင်ဘူးဆရာဟု ဘယ်လိုမှ အသံထွက် မငြင်းပယ်ရဲခဲ့ပေ။ လူပျိုဖော်ဝင်စ အရွယ်တွေမို့ စိတ်ကစားလို့ တစ်ဖက်ပေါ် ညှာတာလိုက်တာလို့ ဆရာမြင်မှာ အတန်းဖော်တွေ မြင်မှာ စိုးရိမ်သည်။ ဆရာက ငြင်းပယ်မှုနှင့် ကျွန်တော့်ကို အပြစ်ပေးရင်ကော ဘယ်လိုလုပ်မလဲ။ ငြင်းလိုက်တာက ပိုလို့ အကျယ်အကျယ်တွေ ဖြစ်ကုန်ကာ တစ်ခန်းလုံး စနောက်စရာတွေ ဖြစ်ကုန်မှာရော။ ထိုအချိန်က ဘယ်လိုမှ မငြင်းရဲအောင် ကျွန်တော် ကြောက်ရွံ့နေခဲ့ပါသည်။
                  အတန်းဖော်တွေ မျက်နှာကို ကျွန်တော် မကြည့်ရဲ။ မိန်းကလေး မျက်နှာကိုပါ ကျွန်တော်မကြည့်ရဲ။ မကြည့်ရဲသော်လည်း သူ့ နားရွက်ဖျားကလေးကို ကျွန်တော် ကိုင်ရတော့မည်။ နားရွက်ဖျားလေးကို လက်ညှိုးနှင့် လက်မနှင့် ထိကိုင်မိစဉ် ကျွန်တော် အငွေ့ ပျံကာ ပျောက်ဆုံးသွားချင်တော့၏။ လက်တစ်ဆုံး ဆန့်မိပြီး ကိုင်လျက်သား နှင့် ဘယ်သူက ဘယ်သူ့ ကို ဦးဆောင်လျှောက်ခဲ့မှန်းမသိအောင် အရှက်သည်းကာ အမြန်ပြီးဆုံးစေချင်ခဲ့သည်။( မိန်းကလေးက ခြေလှမ်းကျဲကြီးများနှင့် မပြေးရုံတမယ် ဦးဆောင်ခဲ့တာမှန်း နောက်များမှ ပြန်ပေါ်လာပါသည်။)

                                             #         #       #
                   နောက်နေ့တွေမှာ သူ့ ကို တောင်းပန်မည်ဟု ကျွန်တော် စိတ်ကူးပါသည်။ ထိုစဉ်က တောင်းပန်ရမှာထက် အဲဒီလိုဖြစ်ခဲ့တာကို အစပြန်ဖော်ရမည်ကို ကျွန်တော် အသည်းအသန် ကြောက်ရွံ့ပါသည်။     တောင်းပန်ဖြစ်ခဲ့လျှင်လည်း ရိုးသားစွာ တောင်းပန်တာလို့ အတန်းဖော်များက ယုံကြည်ကြမှာ ဟုတ်ရဲ့လား။သူ့ မျက်နှာ ရင်ဆိုင်ဖို့ မပြောနှင့် နားသန်သီးလေးကိုပင် မကြည့်ရဲတော့ပါ။ အမှတ်တမဲ့ ကြည့်မိသည့်အခါမျိုးမှာ တကယ့် သူစိမ်းပြင်ပြင်ပဲ။
                   ကျွန်တော် မှတ်မိသလောက် အဲဒီနေ့က မိန်းကလေး ငိုသည်ကို သူငယ်ချင်းမလေးများက ချော့နေကြသည်။ နောက်နေ့တွေမှာ တကယ့်ကို ညှိုးငယ်သည့် အရိပ်အယောင်တွေပဲ မြင်ရသည်။ အရင်ကလို လန်းဆန်းလှုပ်ရှားနေသည့် ပုံရိပ်မျိုး မတွေ့ ရတော့။ ကျွန်တော့်ကို မကျေနပ်ပဲ ဒီလိုဖြစ်ခဲ့တာကို မကျေနပ်ပဲ စာအပြင်းအထန် ကြိုးစားလာမည်ဆိုလျှင် ကျွန်တော်လည်း ဒါကို မေ့လျော့သွားမှာ။ ( ဆရာဖြစ်စေချင်တာကလည်း အဲဒါပဲ ဖြစ်လိမ့်မည်)
                     မိန်းကလေးကတော့ တကယ့်ကို ထိကရုံးလေး အတိုင်း။ ရယ်မောနေသည့် ဆယ်ကျော်သက်မိန်းလေးအသွင် ကျွန်တော် ထပ်မမြင်ခဲ့ရတော့ပါ။ နောက်တစ်နှစ် စာသင်နှစ်မှာ ကျွန်တော် မတွေ့ ရတော့။ ကျောင်းပြောင်းသွားတာ ဖြစ်ပါမည်။ သူ့ကို တောင်းပန်ခွင့်လည်း မကြုံလိုက်။
                       မိန်းကလေး စိတ်ဒဏ်ရာ ရသွားခဲ့မည် ထင်ပါသည်။ ဆရာ့ကြောင့်လား။ ကျွန်တော့်ကြောင့်လား။ ဆရာ့ကို လုံးလုံးအပြစ်ပုံလိုက်လို့မရ။ ဆရာကြောင့်ဟု အတင်းသတ်မှတ်မိလည်း ကျွန်တော်၏ ဖိစီးမှုသည့် လျော့မသွားနိုင်။ စိတ်ထဲမှာ မသင့်တော်ဘူးလို့ ထင်နေခဲ့လည်း မငြင်းရဲခဲ့တာ။ တောင်းပန်ဖို့ ပျက်ယွင်းခဲ့တာ။ နောက်ဆုံး ဆရာကိုပင် အပြစ်တင်နေမိခဲ့တာ။ ဒါတွေအားလုံးကို ကျွန်တော် တွင်းနက်ကြီးထဲသို့ ပစ်ချကာ လျစ်လျူရှူခဲ့တော့သည်။
                                  #         #       #

                    သူများကို ခွင့်လွှတ်ဖို့ ကြိုးစားရခြင်းထက် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ရတာ အင်မတန်ခက်ခဲပါသည်။ ပထမဦးဆုံး ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ဖို့အတွက် ကိုယ့်လုပ်ခဲ့သည်ကို လက်ခံရမည်။ အဲဒီလို လက်ခံဖို့ကိုပင် ရှောင်ပြေးနေခဲ့တာ ကြာပါသည်။ အချစ်ဆုံး အတွယ်တာဆုံးသော မိမိကိုယ်တိုင်အပေါ် စွဲချက်တင်လိုက်ဖို့ ခဲယဉ်းပါသည်။ မိမိကိုယ်အပေါ် နားလည်အောင် ပြန်ကြိုးစားရသည်။ ကျွန်တော့်ကို ကျွန်တော် နားလည်အောင် ကြိုးစားသည့် အားထုတ်မှုအနေနှင့် ဖြစ်ရပ်တစ်ခုလုံးကို ရင်ဆိုင်မိအောင် ပြန်ဖော်ရခြင်းကိုက လွယ်ကူသည်မဟုတ်ပြန်ပါ။
                    ဖြစ်ရပ်ထဲမှာ ပါဝင်နေသည့် ဆရာ့ကို ခွင့်လွှတ်ဖို့ ကြိုးစားရခြင်းက( ဆရာလုပ်ခဲ့တာ မှားသည်မှန်သည်ထက် ကျွန်တော်နှင့် ထိုမိန်းကလေး၏ စိတ်ဒုက္ခ ဖြစ်စေရာအကြောင်းရင်း တစ်စိတ်တစ်ပိုင်း အနေနှင့်ပတ်သက်နေခြင်းအတွက်)  တကယ်တော့ မခက်ခဲလှပါ။
                နားသန်သီးလေးက ကျွန်တော့်အနား အခုတလော ရစ်ဝဲနေသည်။  မသိနိုင်တော့ဘူး ထင်လည်း ထိုမိန်းကလေးအပေါ် ကျွန်တော် တောင်းပန်မိပါသည်။ သူ အနေနှင့် မှတ်မိနိုင်တော့မည် မဟုတ်ဘူးဟု ယူဆစေ့။ မှတ်မိနေလည်း အဖြစ်သည်းတာဟယ်လို့ ထင်မြင်စေ့။  ကျွန်တော် တောင်းပန်ပါသည်။ သူ၏ ဆယ်ကျော်သက်ဘဝလေး လွတ်လပ်ပျော်ရွှင်မှုကို အစားပြန်မပေးနိုင်သည့်တိုင် ကျွန်တော် တောင်းပန်ပါသည်။ အခုအချိန်တော့ ကျွန်တော် မတောင်းပန်တောင် မိန်းကလေး ခွင့်လွှတ်နေပါလိမ့်မည်။သို့သော်လည်း အပြစ်လွတ်ဖို့ တောင်းပန်ခြင်း မဟုတ်သည်ကိုက နားလည်စေချင်ပါသည်။
                 ဒီ ဖြစ်ရပ်ကို မှတ်ဥာဏ်ထဲက ဆက်လက် ဖျောက်ဖျက်ပစ်ဖို့ မဟုတ် ၊ကျွန်တော်၏ ဘဝ တစ်စိတ်တစ်ဒေသ အဖြစ်လက်ခံလိုက်ဖို့ သာ ဖြစ်သည်။ ရှောင်ပုန်းမနေတော့ပဲ ကြည်သာစွာပြေအေးကြဖို့ ဖြစ်ပါသည်။
                   နားသန်သီးတွဲလဲလေး တလှုပ်လှုပ်ကို  မြင်ယောင်လာတိုင်း မိတ်ဆွေဟောင်းတို့လို နှုတ်ဆက်ကြဖို့ ဖြစ်လေသည်။      

ဇွဲလွင်        

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...