မနက်လင်းလာတယ်
။ပုရွက်ပိုးစားခံထားရသလို
ဘ၀အဓိပ္ပာယ်နဲ့နိုးလာတယ်။သိမ်ငယ်ဖို့လက်ကျန်နည်းနည်းကျန်နေသေးရင်
ထပ်သိမ်ငယ်ပစ်လိုက်တယ်။ဒါဟာနေ့စဉ်ယူငင်သယ်ပိုးခံစားသုံးဆောင်နေကျ
အရိုက်အရာ။လမ်းတွေပေါ်မှာ မြို့ပြရဲ့ ခုံးကျော်တံတားတွေပေါ်မှာ
လူဟာလူလိုမနေနိုင်တဲ့စိတ်တွေက စိမ်းရွှေရောင်တောက်တောက်
မြင်းရိုင်းတွေစီးပြီးလမ်းသလားနေတယ်။ခလုတ်တိုက်လဲကျသွားတယ်။စစ်ပွဲတွေတစ်ပွဲပြီးတစ်ပွဲ
ရှုံးသွားတယ်။ဖြည်ထွက် ကန်ပြေးနေတဲ့
ကစဥ့်ကလျားတွေ၊အနုပညာဆိုတာလည်းဘာမှမဟုတ်ပါဘူးကွာဆိုတဲ့ဓားနဲ့ကိုယ့်ကိုယ်ကိုယ်
ခုတ်ပိုင်းသတ်ဖြတ်နေတယ်။အပူချိန်နည်းနည်းပြင်းရင် ကိုယ်ဟာ
အရည်ပျော်ကျသွားတတ်ပါတယ်။ဘယ်တော့မှသွေ့ခြောက်မသွားနိုင်တဲ့ အရိအရွဲလို ကျေးဇူးပြုပြီး ကိုယ့်ကိုကွင်းရှောင်သွားကျဖို့ အော်ဟစ်ရင်း ကြမ်းပြင်မှာ ၀မ်းလျားထိုးပေကျံနေတယ်။ထိမိတိုင်းအထိအခိုက်ဖြစ်ရတယ်။စွန့်စားလွန်းရာကျတဲ့အမှန်တရားများနဲ့ တစ်ဘ၀လုံးဟာမှားနေတယ်။ကျပ်ညပ်သိပ်နေတဲ့လူစီး ဘတ်စကားထဲမှာ ကိုယ်ဟာနာဇီတွေရဲ့သဂြိုလ်စက်ဆီ ခေါ်ဆောင်လာခံရတဲ့ ၀တ်လစ်စလစ်ဂျူးတစ်ယောက်လို အာရုံခံစားနေတယ်။တစ်ပြိုင်တည်းမှာ ကိုယ့်ကိုယ်ကိုယ်လက်တစ်လုံးခြားလုပ်ကြံဖို့ အရက်သေစာအလွန်အကျွံသောက်စားနေတယ်။*ယုံကြည်မျှော်လင့်ချက်လမ်းမအလယ်လူတစ်ယောက်မူးလဲနေတယ်။ အမှန်တရား Error fileတွေ၊စွဲစွဲလမ်းလမ်း Error file တွေ အားလုံး မှတ်ဥာဏ် space မှာရှိသမျှ format ရိုက်ချလိုက်တော့မယ်။ကျန်နေသေးတဲ့အသားဆိုင်ကို နယ်က အမေ့အိမ်ပြန်ပို့လိုက်မယ်။ဒါမှမဟုတ်သေခြင်းတရားဆီအကြောင်းကြားလိုက်မယ်။ဒါမှမဟုတ် ပြန်ရွှိုင်းပြီးအောက်ဈေးနဲ့ပြန်ထုတ်
လိုက်မယ်။ဒီလိုလည်းစိတ်ကူးယဉ်နေရင်း ငါ့အသံကိုပြန်ကြားရမယ့် င့ါနားမှာ နဂျီကောင်ဟာ အိမ်ဆောက်နေတယ်။သွားတယ်။လာတယ်။တွေးခေါ် ခံစား မူးရီထုံထိုင်း သွေးလည်ပတ်နေရင်း။ဟေ့ဘ၀ဆိုတာဒီလိုပဲမနေဘူး မဟုတ်ဘူး။ဘ၀ဆိုတာ ဘာမှမတတ်နိုင်တာ ။ဘ၀ဆိုတာ အကန့်ခံထားရတာ။လမ်းလျှောက်နေရင်း ရုတ်တရက်ကြီးခြေထောက်တွေမရှိတော့တာ။ အိပ်မောကျစရာ အိပ်ရာနဲ့ ကိုးကွယ်စရာ ရုပ်တုပျောက်ဆုံးနေတာ။သေတာမှန်းမသိ အိပ်တာမှန်းမသိပဲ အရင်အတိုင်းအရင်အခြေအနေနဲ့တစ်ခုခုမှာ ပြန်နိုးလာတာ။ ။
ဝီရထက်နောင်
* ထူးအိမ်သင် (သက်ငြိမ်)

No comments:
Post a Comment