အဘွား လက်ကလေးတွေက အရမ်း လှပါတယ်။ အခုခေတ် ကောင်မ လေးတွေခမျာ လက်သည်းတွေ ရှည်လာတဲ့ အခါ ပစ္စည်း မျိုးစုံ သုံးပြီး ပုံဖော်ကြရတယ်။
အဲဒီ ကောင်မလေးတွေကို အဘွားက သနားတယ်လို့ ပြောလိမ့်မယ် ထင်ရဲ့။ အဘွားရဲ့အကြီးဆုံး မြေးမက အဘွားကို လက်သည်း လာညှပ်ပေးရတော့ အစ်မ မလာဖြစ်လို့ လက်သည်းတွေ ရှည်နေပြီဆို အဘွား လက်သည်းလေးတွေက ညှိထားသလို တိတိရိရိလေး ရှည်နေတတ်တယ်။ အသက်ကြီး လာလို့ လက်ချောင်းတွေဟာ ဟိုးတုန်းကလို မသွယ်လျ နိုင်တော့ပေမဲ့ ငယ်ငယ်က သိပ်လှမယ် ဆိုတာတော့ သိသာ နေတယ်လေ။
အဲဒီ လက်ကလေးတွေဟာ အဘိုးရဲ့နောက်ဆုံးအချိန် အနားမှာ မရှိခဲ့ရတဲ့ အတွက် ၀မ်းနည်း နေရှာမယ် ထင်တယ်။ လေဖြတ်ထားတဲ့ အဘွားရဲ့လက်တွေနဲ့ နေမကောင်း ဖြစ်နေတဲ့ အဘိုးကို ဘာမှ ပြုစုခွင့် မရလိုက်ပါဘူး။ ဘာအားအင်မှ မရှိရှာတဲ့ အဘွားရဲ့ညာဘက် လက်ကလေးတွေက သူတို့ သခင်မကို အားနာ နေရှာမယ် ထင်ပါရဲ့။
ဒါပေမဲ့ ဘယ်ဘက်လက်ကလေးကတော့ သူ လုပ်နိုင်တဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေတယ်လေ။ အိမ်မှာနေရင်း သူ့လက်ကလေးနဲ့ ပုတီးလေးစိပ်ပြီး မေတ္တာ ပို့နေခြင်းက အဘိုးအတွက် သူလုပ် ပေးနိုင်တဲ့ အကောင်းဆုံးသော ဖြည့်ဆည်းမှု တစ်ခုပဲ မဟုတ်လား။
မိန်းမကောင်း ရဖို့ လွယ်တာမဟုတ်။ ကိုယ့်ဘကြီးတွေကတော့ အဲဒီ ကံကောင်းမှုကို အပြည့်အ၀ ရရှိခဲ့တယ်။ သူတို့ကို ချစ်တဲ့၊ သစ္စာရှိတဲ့၊ ပြုစု ယုယတဲ့ မိန်းမကို ဘာကြောင့် ပိုင်ဆိုင်ရသလဲဆိုတာ အရမ်းကို စိတ်ဝင်စားစရာ ကြီးပါ။ ဘကြီးတွေမှာ ဘာအစွမ်းတွေ ရှိနေလဲ စဉ်းစားကြည့်တဲ့အခါရုပ်ရည် ချောမောလို့လားဆိုတော့ မင်းကုသနဲ့ ပပ၀တီတို့လိုပါပဲ။ ငွေရှာနိုင်တာလား ဆိုရင်လည်း စာမူခလေးတွေ ပေးတစ်ခါ၊ ယူတစ်လှည့်နဲ့ပေါ့။ စာရေးဆရာ မိန်းမတွေကို ဘယ်တုန်းက စိန်ရွှေရတနာ ဆိုင်ကြီးတွေမှာ အလုအယက် ၀ယ်တာ မြင်ဖူးလို့လဲ။
ကျန်းမာ သန်စွမ်းတယ် ပြောရအောင်လည်း ဘကြီးတွေခမျာ လေက တောင် တိုက်ရမှာ အားနာနေတတ်တယ်လေ။ ဘယ်လောက်စားစား အသား မဖြစ်တဲ့ အမျိုးလား မသိ။ သူတို့ မိန်းမတွေခမျာတော့ အရိုးအရင်းလေး စားပြီး ၀ချည်းနေတာ။ မသိတဲ့သူတွေ ဆိုရင် ယောက်ျားတွေကို မကျွေးဘဲ သူတို့ချည်း စားနေတယ်လို့ ထင်နိုင်တယ်။(ကိုယ့်အဖေနဲ့ အမေဆိုလည်း ဒီအတိုင်းပဲ။)
အပြောကောင်းတဲ့ သူတွေမျိုးလားဆိုရင်တော့ စကားကို တိတိကျကျပဲ ပြောတတ်တယ်။ ပတ်ချွဲနပ်ချွဲ မလုပ်တတ်ဘူးလို့ ဖြေရမှာပါပဲ။ ကောင်းရင် ကောင်းတဲ့ အကြောင်းကိုတော့ ချီးကျူးတတ်တဲ့လူမျိုးတွေပါ။ ဒါဆိုရင် သူတို့ရဲ့လျှို့ဝှက်ချက်က ဘာလဲ။ ကိုယ်စဉ်းစားကြည့်တယ်။ စဉ်းစားရင်းက ကိုယ့်အဖြေကို သဘော ကျပြီး ပြုံးရတယ်။ သင်္ချာတွက်တဲ့ နေရာမှာ စိတ်ကူးကောင်းတယ်လို့ အပြောခံရတဲ့ ကိုယ်ဟာ အနီးစပ်ဆုံး အဖြေ တစ်ခုကို ထုတ်နိုင်ခဲ့တယ်လေ။
ဘကြီးတွေရဲ့ အကောင်းဆုံးသော အရည်အချင်းနဲ့ အကောင်းဆုံးသော ဆွဲဆောင်မှုဟာ သစ္စာတရားပါ။ မိန်းမ တစ်ယောက်တည်းကိုပဲ နောက်ဆုံး အချိန်ထိ ချစ်ခင်စွာ ပေါင်းသင်းခဲ့တဲ့ သစ္စာတရားသာ သူတို့ရဲ့လျှို့ဝှက်ချက် ဖြစ်လိမ့်မယ် ထင်ရဲ့။
မေလရဲ့အပူလွန်တဲ့နွေတစ်ရက်မှာ ဘဘနေမကောင်းဘူးလို့ သိရတယ်။ သိလိုက်ရတဲ့ အချိန်မှာ ဘာအံ့သြမှုမှ မဖြစ်။ ဒီလိုပဲ ဘဘ မိန်းမက ကားမောင်း ပြီး ဆေးရုံ၊ ဆေးခန်းတွေ လိုက်ပို့။ နောက်ရက်နည်းနည်း ကြာရင် စိပ်ပုတီး တဖျောက်ဖျောက်နဲ့ ဘဘ နေကောင်းနေပြီလေ။
ကိုယ် မနက်မျက်နှာ သစ်တိုင်း ဘဘ အိမ်ဆင် ၀င်အောက်က ဘဘ ထိုင်နေကျ ခုံလေးကို လှမ်းကြည့်တယ်။ စိပ်ပုတီး စိပ်နေတာမျိုး ဒါမှမဟုတ် စာရေးနေတာ ဆိုရင်တော့ နေကောင်းတာ သေချာပြီလေ။ အဲဒီ အခါကျမှ စိတ်ချလက်ချ ဖြစ်သွားတော့တယ်။ ဘဘ နေမကောင်းရင် အပင်ပန်းဆုံးက ဘဘ မိန်းမလေ။ဘဘ မိန်းမကို တူ တူမတွေက ကြီးကြီးအေးလို့ ခေါ်ကြ တယ်။ နာမည်နဲ့လိုက်အောင် စကားနည်းပါတယ်။ အေးပါတယ်။
နေမကောင်းလည်း ဘဘက ဇိမ်ပဲ။ သူ့ကို ပြုစုမယ့် သူ့မိန်းမကအသင့်။ ကြီးကြီးအေးဟာ သူတို့ အတူတူနေတဲ့ တစ်လျှောက်လုံး ဘဘရဲ့ ဝေယျာဝစ္စကို လုပ်ပေးဖို့ပဲ အမြဲစောင့်ကြည့်နေခဲ့တယ် ထင်ပါရဲ့။ ခဏခဏ နေမကောင်း ဖြစ်တဲ့ ဘဘကို မညည်းမညူ လုပ်ပေးခဲ့တာကလည်း နည်းတဲ့မေတ္တာတရား လား။ ဘဘ နေကောင်းရင်တောင် တစ်ခုခု လိုနေသလို ခံစား နေရဦးမယ်။ နေကောင်းနေချိန်ဆို သိပ်မပြုစုရလို့လေ။ ကြီးကြီးအေးဟာ ပြုစုစောင့် ရှောက်ခြင်းဆိုတဲ့ မေတ္တာတရားနဲ့ ဘဘအနားမှာ နေခဲ့ပါတယ်။
အိမ်မှာ ချက်ပြုတ်ပြီးလို့ နေ့လယ်နေ့ခင်းဆို နားနားနေနေ မနေဘဲ ဘဘနဲ့ သားသမီးတွေ စား ဖို့ မုန့်လက်ကောက်လိုမျိုး၊ ကျောက်ကျော၊ ဆနွင်း မကင်းလိုမျိုး လုပ်ကျွေးတတ်သေးတယ်။ ကိုယ်တို့တောင် သွားရည်ယိုခဲ့တာ မှတ်မိသေးတယ်။ တစ်ခါတလေ ဘဘအိမ်မှာ ကပ်စားကြသေးတာ ကိုး။
တဂျောင်းဂျောင်းနဲ့ သံရိုက်သံကြားလို့ လှမ်း ကြည့်လိုက်ရင် ကြီးကြီးအေးတစ်ယောက် တူတစ် ချောင်းနဲ့။ သေးသေးမွှားမွှား အလုပ်ဆို ဘဘ မလုပ်ရအောင် သူကိုယ်တိုင် ၀င်လုပ်တယ် ထင်ပါရဲ့။ တစ်ခါတလေ လင်မယားနှစ်ယောက် တက်ညီလက်ညီ ခြံစည်းရိုးကို ကိုယ်တိုင်ဆေး သုတ်နေသေးတာ။
ဘဘအ၀တ်ဆို ကိုယ်တိုင်လျှော်။ ဘဘစား ဖို့ ကိုယ်တိုင်ချက်၊ ဘဘ အ၀တ်မီးပူတိုက်။ ဘဘ လိုအပ်သမျှ လုပ်ပေးဖို့ ကြီးကြီးအေးရဲ့ လက်တွေ က အသင့်။ နောက်ဆုံး ချေးဝတ်သေးဝတ်တွေ ကအစ သူများမလျှော်ခိုင်းဘဲ ကိုယ်တိုင်လက်နဲ့ လျှော်ပေးတဲ့သူမျိုးပါ။ နှလုံးသားတစ်ခုပဲ ချစ် တတ်တာ မဟုတ်ပါဘူး။ လက်တွေကလည်း ချစ်တတ်ပါတယ်လေ။
မေရယ်၊ နွေရယ် ပေါင်းပြီး ဘဘကို ရက် စက်လိုက်ကြတယ်။ ဘဘကတော့ ဆေးခန်းမှာ ပက်လက်အနေအထား။ ဘဘမိန်းမက သူ့လက် တွေကို ဆုပ်ကိုင်ထားတယ်။ ဘဘရဲ့လက်တွေက တော့ ပြန်လည်ဆုပ်ကိုင်နိုင်စွမ်း မရှိတော့ပါဘူး။ အသက်ကို ခပ်ကျယ်ကျယ် ရှူလို့။ တော်တော် အိပ်မော ကျနေပုံပဲ။ အိပ်မက်တွေ မက်နေလား။ စာရေးဖို့ စဉ်းစားနေလား။ လက်ဖက်ရည်ဆိုင်ကို စိတ်ကူးနဲ့ ထိုင်ပြီး ဒီတစ်ခါ လူငယ်တွေနဲ့တွေ့ရင် ပို့စ်မော်ဒန်တွေ၊ ပဉ္စလက် သရုပ်မှန်တွေ အကြောင်း ဆွေးနွေးငြင်းခုံဖို့ စဉ်းစားနေလေမလား။
အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှိုက်လို့ ဘယ်တော့မှ မနိုးတော့အောင် အိပ်မောကျသွားခဲ့ ပြီလေ။ ကြီးကြီးအေးက စိတ်တည်တည်ငြိမ်ငြိမ်နဲ့ ဘဘလက်တွေကို ဆုပ်ကိုင်ထားမြဲ။ တာဝန်ကျေ ခဲ့ခြင်းအတွက် စိတ်ဖြေသာမှု ရှိတယ်ဆိုတာ ဒါမျိုး လားမသိ။
ဝေယျာဝစ္စတွေ မရှိတော့တဲ့အတွက် လက် တစ်စုံက ၀မ်းနည်းနေမယ် ထင်တယ်။ မျက်လုံး တွေကပဲ ငိုတတ်တာ မဟုတ်ပါဘူး။ လက်တွေကလည်း မျက်ရည် ကျတတ်ပါတယ်။ ဘာ ကြောင့်လဲဆိုရင် ပက်လက်ကလေး မနိုးသော အိပ်ခြင်းနဲ့ အိပ်ပျော်နေတဲ့ ဘဘကို ကြည့်ရင်း ကြီးကြီး အေး လက်မှာ ချွေးစေးတွေ ပြန်နေခဲ့တယ်လေ။
တွယ်ရာမဲ့သွားတဲ့ လက်ကလေးတွေ အတွက် ဘဘတမလွန်ကနေ စိတ်ပူနေလေ မလား။ စိတ်မကောင်းဖြစ်နေမလား။ မပူပါနဲ့။ ဘဘ ဆုံးတာ တစ်လပြည့်တိုင်း ဘဘအတွက် ဘုန်းကြီးဆွမ်းကပ်ဖို့ ကြီးကြီးအေးဟာ သူ့လက် ကလေးတွေနဲ့ ဟင်းချက် နေတယ်လေ။
အဘအကြီးဆုံးရဲ့ မိန်းမကို ကြီးကြီးလို့ ခေါ်ကြတယ်။ ဘကြီးကို အလွန်ချစ်တဲ့ကြီးကြီး ပါ။ ရေချိုးပျင်းတဲ့ ဘကြီးရဲ့ခြေထောက်မှာ ကြေးတွေနဲ့ပေါ့။ ကြီးကြီးက မတတ်သာတဲ့ အဆုံး ရေနွေးစပ်ပြီး ကိုယ်တိုင်ခြေထောက်ကို ဆေးကြော ပေးရတယ်။ မိန်းမလုပ်မပေး ပေးအောင်လားတော့ မသိ။ ရေချိုးရက်က ပိုပိုခြားသွားတယ် လေ။
ကြီးကြီးက ဘကြီး တစ်ယောက်တည်းကိုပဲ ချစ်၊ ဘကြီး တစ်ယောက်တည်းကိုပဲ မြတ်နိုးပြီး ယူခဲ့တဲ့ပုံပါပဲ။ “အစ်ကို”လို့ ခေါ်လိုက်သံတွေမှာ အားကိုးသံ၊ ချစ်ခင်သံတွေ ပြည့်နေတယ်။ ဒုက္ခ ရောက်ခဲ့တဲ့ အချိန်တွေမှာ လက်တွဲ မဖြုတ်တမ်း နေပေးခဲ့တယ်။
တစ်ရက်သား ကြီးကြီးရဲ့မွေးစားသမီးလေးက ကြီးကြီး ဈေးဆိုင်ထိုင်နေတုန်း လာခေါ်တယ်။
“ကြီးကြီး ဘဘက ထမင်းလည်း မစားဘူး”
“ဟေ ဘာဖြစ်လို့တုံး”လို့ဆိုပြီး မအားတဲ့ ကြားက ဘဘဆီကို ခပ်မြန်မြန်ထသွားတယ်။ ခံတွင်းပျက်နေလို့လား။ ဘာများဖြစ်နေလို့လဲပေါ့။
“အစ်ကို ဘာလို့ထမင်း မစားသေးတာလဲ”
စားချင်စိတ် မရှိလို့လား။ အစ်ကို ကြိုက်တဲ့ငါး ကြော်၊ ချဉ်ရည်ဟင်း၊ ငရုတ်သီးထောင်းကို မနက် စောစောထပြီး ချက်ထားပေးတာလေ။ အဲဒါ မစားချင်ရင် ဘာစားချင်လဲပြော။ ဘာလုပ်ပေးရ မလဲ”
ဘဘက ဘာမှမပြော။ ကြီးကြီးက ထပ်ခါ ထပ်ခါ မေးတဲ့အခါမှ မေ့တတ်ရန်ကောဆိုတဲ့ အကြည့်နဲ့-
“မအားဘူးလား”
“သြော်...၀ယ်သူလာနေတော့လည်း ရောင်းနေရတာပေါ့။ ကိုယ်က ဆိုင်ဖွင့်ထားမှတော့ မထိုင်လို့ ဖြစ်မလား”
“ကဲပါ အစ်ကိုရယ်...သမီးကို ဆိုင်ကြည့် ခိုင်းထားလိုက်မယ်”
ထမင်းပန်းကန်လေး ကိုင်ပြီး ဘဘနားကို ကြီးကြီးရောက်လာတယ်။ ဘဘ ထမင်းမစားရခြင်း အကြောင်းအရင်းကတော့ ကြီးကြီးလက်နဲ့ ခွံ့ကျွေးတဲ့ ထမင်းကို စားချင်လို့ပါ။ ချစ်ခြင်းတရားနဲ့ ချက်ထားတဲ့ ထမင်းဟင်းကို မေတ္တာတရားနဲ့ ကျွေးတဲ့လက်ကြောင့် ပိုလို့တောင်အရသာရှိနေမယ်လို့ ထင် ပါတယ်။ ဒါကြောင့်လည်း ဘဘက ထမင်းကို သူ့ဟာသူမစားဘဲ ကြီးကြီး ကျွေးတာ စောင့်နေတာနေမှာပေါ့။
ဘကြီးကို ချစ်တဲ့ ကြီးကြီးအတွက် သတင်းဆိုး တစ်ခုကတော့ ဘကြီးမှာ အဆုတ်ရောဂါ ရှိနေပြီတဲ့။ အားလျော့ သွားပေမဲ့ စိတ်ဓာတ် မကျပါဘူး။ “အစ်ကို”ဆိုတဲ့ သူအားကိုးအားထားရာ ဆက်လက် အသက်ဆက်နိုင်ဖို့ နည်း မျိုးစုံနဲ့ ကြိုးစား ရမယ်လေ။
ဘကြီးဟာ နေမကောင်းတဲ့ အချိန်က စပြီး ကြီးကြီးကို အပျောက်မခံ တော့ဘူး။ သူ့အနားကနေ ပျောက်သွားတာနဲ့ ခေါ်တော့တာပဲ။ ကြီးကြီးကလည်း အစအနောက် သန်သူပီပီ “ဒီနားမှာပဲ ပေါက်ချလိုက်ရမလား အစ်ကို” ဆိုတော့ ပြုံးပါတယ်။ ကလေး တစ်ယောက်လို ဖြစ်နေတဲ့ သူ့အဖြစ်ကို ပြုံးမိတဲ့ အပြုံးမျိုး ဖြစ်မလားမသိ။ ဘာပဲဖြစ်ဖြစ် ဘကြီး အပြုံးဟာ မိမိ အဖြစ်ကို မိမိ ကျေနပ်နေတဲ့ ပုံစံမျိုးပါပဲ။
အကောင်းဆုံးဆိုတဲ့ ဆေးနဲ့ကုတယ်။ အကောင်းဆုံးဆိုတဲ့ အစာကိုကျွေး တယ်။ အကောင်းဆုံးတွေနဲ့ လုပ်ပေးခဲ့ပေမဲ့ အထက်ဆုံးရောဂါက အနိုင်ယူခဲ့ ပြီလေ။ အသက်ရှုကျပ်တတ်တဲ့ ရောဂါမို့ အောက်ဆီဂျင်တောင် ပေးရတဲ့အဖြစ် ပါ။ မောနေပြီဆိုရင် အောက်ဆီဂျင်ပိုက်ယူဖို့ လှမ်းလိုက်တဲ့ကြီးကြီး လက်ကလေးကို ဘကြီးက လှမ်းဆွဲပြီး သူ့ရင်ဘတ်ပေါ်တင်လိုက်တယ်။ လက်ကလေးတစ်ဖက်ဟာ ရောဂါတွေကို သက်သာသွားစေလားဆိုတာ ဘကြီးကိုယ်တိုင်ပဲ သိပါလိမ့်မယ်။
နှစ်တစ်နှစ်ရဲ့ ပထမဆုံးလမှာ လက်ကလေးအမြဲတမ်းလိုလို ရင်ဘတ် ပေါ် တင်ထားရပြီလေ။ ရင်ဘတ်နဲ့လက်ဟာ မခွဲတမ်းရှိနေပုံအရ ရောဂါပိုပြင်း ထန်လာတဲ့ သဘောပဲ မဟုတ်လား။ နောက်ဆုံးအချိန်မှာတောင် ကြီးကြီးလက် ကလေးကိုပဲ ဘကြီးလက်တွေက ခပ်တင်းတင်းဆုပ်ကိုင်လို့ သူ့ရင်ဘတ်ပေါ် တင်ထားတယ်။ အောက်ဆီဂျင်ဘူးကိုတော့ ယောင်လို့တောင် မကြည့်တော့ ဘူး။
သဘာဝကို မြတ်နိုးတဲ့ ဘကြီးဟာ ခေတ်မီစက်တွေကို မလိုလားတော့ ဘူး။ လက်ကလေးက ပေးတဲ့ မေတ္တာတရားနဲ့ပဲ နောက်ဆုံး ထွက်သက်ကို ဖြတ်သန်းခဲ့တယ်။ ကြီးကြီး အတွက်ကတော့ ကောင်းကင် ပျောက်သွားတဲ့ ကြယ်တွေလိုပေါ့။
ဘကြီးကို သိပ်ချစ်တဲ့ကြီးကြီးဟာလည်း သိပ်မကြာလိုက်တဲ့ အချိန် လေးမှာပဲ ရောဂါခံစားပြီး နောက်ဆုံးအချိန်ကို ရင်ဆိုင်ရတော့တယ်။ ဘကြီးရဲ့ အသုဘရက်လည်မှာ ဟိုဘက်ပြေးဧည့်ခံလိုက်၊ ဒီဘက်ပြေး စကားပြောလိုက် နဲ့ ကြီးကြီးဟာ အခုတော့ အိပ်ရာပေါ်မှာ ပက်လက်ကလေးလှဲလို့။ ဘကြီး နေမကောင်း ဖြစ်နေချိန်မှာ ဘကြီးကို ဂရုစိုက်နေရတာကြောင့် သူဘာရောဂါ ခံစားနေရလဲ ဆိုတာတောင် မသိရှာဘူး။ ရက်လည်ပြီး နောက်ရက်တွေက စပြီး စိတ်ရောကိုယ်ပါ လဲတော့တာပဲ။ ကြီးကြီးရဲ့ နောက်ဆုံး အချိန်တွေဟာ အရမ်းကို ခြောက်သွေ့နေမယ် ထင်တယ်။ ဘကြီးရဲ့ နောက်ဆုံး ထွက်သက်လိုမျိုး သက်သာပါ့မလား စိုးရိမ်မိတယ်။ ကြီးကြီးရဲ့ ရင်ဘတ်ပေါ် တင်ထားမယ့် လက်ကလေးတွေမှ မရှိဘဲကိုး။
ယုယ
(Teen Magazine June 2012)
No comments:
Post a Comment