Saturday, November 24, 2012

အစိမ်းရင့်ရောင် တိမ်တိုက်များအကြောင်း (တည်တံ့ (G.B.K) ---



(၁)
နိဒါန်းနှင့် နိဂုံးသည် ထင်သလောက်လည်း ကွာဝေးလိမ့်မည်ဟု အာမဘန္တေမရှိ။ မီးခိုးမှိုင်းရောင်ကောင်းကင်သည် ဘယ်ဘက်ရင်အုံတွင် ပိုမိုအုံ့ဆိုင်းနေ၏။ မိုးရွာတော့မှာလား။ ရွာပါ၊ သဘောရှိ ရွာလိုက်ပါ။ မိုးတစ်စက်တစ်ပေါက်သည် အသက်လောက် နာကျင်ရကြောင်း တစ်သိန်းနှင့်တစ်ကြိမ်မြောက် ဋီကာမဖွင့်လိုတော့။ မြားအစင်းပေါင်း ကုဋေကုဋာကြားတွင် အယောင်ဆောင်ထားသော မိုးရေတုအချို့ လိမ့်ဆင်းသွားသည်ကို မည်သူမှလည်း တခမ်းတနား မှတ်တမ်းတင်နေလိမ့်မည် မဟုတ်ပါ။ ငါသိလို့ ငါရှိခြင်းမဟုတ်။ ငါရှိရဲ့လားဟုပင်ေ၀၀ါးနေရသည့်အဖြစ်။ တိမ်တိုက်တို့၏ တစ်နေရာရာ၌ ယန်ပေါဆတ်နှင့်တွေ့လျှင် ထိုကိစ္စကို ကောင်းစွာ အငြင်းပွားရပေဦးမည်။


သြကာသ လောကကြီးတစ်ခုလုံး စိမ်းနေသည်။ ကောင်းကင်ကြီး စိမ်း၏၊ အသက်ရှူသံများ စိမ်း၏၊ ဖြတ်ပြေးသွားသော လေရူးလေပွေများ စိမ်း၏၊ ရင်ဘတ်တစ်ခွင်ကို အစိမ်းရောင်များ ပက်ဖြန်းသုတ်လိမ်းလိုက်သောအခါ နာကျင်မှုသည် တဒင်္ဂ ငုတ်လျှိုးပျောက်ကွယ်သွားသလိုလို ရှိ၏။ သို့သော် တကယ်တော့ ပျောက်မသွား။ အချိုပြီးမှ လာသောအခါးသည် မူလထက် ဂုဏ်သတ္တိနှစ်ဆတိုးတတ်ကြောင်း နားလည်နိုင်ရန် နှလုံးသားတစ်စုံကို ကားစင်ပို့လိုက်ရသည်။
တစ်ချိန်တုန်းက ရယ်မောသံသဲ့သဲ့သည် ခရမ်းပြာရောင်ကောင်းကင်ပြင်တွင် တိမ်လွှာတိမ်တိုက်တို့ကို လှပစွာ ရေးခြယ်လိုက်သည်။ ဝေ့၀ဲကြွေကျလာသော အနူးညံ့ဆုံး ပွင့်ဖတ်များကို စီရီလိုက်သောအခါ အနာဂတ်သည် ပန်းခင်းလမ်းတစ်ခု ဖြစ်သွားခဲ့ဖူးသည်။ သူမ၏ နီထွေးသောနှုတ်ခမ်းအစုံသည် ပူနွေးသောရင်ခုန်သံကို ထိန်းညှိပေးနေ၏။ ညင်းသွဲ့တိုးဖွသော စကားသံများ၊ ကက်ပချီနိုကော်ဖီနှစ်ခွက်နှင့် ကဗျာတစ်ပုဒ် ရှိသည်။ ဘာလိုပါသေးသနည်း။

ကြိုးတစ်ချောင်းခိုင်မြဲရန် တကယ်တမ်း လိုအပ်သည့်အရာသည် တစ်ဖက်စီမှ အလျှော့အတင်းကိုထိန်းညှိပေးသော လက်တစ်စုံပင် ဖြစ်ကြောင်းသိလိုက်ရချိန်တွင် မျက်ရည်စများ အငွေ့ပျံခဲ့ပြီးပြီ။ အခါနှောင်းတို့မည်သည် တိမ်တိုက်မည်းများကိုပါ တပါထဲ သယ်ဆောင်လာတတ်၏။ ရွာပါ၊ ရွာလိုက်ပါ။ အမုန်းတီးဆုံးသော မိုးရေစက်များ ကုန်ဆုံးသွားလျှင် ရွှေခြည်ဖျော့ဖျော့ တဖန်ပြန်လည်လင်းလက်လာနိုင်ကောင်းပါရဲ့။
…………………………………………………………………………………..

(၂)
ဘ၀သည် သူမနှင့်အနုပညာပင် ဖြစ်၏။ တစ်ခုထုတ်ယူလိုက်သောအခါ အခြားတစ်ခု ကြွင်းကျန်ပါလိမ့်မည်။ သို့သော် ယင်းတို့အနက် မည်သည်မှ ကျွန်တော့်ကို ထားရစ်ထွက်ပြေးသွားလိမ့်မည်မဟုတ်ဟု သေချာခဲ့ဖူးသည်။ တဖွဲဖွဲ လွင့်ပါးကျဆင်းနေသော မိုးစက်ရေမှုန်ငယ်လေးများ မပျောက်ကွယ်မီ နေခြည်လဲ့လဲ့ တိုးထွက်လာသောအခါ မိုးကုတ်စက်ဝိုင်းကျယ်ကြီးကို နောက်ခံပြုလျက် ခုနှစ်ရောင်ခြယ် သက်တန့်တစ်စင်း လှပစွာဖြစ်တည်လာလိမ့်မည်ဟု ကလေးတို့ဘာဝ အလောင်းအစားပြုခဲ့ဖူး၏။ ကျွန်တော်သေချာခဲ့သည်ကား ထိုကဲ့သို့သော သေချာခြင်းမျိုးပါ။

အချစ်သည် စွဲမြဲစွာ ယုံကြည်မှုလွန်ကဲသူတို့အား ဤကမ္ဘာတွင် အနိစ္စသဘောတရားရှိသေးကြောင်း သတိပေး ဒဏ်ခတ်သည်။ မျက်ကန်းဝါဒနှင့် သံသယ အစွန်းနှစ်ဖက်ကို မရှောင်နိုင်သောအခါ တရားစီရင်ရာနေ့မတိုင်မီပင် ကိုယ့်တရားကိုယ် စီရင်ရ၏။ မည်သူ၏ ကရုဏာကိုမျှ မလိုအပ်ပါ။ လောကသည် ကိုယ်ညံ့လျှင် ကိုယ်ခံစတမ်းဟု တရားမျှတစွာ ဆုံးဖြတ်ထားပြီးဖြစ်သည်။

သူမ၏ စကားသံနွေးနွေးသည် မနေ့တနေ့ကကဲ့သို့ ကောင်းစွာလတ်ဆတ်ဆဲ။ ဖြစ်နိုင်လျှင် ဖန်ပုလင်းငယ်တစ်လုံးအတွင်း သိမ်းဆည်းသိုဝှက်၍ ကမ္ဘာမြေကြီး၏ အတွင်းကျဆုံး တစ်နေရာတွင် တိတ်တဆိတ်မြှုပ်နှံခဲ့ချင်ပါသည်။ နောင်နှစ်ပေါင်း ထောင်သောင်း ကြာမြင့်သည့်အခါ ခေတ်သစ်လူသားတို့သည် ကမ္ဘာမြေပေါ်တွင် မျိုးတုံးသွားပြီဖြစ်သော ဂန္ထ၀င်ဆန်သည့် ကျောက်ဖြစ်ရုပ်ကြွင်း ခံစားမှုတစ်ခုကို တွေ့ရှိ မှတ်တမ်းတင်နိုင်ကြပါလိမ့်မည်။ မာယာများ၍ ကောက်ကျစ်သော အချစ်သည်လည်း လေထုထဲတွင် တဖန် လှည့်လည်စီးမျောရင်း ပြုစားနိုင်မည့် နှလုံးသားတို့ကို လိုက်လံရှာဖွေပါလိမ့်မည်။

လူသည် တစ်ဦးတည်းဆိုလျှင် အထီးကျန်လှသည်ဟု မည်သည့်လူမိုက်ကများ စောဒကတက်ခဲ့ပါသနည်း။ နံရိုးတစ်ချောင်း ထုတ်ယူခြင်းခံလိုက်ရသည်ကို တွေ့သောအခါ စေတန်က နှစ်ခြိုက်စွာရယ်မောသည်။ ယောက်ျားတစ်ဦး၏ လိုအပ်ချက်များကို ဖြည့်ဆည်းရန် မိန်းမကိုဖန်ဆင်းလိုက်သောအခါမှ အကြီးမားဆုံးသော လစ်ဟာမှုကွက်လပ် ပေါ်လာရသည်ကို ဘုရားသခင် သိခဲ့ဟန်မတူချေ။

သို့သော် စိမ်းသည် ကျွန်တော်၏ နံရိုးတစ်ချောင်းသက်သက် မဟုတ်ခဲ့ပါ။ နံရိုးများနှင့် ထောက်ကန်ထားရုံမျှဖြင့် လောကဓံရှစ်ပါးကို မားမားမရပ်နိုင်သော စိတ်နှင့်ခန္ဓာအတွက် ဖြေသိမ့်ဖွယ် အိုအေစစ်တစ်ခု ဖြစ်ခဲ့သည်။ ဒေါသကြီး၍ ပေါက်ကွဲလွယ်သော လူငယ်တစ်ဦးကို ရင့်ကျက်မှုနှင့် တည်ငြိမ်မှုခွန်အားများ ပေးစွမ်းခဲ့သော အလင်းတိုင်တစ်ခုလည်း ဖြစ်ခဲ့သည်။

“သိလား မောင် ဒေါသကြီးရင် အရမ်းကြောက်ဖို့ကောင်းတာပဲ”

ထို့နေ့မှစ၍ ၀ုန်းဝုန်းဒိုင်းဒိုင်း ပေါက်ကွဲတတ်သော ကျွန်တော် အတိတ်တွင် သေဆုံးကျန်ရစ်သည်။ အမေ အံ့သြသည်။ သူငယ်ချင်းများ အံ့သြသည်။ ကျွန်တော့်ကိုယ်၌က ပို၍အံ့သြသည်။ သူမကတော့ အံ့သြလိမ့်မည် မထင်ပါ။ “စိမ်းကြောင့် မောင် ဒေါသကြီးတဲ့အကျင့်ကို ပြင်လိုက်ပြီ” ဟုလည်း ကျွန်တော်ပြောမပြခဲ့ဖူး။ ပြောပြရန်လည်း လိုမည်မထင်ချေ။ ယောက်ျားတစ်ဦးကို စေညွှန်ရန် စွမ်းပကားအပြင်းဆုံးလက်နက်သည် မိန်းမ၏ “စကား” ဖြစ်ကြောင်း သူတို့ ပါးနပ်လွန်းစွာ သိထားပြီးဖြစ်၏။ လက်အစုံဖြင့် ထုတ်ယူပေးထားသော နှလုံးသားသည် ပေးသမျှ အမိန့်တော်ကို မြေ၀ယ်မကျ နားထောင်ရန်အသင့်။ “လိုလေသေးမရှိ” ဟု သုံးနှုန်းရန် ပိုကဲကောင်းကဲနေမည် ဖြစ်သော်ငြား သူမ လိုအပ်သည်ကို ဖြည့်ဆည်းဖို့ တွန့်ဆုတ်ခြင်းကင်းလှသည်။

ဖြူဝင်းသော လက်ကောက်ဝတ်ပေါ်တွင် အစိမ်းနုရောင် ပလတ်စတစ်နာရီလေးကို တွေ့ရသောအခါ သူမအတွက် မွေးနေ့လက်ဆောင်ပါကင်ဗူးအတွင်း၌ ချမ်းသာသမျှမုန့်ဖိုး ငါးသောင်းကျော်နှင့်ရင်းလိုက်သော ပန်းနုရောင် စတီးနာရီလေးတစ်လုံး အသင့်ရောက်လာခဲ့သည်။ “လက်သည်းနီဆိုးတာက အောက်ခံမပါရင် လက်သည်းတွေ ပျက်စီးတတ်တယ်” ဆိုသော အစ်မ၏ စကားကို ကြားလိုက်ရသည့်နေ့က သူမအတွက် အောက်ခံလက်သည်းဆိုးဆေး ပုလင်းကို မျက်နှာပူပူသွားဝယ်ရင်း လက်ဆောင်ပေးခဲ့၏။ ဒိန်ချဉ်ကို ထန်းလျက်နှင့် ဘယ်လိုမှမကြိုက်သော ကျွန်တော်သည် သူမနှင့် ဒိန်ချဉ်သောက်တိုင်း “ထန်းလျက်နဲ့ နှစ်ခွက်” ဟုသာ မှာတတ်ခဲ့၏။ အပေါစားချောကလက်ကိုပင် ၀ယ်စားရန်ဝန်လေးခဲ့သော ကျွန်တော်သည် သူမအတွက်ဆိုလျှင် ပိုက်ဆံမရှိသည့်ကြားမှ အကောင်းစားဆိုသော ချောကလက်ကိုမှ ရှာဖွေဖန်တီးခဲ့၏။ “Assignment ရှိလို့” ပြောလိုက်သောအခါ သူမလိုသမျှ သတင်းအချက်အလက်ကို ရှာဖွေပို့ပေးပြီး ဖြစ်ခဲ့၏။ သီချင်းကြိုက်သော်လည်း mp3 မရှိသော သူမအတွက် တစ်ရက်လျှင် အလုပ်ချိန်ဆယ့်နှစ်နာရီနှင့်ရင်းပြီး ကျွန်တော့်အတွက်ပင် ၀ယ်ရန် စိတ်မကူးခဲ့ဖူးသော iPod တစ်လုံး ၀ယ်ပေးခဲ့ဖူး၏။ ပြဿနာတစ်စုံတစ်ရာရှိတိုင်း “မောင်က အဲဒီလိုနားလည်မှုရှိလို့ ချစ်နေရတာ” ဆိုသော စကားအောက်တွင် အရာရာကို သဘောထားကြီးစွာ နားလည်ခွင့်လွှတ်ပေးခဲ့သည်။ သူမ တောင်းဆိုလာသောအခါ “စိမ်း စိတ်ချမ်းသာရင် ပြီးတာပဲ” ဆိုသော တစ်ခွန်းဖြင့် အရာခပ်သိမ်း လိုက်လျောပေးခဲ့သည်။
ဘာများ လိုခဲ့သေးလို့လဲ စိမ်းရယ် … ။
…………………………………………………………………….

(၃)
ရော်ရွက်ဝါများ တဖြုတ်ဖြုတ်ကြွေနေပြီ။ စိမ်းလန်းခြင်းသို့မရောက်မီ သွေ့ခြောက်ခြင်းအဆင့်ကို ဦးစွာ ဖြတ်သန်း ရသေးကြောင်း နားလည်သည်။ ရင့်ကျက်မှုနှင့် လွမ်းဆွတ်တမ်းတခြင်းသည် မည်သို့မျှမသက်ဆိုင်သည့် သီးခြားခံစားမှုများ ဖြစ်ကြောင်း သိလိုက်ရသည့်အခါ ၀မ်းနည်းမှုများ ဆိုင်းမဆင့်ဗုံမဆင့် ၀င်ရောက်လာသည်။  ပျော်ရွှင်ဖွယ်ပုံပြင်တစ်ပုဒ်၏ စိတ်လက်ပေါ့ပါးမှုမျိုးသည် အဘယ်ကြောင့် လက်တွေ့ဘ၀အတွက် သက်ရောက်မှုနှုန်း နည်းပါးလှရသနည်း။ တစ်ဝက်ကျော်သွားပြီဖြစ်သော မိုင်းလ်ဒ်ဆဲဗင်းဘူးကို သတိပြုမိသည့်အခါ လမိုက်ညသည် အရိပ်သုံးပါးနားမလည်စွာ ရှည်ကြာလွန်းလှကြောင်း ခပ်တိုးတိုး ကျိန်ဆဲလိုက်မိသည်။
ဤအင်းစိန်လမ်းမပေါ်သို့ လွန်ခဲ့သည့်သုံးနှစ်ခန့်က အကြိမ်ကြိမ်ရောက်ခဲ့သည်။ အစိမ်းနုရောင်သုတ်ဆေးများ ပြယ်လွင့်စ ပြုနေသည့် နှစ်ထပ်အိမ်လေးသည် သာမန်ထက် စည်းချက်မြန်နေသော နှလုံးသားကို အရူးအမူး ဆွဲဆောင်ခဲ့ဖူး၏။ အဆိုပါအိမ်လေးရှိ သံဇကာကွက်ခပ်ကျဲကျဲ ၀ရံတာလေးသည်ပင် ညဉ့်၏ ဆွတ်ပျံ့ကြည်နူးဖွယ်အားလုံးကို သိမ်းကြုံးယူငင်ထားရာနေရာလည်း ဖြစ်တော့သည်။ မှုံရီဖျော့တော့သော လရောင်သည်ပင် ထိုနေရာ၌ အလင်းဓါတ်များ ပိုမိုစုဝေးနေသကဲ့သို့ ရှိသည်။ ထိုနေရာသို့ ရောက်သည်နှင့် အခေါက်ခေါက်အခါခါ ဖြတ်လျှောက်နေသော ခြေလှမ်းများသည်လည်း အလိုလိုနှေကွေးသွား၏။ သူမ မြင်ပါစေဟု ဆုတောင်းရသည်မှာလည်း အလီလီ (ညတုန်းက စိမ်း မောင့်ကိုမြင်ရဲ့လားဟု မေးတိုင်း သူမက မြင်တာပေါ့လို့သာ အမြဲဖြေတတ်၏)။

နာရီလက်တံများ ပွန်းပဲ့သွားသောအခါ တက္ကသိုလ်ရိပ်သာလမ်းတစ်လျှောက် ကျွန်တော်တို့နှစ်ဦး၏ ခြေရာများ ပိုမိုထူထပ်လာခဲ့သည်။ လှည်းတန်းရှိ ကော်ဖီဆိုင်လေးမှ ထိုင်ခုံများလည်း ကျွန်တော်တို့ကို အချိန်မှန်မျှော်တတ်လာသည်။ အင်ဂျင်သံပြင်းသော ၁၀၇ ဘတ်စ်ကားများက အရှက်သည်းစွာဖြင့် တ၀ီဝီကျော်တက်ကုန်ကြသည်။ မနက်စောစော အိပ်ရာထရန် မုန်းတီးလှသော ကျွန်တော်သည် မနက်စဉ် မျှော်တော်ယောင်ပတ်ပျိုးကို ကျေနပ်စွာ တီးခတ်နေတတ်ခဲ့ပြီ။

“မနက်အစောကြီး ကားဂိတ်မှာ လာလာစောင့်နေရတာ။ ဒုက္ခမကြီးဘူးလား”

သူမက ရယ်သွမ်းသွေးရင်း ကျေနပ်သလိုလို မေးတော့ ..

“အဲဒီဒုက္ခတွေက စိမ်းနဲ့တွေ့တိုင်း သုခတွေ ဖြစ်ဖြစ်ကုန်လို့ ခက်နေတာ”

နောက်ပိုင်းကျ သူမ မကြာခဏ ပြောတတ်သည်။

“မောင်ကလေ၊ သိပ်စကားတတ်တာပဲ သိလား။ အဲဒါကြောင့်”
“အဲဒါကြောင့် ဘာဖြစ်လဲ”
“အို မပြောပါဘူးလို့”

အပြုံးတစ်ချက်သည် ကော်ဖီပူပူတစ်ခွက်ထက် နွေးထွေးမှုစီးဆင်းစေတတ်ကြောင်း နှလုံးသားဗေဒတွင် ပြဌာန်းရန် အဆိုတင်သွင်းရဦးမည်။ အို ပြုံးပါလေလော့ ပြုစားတတ်သူငဲ့။ 
……………………………………………………………………………….

(၄)
“လွမ်းလိုက်တာ မောင်ရယ်”
မိုင်ထောင်သောင်းချီအကွာက ပစ်ခွင်းလိုက်သော မြားတစ်စင်းသည် ပစ်မှတ်ကို တရွေးသားမှ အလွဲအချော်မရှိ။ တည့်မတ်စွာ စိုက်ဝင်သည်။ မိုနာလီဇာ၏ ဓါတ်ပြားဟောင်းတစ်ချပ်အတွက် အချိန်ကုန်ခံရန် ၀န်လေးခဲ့ဖူးသော ကျွန်တော်သည် သူမ၏အပြုံးကိုတော့ အနုစိတ်ဈာန်ဝင်စားရင်း အနက်ကောက်ရမှန်းသိခဲ့သည်။ တွန့်ညွတ် ကွေးဆန့် တတ်သည့် နှင်းဆီနှစ်လွှာတွင် ဖျတ်ခနဲတောက်ပသွားတတ်သည့် ရောင်ပြေးများကိုလည်း အသေအချာ ဖမ်းယူနိုင်စွမ်း ရှိခဲ့သည် (အင်းလေ၊ ရှိခဲ့တယ်လို့ ထင်ခဲ့ဖူးတာပါ)။ စကားတစ်ခွန်း၏ ဆိုလိုရင်းသည် အချိန်ကာလ၏ ထုရိုက်မှုဖြင့် မွမွကြေကာ ပျောက်ကွယ်သွားတတ်ကြောင်း သိပါရက် တယုတယသိမ်းဆည်းထားခြင်းသည် မိုက်မဲမှု သက်သက်ပင် မဟုတ်လော။

အချစ်ဆိုသော ခံစားချက်ကို ပြီးပြည့်စုံသည့် အဓိပ္ပါယ်ဖွင့်ရန်ကြိုးစားရင်း ရူးသွပ်သွားသူသည် သူ့ကိုယ်သူ သူရဲကောင်းဟု ကြွေးကြော်နေ၏။ ကျွန်တော် မငြင်းပါ။ ရယူဖို့ ဆန္ဒရှိသူ၊ ပေးဆပ်ရန် လိုလားသူ၊ ခံစားချက်ကို ဖုံးကွယ်ရင်း ရှင်သန်နေလိုသူ၊ ကိုယ့်အထင်နှင့်ကိုယ်တော့ ဟုတ်လှပြီဟု ထင်နေကြသူတွေချည်း။ အရူးနှင့် သူရဲကောင်းသည် အချစ်၏အဘိဓမ္မာတွင် များစွာကွဲပြားမှု မရှိလှပါ။ သို့သော် ကျွန်တော်သည်ကား သူရဲကောင်းဖြစ်ခဲ့လေသော်မှ ထုံထိုင်းညံ့ဖျင်းသော သူရဲကောင်းသာ ဖြစ်ပါလိမ့်မည်။
စိမ်းကို သိပ်ချစ်တာပဲဟု ပြောသောအခါ စိမ်းလည်း မောင့်လိုပါပဲဟု တုံ့ပြန်၏။ ဆေးလိပ်တွေ သိပ်မသောက်ပါနဲ့ မောင်ရယ်ဟု ဆိုသောအခါ ကျွန်တော့်ကို စိတ်ပူလို့ဟုတွေး၍ ကျေနပ်ခဲ့ရသည်။ နောက်ကို စိမ်း မောင် စိတ်ဆင်းရဲအောင် ဘယ်တော့မှမလုပ်တော့ပါဘူးဟု တောင်းပန်သောအခါ သူမ လုပ်ခဲ့သမျှတို့ကို အရည်ကျို၍ ခွင့်လွှတ်သိမ်းဆည်းခဲ့ရသည်။ ကတိက၀တ်များ ဖလှယ်ခဲ့ပြီးသောအခါ အချစ်ကိုတုပ်နှောင်ချည်သည့် ဒြပ်မဲ့ကြိုးများ တိုးပွားသွားလိမ့်မည်ဟု ယုံကြည်ခဲ့မိသည်။
မရယ်ပါနှင့်။ “စိမ်းကို ချစ်တယ်” ဟု ပြောလိုက်သောအခါ အဆိုပါလေးနက်မှုသည် ဘာသာဗေဒနှင့် သိရှိခံစားနိုင်မှု တံတိုင်းကြီးများကို ထိုးဖောက်ကျော်လွန်လျက် အခြားစကြ၀ဠာတစ်ခုတိုင် တိုးဝင်လွတ်မြောက်သွားသည်ကို အချိန်ကာလ မှတ်တိုင်များက သက်သေခံပေးပါလိမ့်မည်။
သြော် ထိုသို့ ချစ်ရပါသော စိမ်း။
……………………………………………………………………….

(၅)
စစ်မှန်သော တည်မြဲခြင်းဆိုသည်ကား အဘယ်နည်း။ ထမင်းထုပ်မသိုးမီတော့ တွေ့လိုလှသေး၏။ မတည်မြဲခြင်းသဘောကို နှလုံးသွင်း လက်သင့်ခံခြင်းမပြုဘဲ တည်မြဲမှုကိုမှ တောင့်တနေပြန်သောအခါ လောက၏လူမိုက်ကြီးများစာရင်းတွင် အလိုအလျောက် ကျွန်တော့်နာမည် ထပ်တိုးသွားသည်။
အမှောင်ထဲတွင် အလင်းရှာရန် လမ်းဖောက်နေသူ၊ ထမင်းတစ်လုတ်စားဖို့ တွေးပူနေရသူ၊ အနုပညာမှလွဲ၍ ချမ်းသာခြင်းကင်းသူ၊ မိန်းကလေးတစ်ဦးလိုအပ်သည့် ကြင်နာယုယမှုများကို ဖြည့်ဆည်းမပေးနိုင်သူ၊ စီးကရက်ကို လက်နှင့်မပြတ်အောင် ကြိုက်လှသူ၊ စကားကြီးစကားကျယ်ပြောတတ်သူ၊ ရေချိုးပျင်းသူ၊ စာရေးဆရာယောင်ယောင် ဖမ်းနေသူ၊ ကဗျာ မြတ်နိုးသူ၊ စာအုပ်များကို ရူးသွပ်သူ၊ ရေပေါ်ဆီစိတ်ဓါတ်ကို ရွံရှာမုန်းတီးသူ၊ အရင်းနှီးဆုံး သူငယ်ချင်းများနှင့် အဆဲပါမှစကားပြောတတ်သူ၊ အလွန်အမင်း အားနာတတ်သူ။ ထိုသူသည် ကျွန်တော်ဖြစ်၍ ကျွန်တော်သည် ဘာကောင်မှမဟုတ်ခဲ့ပါ။ ထို ဘာကောင်မှမဟုတ်သော ကျွန်တော့်ကိုမှ လက်တွဲရန်ရွေးချယ်ခဲ့သော စိမ်းသည် ဘာကောင်မှမဟုတ်သော “တန်ဖိုး”ကိုလည်း နားလည်လက်ခံတတ်လိမ့်မည်ဟု တထစ်ချယုံကြည်ခဲ့၏။ ယုံကြည်ခြင်းနှင့် လက်တွေ့ကျခြင်းဟူသည်ကား နေရာချိန်ခါမရွေး လက်ဆွဲနှုတ်ဆက်ကြလိမ့်မည်ဟု မည်သည့်အတွေးအခေါ်ပညာရှင်မှ မိန့်မြွက်ခဲ့သည်ဟု မကြားစဖူး။ ကိုယ့်ကိုယ်ကိုတော့ အသက်အရွယ်အလိုက် ထိုက်သင့်လျောက်ပတ်သော တရားကို နှလုံးသွင်းနိုင်ခဲ့ပြီဟု ထင်ခဲ့၏။ ငါသည် တရားမမဲ့ဟုလည်း ကြုံးဝါးခဲ့သေး၏။ လွန်ခဲ့သည့် တစ်စက္ကန့်မှ ငါသည်ပင် ယခုငါမဟုတ်တော့ဟူသော သဘောကိုလည်း ရင်ဝယ်ပိုက်နိုင်ခဲ့၏။ သို့သော်ငြား သူမနှင့်ပတ်သက်လာလျှင်မူ အဘယ်ကြောင့်များ ပုံသေနည်းလက်တံများကြားမှ ရုန်းမထွက်နိုင်ခဲ့သေးသနည်း။ ယခုနေ ပိုက်သဂိုရီယမ်တစ်ဦးကို လမ်းမှာတွေ့ခဲ့လျှင် ဘ၀၏အမှားများကိုပြင်ဆင်ရန် ပုံသေနည်းတစ်ခုခု ထုတ်ခိုင်းရပါဦးမည်။

“ဟုတ်တယ် မောင်။ စိမ်း မပျော်တော့ဘူး”

နောက်ပြောင်ခြင်းဟူသည် နေရာချိန်ခါလိုက်တတ်၏။ သို့သော် တည်ငြိမ်အေးစက်နေသော မျက်ဝန်းထဲတွင် ကျီစယ်ရိပ် စိုးစဉ်းမျှပင် မရှိ။ ပျောက်စေဆရာလို အစွမ်းပါရှိခဲ့လျှင် နားစည်၏အမှေးပါးတို့ကို ခွာယူသိမ်းဖွက်ထားလိုသော်ငြား လက်တွေ့တွင် တိုးဝင်ကျူးကျော်လာသော စကားလုံးများကို ခုခံနိုင်စွမ်းမရှိ။ ယုံချင်မှ ယုံပါဟု မပြောပါနှင့်။ ယုံရမည်ကို သိပါလျက် မယုံနိုင်ပါဟု ဇွတ်မှိတ်လိမ်ညာရခြင်းသည်လည်း ပင်ပန်းဆင်းရဲတစ်မျိုးဖြစ်ကြောင်း ကြုံဖူးသူသာ သိပါသည်။ မချစ်နိုင်တော့ဘူးတဲ့လား။ တစ်ချိန်က ပုစ္ဆာတစ်ပုဒ်သည် အဖြေမှန် ၅၂၈ ထွက်နေခဲ့ပါလျက် ၉၇၂ ပေါင်းထည့်ရန် ကြိုးစားခဲ့သူမှာ သူမ ဖြစ်ကြောင်း သတိမှရပါလေစ။

“မောင် တကယ်နားမလည်ဘူး။ ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်းက ပြောပြီးရင် ပြောင်းလဲသွားဖို့ ဒီလောက် လွယ်လို့လား စိမ်း”
“ဒါကတော့ အစကတည်းက သိပ်မလေးနက်လို့ ဖြစ်ချင်ဖြစ်မှာပေါ့ မောင်”

ဘုရားရေ။ လေးနက်သည်ဟု မိမိကိုယ်တိုင်ပင် မရေရာသော ခံစားချက်များကိုဆုပ်ကိုင်လျက် ယောက်ျားတစ်ဦး၏ ရင်ခွင်ထဲသို့ တိုးဝင်ခဲ့သောမိန်းမသည် သတ္တိကောင်းခြင်းလော၊ မိုက်မဲခြင်းလော။ ချစ်လှပါရဲ့ဟု တီတာချွဲ့နွဲ့စကားများ လေထုထဲဝယ် ပူနွေးလတ်ဆတ်စွာ စီးမျောနေသေးသည်။ ဆန္ဒရှိလျှင် ဖမ်းဆုပ်ယူနိုင်သော်လည်း နှုတ်ခမ်းအစုံကို လှလှပပ ကွေးညွတ်၍ အရှက်မဲ့စွာ ငြင်းဆန်နိုင်သေးပြန်သည်။ အလိုအလျောက်ထွက်ကျလာသော ကတိက၀တ်တို့ကို ကောက်ယူပြီးမှ လက်ထဲတွင် ကွဲကြေသွားသည်ဆိုအံ့။ ရက်ရောစွာ သွန်ချပေးခဲ့သူ၏ အပြစ်လော၊ မက်မောစွာ ကောက်ယူမိသူ၏ အပြစ်လော။

ကမ္ဘာသည် ချာချာလည်သွားခြင်းမဟုတ်။ အံ့သြဆွံ့အစွာ ရပ်တန့်သွားခြင်းသာ ဖြစ်၏။ ရင်ခွင်ကို ဗဟိုချက်ပြု၍ မုန်တိုင်းဆင်တော့မည်ဖြစ်ကြောင်း အချက်ပေးသံများ အရူးအမူးပေါ်ထွက်လာကြသည်။ ပြေး၍လွတ်တော့မည် မဟုတ်ကြောင်း သိလိုက်ရမှ ဘုရားတသူတို့ကို ဘုရားသခင် မည်သို့စီရင်မည်နည်း။ ကျွန်တော့်အတွက်တော့ ခေါင်းရှုပ်မခံပါနှင့်။ ကိုယ့်ထိုက်နှင့်ကိုယ့်ကံသာ ရှိပါစေလေ။ သဘာဝက တည့်မတ်စေရန် ထည့်သွင်းဖန်ဆင်းပေးခဲ့သော ခြေထောက်နှစ်ဖက်သည် သူတို့၏ တာဝန်ကိုထမ်းဆောင်ရန် ပျက်ကွက်ခဲ့ပြီးနောက် နှလုံးသားသည်လည်း တအိအိ ပြိုကာယိုင်လဲ၍ …. ။

“ကောင်းပြီလေ။ မောင် လမ်းခွဲပေးမှ စိမ်း စိတ်ချမ်းသာမှာမလား။ မောင် လိုက်လျောပေးရမှာပေါ့”

တွတ်တီးတွတ်တာ ချွဲနွဲ့တတ်သော စိမ်း ဘာကြောင့် ထူးဆန်းစွာ ငြိမ်သက်နေရပါသနည်း။ တစ်ခုခုတော့ ပြောပါဦး စိမ်းရယ်။ သူမသည် တရားသူကြီးထံမှ အမိန့်စီရင်ချက်ကို နားထောင်နေရသူလိုမျိုး အသက်မဲ့သော တိတ်ဆိတ်ခြင်းမျိုးဖြင့် တိတ်ဆိတ်နေခဲ့သည်။ သို့သော် စီရင်ဆုံးဖြတ်ခွင့်ကို တရားခံထံမှ ပြန်လည် တောင်းယူလိုက်နာခဲ့ရသော တရားသူကြီး၏ ၀မ်းနည်းကြေကွဲမှုကို သူမ သိပါရက်နှင့် မသိချင်ယောင်ဆောင်ထားမည်ဖြစ်ကြောင်းကိုလည်း ကျွန်တော် ကောင်းစွာ သိပါသည်။
ပြီးသွားပြီလား။ ဒီလိုနဲ့ပဲ ပြီးသွားခဲ့ပြီတဲ့လား။ မွန်း ကြပ် လှိုက် ဖို မော ပန်း မှုများသည် လူဖျင်းလူညံ့တစ်ဦး၏ ပါးကို စိတ်ရှိလက်ရှိ ရိုက်နှက်နေကြ၏။ တမင်ပေါ့ပါးဟန်လုပ်ရသော စကားလုံးများ၏ ထုထည်သည် ကမ္ဘာပေါ်တွင်ရှိရှိသမျှ အရာဝတ္ထုတို့ထက် လေးလံကြောင်း ရူပဗေဒတွင် မသင်ခဲ့ရဖူးပါ။ ဆွဲယူဆုပ်ကိုင်ထားသော လက်အစုံကို ရုန်းဖယ်၍ လှည့်ထွက်သွားချိန်တွင် ရေခဲတိုက်သို့ လူမိုက်တစ်ဦး၏ နှလုံးသား ရောက်လာတော့မည်ဖြစ်ကြောင်း ကြိုတင်သတင်းရရှိသည်။
ကြည့်စမ်းပါ စိမ်း၊ မောင့် မျက်လုံးကို သေချာကြည့်စမ်းပါ။
စိမ်း မကြည့်ရဲဘူး မဟုတ်လား။
မောင် သိတယ်၊ စိမ်း ကြောက်နေခဲ့တယ် မဟုတ်လား။

တဖောက်ဖောက်ခုန်ဆင်းလာသော မိုးရေစက်များအကြားတွင် မိုးရေတုများ ရောယောင်လိုက်ပါသွားသည့်အခါ “၀ဋ်မလည်ပါစေနဲ့” ဟု ဆုတောင်းရုံမှတပါးလည်း ….. ။
………………………………………………………………………..

(၆)
ဖြစ်ပျက်ခဲ့သမျှ အရာတိုင်းအတွက် ကျွန်တော့်လိပ်ပြာ ကျွန်တော်လုံ၍ ကျွန်တော့်သိက္ခာကို ကျွန်တော် ယုံပါသည်။ ထိုအတွက်လည်း နှလုံးသားနိုဘယ်လ်ဆု ချီးမြင့်မည့်သူ မရှိပါ။ အချစ်၏ နောက်ဆက်တွဲစာမျက်နှာများတွင် ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးမူကို တွဲဖက်ထားသင့်ကြောင်း အကြံပြုပါရစေ။ အချစ်ကို ကျနစွာ ထုပ်ပိုး၍ ခရမ်းရောင် လွင်ပြင်သို့ ပို့ဆောင်လိုက်သောအခါ အချစ်သည် အမြန်ရထားပေါ်မှ ခုန်ချထွက်ပြေးသွား၏။ တစ်ချိန်ချိန်တွင်တော့ ပြန်လာပေလိမ့်ဦးမည်။
ရိုးသားစွာ ၀န်ခံရလျှင် ကျွန်တော်သည် အရိပ်သုံးပါးနားမလည်ခဲ့သော လူညံ့တစ်ဦး ဖြစ်ပါ၏။ ရင်ခွင်ထဲမှ မိန်းမ၏ ရင်ခုန်သံအတိုးအကျယ်ကိုပင် ဖမ်းယူနိုင်စွမ်းမရှိခဲ့သော လူညံ့ပင် ဖြစ်ပါ၏။ အနုပညာကို မချစ်တတ်သူသည် အနုပညာသမားကိုတော့ ချစ်တတ်လိမ့်မည်ဟု ရူးမိုက်စွာ ထင်ယောင်မှားနေခဲ့သော လူညံ့ပင် ဖြစ်ပါ၏။ ထိုသို့ ၀န်ခံရသည်ကိုလည်း မရှက်ပါ။ ဟီရိသြတပ္ပတရားကို နားမလည်ပါးမလည် အလွဲသုံးစားလုပ်နေသူတို့သာ ရှက်ကြပါလိမ့်မည်။ ရုပ်ဝတ္ထုဝါဒကို ချွေးတဒီးဒီး တည်ထောင်နေသော ရေပေါ်ဆီလူ့မလိုင်များသာ ရှက်ကြပါလိမ့်မည်။ လက်ထပ်ရန်စကားကို လွယ်လွယ်ပြော၍ လွယ်လွယ်ချိုးဖောက်တတ်သော မိန်းကလေးများသာ ရှက်ကြပါလိမ့်မည်။ ကျွန်တော် မရှက်ပါ။
………………………………………………………………………

(၇)
အစိမ်းရင့်ရောင်တေးသွားများ ဆိတ်သုဉ်းသွားသည့်အခါ ဘ၀သည် ချွဲပြစ်စေးထန်းနေသည့် လက်ဖက်ရည်တစ်ခွက်ပမာ အော်ဂလီဆန်ဖွယ်ကောင်းသွား၏။ သို့သော် ထိုလက်ဖက်ရည်ကိုပင် အရသာခံတတ်ရန် ကြိုးစားရပါဦးမည်။


                                                                                                ---  တည်တံ့ (G.B.K) ---

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...