ခွဲခြားဆက်ဆံမှု သံသရာထဲက ရုန်းထွက်ခြင်း.

[Unicode]


မှူးသစ်
(ဒီမိုကရေစီနှင့် လူ့အခွင့်ဂျာနယ်ကို ပေးပို့ထားသည့် ဆောင်းပါး)

ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ အရိုးစွဲနေတဲ့ အမူအကျင့်တွေလို့ဆိုရင် မှားနိုင်ဖွယ်မရှိဘူး။ ခွဲခြားဆက်ဆံမှုတွေကြောင့်ပဲ လူ့အဖွဲ့အစည်းဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ်ကနေ သွေဖီနေသလို၊ လူ့ဂုဏ်သိက္ခာအပေါ် တန်ဖိုးထားမှုတွေကလည်း ပျောက်ဆုံးနေတယ်လို့ ဆိုရမယ်။
ခွဲခြားဆက်ဆံမှုဆိုတာဟာ လူသားအချင်းချင်း တန်းတူညီမျှမှုကို ငြင်းပယ်ခြင်းဖြစ်တယ်။ ခွဲခြားဆက်ဆံမှုတွေဟာ လူ့အဖွဲ့အစည်းရဲ့ သဟဇာတဖြစ်မှုနဲ့ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာတွေကို တိုက်ရိုက် ခြိမ်းခြောက်နေတဲ့ အရာတစ်ခုအဖြစ် ခိုင်ခိုင်မြဲမြဲရှိနေတာပါ။
ခွဲခြားဆက်ဆံမှုဆိုတာဟာ ကမ္ဘာတလွှား နိုင်ငံအသီးသီးမှာ ပုံသဏ္ဍန်မျိုးစုံနဲ့ ရှိနေသလို မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာလည်း ပုံသဏ္ဍန်မျိုးစုံနဲ့တည်ရှိနေတယ်။ အထူးသဖြင့် နိုင်ငံတစ်ခုရဲ့ အခန်းကဏ္ဍမှာ ဘာသာရေးအယူသီးမှုကို ရှေ့တန်းတင်လွန်းတဲ့ နိုင်ငံတွေနဲ့ အာဏာရှင်ဓလေ့ စိုးမိုးတဲ့ နိုင်ငံတွေမှာဆိုရင် ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေ ပိုပြီးတော့ ထွန်းကားနေတာကို တွေရနိုင်တယ်။ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်းတွေကတော့ ခွဲခြားဆက်ဆံမှုကို ရွံရှာဖွယ်ရာတစ်ခုလို၊ ရာဇဝတ်မှုတစ်ခုလိုတောင် သတ်မှတ်ထားကြတယ်။

တကယ်တော့ ခွဲခြားဆက်ဆံခြင်းအပြုအမှုတွေဟာ လူ့အဖွဲ့အစည်းတိုင်း၊ လူ့မှုအသိုက်ဝန်းတိုင်းလိုလိုမှာ အနည်းနဲ့အများ ရှိနေကြတာ မှန်ပေမယ့် သက်ဆိုင်ရာ လူ့အဖွဲ့အစည်းအသီးသီး၊ လူ့မှုအသိုင်အဝန်းအသီးသီးတွေကလည်း ကိုယ့်လူ့အဖွဲ့အစည်းအတွင်းမှာ ရှိနေတဲ့ ခွဲခြားဆက်ဆံမှုတွေကို လျော့နည်း ပပျောက်သွားအောင်ဆောင်ရွက်ဖို့၊ ကိုယ်ကိုယ်တိုင် ခွဲခြားဆက်ဆံခြင်းအပြုအမှုတွေ တခြားလူတွေအပေါ်ကို မကျူးလွန်မိဖို့ ရှောင်ရှားဖို့လိုအပ်ပါတယ်။
ခွဲ့ခြားဆက်ဆံခြင်း အမှုအကျင့် အရိုးစွဲ စွဲကပ်ခြင်း
ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ လူ့အဖွဲ့အစည်းအတွင်းမှာ အရိုးစွဲခိုင်မာစေတဲ့ အကြောင်းအရင်းတွေကြည့်လိုက်မယ်ဆိုရင်လည်း ပုံသဏ္ဍန်မျိုးစုံနဲ့ လွှမ်းမိုးထားတာကို တွေ့ရနိုင်တယ်။ အထူးသဖြင့် ဘာသာရေးခေါင်းဆောင်တွေရဲ့ အဆုံးအမတွေ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအစွဲတွေ၊ ပညာရေးစနစ်တွေ၊ မီဒီယာနဲ့ ဖျော်ဖြေရေးတွေ စသည်ဖြင့် လူထုအပေါ် လွှမ်းမိုးမှုများတဲ့ အရာတွေဟာ လူ့အဖွဲ့အစည်းကို ပြုပြင်ထိန်းကျောင်းနိုင်သလိုပဲ လူ့အဖွဲ့အစည်းအတွင်းက လူတစ်ဦးချင်းစီထံကို ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ ထည့်သွင်းပေးနိုင်တယ်။ အဲ့ဒီအပြင် အာဏာရှင်လောင်းရိပ်ရှိနေတဲ့ နိုင်ငံတွေမှာဆိုရင် ခွဲခြားဆက်ဆုံခြင်းအပြုအမှုတွေ ဥပဒေပြဌာန်းမှုတွေမှာတောင် ထည့်သွင်းပြဌာန်းထားကြတာမျိုးှရှိကြတယ်။
ဥပမာအားဖြင့်ဆိုရရင် “လူတိုင်းသည် နိုင်ငံတစ်နိုင်ငံဧ။် နိုင်ငံသားအဖြစ်ခံယူခွင့်ရှိသည်” အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းမှာ ရေးသားထားပေမယ့် လူမျိုးရေးအရ၊ ဘာသာရေးအရ ခွဲခြားဆက်ဆံပြီး နိုင်ငံသားဖြစ်ခွင့််အခွင့်အရေးကို ဥပဒေပြဌာန်းပြီး ပိတ်ပင်ထားတာမျိုးတွေ၊ လည်း ရှိနေစဲပါပဲ။
“လူတိုင်းတွင် မိမိနိုင်ငံဧ။် အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာရွေးချယ်လိုက်သည့် ကိုယ်စားလှယ်များတဆင့်ဖြစ်စေ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည်”လို့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းမှာရေးသားထားပါတယ်။ နိုင်ငံသားတစ်ယောက်ရဲ့ လွတ်လပ်စွာအရွေးချယ်ပိုင်ခံခွင့်၊ လွတ်လပ်စွာရွေးချယ်ခွင့်ကို ဥပဒေပြဌာန်းပြီး ပိတ်ပင်ထားတာမျိုးတွေဟာ ဥပဒေနဲ့ ခွဲခြားဆက်ဆံထားတာမျိုးလို့ ဆိုနိုင်တယ်။ အနီးကပ်ဆုံးဥပမာပေးရဦးမယ်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံနိုင်ခွင့်၊ နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်ခံနိုင်ခွင့်တွေမှာ နိုင်ငံသားအခွင့်အရေးတွေကို ခွဲခြားပြီး ပြဌာန်းထားမျိုးရှိနေတယ်။

မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေ များစွာ လွှမ်းမိုးနေပြီး တည်ရှိနေတာကိုငြင်းလို့မရနိုင်ဘူး။ အမျိုးဘာသာ၊သာသနာစောင့်ရှောက်ရေးဆိုတဲ့ လှုပ်ရှားမှုတွေကို ကြည့်လိုက်ရင်ကို မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက ထိတ်လန့်ဖွယ်ရာကောင်းတဲ့ ခွဲခြားဆက်ဆံခြင်းအပြုအမှုတွေကို ထင်ထင်ရှားရှားတွေ့ရနိုင်တယ်။ ဘာသာရေးအရ၊ လူမျိုးရေးအရ လူများစုအခြေအနေဆိုတဲ့ အခွင့်ထူးခံအခြေအနေကို ရယူပြီး ဘာသာမတူ၊ လူမျိုးမတူသူတွေအပေါ် ခွဲခြားဆက်ဆံတဲ့ အပြုမှု၊ အပြောဆိုတွေ ကျူးလွန်အောင် ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးဟောပြောမှုတွေရှိနေပေမယ့်လည်း ဒီအပေါ်မှာ အစိုးရအဆက်ဆက်အနေနဲ့ အရေးယူဆောင်ရွက်ခြင်း အလျင်းမရှိတာကိုကြည့်ခြင်းအားဖြင့် အုပ်ချုပ်သူတွေကိုယ်တိုင်က မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက ခွဲခြားဆက်ဆံခြင်းအပြုအမှုတွေ ဖြေရှင်းဖို့ဆန္ဒမရှိတာ၊ ဒါမှမဟုတ် ခွဲခြားဆက်ဆံခြင်းဟာ လူ့အဖွဲ့အစည်းအတွက် ပြဿနာတစ်ရပ်အဖြစ်၊ တရားဥပဒေစိုးမိုးရေးအတွက် ပြဿနာတစ်ရပ်အဖြစ် ရှုမြင်ထားခြင်းမရှိတာလို့ပဲ သတ်မှတ်ရမယ်။

တကယ်တော့ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးပြဿနာတွေ၊ လူမျိုးရေး၊ဘာသာရေးပဋိပက္ခတွေ၊အားလုံးရဲ့ အခြေခံအကြောင်းတရား အရင်းအမြစ်များဟာ ခွဲခြားဆက်ဆံခြင်းအမှုအကျင့်တွေ စွဲကပ်နေခြင်းကြောင့်သာလျှင်ဖြစ်တယ်။ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ဘာကြောင့်ဖြစ်ပွားရသလဲဆိုတဲ့အရင်းခံအကြောင်းအရင်းကို ကြည့်မယ်ဆိုရင် နိုင်ငံသားအများစုက သူတို့ကိုးကွယ်တဲ့ ဘာသာသာလျှင် အမွန်မြတ်ဆုံးဆိုတဲ့ အတွေးအခေါ်၊ ကိုယ့်လူမျိုးကသာလျှင် သာလွန်မြင့်မြတ်တယ်ဆိုတဲ့ အတွေးအခေါ် စသည်ဖြင့် ကိုယ်နဲ့ ဘာသာမတူသူတွေအပေါ် နှိမ်ချခွဲခြားဆက်ဆံတာမျိုးတွေအပြင် လူမျိုးရေး၊ ဘာသာရေးအစွန်းရောက်သူတွေဟာ လူမျိုးစွဲ၊ ဘာသာစွဲ အစွန်းရောက် အတွေးအခေါ်တွေကို ကြီးမြတ်သယောင်ဝါဒဖြန့်ပြီး လူ့အဖွဲ့အစည်းအတွင်းက ဘာသာမတူ၊လူမျိုးမတူသူတွေအပေါ် ခွဲခြားဆက်ဆံဖို့၊ ဖိနှိပ် လှုံဆော်တာတွေကြောင့်သာဖြစ်တယ်။
အဲ့ဒီလို ဆောင်ရွက်မှုတွေအပေါ်မှာ အုပ်ချုပ်သူတွေအနေနဲ့ ကလည်း နိုင်ငံသားအများစုရဲ့ ထောက်ခံမှုလျော့ကျမှာစိုးရိမ်ပြီး လျစ်လျူရှုထားတာ စတာတွေကြောင့်ဆိုတာကို အထင်းအရှားတွေ့ရနိုင်တယ်။

အနီးကပ်ဆုံးဖြစ်ရပ်တွေကိုကြည့်မယ်ဆိုရင် ရွေတံဂုံဘုရားအနီးမှာ ဈေးရောင်းတဲ့ ဘာသာခြားတစ်ဦး င်္သကန်းဝတ်တစ်ပါးက အနိုင်ကျင့်တားမြစ်တာ၊ ကရင်ပြည်နယ်အတွင် ခရစ်ယာန်ဘုရားကျောင်းဝန်းထဲနဲ့ အစ္စလာမ်ဘာသာဝင်တွေနေထိုင်တဲ့ ရပ်ကွက်အတွင်းဗလီဘေး လမ်းအလည်တွေမှာ ကျူးကျော်ပြီး စေတီတည်တာ စတာတွေဟာ လူနည်းစုကိုးကွယ်တဲ့ ဘာသာဝင်တွေအပေါ် ဘာသာရေးအရ ခွဲခြားဆက်ဆံတာ နှိမ့်ချတာတွေလို့ ဆိုရမှာပါ။ အစိုးများအနေနဲ့ တရားဥပဒေနည်းလမ်းအတိုင်း ဖြေရှင်းဆောင်ရွက်ပေးတာ၊ တရားဥပဒေရဲ့ အကာအကွယ်အစောင့်အရှောက်ကို လူမျိုး၊ ဘာသာ ခွဲခြားခံရပြီး မရရှိတာတွေကို ကြည့်ခြင်းအားဖြင့် ဒီကနေ့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဖြစ်ပေါ်နေတဲ့ ခွဲခြားဆက်ဆံခြင်းတွေဟာ လောင်အားကောင်းကောင်းနဲ့ တောက်လောင်နေတဲ့ ရွံရှာဖွယ်ရာ ခွဲခြားဆက်ဆံခြင်းတွေသာဖြစ်တယ်။ ဒီမိုကရေစီလို့ ပြောလိုက်ရင် တပါတည်းမဖြစ်မနေ တွဲပါနေဖို့ လိုအပ်တာက ခွဲခြားဆက်ဆံခြင်းမရှိတာ၊ လူ့အခွင့်စံနူန်းအပြည့်အဝရှိတာတွေပါပဲ။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ဘယ်လို ခွဲခြားဆက်ဆံမှုတွေရှိနေသလဲဆိုတာကို လေ့လာကြည့်လိုက်ရင် ထိတ်လန့်ဖွယ်ရာ အခြေအနေတွေကိုသာတွေ့ရမှာ အသေအချာပါပဲ။
ကျား၊မ၊ ဖြစ်တည်မှု လိင်အရခွဲ့ခြားဆက်ဆံမှုတွေ၊ လိင်တူနှစ်သက်သူတွေအပေါ် ခွဲခြားဆက်ဆံပြီး ဖိနှိပ်မှုတွေပြုလုပ်တာတွေ၊ လူမျိုးရေး၊ဘာသာရေးအရ ခွဲခြားဆက်ဆံမှုတွေ၊ အုပ်ချုပ်ရေးအခန်းကဏ္ဍက အင်စတီးကျူးရှင်းတွေ ကြားထဲက ခွဲခြားဆက်ဆံမှုတွေ၊ ပညာရေးစနစ်နဲ့ စသင်ခန်းတွေအတွင်းထဲက ခွဲခြားဆက်ဆံမှုတွေ စသည် စသည်ဖြင့် များစွာတွေ့ရနိုင်တယ်။
ဟိုးသက်ဦးစံပိုင်ပဒေသရာဇ်ခေတ်ထဲက အရိုးစွဲပါလာတဲ့ ဓလေ့ထုံးတမ်းတွေကို ဘာသာရေးအဆုံးအမအောက်မှာ ထည့်သွင်းပြီး အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နိမ့်ကျသူအဖြစ် သတ်မှတ်ပြီး ဘာသာရေးကိုးကွယ်မှုပုံစံတွေမှာ ခွဲခြားဆက်ဆံထားတာ။ လိင်တူနှစ်သက်တွေအပေါ်မှာလည်း အလားတူပဲ ခွဲခြားဆက်ဆံမှုတွေပြုလုပ်ထားတာတွေဟာ ယနေ့အထိ ခိုင်ခိုင်မာမာရှိနေစဲဖြစ်တယ်။ ယောက်ကျားသားများက ကြီးကျယ်မြင့်မြတ်တဲ့ဆိုတဲ့ အယူအဆမျိုးလိုမျိုး လူ့အဖွဲ့စည်းအပေါ်လွမ်းမိုးထားစေတဲ့ ဓလေ့ထုံးတမ်းတွေကို မဖြစ်မနေ ထိန်းသိမ်းရမယ့် ယဉ်ကျေးမှုကြီးတစ်ခုသဖွယ် ကာကွယ်စောင့်ရှောက်နေကြတာဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ခွဲခြားဆက်ဆံမှုတွေ ပိုပိုပြီး အမြစ်တွယ်ခိုင်မြဲနေစေတာဖြစ်တယ်။

နေ့စဉ်ရှင်သန်နေတဲ့ လူ့မှုအသိုက်အဝန်းအတွင်းမှာဆိုရင်လည်း ကျား၊မ လိင်ခွဲခြားဖိနှိပ်မှုတွေကို အမူအရာအားဖြင့်ပဲဖြစ်ဖြစ် ဘာသာစကားအသုံးအနူန်းတွေအရပဲဖြစ်ဖြစ် တွင်တွင်ကျယ်ကျယ်ကျူးလွန်နေကြတယ်။ ဒါ့အပြင် လူထုကို လွှမ်းမိုးထားတဲ့ ဖျော်ဖြေရေးမီဒီယာတွေ၊ ရုပ်ရှင် ဗီဒီယို ဇာတ်လမ်းတွေမှာဆိုရင်လည်း အလားတူ ခွဲခြားဆက်ဆံမှုတွေကို ပုံမှန် လုပ်ရိုးလုပ်စဉ် သာမန်အမူအကျင့်တစ်ခုလို သုံးစွဲပြီး လူထုကို ဖြန့်ဝေနေတာတွေ့ရနိုင်တယ်။
ကလေးတွေရဲ့ ကျောင်းစာသင်ခန်းတွေ၊ ရှင်သန်ရာ လူ့မှုပတ်ဝန်းကျင်တွေမှာဆိုရင်လည်း ကလေးတွေအချင်းချင်းကြား လူမျိုးရေး၊ဘာသာရေးကို နှိမ့်ချခေါ်ဝေါ်တဲ့ အပြုအမှုအပြောဆိုတွေကို ပြောဆိုသင်ယူနေကြတာဟာ ခွဲခြားဆက်ဆံခြင်း မျိုးစေ့တွေ ကြီးထွားလာစေဖို့သာဖြစ်စေတယ်။ ဒီကနေ နည်းပညာခေတ်၊ ဆိုရှယ်မီဒီယာခေတ်ရောက်လာတဲ့အခါမှာလည်း လူမှုကွန်ယက်တွေပေါ်မှာ ခွဲခြားဆက်ဆံခြင်း၊အပြုအမှုအပြောအဆိုတွေကို တွင်တွင်ကျယ်ကျယ်ပြုလုပ်နေကြတာတွေ့ရနိုင်တယ်။ လူသာအချင်းချင်းကြား၊ ရုပ်ရည်မလှပသူတွေကို လှောင်ပြောင်တာ၊ တခြားလူတစ်ယောက်ရဲ့ အပြုအမှုဝါသနာတွေကို လှောင်ပြောင်စရာအဖြစ်ဖြန့်ဝေတာ၊ နှိမ့်ချပြောဆိုတာ စတာတွေကို ဟာ တကယ့်ကိုပဲ လျင်လျင်မြန်မြန် ပြန့်နှံံနေတယ်။
တကယ်တော့ ခွဲခြားဆက်ဆံမှုမှာ သေးတယ်၊နည်းတယ် ၊ မဖြစ်စလောက်ပါ၊ မရည်ရွယ်ပါပဲ ဆိုတာမျိုးတွေ မရှိပါဘူး။ လူတစ်ယောက် ခွဲခြားဆက်ဆံမှုတစ်ခုကို ပြုလုပ်လိုက်တဲ့အခါမှာ သူ့အနေနဲ့ ဘယ်လိုပဲ မရည်ရွယ်ပါဘူးဆိုဆို သူရဲ့ မသိစိတ်မှာတော့ လူသာအချင်းချင်း တန်းတူညီမှုကို မျက်ကွယ်ပြုပြီး တခြားလူတစ်ယောက် သူ့ထက် နိမ့်ကျတယ်ဆိုတဲ့ နှိမ့်ချလိုစိတ် စွဲကပ်နေတာပဲဖြစ်တယ်။

ခွဲခြားဆက်ဆံလိုက်သူအနေနဲ့ သေးငယ်တဲ့ အရာတစ်ခုလို ထင်ကောင်းထင်နိုင်ပေမယ့်လည်း ခွဲခြားဆက်ဆံခံရသူအတွက်တော့ စိတ်ဒဏ်ရာရသွားနိုင်တာချည်းပါပဲ။
လူ့အဖွဲ့အစည်းအတွင်းမှာ တည်ရှိနေတဲ့ ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေကို ပပျောက်သွားအောင်၊ လျော့နည်းသွားအောင် မလုပ်ဆောင်ဘဲနဲ့ အထက်မှာပြောခဲ့တဲ့ ပြဿနာတွေကို ဖြေရှင်းဖို့မလွယ်ကူနိုင်ဘူး။ တကယ်လို့ ဖြေရှင်းမယ်ဆိုရင် ကာလတိုအတွင်းသာ ပြေလည်နိုင်ဖို့သာ ရှိပါတယ်။

ခွဲခြားဆက်ဆံမှု သံသရာထဲမှ ရုန်းထွက်ခြင်း..

လူတစ်ယောက်ဟာ တစ်ခြားလူတစ်ယောက်ဒါမှမဟုတ် တစ်ခြားလူ့အသိုက်အဝန်းတစ်ခုကို ခွဲခြားဆက်ဆံခြင်း အပြအမူတွေကျူးလွန်သလို သူကိုယ်တိုင်လည်း တစ်ခြားလူတွေ၊ လူ့အသိုက်အဝန်းတွေရဲ့ ခွဲခြားဆက်ဆံမှုတွေကို ခံရနိုင်တာပါပဲ။ ဘာကြောင့်လဲဆိုတော့ သူဟာ ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေ ထွန်းကားတဲ့ လူ့အဖွဲ့အစည်းအတွင်းရှိနေတာကြောင့်ပါ။

“ခွဲခြားဆက်ဆံခြင်းဆိုတာဟာ လူ့အခွင့်အရေး တည်ရှိမှုကို ငြင်းပယ်ခြင်းဖြစ်တယ်” လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီးက ဆိုထားပါတယ်။ တကယ်ပဲလည်း ခွဲခြားဆက်ဆံတယ်ဆိုတာက တခြားလူတစ်ယောက်ရဲ့ လူ့အခွင့်အရေးကို တန်းဖိုးမထားတာ၊ တစ်ခြားလူတစ်ယောက်ရဲ့ လူ့အခွင့်အရေးတည်ရှိမှုကို ငြင်းပယ်လိုက်တာပဲဖြစ်တယ်။
ခွဲခြားဆက်ဆံပြီးဆိုကတည်းက တစ်ခြားလူတစ်ယောက်ဒါမှမဟုတ် ကိုယ်နဲ့ မတူတဲ့ တခြားလူ့အသိုက်အဝန်းတစ်ခုဟာ လူ့အခွင့်အရေးကို ခံစားခွင့်မရှိဘူးလို့ လက်ခံလိုက်ပြီး ကျူးလွန်လိုက်တာပဲဖြစ်တယ်။ လူသားတိုင်း၊ လူသားတိုင်းဟာ လူ့အခွင့်အရေးကို ခံစားပိုင်ခွင့်ရှိပါလျက်နဲ့ ဘယ်လို လူမျိုး၊ ဘယ်လို လူ့အသိုက်အဝန်းကတော့ဖြင့် လူ့အခွင့်အရေးခံစားခွင့်မရှိဘူးဆိုတဲ့ အတွေးအခေါ်ရှိနေတာ လူ့ဂုဏ်သိက္ခာနဲ့ မလျော်ညီတဲ့ အတွေးအခေါ်သာလျင်ဖြစ်တယ်။ ဆိုရရင် လူဖြစ်ပြီးတော့မှ လူ့အခွင့်အရေးကို တန်းဖိုးမထားတဲ့ အတွေးအခေါ်ဟာ ကိုယ်တိုင်လူ့အဖြစ်ကနေ လျော့ကျသွားစေတဲ့ အတွေးအခေါ်သာဖြစ်တယ်။

ကိုယ်ကိုယ်တိုင်က လူ့အခွင့်အရေးကို ချိုးဖေါက်လိုက်ပြီ၊ ခွဲခြားဆက်ဆံခြင်းအပြုအမှုကို ကျူးလွန်လိုက်ပြီဆိုရင် ကိုယ်နေထိုင်တဲ့ လူ့အဖွဲ့အစည်းဟာလည်း လူ့အခွင့်အရေး ချိုးမှုတွေရှိနေတဲ့ လူ့အဖွဲ့အစည်း၊ ခွဲခြားဆက်ဆံမှုတွေရှိနေတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်သွားမှာပါ။ ဒါကြောင့် တခြားတစ်ဖက်မှာ ကိုယ်တိုင်လည်း လူ့အခွင့်အရေးချိုးဖေါက်ခံရတာ၊ ခွဲခြားဆက်ဆံခံရတာတွေဟာ မလွဲမသေ ကြုံတွေ့လာရမှာပါ။
ခွဲခြားဆက်ခြင်းအမူအကျင့်တွေ ပပျောက်သွားဖို့ဆိုရင် လူတစ်ဦးခြင်းစီကနေစပြီး လူ့အဖွဲ့အစည်းတစ်ခုလုံးနဲ့ သက်ဆိုင်နေတယ်။

အဓိကအားဖြင့်တော့ ခွဲခြားဆက်ဆံမှု အမူအကျင့်တွေ ပပျောက်သွားဖို့ဆိုရင် လူတစ်ဦးစီက ပြုပြင်ဖို့ လိုအပ်သလို လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ အတွေးအခေါ် အမူအကျင့်တွေကို ပြုပြင်ပြောင်းလဲဖို့ရာလည်း လိုအပ်လှတယ်။ ဆိုရရင်တော့ ဒီကနေ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်နေတဲ့ ခွဲခြားဆက်ဆံမှုတွေကို ပျောက်ကွယ်စေဖို့ဆိုရင် ကိုယ်တိုင် ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေ မပြုလုပ်ရုံတင်မဟုတ်ဘဲ ခွဲခြားဆက်ဆံခြင်းကို ဆန့်ကျင်ခြင်းကို လုပ်ဆောင်ဖို့လိုအပ်တယ်။
ခေတ်သစ်တစ်ခု စနစ်သစ် တစ်ခု သွားတဲ့နေရာမှာ အရိုးစွဲနေတဲ့ အတွေးအခေါ်အမူအကျင့်တွေ ပြောင်းလဲပစ်လိုက်ဖို့ တော်လှန်ပစ်လိုက်ဟာ အလွန်အရေးပါတယ်။ ယဉ်ကျေးမှုကြီးတစ်ခုလို လက်ခံထိမ်းသိမ်းထားတဲ့ ဓလေ့တွေ၊ အမူအကျင့်တွေဟာ မကောင်းတဲ့ အတွေးအခေါ်အမူအကျင့်တွေဖြစ်နေရင် ရဲရဲဝင့်ဝင့် ဆန့်ကျင်ပြောင်းလဲပစ်ဖို့ လိုအပ်ပါတယ်။ လူ့ယဉ်ကျေးမှုတွေ ပိုမို တိုးတက်မြင့်မားလာတာနဲ့အမျှ လူ့ဖြစ်တည်မှု၊ လူသားဂုဏ်သိက္ခာရဲ့ တန်းဖိုးဟာ ပိုပြီး မြင့်မားလာပါတယ်။ လူ့သားတန်ဖိုး၊ လူ့ဂုဏ်သိက္ခာတွေကို ဖိနှိပ်ချိုးနှိမ်ထားတဲ့ ဓလေ့ထုံးတမ်းတွေ၊ အတွေးအခေါ်တွေကို မဆန့်ကျင်ဘူဆိုရင်တော့ ခွဲခြားဆက်ဆံမှုသံသရာထဲမှာ ရုန်းထွက်ဖို့ရာ မဖြစ်နိုင်ဘူး။
အထက်မှာ ခွဲခြားဆက်ဆံခြင်း သံသရာထဲက ရုန်းထွက်ဖို့ဆိုရင် လူတစ်ဦးခြင်းစီကနေစလို၊ လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ အတွေးအခေါ်အမူအကျင့်တွေ ပြောင်းလဲဖို့ လိုအပ်တာကြောင့် နိုင်ငံလုံးချီတဲ့ အတွေးအခေါ် အပြောင်းအလဲ၊ လူမှုစံနူန်းအပြောင်းအလဲတွေ လုပ်ဆောင်ဖို့ မဖြစ်နေ လိုအပ်ပါတယ်။ ဆိုရရင် တိုင်းပြည်အုပ်ချုပ်တဲ့ အစိုးရများရဲ့ မူဝါဒတွေကနေအစပြုပြီး လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှုတွေ ပပျောက်ဖို့ ဆောင်ရွက်ရမယ်။
လူများစုရဲ့ ဘာသာရေး၊ လူမျိုးရေးကို အခြေခံပြီး အခွင့်ထူးခံပေးတာ၊ လူနည်းစုတွေရဲ့ ကိုးကွယ်ယုံကြည်မှုနဲ့ လူမျိုးဖြစ်တည်မှုကို ဖိနှပ်ထားတာ စတာတွေကို မူဝါဒတွေ၊ ဥပဒေတွေအရ တည်ရှိနေတယ်ဆိုရင် ပြင်ဆင်ပြောင်းလဲဖို့၊ ဥပဒေရဲ့ အကာအကွယ်အစောင့်အရှောက်မှာ တန်းတူညီမျှမှု အပြည့်အဝရှိဖို့ အစိုးရက မဖြစ်မနေ ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အထူးသဖြင့်တော့ အခုလို ဘာသာရေး လူမျိုး ပဋိပက္ခမီးတွေ လောင်လုစဲစဲဖြစ်နေတဲ့ အခြေအနေမှာ ထိလွယ်ရှလွယ်မို့လို့ မျက်ကွယ်ပြုထားမယ်ဆိုရင် လူ့အဖွဲ့အစည်းရဲ့ အနာဂတ်အတွက်ပါ စိုးရိမ်ဖွယ်ရာ ဖြစ်လာမှာပါ။ အစိုးရများအတွက် မဖြစ်မနေ လုပ်ဆောင်သင့်တာကတော့ ဥပဒေအရ ခွဲခြားဆက်ဆံထားတာတွေ သေချာကိုင်တွယ်ဖြေရှင်းဖို့နဲ့ လူမျိုးရေး၊ဘာသာရေး ၊ လိင်၊ စသည်ဖြင့် ခွဲခြားဆက်ဆံမှုတွေကို ပြစ်မှုတစ်ခုအဖြစ် ရှုမြင်ပြီး ကိုယ်တွယ်ဆောင်ရွက်ရမှာပါ။
ဒါ့အပြင် လူ့အဖွဲ့အစည်းရဲ့ အနာဂတ်ကို ပုံဖေါ်လာမယ့် ပညာရေးစနစ်နဲ့ ပညာရေးသင်ရိုးညွှန်းတန်းတွေထဲက ခွဲခြားဆက်ဆံမှုကို အားပေးထားတာတွေရှိနေတာမျိုးတွေနဲ့ လူမျိုးကြီးဝါဒနဲ့ ဘာသာရေးစိတ်ကြီးဝင်မှုတွေကို တွန်းအားပေးနေတာတွေ ရှိနေတယ်ဆိုရင် စိစစ်ရှင်းလင်းဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေထံကို ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ ကူးဆက်သွားစေနိုင်တဲ့ အပြုအမှုတွေဟာ ကျောင်းစာသင်ခန်းတွေနဲ့ လူ့မှုပတ်ဝန်းကျင်တွေမှာများစွာ လွှမ်းမိုးမှုတွေ များစွာရှိနေစဲဖြစ်တယ်။ပညာရေးစနစ်ဟာ လွတ်လပ်တဲ့ အတွေးအခေါ်ကို အားပေးတာ၊ တိုးတက်ပြီး ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတစ်ရပ်ဖြစ်လာဖို့ အခြေခံကောင်းတွေ ရှိထားပေးတာ၊ အစွန်းရောက်စေတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေ ငြင်းပယ်တတ်စေတာ စတဲ့ အခြေအနေမှာ ရှိနေဖို့ လိုအပ်ပါတယ်။

အချုပ်အားဖြင့် ဆိုရရင်တော့ ခွဲခြားဆက်ဆံမှုဟာ မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးကို လွှမ်းမိုးချုပ်ကိုင်ထားတဲ့ ပြဿနာကြီးတစ်ရပ်အဖြစ်ရှိနေတာအမှန်ပါပဲ။ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက ခွဲခြားဆက်ဆံမှု သံသရာထဲက ရုန်းထွက်ဖို့ ဆိုတာကတော့ အင်မတန်မှ ခက်ခဲတဲ့ အခြေအနေတစ်ရပ်လို့ပဲ ဆိုရမှာပါ။ ဘာကြောင့်လဲဆိုတော့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေဟာ နေ့စဉ်ပြုမှုနေကြ လုပ်ရိုးလုပ်စဉ် တစ်ခုလိုတောင် အရိုးစွဲနေတဲ့ အရာတစ်ခုအဖြစ် ရှိနေတာကြောင့်ပါပဲ။ သိစိတ်ကပဲဖြစ်ဖြစ် မသိစိတ်ကပဲဖြစ်ဖြစ် ခွဲခြားဆက်ဆံခြင်းအပြုအမှုတွေ မကျူလွန်မိစေဖို့ဆိုရင်တော့ တခြားလူတွေရဲ့ လူ့အခွင့်အရေးတည်ရှိမှုကို လေးစား အသိအမှတ်ပြုတာကသာ အရေးကြီးဆုံးနဲ့ အခြေခံအကျဆုံး အသိစိတ်ဖြစ်တယ်။

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...