လူ့အခွင့်အရေး၊ ခွဲခြားဆက်ဆံခြင်းအမူအကျင့် နှင့် မြန်မာ့ရုပ်ရှင်မီဒီယာ"



(ဒီမိုကရေစီနှင့်လူ့အခွင့်ရေးဂျာနယ်)

မှူးသစ်

__________________________________________________

Violence ( အကြမ်းဖက်မှု)တွေ ကို လေ့လာကြည့်မယ်ဆိုရင် အကြမ်းအားဖြင့် Structure Violence နဲ့ Cultural Violence ရယ်လို့ တွေ့နိုင်တယ်။ Structure Violence နဲ့ ပတ်သက်ပြီး အဓိက ရည်ညွန်းချင်တာက လက်နက်ကိုင် တိုက်ပွဲတွေ၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ အထိကရုဏ်းတွေ နဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေ စတာတွေပဲဖြစ်တယ်။ Culture Violence ကတော့ အထက်မှာ ဆိုခဲ့တဲ့ Structure Violence ထက် ပိုပြီး နက်နဲလိမ့်မယ်လို့ ယူဆပါတယ်။

Structure အားဖြင့် ဖြစ်ပေါ်နေတဲ့ Violence တွေကို ဖြေရှင်းဖို့က စစ်ပွဲတစ်ပွဲ လူသတ်ပွဲတစ်ပွဲ လက်နက်ကိုင် အထိကရုဏ်းပွဲတစ်ပွဲ စတဲ့ ဖြစ်စဉ်တွေကို စေ့စပ်ညှိှုနိုင်းနိုင်မယ်ဆိုရင် အချိန်ကာလတစ်ခုနဲ့ ရည်မှန်းပြီး လုပ်ဆောင်နိုင်မယ်။ Cultural Violence ကတော့ ဒီလိုမဟုတ်ဘဲ လူ့အဖွဲ့အစည်းထဲမှာ စိမ့်ဝင်နေတဲ့ အကြမ်းဖက်စိတ်တွေဖြစ်တဲ့ အတွက် ဖြေရှင်းရဖို့ အချိန်ကြာတတ်သလို ဖြေရှင်းနိုင်ရင်တောင် အကြမ်းဖက်စိတ ်မီး တွေဟာ အချိန်မရွေး ထလောင်နိုင်တဲ့ အခြေအနေမှာရှိတယ်။ ဆိုရရင် Cultural Violence တွေ အပြီးသတ်ပျောက်သွားဖို့က လူ့အဖွဲ့အစည်းတစ်ခုလုံးရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ အမူအကျင့်တွေ၊ အတွေးအခေါ်တွေကိုပါ ပြောင်းဖို့လိုအပ်တယ်။

နောက်ထပ် သတိထားဖို့ လိုတာက လူ့အဖွဲ့အစည်းအတွင်းမှာ မမြင်ရတဲ့ အကြမ်းဖက်စိတ်တွေ၊ စိမ့်ဝင်တွေနဲ့ အကြမ်းဖက်မှု အမူအကျင့်တွေဟာ လက်နက်ကိုင်တိုက်ပွဲတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ ဘာသာရေး လူမျိုးရေး အထိကရုဏ်းတွေစသည့်ဖြင့် (Structure) အားဖြင့် ဖြစ်ပေါ်လာမယ့် (Violence) အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာဖို့ ကို အဓိက တွန်းအားပေးနေတာပဲဖြစ်တယ်။

ဒီနေရာမှာ အဓိက ပြောချင်တာက ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွင်းမှာ စိမ့်ဝင်နေတဲ့ အကြမ်းဖက်စိတ်(Cultural Violence ) ပဲဖြစ်တယ်။

Cultural Violence တွေဖြစ်ပေါ်လာဖို့ ဘယ်က အခြေခံလာသလဲဆိုရင်တော့ ခွဲခြားဆက်ဆံမှု (Discrimination) တွေကြောင့်လို့ ပြောရလိမ့်မယ်။

လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ စိမ့်ဝင်ဆွဲကပ် နေသမျှ ကာလပတ်လုံး အထက်မှာ ဆိုခဲ့တဲ့ Structure Violence နဲ့ Culture Violence တွေ ဖြစ်ပေါ်လာဖို့ လွယ်ကူနေမှာပဲဖြစ်တယ်။

အကြမ်းဖက်မှုလို့ ဆိုလိုက်ရင် လက်နက်ကိုင် အကြမ်းဖက်မှု၊ အုပ်စုဖွဲ့ ရုန်းရင်းဆန်ခတ်မှု ၊ အုပ်စုဖွဲ့ ဗိုလ်ကျ ဖိနှိပ်မှုလို့ မြင်ကြမှာအမှန်ပါပဲ။ သို့ပေမယ့် လူ့အဖွဲ့အစည်းကြားထဲမှာ ကိုယ်ထိလက်ရောက် ကျူးလွန်ကြတဲ့ အကြမ်းဖက်မှုတွေ ရှိနေသလို နူတ်အားဖြင့်အကြမ်းဖက်မှု၊ အမူအရာအားဖြင့် အကြမ်းဖက်မှုတွေကလည်း ကျွန်တော်တို့ လူ့အဖွဲ့အစည်းမှာ နေရာတိုင်း အချိန်တိုင်း လိုလို တွေ့ကြုံနေရပြန်တယ်။

ကျွန်တော့်တို့ မြန်မာ့လူ့အဖွဲ့အစည်းကို ကြည့်လိုက်မယ်ဆိုရင် ခွဲခြားဆက်ဆံခြင်း(Discrimination) အမူအကျင့်တွေ အများကြီး စွဲကပ်နေတာ စိမ့်ဝင်နေတာကို မလွဲမသွေ တွေ့ရမှာပဲဖြစ်တယ်။ အနီးကပ်ဆုံး ဥပမာပေးပြရမယ်ဆိုရင် လူမျိုးရေး၊ ဘာသာရေး ဆန်တဲ့ ပဋိပက္ခတွေဖြစ်ပေါ်ပြီးတဲ့နောက်ပိုင်း၊ အခုလို ဝါတွင်းကာလမှာ အချို့သော အလှူခံမဏ္ဍပ်တွေရဲ့ အချိန်ပြည့်နီးပါးဖွင့်လေ့ရှိတဲ့ “ငါတို့ အရိုး စည်းရိုးထိုး ” ဆိုတဲ့ စာသားတွေပါ၊ ဘာသူတူရာဈေးဆိုင်မှာသာ ဈေးဝယ်ပါ၊ အိမ်ရှင်စော်ကား” စတဲ့စာသားတွေပါတဲ့ သီချင်းတွေကို ကျယ်ကျယ်လောင်လောင်ဖွင့်နေတာကို ပြရ မှာပဲဖြစ်တယ်။

ဒါဟာ တနည်းအားဖြင့်တွေးမယ်ဆိုရင် လူမျိုးမတူ ဘာသာမတူသူတွေအပေါ် လူများစုတွေက နူတ်အားဖြင့် အကြမ်းဖက်မှုပဲဖြစ်တယ်။ သို့ပေမဲ့လည်း ဒီသီချင်းတွေကို ဘာသာရေးဆိုင်ရာ မဏ္ဍပ်တွေမှာ ကျေကျေနပ်နပ်ဖွင့်နေကြရုံသာမက မြို့ရွာ ရပ်ကွက်အနှံ့ ကားနဲ့လှည့်ပြီးလို့တောင် ဖွင့်ကြတယ်။

ဒီအပြုအမှုတွေ ဘာကြောင့် ရှိနေရသလဲ၊ ဘာကြောင့် ဖြစ်ပေါ်နေရသလဲဆိုတဲ့ လားရာ အခြေခံအကြောင်းအရင်းတွေကို ကြည့်လိုက်ရင်တော့ လူ့အဖွဲ့အစည်းအတွင်းက သိစိတ်၊မသိစိတ်တွေထဲမှာ ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ စွဲကပ်နေတာကို အထင်အရှားတွေ့ရလိမ့်မယ်။

ခွဲခြားဆက်ဆံမှုဟာ sensitive ဖြစ်တဲ့ issue တစ်ခုလည်းဖြစ်ပြီး နေရာတိုင်းလိုလိုမှာ ရှိနေတယ်။ ခွဲခြားဆက်ဆံမှုတွေကနေတဆင့် ဘာသာ၊ လူမျိုး၊ စတဲ့မတူညီတဲ့ Identity တွေအပေါ် အကောင်းဘက်က မရှုမြင်နိုင်တာတွေ၊ လေးစားမှုမရှိတော့တာတွေနဲ့ ရန်သူသဖွယ် သတ်မှတ် ပြုမှုလာကြတော့တာပဲဖြစ်တယ်။

ခွဲခြားဆက်ဆံမှုတွေဟာ ဒေါသစိတ်တွေကို မွေးမြူပေးတယ်။ ဒေါသစိတ်တွေကတဆင့် မတူညီတဲ့ လူ့အဖွဲ့အစည်း နှစ်ခုကြားမှာ ပဋိပက္ခမီးတွေဟာ တောက်လောင်စေတော့တာပဲဖြစ်တယ်။

ကိုယ့်လူမျိုး၊ကိုယ့်ဘာသာ သာလျှင် ကြီးကျယ်မြင့်မြတ်တယ် ကိုယ်နဲ့မတူညီတဲ့ လူမျိုး၊ဘာသာ၊နိုင်ငံသားတွေဟာ နိမ့်ကျတယ် ဆိုတဲ့ အစွန်းရောက် ဘာသာရေး အမျိုးသားရေး စိတ်ဓါတ်တွေကြီးထွားလာဖို့အတွက် ခွဲခြားဆက်ဆံမှုတွေက အဓိက တွန်းအားပေးနေတယ်လို့ဆိုရမယ်။

ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေကို ဘယ်လိုအရင်းအမြစ်တွေကနေ စွဲကပ်စေသလဲ ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေ လူ့အဖွဲ့အစည်းအတွင်းကို အရိုးစွဲ စိမ့်ဝင်စေတဲ့ အဓိက အကြောင်းအရင်းတွေက ဘာတွေလဲ စတဲ့ အရင်းအမြစ်တွေကို ရှာဖွေကြည့်ရင်တော့ အများကြီးတွေ့နိုင်တယ်။ စာပေတွေ၊ ကျောင်းစာသင်ခန်းတွေ၊ လူမှုပတ်ဝန်းကျင်တွေ၊ မိဘဘိုးဘွားတွေ၊ ရုပ်ရှင်ဖျော်ဖြေရေးတွေ စသည့်ဖြင့် အများကြီးပါပဲ။

လူ့အဖွဲ့အစည်းအတွင်းကို ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေ စွဲကပ်စေတဲ့ အရင်းအမြစ်တွေအားလုံးကို ဖေါ်ပြရေးသားရမယ်ဆိုရင်တော့ လေ့လာမှုများစွာနဲ့ အရမ်းကျယ်ပြန့်ပါလိမ့်မယ်။

အဲ့ဒီထဲကမှ ရုပ်ရှင်ဗီဒီယို ဖျော်ဖြေရေးတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းကို ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ ဘယ်လို ရိုက်သွင်းနေတယ်၊ ဘယ်လိုဆွဲကပ်စေတယ်ဆိုတာနဲ့ပတ်သက်ပြီး အနည်းငယ် ဆွေးနွေးချင်ပါတယ်။

အာဏာရှင်လက်ထက်တစ်ခုလုံးမှာ ထွက်ပေါ်လာတဲ့ မြန်မာ့ရုပ်ရှင်ဗီဒီယို ဇတ်လမ်းတွေကို ကြည့်လိုက်မယ်ဆိုရင် လူ့အခွင့်အရေးတန်ဖိုးစံနူန်းနဲ့ပတ်သက်ပြီး ထုတ်ဖေါ်ပြသနိုင်တဲ့ ဇတ်ကားတွေဟာ မရှိသလောက် ရှားပါးခဲ့ပေမဲ့ လူ့အခွင့်အရေးတွေကို မသိလိုက်မသိသာနဲ့ သိသိသာသာချိုးဖေါက်မှုတွေကတော့ အများအပြားရှိနေတာကို တွေ့မြင်နိုင်တယ်။

အထင်ရှားဆုံးညွှန်းရရင် အခုလက်ရှိ အောင်မြင်မှုရနေတဲ့ ဟာသ ဇတ်ကားတွေနဲ့ အငြိမ့်ပြဇတ်တွေမှာ လိင်၊ အသားအရောင်၊ လူမျိုး၊ ဘာသာစကား စတာ တွေကို လှောင်ပြောင်တာ၊ နှိမ်ချ ဟာသ လုပ်တာ အများဆုံးတွေ့ရလေ့ရှိတယ်။

ဂေးတွေကို လှောင်ပြောင်တာ ၊ မိန်းမလျာပုံစံနဲ့ ဟာသ လုပ်တာ၊ အသားမည်းတာကို ဟာသ လုပ်တာ တိုင်းရင်းသား ဘာသာစကားအသံတွေကို မပီမသအသံ တုပပြောဆိုတာတွေက မြန်မာ ရုပ်ရှင်ဗီဒီယို၊ အငြိမ့်တွေအတွက် ပြတ်လုံးဖန်တီးတဲ့ ဖေါ်မျူလာ တစ်ခုလိုတောင်

ဖြစ်နေတယ်လို့ ဆိုနိုင်တယ်။

ဒီအပေါ်မှာကြည့်ရှုသူတွေအနေနဲ့ သဘောတကျ ရယ်မောကြသလို၊ ကိုယ့်နေထိုင်တဲ့ လူမှု ပတ်ဝန်းကျင်တွေမှာ အဲ့ဒီ ဟာသ ပြတ်လုံးတွေကို အသုံးပြုပြီး ကိုယ်နဲ့ မတူညီသူတွေကို ပြန်ပြီး လှောင်ပြောင်လေ့ရှိကြတယ်။ ဒါဟာ ခွဲခြားဆက်ဆံခြင်း အမူအကျင့်စွဲကပ်ခံရခြင်း အရာတစ်ခုလို့လည်း ဆိုနိုင်တယ်။

အထူးသဖြင့် ဒီလို ခွဲခြားဆက်ဆံပြီး လှောင်ပြောင်တဲ့ စကားလုံးတွေဟာ အသိဉာဏ်နုနယ်သေးတယ် ကလေးတွေအတွက် အတုယုဖွယ်ရာ တစ်ခုဖြစ်လာပြီး၊ ကျောင်းစာသင်ခန်းတွေထဲအထိ သယ်ဆောင်လာတော့တယ်။ အဲ့ဒီမှာပဲ အခန်းဖေါ်တွေထဲက အသားမည်းတဲ့ ကျောင်းသားတွေ၊ နေထိုင်မှုပုံစံမတူတဲ့ သူငယ်ချင်းတွေ၊ ဘာသာကွဲ လူမျိုးကွဲ အတန်းဖေါ်တွေအပေါ်မှာ ခွဲခြားဆက်ဆံခြင်း စကားလုံးတွေကို အသုံးပြုပြီး စနောက် လှောင်ပြောင်ကြတော့တာပဲဖြစ်တယ်။

မြန်မာရုပ်ရှင်ဇတ်လမ်းတွေဟာ ဖျော်ဖြေရေးအရာတစ်ခုလို့ ဆိုပေမယ့်လည်း အဲ့ဒီ ဖျော်ဖြေရုပ်ရှင်တွေထဲက ဘယ်လိုဇတ်ကွက်တွေကတော့ဖြင့် ကြည့်ရှုသူတွေအပေါ် ဘယ်လိုမျိုး အကျိုးသက်ရောက်စေတယ် လူ့အဖွဲ့အစည်းကို ဘယ်လို စရိုက်တွေ ကူးဆက်စေတယ်ဆိုတာကို ဇတ်ကားရိုက်ကူးသူတွေကိုယ်တိုင်က လေ့လာဆန်းစစ်ကြည့်ဖို့ သတိရကြဟန်တော့မရှိပါဘူး။

ဒါ့အပြင် ပညာပေးဇတ်ကားလို့ဆိုလိုက်ရင်၊ မိဘမေတ္တာနဲ့ ရိုးသားမှု ၊မတော်လောဘရဲ့ အကျိုးအပြစ်တွေ၊ ဥပဒေချိုးဖေါက်မှုတွေ စတာတွေလာက်ကိုသာ အသားပေးပြသကြပြီး။ လူ့အခွင့်အရေးတန်ဖိုးတွေ၊ တရားမျှတမှုတွေ၊ လူသားခြင်းစာနာမှုတွေ၊ လူလူခြင်းတန်ဖိုးထားမှုတွေကို ပြသနိုင်တဲ့ ဇတ်ကားတွေက မရှိသလောက် ရှားနေစဲဖြစ်တယ်။

အစိုးရသစ်ပြောင်းပြီးတဲ့နောက်ပိုင်း မီဒီယာလွတ်လပ်ခွင့်တွေနဲ့အတ ဆင်ဆာလွတ်လပ်ခွင့်တွေရလာပေမယ့်လည်း မြန်မာရုပ်ရှင်ဗီဒီယိုဇတ်ကားတွေရဲ့ တိုးတက်မှုကတော့ မေးခွန်းထုတ်စရာကောင်းတဲ့ အခြေအနေတွေမှာ

ရှိနေတုန်းလို့ပဲ ဆိုရမယ်။

ဆင်ဆာလွတ်လပ်ခွင့်ရပြီးတဲ့နောက်မှာ စကားလုံးအားဖြင့် ခွဲခြားဆက်ဆံခြင်းပြုလုပ်တာတွေက ပိုလို့တောင်များလာတယ်လို့ ဆိုမယ်။

အင်တာနက်ပေါ်မှာ ဝေဖန်မှုခံခဲ့ရတဲ့ ဒါရိုက်တာ နေပိုင်ရဲ့ “ဂျောင်း”ဆိုတဲ့ ဇတ်ကားမှာဆိုရင် လူမျိုးနှစ်မျိုးကို ထိခိုက်ပြီး ဟာသလုပ်တဲ့ ဇတ်ဝင်ခန်းကို တွေ့ရမယ်။ ဒီဇာတ်ကားကို ရခိုင်တိုင်းရင်းသားတွေက တရားဝင်ကန့်ကွက် ဝေဖန်လို့သာ အများပြည်သူကြားကို ကျယ်ကျယ်ပြန့်ပြန့်ရောက်လာပြီး ပြန်လည်တောင်းပန်မှုတွေ ရှိခဲ့တာပဲဖြစ်တယ်။ အခြားသော ဇာတ်ကားတွေမှာလည်း ရုပ်ရှင်ကြည့်သူတွေကြားမှာ မသိလိုက်မသိသာ ရယ်ပွဲတွေနဲ့တင် ပြီးဆုံးသွားတဲ့ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်လှောင်ပြောင်မှု ပါဝင်တဲ့ ဇတ်ဝင်ခန်းတွေ အများကြီး ကျန်နေနိုင်သေးတယ်။

“ဂျောင်း” ဆိုတဲ့ ဇတ်ကားက ဇာတ်ဝင်ခန်းပြောစကားနဲ့ပတ်သက်ပြီး သရုပ်ဆောင် မြင့်မြတ်ရဲ့ တောင်းပန်တဲ့စကားကို ကြည့်မယ် ဆိုရင် ရုပ်ရှင်လောကသား သရုပ်ဆောင်တစ်ယောက်ရဲ့ အမြင်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရလိမ့်မယ်။

“ကျနော် ဒီဇာတ်ကားကို ရိုက်တုန်းက သိပ်တောင် သတိမထားမိခဲ့ပါဘူး။ ကျနော်တို့က အနုပညာ တခုအပေါ်မှာ ဟာသ တခုကို ဖန်တီးလိုက်တဲ့ သဘောပါပဲ။ ဘယ်သူ့ကိုမှ ထိခိုက်နစ်နာပါစေလို့ မရည်ရွယ်ပါဘူး။” ဒါဟာ မြင့်မြတ်ရဲ့ တောင်းပန်မှု စကားကို ပေါ်ပြူလာဂျာနယ်ရဲ့ ဖေါ်ပြချက်ထဲက ဖြစ်ပါတယ်။

ဆိုရရင် သူအနေနဲ့ ဒီဇာတ်ဝင်ခန်းက စကားနဲ့ ပတ်သက်ပြီး သတိမထားမိခဲ့ဘူး၊ ဒါကို သူက အနုပညာတစ်ခုအပေါ် ဟာသာတစ်ခုအနေနဲ့ ဖန်တီးတယ်လို့ ဆိုထားတယ်။ ကိုယ်နဲ့ မတူညီတဲ့ လူမျိုးစု နှစ်ခုဟာ ဟာသ ပြုလုပ်စရာမဟုတ်ဘူးဆိုတာ ဒါရိုက်တာရော သရုပ်ဆောင်ရော မသိရှာဘူး။ အနုပညာအရလည်း မလုပ်သင့်ဘူးဆိုတာ မသိရှာဘူး။ ဒါက ခွဲခြားဆက်ဆံမှု တစ်ခုဖြစ်တယ်ဆိုတာလည်း သူတို့ သတိမထားမိရှာဘူး။ မြန်မာ့လူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေလို့တောင် ဆိုရမယ်။

ဒါဟာ ဥပမာအားဖြင့် ထုတ်နုတ်ပြတာဖြစ်ပြီး အဲ့ဒီထက်ပိုမိုပြီး လူမျိုးရေးအရ လှောင်ပြောင်တဲ့ ဇာတ်ဝင်ခန်းတွေပါတဲ့ ဇာတ်ကားတွေအများကြီးရှိနေတယ်ဆိုတာ သတိပြုဖို့လိုနေမှာဖြစ်တယ်။

မြန်မာ့ရုပ်ရှင်ဗီဒီယို ဇာတ်လမ်းတွေမှာ အလှောင်ပြောင်ခံရဆုံး၊ ဟာသ အလုပ်ခံရဆုံးသူတွေကို ပြပါဆိုရင်၊ မိန်းမလျာ(ဂေး)တွေနဲ့ အသားမည်းသူတွေပဲ ဖြစ်တယ်။ အထူးသဖြင့် ဂေးတွေဟာ မြန်မာဟာသဇတ်ကားတွေအတွက် ပြတ်လုံးထုတ်ကုန်တစ်ခုလိုတောင် ဖြစ်နေပါပြီ။ လူတွေ အပန်းဖြေကြည့်ရှုကြတဲ့ ရုပ်ရှင်ဗီဒီယို ဇတ်လမ်းတွေကနေတဆင့် မိန်းမလျာတွေကို ခွဲခြားဆက်ဆံဖို့ သင်ယူကြတဲ့အခြေအနေလို့ ဆိုရမှာပါ။

သရုပ်ဆောင် မိုးအောင်ရင် ၊ ဒိန်းဒေါင် နဲ့ နန်းခင်ဇေယျာတို့ ပါဝင်တဲ့ ဗီဒီယို ဇာတ်ကားတစ်ခုရဲ့ နာမည်ဆိုရင် “အခြောက်တို့ရဲ့ မာယာ”လို့ ပေးထားတာကို တွေ့ရတယ်။ ဇာတ်လမ်းတစ်လုံးကို

မကြည့်ဖြစ်ခဲ့ပေမယ့် ဇတ်ကားအမည်အရတော့ မိန်းမလျာ သဘာဝတွေကို

ဟာသ လုပ်တော့မယ်ဆိုတာ ကြိုတင်မှန်းစလို့ရနေပါပြီ။

သရုပ်ဆောင်မိုးအောင်ရင်ပဲ အဓိက မင်းသားအဖြစ် ပါဝင်တဲ့ ဇာတ်ကားတစ်ရဲ့ အမည်ကိုဆိုရင်လည်း မိန်းမလျာတွေကို နှိမ်ချလှောင်ပြောင်တဲ့အခါ သုံးလေ့ရှိတဲ့ စကားလုံး“ဂျော်ဒကီး”လို့ ပေးထားတာတွေရပြန်တယ်။

ဒါရိုက်တာ ကိုဇော်(အာရုဏ်းဦး) ရိုက်ပြီး နေတိုး၊ ဝေဌုကျော်၊သက်မွန်မြင့်တို့

အဓိက သရုပ်ဆောင်ထားပြီး လူကြိုက်များလှတဲ့ ရုံတင်ကား “လာထား အာဘွား”ဆိုတဲ့ ဇာတ်ကားတစ်ခုလုံးမှာဆိုရင် သရုပ်ဆောင် ခင်လှိုင်ဟာ မိန်းမလျာအဖြစ် သရုပ်ဆောင်ပြီး၊ ကြည့်ရှုသူတွေ ရယ်ရအောင် ဖန်တီးထားတာ တွေ့ရပြန်တယ်။

ဒီလိုပဲ အငြိမ့်တွေမှာလည်း ဟာသ ပြတ်လုံးထုတ်တဲ့အခါမျိုးမှာ လိင်ကွဲပြားမှု၊ အမျိုးသမီးတွေ၊ မိန်းမလျာတွေ။ အသားမည်းသူတွေ၊ လူမျိုးခြား ၊

ဘာသာခြားတွေ၊ တိုင်းရင်းသား ဘာသာစကားတွေကို ဟာသလုပ် ပြတ်လုံးထုတ်လေ့ရှိတာကို တွေ့နိုင်တယ်။

ခင်လှိုင်၊ဒိန်းဒေါင် တို့ အဓိက ပါဝင်တဲ့ အငြိမ့်တစ်ခုမှာဆိုရင် ပြတ်လုံးအနေနဲ့ ပြောတဲ့စကားမှာ “မင်းတို့လို နိမ့်ကျတဲ့ မိန်းကလေးတစ်ယောက် လက်ကို ဒို့လို မြင့်မြတ်တဲ့ ယောက်ကျားကလေးတစ်ယောက်က ကိုင်တာ

ဂုဏ်တောင်ယူရဦးမယ် ဟိုက်ရှားး ” ဆိုပြီး ကျားမ ခွဲခြားမှုနဲ့ ဟာသ လုပ်ကြပြန်တာကို တွေ့ရပြန်တယ်။

ဒါကို ပွဲကြည့်ပရိတ်သတ်တွေကလည်း သဘောတကျ ရယ်မောကြတယ်

ဆိုတာ က ခွဲခြားဆက်ဆံမှုကို အားပေးအားမြှောက်ပြုနေတဲ့ပုံစံကို သက်ရောက်နေတယ်။

အဲ့ဒီ အငြိမ့်မှာပဲ “အခု ၂၀၁၃ ရောက်နေပြီ မင်းတို့ မိန်းမတွေ ရင်ထုပြီး လင်လုရမယ်”လို့ ဆိုပြီး ပိုပြီးဆိုတဲ့ စကားလုံးတွေကိုတောင် ဟာသအနေနဲ့ ပြက်ထားပါသေးတယ်။

ဒီလို နာမည်ရ သရုပ်ဆောင်တွေ၊ လူရွှင်တော် အနေနဲ့တောင် သူတို့ ပြောဆိုသရုပ်ဆောင်လိုက်တဲ့ ဇာတ်ဝင်ခန်းတွေ၊ သူတို့ ဟသအဖြစ် လုပ်လိုက်တဲ့ ပြက်လုံးတွေဟာ ဘယ်လို ခွဲခြားဆက်ဆံမှုတွေဖြစ်စေတယ်၊ လူ့အဖွဲ့အစည်းအတွက် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိစေတယ်ဆိုတာကို သတိမထားမိဘဲ နေကြတာဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် စိုးရိမ်စရာ အခြေအနေလို့လည်းဆိုနိုင်တယ်။

Five Star အငြိမ့်က လူရွှင်တော်အချို့ပါဝင်တဲ့ ဇာတ်ကားတစ်ခုမှာ ဆိုရင်

“လူကောင်းနဲ့ လူမည်း မခွဲတတ်ဘူးလား”ဆိုတဲ့ စကားလုံးအပါအဝင် သားရောင်မည်းတာကို ဇာတ်ဝင်ခန်းတစ်ခုလုံး ဟာသ လုပ်သွားတာ တွေ့ရပြန်တယ်။

ဒီထုတ်နုတ်ပြတဲ့ ဇာတ်ဝင်ခန်းတွေဟာ ဇတ်ကားအနည်းစုတွေထဲကသာ ဖြစ်ပြီး ဇတ်ကားအများစုမှာလည်း ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ တော်တော်များများပါနေတာကို မြန်မာ ရုပ်ရှင်ဗီဒီယိုတွေ မှာ သတိထားကြည့်ရင် တွေ့နိုင်တယ်။

ခွဲခြားဆက်ဆံမှုတွေကနေတဆင့်၊ မသိစိတ်တွေမှာ အကြမ်းဖက်စိတ်တွေ ဖြစ်လာမယ်၊ ကိုယ်နဲ့ လူမျိုး၊ဘာသာ မတူညီတဲ့ သူတွေကို ဖိနှိပ်ဖို့ လှောင်ပြောင်ဖို့၊ မုန်းတီးဖ ို့ အကြမ်းဖက်ဖို့ လွယ်ကူလာမယ်ဆိုတာကို သတိပြုရမယ့်အစား ရုပ်ရှင်ဗီဒီယိုတွေက လူ့အဖွဲ့အစည်းအတွင်းမှာ ခွဲခြားဆက်ဆံခြင်း အမူအကျင့်တွေ ရလာဖို့ ပိုလို့တောင် တွန်းအားပေးနေတယ်လို့ ဆိုရမှာပါ။

တစ်ချို့အငြိမ့်ပြက်လုံးတွေမှာဆိုရင်လည်း တိုင်းရင်းသားတွေရဲ့

ပင်ကိုစကားဝဲတတ်တဲ့ အသံကို ဟာသ လုပ်တတ်ကြတာ တွေ့နိုင်တယ်။

ဥပမာအနေနဲ့ ပြရရင် အခုချိန်မှာ အရမ်းရိုးသွားတဲ့ ပြက်လုံးတစ်ခုကို ပြရရင် စပါကရင်ဆိုတဲ့ အချိုရည်အမည်ကို ကရင်တိုင်းရင်းသားတွေ စကားသံဝဲ၀ဲနဲ့ ဆဲဆိုမှုအသံနဲ့ ပြက်ကြ တယ်။ ဒါတင်မကသေးဘူး တရုတ်အနွှယ်တွေရဲ့လူမျိုးရေး စကားအသံဟန်တွေ၊ အန္ဒိယအနွယ်တွေရဲ့ လူမျိုးရေး စကားအသံဟန်တွေကိုလည်း ပြက်လုံးထုတ်ကြလေ့ရှိတယ်။

မြန်မာ့လူ့အဖွဲ့အစည်းကို နောက်ထပ် အဆိပ်အတောက်ဖြစ်စေတဲ့ ဇတ်ကားမျိုးကတော့ အာဏာရှင်အကြိုက် အမျိုးသားရေးဝါဒကို ရှေ့တန်းတင်ထားတဲ့ ဇတ်ကားတွေနဲ့ ၊ တော်လှန်ရေးဇတ်ကားတွေပါပဲ။ တော်လှန်ရေး ဇတ်ကားတွေမှာဆိုရင် သမိုင်းကြောင်းတွေထက် လူမျိုးခြားမုန်းတီးမှု အပြည့်အ၀ အသုံးပြုထားတာတွေ့ရမယ်။ အဲ့ဒီဇတ်ကားတွေမှာ သူတစ်ပါးလူမျိုးကို အထင်သေး ရွံမုန်းအောင် ပြုလုပ်တဲ့ နည်းနဲ့ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံကို တန်ဖိုးထားစိတ်ကို ပြသလေ့ရှိကြတယ်။

သာမန်ချစ်ကြိုက်ကွဲညား ဇတ်လမ်းတွေမှာဆိုရင်လည်း ဗီလိန်ဇတ်ဆောင် နေရာကို ဖန်တီးတဲ့နေရာမှာ ကြည့်ရှုသူတွေအနေနဲ့ အဖွဲ့အစည်း နယ်ပယ်တစ်ခုကို ကိုယ်စားပြုပြီး မြင်အောင် ဖေါ်ပြလေ့ရှိကြတယ်။ ဥပမာပေးပြောရမယ်ဆိုရင် မိဘသဘောတူသူ ဗီလိန်သရုပ်ဆောင်တွေနေရာမှာ သင်္ဘောသားတွေ၊ ကိုယ်ပိုင်လုပ်ငန်းရှင်တွေလို့သာ ရိုက်ကူးလေ့ရှိကြတယ်။ အထူးသဖြင့် သဘောၤသားဇာတ်ဆောင်ဆိုရင် ရှုပ်ပွေသူ HIV ကူးဆက်ခံရသူလို့တောင် ရိုက်ကူးပြကြတာကိုတွေ့ရတယ်။ ဘယ်သောအခါမှ ဗီလိန်သရုပ်ဆောင်နေရာမှာ မရှိတဲ့ ဇာတ်ရုပ်တွေကတော့ စစ်ဗိုလ်လို၊ ရဲဝန်ထမ်းလို ဇတ်ဆောင်မျိုးတွေပဲဖြစ်တယ်။ ဆိုလိုချင်တာကတော့ ကောင်းမှု၊မကောင်းမှု၊ ကောင်းသူ၊မကောင်းသူ ဆိုတာကို ရိုက်ကူးပြတာမှာ ယူနီဖေါင်းနဲ့ တွဲပြီးကြည့်တတ်တဲ့ အမူအကျင့်တွေရအောင် တွန်းပို့နေတဲ့ ဇာတ်ကားတွေလို့ ဆိုရမယ်။

ဝါဒဖြန့်ချီရေးကိုဆောင်ရွက်တဲ့နေရာမှာ ရုပ်ရှင်ဗီဒီယိုတွေက အကောင်းဆုံးစွမ်းဆောင်ပေးနိုင်တယ်ဆိုတာကို လက်ကိုင်ထားပြီး အရင်အစိုးရရဲ့ ဝါဒဖြန့်ချီရေး ဇတ်ကားတွေမှာဆိုရင်လည်း တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေအပေါ် တစ်လွဲပုံဖေါ်ကြတဲ့အပြင် ခွဲခြားဆက်ဆံတဲ့ ဇတ်ကွက်တွေကိုလည်းတွေ့ရနိုင်တယ်။ အဲ့ဒီ ဇတ်ကားတွေကိုပဲ အစိုးရသစ်လက်ထက်မှာ နိုင်ငံပိုင်ရုပ်သံမီဒီယာတွေကနေ ထုတ်လွှင့်နေစဲဖြစ်တယ်။

တရားသူကြီးတစ်ယောက်မှားရင် အပြစ်မဲ့သူတစ်ယောက် နှစ်ရှည်ထောင်ဒဏ်တွေ ကျခံသွားရနိုင်တယ်။

ဆရာဝန်တစ်ယောက်မှားရင် အနည်းဆုံး လူနာတစ်ယောက်

အသက်ဆုံးရှုံးနိုင်တယ်။

အင်ဂျင်နီယာတစ်ယောက်မှားရင် လူရာနဲ့ ချီအောင် ထိခိုက်ဒဏ်ရာရ အသက်ဆုံးရှုံးရနိုင်တယ်။

မီဒီယာတစ်ခုမှားရင် လူ့အဖွဲ့အစည်းတစ်ခုလုံး ပျက်ဆီးသွားနိုင်တယ်။

ဒါကတော့ ကျွမ်းကျင်လုပ်ကိုင်ရာ နယ်ပယ်တွေရဲ့ တာဝန်ခံမှု တာဝန်ယူမှုတွေနဲ့ ပတ်သက်ပြီး လူ့အဖွဲ့အစည်းအပေါ် အကျိုးသက်ရောက်မှုတွေအပေါ် သတိပေးလေ့ရှိကြတဲ့ ဥပမာတွေပဲဖြစ်ပါတယ်။

မီဒီယာတွေရဲ့ တာဝန်ယူမှု တာဝန်ခံမှုတွေက လူ့အဖွဲ့အစည်းတစ်ခုလုံးအပေါ် အကျိုးသက်ရောက်မှုအများကြီး ရှိနေနိုင်တယ်လို့ ဆိုရမယ်။

မီဒီယာတွေထဲကမှ ဖျော်ဖြေရေးမီဒီယာတစ်ခုဖြစ်တဲ့ မြန်မာရုပ်ရှင်ဗီဒီယို ဇာတ်လမ်းတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လိုအခြေအနေမျိုးရောက်အောင် တွန်းပို့နေသလဲ၊ ဘယ်လိုလူ့အဖွဲ့အစည်းတစ်ခုဖြစ်လာအောင် ဆွဲခေါ်နေသလဲဆိုတာ ဆန်းစစ်ကြည့်ဖို့တော့ လိုနေပါတယ်။ မြန်မာ့ရုပ်ရှင် အင်စတီးကျူးရှင်းတစ်ခုလုံးအနေနဲ့လည်း ပြန်ပြီး ဆန်းစစ်ကြည့်ဖို့ ပြုပြင်ဖို့ လိုအပ်နေမှာဖြစ်တယ်။

ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေနဲ့ အကြမ်းဖက်စိတ်တွေဟာ လူ့အဖွဲ့အစည်းတစ်ခုအတွက် ထိတ်လန့်စရာအကောင်းဆုံး အရာတွေလို့ ဆိုရမယ်။ လူ့အဖွဲ့အစည်းတစ်ခုအတွင်းမှာ ခွဲခြားဆက်ဆံမှုတွေ၊ အကြမ်းဖက်စိတ်တွေ၊ လူ့အခွင့်အရေးတန်ဖိုးစံနူန်းလျော့ကျမှုတွေ ရှိနေရင် အဲ့ဒီလူ့အဖွဲ့အစည်းဟာ ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမဖြစ်တော့ပါဘူး။ စိုးရိမ်စရာကောင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုအဖြစ်ကို ရောက်နေပြီလို့ ပဲ ကောက်ချက်ချရမှာပါ။

Discrimination Act ကို ဒီမိုကရေစီနိုင်ငံတွေမှာ ပြဌန်းလေ့ရှိကြတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)၊ ပုဒ်မ (၃၄၈) မှာလည်း "နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။"

လို့ဆိုပြီး ခွဲခြားဆက်ဆံမှုနဲ့ပတ်သက်ပြီး ပြဌန်းထားတာကို တွေ့ရမယ်။

ခွဲခြားဆက်ဆံခြင်းဆိုတာဟာ "လူ့အခွင့်အရေးတည်ရှိမှုကို တိုက်ခိုက်ခြင်းဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်ချမ်းသာခွင့်အဖွဲ့ကြီး က အဓိပါယ်ဖွင့်ဆိုမှုမှာ ထည့်သွင်းဖွင့်ဆိုထားတယ်။ ဆိုရရင်တော့ မြန်မာ့ရုပ်ရှင်ဇာတ်လမ်းတွေဟာ ခွဲခြားဆက်ဆံခြင်းအပြုအမှုတွေပါဝင်တဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေ၊ ဒိုင်ယာလော့တွေကို အသုံးပြုနေဦးမယ်ဆိုရင် ဒါဟာ လူ့အခွင့်အရေးကို ချိုးဖေါက်နေတာဖြစ်သလို့၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ချိုးဖေါက်ရာရောက်တယ်လို့ သတ်မှတ်ရမယ်။ အဲ့ဒီ ဇာတ်လမ်းရုပ်ရှင်တွေဟာ လူ့အခွင့်အရေးကို ချိုးဖေါက်ဖို့ အားပေးအားမြှောက်ပြုနေတဲ့ အရာတွေလို့လည်း ဆိုနိုင်တယ်။

ခွဲခြားဆက်ဆံမှုတွေဟာ လူ့အဖွဲ့အစည်းအတွင်းမှာ ပဋိပက္ခတွေဖြစ်စေတယ်။ ခွဲခြားဆက်ဆံခြင်းအမူအကျင့်တွေကတဆင့် လူတွေရဲ့ မသိစိတ်ထဲကို ကိုယ်နဲ့မတူညီတဲ့ လူတွေအပေါ် အကြမ်းဖက်လိုစိတ်၊ နှိမ်ချလိုစိတ်နဲ့ မုန်းတီးစိတ်တွေ ဖြစ်ပေါ်လာတယ်။ တနည်းအားဖြင့် ပုန်းကွယ်နေတဲ့ အကြမ်းဖက်စိတ်လို့ ပြောရမယ်။ ဒါဟာ လူ့အဖွဲ့အစည်းအတွင်းမှာအကြမ်းဖက် ပဋိပက္ခတွေဖြစ်ပေါ်စေဖို့ အဓိက အကြောင်းအရင်းတစ်ချက်လည်းဖြစ်တယ်။ ယုံကြည်ကိုးကွယ်မှု မတူညီတဲ့ လူ့အဖွဲ့အစည်းနှစ်ခုကြားက မြန်မာပြည်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကို ပြန်သုံးသပ်လိုက်မယ်ဆိုရင်လည်း ဖြစ်ပေါ်ရတဲ့ အခြေခံအကြောင်းအရင်းတွေထဲမှာ ပုန်းကွယ်နေတဲ့ အကြမ်းဖက်စိတ်နဲ့ ခွဲခြားဆက်ဆံမှု အမူအကျင့်တွေက အဓိက ကျတဲ့ အချက်ထဲမှာ

ပါနေတယ်လို ဆိုရမယ်။

အချုပ်အားဖြင့် ဆိုရရင်တော့ လူ့အဖွဲ့အစည်းအပေါ် လွှမ်းမိုးနိုင်တဲ့ ဖျော်ဖြေရေးမီဒီယာတစ်ခုဖြစ်တဲ့ မြန်မာရုပ်ရှင်ဗီဒီယိုကားတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိနေသလဲဆိုတာကို ရုပ်ရှင် အင်စတီးကျူးရှင်းတစ်ခုလုံးက လေ့လာဆန်းစစ်ကြည့်ဖို့ လိုနေပြီလို့ ဆိုရပါမယ်။

မြန်မာရုပ်ရှင်ဗီဒီယိုဇတ်ကားတွေနဲ့ ဇတ်ဝင်ခန်းသရုပ်ဆောင်မှုတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)၊ ပုဒ်မ (၃၄၈) ရဲ့ "နိုင်ငံတော်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ ခွဲခြားမှုမရှိစေရ။" ဆိုတဲ့ စံနဲ့ ကိုက်ညီမှုှရှိကြရဲ့လားဆိုတာ မဖြစ်မနေ ဆန်းစစ်ကြည့်ဖို့ လိုနေတယ်လို့ဆိုရမယ်။ ဘာကြောင့်လဲဆိုရင်တော့ ဒါဟာ မြန်မာ့လူ့အဖွဲ့အစည်းအတွက် အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုဖြစ်နေတာကြောင့်ပါပဲ

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...