Sunday, September 7, 2014

"ဖေ့(စ်)ဘုတ် အစိုးရ "





ဒီအကြောင်းကို ဒီလိုသိလိုက်ရတော့ "ဘာကြီးတုန်းဟ" လို့ ဘယ်သူမဆို တွေးမိသွားမှာပဲ
ပထမဆုံး စပြီး သိရခြင်းခြင်းတော့ ပေါက်တတ်ကရတွေပါကွာ လို့ တွေးမိသွားနိုင်တယ်
နောက် အပိုတွေပါ လို့လည်း ထင်ကောင်းထင်မိကြမယ် မဖြစ်နိုင်ဘူးလို့ သုံးသပ်ကြမှာလည်း အသေချာပဲ

ဘာတွေဘယ်လိုပဲ ထင်မိထင်မိ တွေးဖြစ်တွေးဖြစ် နောက်ဆုံးကြရင်တော့ တစ်ကိုယ်တည်း ကြိတ်ပြုံး ပြုံးပြီး ငါလည်း ၀င်ပြီးအရွေးခံလိုက်ရင်ကောင်းမလား လို့ တွေဝေ စဉ်းစားသွားကြလိမ့်မယ်

ဟုတ်တယ် တကယ်တော့ မြန်မာနိုင်ငံအနေနဲ့ ဖေ့ဘုတ်စ်ဆိုတဲ့ ဆိုရှယ်နက်ဝပ်ကြီးပေါ်မှာ ဘယ်သူမဆို သမ္မတဖြစ်သွားနိုင်တယ် ဘယ်သူမဆို သမ္မတအကြံပေးလည်းဖြစ်သွားနိုင်တယ်။ ဘယ်သူမဆို အတိုက်အခံဖြစ်နိုင်တယ်။

ဘယ်သူမဆို ရဲရဲတောက်တော်လှန်ရေးသမားဖြစ်နိုင်တယ် ဘယ်သူမဆို နိုင်ငံရေး စီးပွားရေး၊ လူမှုရေး ဘာသာရေး လူမျိုးရေး ငြိမ်းချမ်းရေး စသည်ဖြင့် အရေးအရာ မျိုးစုံ ကိစ္စရပ်မျိုးစုံကို ကျွမ်းကျင်ပိုင်နိုင်စွာ သုံးသပ်နိုင်သူ ဖြစ်နိုင်တယ်။

တကယ်တော့လည်း လူတော်တော်များများဟာ ဖေ့ဘုတ်ပေါ်ရောက်သွားပြီဆိုတ
ကိုယ်ဟာ စူပါမင်းအလား၊ မာတင်လူသာကင်း အလား အိုစမာဘင်လာဒင်အလား Barack အိုဘားမားအလား၊ တပ်ချုပ်ကြီးအလား ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အလား
စသည် စသည် ဖြင့် ထင်မှတ်သွားတတ်ကြတယ်။

ဒီဖြစ်စဉ်ရဲ့ အစဟာ အမည်မသိသူတစ်ယောက် ပေးပို့လိုက်တဲ့ ပစ်စာ တစ်စောင်က စတင်ခဲ့တယ်လို့ ဆိုရမယ်။ အဲ့ဒီပစ်စာကလည်း တည့်တည့်မတ်မတ်
မစ္စတာ ဇူကာဘတ်ထံကို ရောက်ရှိလာတဲ့ ပစ်စာတစ်စောင်ပါ။ ပစ်စာဆိုလို့

အရင်ကြုံတွေနေကြ "ဖေ့စ်ဘုတ်အကောင့်အဖျက်မခံနိုင်ရအောင် သူငယ်ချင်း ၂၅ ယောက်ကို စာပို့ပါ" ဆိုတာလိုမျိုး ခပ်ပေါပေါ ခပ်ကြောင်ကြောင် ပစ်စာလို့ထင်မိရင်တော့ မှားမှာပဲ
ဇူကာဘတ်ကို ပေးပို့လိုက်တဲ့ ပစ်စာထဲမှာ ပါတဲ့အကြောင်းအရာက ပစ်စာဆိုတာထက် သတိပေးစာ တောင်းဆိုစာ လို့ ဆိုရင် ပိုမှန်လိမ့်မယ် စာထဲမှာ ပါတဲ့အကြောင်းအရာကို ပြောပြရရင်..

သို့

မစ္စတာဇူကာဘတ်

ဖေ့စ်ဘုတ်ကို ဖျက်ရင်ဖျက် မဖျက်ရင် မြန်မာနိုင်ငံကြီး ပျက် ကိန်းကြုံရပါလိမ့်မယ်
ဒါကြောင့် ဖေ့စ်ဘုတ်ကို ဖျက်ပေးဖို့ တောင်းဆိုပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း
မြန်မာ့နိုင်ငံက ဖေ့ဘုတ်သုံးစွဲမှုကြား ထိန်းကွပ်မှု တစ်ခုခု
လုပ်ပေးဖို့တောင်းဆိုပါတယ်အကယ်၍
တောင်းဆိုတာတွေကို လူကြီးမင်းအနေနဲ့ လုပ်မပေးနိုင်ဘူးဆိုရင်
လူကြီ်းမင်း နောက်ဘ၀ကြရင် ဘာလော့တယ်လီလို အသားအရောင်မျိုးနဲ့
မြန်မာနိုင်ငံမှာ လူလာဖြစ်ဖို့ ကျိမ်စာတိုက်ရလိမ့်မယ်

လေးစားစွာဖြင့်

အမည်မသိ ဖေ့စ်ဘုတ် စူပါမင်းတစ်ဦး


စာထဲမှာပါတဲ့အကြောင်းအရာကတော့ မြင်တဲ့အတိုင်းပါပဲ။ ဒီစာကို ဇူကာဘတ် ဖတ်လိုက်ရပြီး နေ့စဉ်ဆက်ရက် မစားနိုင်မသောက်နိုင်ဖြစ်လာတယ်။ သူစဉ်းစားတယ် ကျိမ်စာထဲ က အတိုင်း မြန်မာနိုင်ငံမှာ
အသားမဲမဲ သွားကျဲကျဲ နဲ့ လူသွားဖြစ်ရရင် တကယ်မလွယ်ဘူး ဒီကြားထဲ ကိုးကွယ်တဲ့ ဘာသာမတူရင် ပိုဆိုးသွားနိုင်တယ်။ အဲ့ဒီလိုဖြစ်တာထက် ဂေါက်ကွင်းထဲက ဂေါက်သီးဖြစ်ရင်တောင် သက်သာဦးမယ်။

ပစ်စာကို ရပြီးတဲ့နောက်ပိုင်း ကာလ တွေကတော့ ဇူကာဘတ်အတွက် အထိတ်တလန့်နေ့ရက်တွေကို ကျော်ဖြတ်နေရတယ်လို့ ဆိုရမှာပဲ။

ပြောလို့သာ ပြောတာပါ ဇူကာဘတ်အနေနဲ့ကလည်း မြန်မာနိုင်ငံက ဖေ့စ်ဘုတ်ပေါ်က ပြောဆိုမှုတွေကို
ထိန်းချုပ်နိုင်ဖို့အတွက် သီးသန့်ဝန်ထမ်းတွေတောင် ခန့်ထားပြီးလုပ်ဆောင်နေတာပဲ ဒါပေမယ့် သိပ်မထိရောက်လှဘူး ဒီလူတွေကိုယ်တိုင်က မြန်မာ့အရေး သုံးသပ်ဝေဖန် တော်လှန်ရေးတွေမှာပဲ အချိန်ကုန်နေကြတယ်။

ဒီတော့ ဇူကာဘတ် အထိတ်တလန့်နဲ့ ခေါင်းကိုက်ရပြီပေါ့
ဘာပဲပြောပြော အကျဉ်းအကြပ်တွေတိုင်းမှာ ထွက်ပေါက်တစ်ခုကတော့ ရှိနေမြဲ ။
ဇူကာဘတ်လည်း သူ့အိပ်မက်ဆိုးတွေကနေ လွတ်မြောက်နိုင်ဖို့ ထွက်ပေါက်တစ်ခုကို ရှာဖွေတွေ့ရှိသွားတယ်

သူ့ကို ထွက်ပေါက်တစ်ခုရသွားစေသူက တစ်ခြားမဟုတ်ဘူး သူ့မိတ်ဆွေဟောင်းကြီး မူးရစ်..
သူ့အတွက် အထိတ်တလန့် နေ့ရက်တွေကြားထဲမှာပဲ တစ်ရက်တော့ လမ်းဘေး
စိတ်ကျကဖေးမှာ သူ မူးရစ်နဲ့ ဆုံဖြစ်ခဲ့တယ်။ အဖြစ်အပျက်တွေ သူ့အတွက်
အထိတ်တလန့်တွေ အိပ်မက်ဆိုးတွေအကြောင်း
မူးရစ်ကို သူပြောပြဖြစ်တယ်။ သူ့စကားတွေကို နားထောင်ပြီး မူးရစ်က စကားတစ်ခွန်း ပြန်ပြောဖြစ်တယ်။

"ဖြစ်သင့်တဲ့ အဖြစ်အပျက်ပဲ"

မူးရစ် စကားကို ကြားတော့ ဇူကာဘတ် အတော့်ကို အောင့်သက်သက်ဖြစ်သွားတယ်။ ဖြစ်သင့်တဲ့ အဖြစ်အပျက်ဆိုတာ ဘာကို ဆိုလိုတာလဲ ဖေ့စ်ဘုတ်ဖျက်သင့်တယ်ဆိုတာလား ထိန်းကွပ်သင့်တယ်ကိုဆိုလိုတာလား ဒါမှမဟုတ် နောက်ဘ၀ သူ မြန်မာနိုင်ငံမှာ လူလာဖြစ်ရေးဆိုတာလား ။ ဟိုတွေးဒီတွေးနဲ့ ဇူကာဘတ်မျက်နာက ရေဆို ခံလိုက်ရတဲ့ တစ်ရှုးစအလား ဖြစ်နေတော့တယ်။

မူးရစ်ကတော့ ဇူကာဘတ်ကို ခပ်ပြုံးပြုံးပဲ အပေါ်စီးကနေ ကြည့်နေတယ်။

"ဒီကိစ္စကို ဖြေရှင်းဖို့ က လွယ်လွယ်လေး ခင်များတစ်ခုပဲ စဉ်းစားရမှာက
မြန်မာနိုင်ငံက လူတွေ ဘာဖြစ်ချင်နေကြတာလဲ အဲ့ဒါကို စဉ်းစားနိုင်ရင် အဖြေရှိတယ်"

ဇူကာဘတ်အတွက်တော့ တွေးလေခက်လေပဲ ခေါင်းကို အကြိမ်ကြိမ်ခါထုတ်တယ်

"လူက မျိုးစုံပဲ ဖြစ်ချင်တာလဲ မျိုးစုံရှိမှာပေါ့"

ဇူကာဘတ်အပြောကို မူးရစ် ပြုံးပြီး ခေါင်းခါတယ် ပြီးတော့ ဆက်ပြောလိုက်တယ်။

"မဟုတ်ဘူး မြန်မာနိုင်ငံလူတွေအားလုံး ဖြစ်ချင်နေကြတာ တစ်ခုပဲ ရှိတယ်

အဲ့ဒါ သမ္မတ "

မူးရစ်စကားကို ကြားတော့ ဇူကာဘတ်လည်း ခပ်ထုံထုံ လူတစ်ယောက် မဟုတ်တဲ့အတိုင်း
လက်ခနဲ့ ပြုံးဖြစ်သွားတယ် အဲ့ဒီအတွက် သူဘာဆက်လုပ်ရမလဲ လို့ မူးရစ်ကို ထပ်မေးလိုက်တယ်

မူးရစ်က ဇူကာဘတ်ကို ကယ်တင်ဖို့ အကြံဥာဏ်တစ်ခုပဲပေးလိုက်တယ်

"မြန်မာနိုင်ငံကလူတွေအတွက် ဖေ့စ်ဘုတ် အစိုးရအဖွဲ့ ဖွဲ့ပေးလိုက်"

ဒီလိုနဲ့ မြန်မာနိုင်ငံမှာ ဖေ့စ်ဘုတ် အစိုးရ အဖွဲ့ ဖွဲ့ဖို့ အကြောင်းခံလာတယ်ဆိုပါတော့။ အစတုန်းကပြောခဲ့သလိုပဲ ဒီလိုမျိုး ဖေ့ဘုတ်အစိုးရဖွဲ့မယ်ဆိုတာကို ကြားလိုက်ရတော့ ကြောင်တောင် ဖြစ်ကောင်းဖြစ်နိုင်တယ်။ ပေါက်ကရတွေလို့လည်း ထင်သွားနိုင်တယ် သို့ပေမယ် ဘယ်လိုပဲ ထင်ထင် ဘယ်လိုပဲ တွေးတွေး နောက်ဆုံးကြရင် ဖေ့စ်ဘုတ် အစိုးရအဖွဲ့ထဲကို ၀င်လာဖို့ အနည်းနဲ့အများကြိုးစားကြမှာပဲ ။

ဘာလို့လည်းဆိုတော့ မူးရစ်ပြောသလို မြန်မာနိုင်ငံက လူတွေက"သမ္မတ" ဖြစ်ချင်နေကြတာဆိုပါတော့..။

ဘာပဲပြောပြော သမ္မတက တစ်ယောက်ပဲဖြစ်မှာ သို့ပေမယ့် သမ္မတမဖြစ်ရရင် အစိုးရအဖွဲ့ဖွဲ့ထဲက ၀န်ကြီးတွေလည်း ဖြစ်ချင်ကြမှာပဲ ဒါမှမဟုတ် အတိုက်အခံလည်း ဖြစ်ချင်ကြမှာပဲ။ ဒါတွေမဖြစ်ရရင်လည်း အစိုးအဖွဲ့ကို အမြဲကလော်တုတ်နေတဲ့ သူလည်း ဖြစ်ချင်တဲ့သူရှိနိုင်တယ်။ နောက် ငါ့များနေရာလေးပေးမလားဆိုပြီး အစိုးရကို လော်ဘီလုပ်ပေးကြမယ့်သူတွေလည်းရှိကြမှာပဲ ။

ဘာပဲဖြစ်ဖြစ် အပြင်လောက က လက်တွေ့နိုင်ငံရေး စီးပွားရေး လူမှုရေး ဘာသာရေး လူမျိုးရေး စတဲ့အရေးအရာတွေကို ဖေ့စ်ဘုတ်ပေါ်မှာ လေတိုက်ရတာထက်
ဖေ့ဘုတ်ပေါ်က နိုင်ငံရေးကို ဖေ့စ်ဘုတ်ပေါ်မှာ လေတိုက်ရတာက ပိုသဘာဝကျတယ်မဟုတ်လား
ဒီလိုနဲ့ပဲ ဖေ့စ်ဘုတ် အစိုးရ ရွေးကောက်တင်မြှောက်ဖွဲ့စည်းရေးဟာ အသက်ဝင်လာပါတော့တယ်။

ဖေ့စ်ဘုတ် အစိုးရအဖွဲ့ဖွဲ့မယ်ဆိုတော့ ရွေးကောက်ပွဲ ဘယ်လို လုပ်ရမလဲ ဘယ်လိုလုပ်မှာလဲ ဆိုတဲ့ အခြေအနေကို မရောက်ခင်အချိန်မှာပဲ ကိုယ့်ကိုယ်ကိုယ် လော်ဘီလုပ်ရေး ဒါမှမဟုတ် ကိုယ့်နဲ့နီးစပ်သူ ကိုယ့်အစုအဖွဲ့ ကိုယ်နဲ့ပတ်သက်ရာပတ်သက်ရေးကို လော်ဘီလုပ်ရေး အဲ့ဒါတွေက အရင်ခေတ်စားလာတယ်။

ဟိုးအစတုန်းက သမ္မတလောင်း မောင်သံချောင်းကို ထောက်ခံကြသူတွေများပေမယ့် အခုလို တကယ်လက်တွေ့ ရွေးကောက်ပွဲလုပ် အစိုးရဖွဲ့ ဖွဲ့ရမယ်ဆိုတော့ အများစုက ကိုယ့်ကိုယ်ကိုယ်ပဲ ထောက်ခံကြတော့တယ်။ ဒါမှမဟုတ်ရင် ကိုယ်နဲ့ ပတ်သက်သူ ကိုယ့်အစုအဖွဲ့တွေကိုပဲ ထောက်ခံကြတော့တယ် သမ္မတလောင်း သံချောင်းတောင် ထောက်ခံမဲ နဲနဲ လျော့သွားတယ်ဆိုပါတော့

တစ်ချို့ကြတော့လည်း သမ္မတ နေရာ အရွေးခြယ်ခံရရေး၊ သမ္မတမဖြစ်ရင်တောင် ၀န်ကြီးနေရာ တစ်ခုခုတော့ ရရေး အတွက် ကိုယ်တော်ကြောင်း တတ်ကြောင်း အခြေအနေတွေကို မျက်စိနောက်လောက်အောင် ပြသ ကြတယ်။ တစ်ချို့ကလည်း သမ္မတ အကြံပေးနေရာလောက် မှန်းထားကြတယ်ထင်ပါရဲ့ ဖြစ်လာသမျှ ပြဿနာအရပ်ရပ်ကို အမြဲ အပ်(ပ်)ဒိတ် လုပ်ပြီး ထိုင်ရာမထ သုံးသပ်နေတော့တာပဲ။

ဘာသာရေးနဲ့ မဲဆွယ်နေကြသူတွေရှိသလို လူမျိုးရေးနဲ့ မဲဆွယ်တာတွေလည်း တော်တော် ခေတ်စားလာပြန်တယ်။ လူကြိုက်များမယ့် စကားတွေ အကြောင်းအရာတွေကို မိုးမဆုံးလေမဆုံး ပြောလာကြတယ်။

ရွေးကောက်ပွဲ ကတော့ မစသေး ဘယ်လိုမဲပေးရမလဲဆိုတာ မသိသေးပေမယ့် ဘယ်လိုမဲရအောင် လုပ်မလဲဆိုတာကတော့ လူတော်တော်များ စဉ်းစားကြံဖန်နေတဲ့အရာလို့ ဆိုရမှာပဲ။

ဒီကြားထဲ ဒီကိစ္စကို လေသံကြားတာကို တရားနာပြီး ဆန္ဒပြတဲ့ သူများကလည်းရှိနေကြပြန်တယ်။သူတို့အနေနဲ့ အပြင်က အစာငတ်ခံဆန္ဒပြသလို ဒီမှာလည်း ဖေ့စ်ဘုတ်အငတ်ခံ ဆန္ဒပြမယ်ဆိုတာမျိုးအထိတောင် ကြိုးစားကြပေမယ့် စိတ်က သိပ်မခိုင်တော့ မအောင်မြင်။

ဘာပဲဖြစ်ဖြစ် ဇူကာဘတ်ကတော့ မြန်မာနိုင်ငံအတွက် ဖေ့စ်ဘုတ် အစိုးရအဖွဲ့ဖွဲ့ ဖို့ စီစဉ်နေပြီ။ လူတွေကလည်း သမ္မတ ဖြစ်ချင်သူ သမ္မတ အကြံပေးချင်သူ ၀န်ကြီးဖြစ်ချင်သူ အတိုက်အခံ ဖြစ်ချင်သူ ဒီမိုကရေစီအာဏာရှင်ဖြစ်ချင်သူ၊ တော်လှန်ရေးသမားဖြစ်ချင်သူ ဝေဖန်သုံးသပ်ရေးသမား ဖြစ်ချင်သူ နိုင်ငံရေးသုံးသပ်သူဖြစ်ချင်သူ စသည့်ဖြင့် မရွာသေးတဲ့ မိုးကို င်္အကျီဝတ်ချိုး ရမလား ဇလုံနဲ့ ခံချိုးရမလား၊ ကိုယ်လုံးတီးချိုးရမလား.
စသည် စသည် ဖြင့် ရူးနည်းပေါင်း မျိုစုံ နဲ့ ရူးနေကြတယ် ဆိုပါတော့


 
ဖေ့စ်ဘုတ် အစိုးရအဖွဲ့ ဖွဲ့မှာ ဖြစ်တဲ့အကြောင်း ဇူကာဘတ်က ကြေညာပြီးတဲ့နောက်ပိုင်း ဖေ့စ်ဘုတ်ပေါ်က မဲဆွယ် စည်းရုံးရေး တိုက်ပွဲတွေက ပြင်းထန်လာတော့တာပဲ .

အရင်တုန်းကဆိုရင် မိုးလင်းလို့ ဖေ့စ်ဘုတ်ပေါ်တက်လာကြတာနဲ့
"မိတ်ဆွေ သူငယ်ချင်းများအားလုံး မင်္ဂလာပါ ကောင်းသောနံနက်ခင်းလေးပါ" လို့ စသည်ဖြင့် နူတ်ဆက်တတ်ကြပေမယ့်. ခုတော့ ဒီလိုမဟုတ်တော့ဘူး
"မင်္ဂလာပါ မိဘပြည်သူများခင်ဗျား..""မင်္ဂလာပါ မိဘပြည်သူများရှင့်" စသည့်ဖြင့် အဲ့လိုလေးတွေ ပြောင်းသွားတယ်။

ဒီကြားထဲမှာပဲ "ဒီမိုကရေစီဖေ့စ်ဘုတ်နိုင်ငံတစ်ခုကို သွားဖို့ဆိုတာမှာ
ဖွဲ့စည်းပုံကအရေးကြီးတယ် ဒါကြောင့် တိုင်းမ်လိုင်းတွေကို အရင်ပြောင်းရမယ်" အဲ့သလိုမျိုး ဖေ့စ်ဘုတ် နိုင်ငံရေးလေ့လာသုံးသပ်သူတွေ လည်းရှိတယ်။

ပိုဆိုးတာက ဖေ့စ်ဘုတ်ပေါ်ရောက်နေသည့် တပ်မတော်သားများကလည်း တစ်ကြွကြွ ဖြစ်နေသည်။
" ဖေ့စ်ဘုတ်လွှတ်တော်မှာ တပ်မတော်သား ၂၅ ရာခိုင်းနူန်းပါရမယ်
သမ္မတလောင်းတစ်ယောက် တင်သွင်းခွင့်ရှိရမယ် ကာကွယ်ဦးစီးချုပ်ကို
သူတို့ထဲက ကြိုက်တဲ့လူကို တင်မယ်"
စသည်ဖြင့် တောင်းဆိုမှုတွေ လုပ်လာကြသည်။

"ဖေ့စ်ဘုတ်နိုင်ငံရေးမှာ တပ်မတော်ကို ချန်ထားလို့မရဘူး တပ်မတော်ရဲ့ အခန်းကဏ္ဍကအရေးကြီးတယ်" အဲ့သလို ဟစ်ကြွေးမှုများရှိသလို
"တပ်မတော်ဆိုတာ စတေးတပ်တင်မကစ်ဘူး အကောင့်အားလုံး ဟက် ပစ် မှာ" အဲ့သလို ခြိမ်းခြောက်တာကလည်းရှိသေးသည်။

ပြောသာပြောရတယ် ဖေ့စ်ဘုတ်ပေါ်ရောက် တပ်မတော်သားများတင်မကဘူး
ဒီမိုများကလည်း တစ်စခန်းထကြတဲ့ အနေအထားမှာ ရှိနေပြန်တယ်။
"တပ်မတော်ဆိုတာ စစ်ကြောင်းတွေမှာပဲနေပါ ဖေ့စ်ဘုတ်ပေါ်တက်မလာပါနဲ့"
"ရရင်ရ မရရင် ဆဲမှာပဲ"
"ဒီမိုတွေကို ၀န်းရံပါ ဒီမိုတွေကို လိုက်ခ်လုပ်ပါ ဒီမိုကတွေကို ရှယ်ပါ ဒီလိုမလုပ်တာဟာ ဒီမိုကရေစီကိုမလိုလားလို့ ဖြစ်တယ် " အဲ့သလို အကြပ်ကိုင် အပိုင်ဆွဲစိ တိုက်ခိုက်တတ်ကြသေးတယ်။

ဖေ့စ်ဘုတ်အစိုးရဖွဲ့ ဖွဲ့မည့်ကိစ္စက ဟိုးလေးတကြော်ကြော် ဖြစ်လာတော့ နိုင်ငံတကာက သမ္မတတွေပါ စိတ်ဝင်စားလာတယ်။ သူတို့တွေလည်း ၀င်အရွေးခံချင်ကြတဲ့ အနေအထား
အမေရိကန် သမ္မတ အိုဘားမားကလည်း ဖေ့စ်ဘုတ်သမ္မတ နေရာမှာ ၀င်အရွေးခံဖို့ ကြံရွယ်နေတယ်။ သူ့အတွေးအရတော့ အပြင်မှာ သမ္မတလုပ်ရတာ ပင်ပန်းတယ် ဖေ့စ်ဘုတ်ပေါ်မှာ သမ္မတ လုပ်ရတာက အေးရာအေးကြောင်း သာသာယာယာ ကွန်ပျူတာရှေ့ထိုင်နေရုံပဲ အိုင်ပက်လေး ကိုင်ပြီး လုပ်လည်းရတယ် ။

ထိုင်းမှာ အခြေအနေမကောင်းတဲ့ ယင်းလပ်ကလည်း ဖေ့စ်ဘုတ် သမ္မတ နေရာကို အပိုင်းသိမ်းဖို့ ကြိုးစားနေတဲ့ အသံထွက်လာပြန်တယ်။

သို့ပေမယ့် သူတို့ ဘယ်လောက်ပဲ ရည်မှန်းမှန်း ဖေ့စ်ဘုတ်ကို အုပ်စိုးထားမိတာက မြန်မာနိုင်ငံ မြန်မာနိုင်ငံကိုတော့ ကျော်ဖြတ်နိုင်ဖို့ မလွယ်ကူ မြန်မာနိုင်ငံမှာမှ ဖေ့စ်ဘုတ်အထူး ဆယ်လစ်ဗျစ်တီတွေကလည်း ရှိနေတယ် တော်ရုံနဲ့ သူတို့ကျော်ကြားမှုကို မယှဉ်နိုင်လောက်..။

မြန်မာ သမ္မတကြီးရော ဖေ့စ်ဘုတ်သမ္မတ နေရာ ၀င်အရွေးခံမှာလားဆိုတော့ မပြောတတ် ဒီတစ်ခါတော့ အကြံပေးကြီးကလည်း သမ္မတကြီး ကိုယ်တိုင်ပြောပါလိမ့်မယ်လို့ မပြောတော့..။
သူကိုယ်တိုင် ၀င်အရွေးခံချင်နေတာလည်း ဖြစ်နိုင်တယ် သူကလည်း ဖေ့စ်ဘုတ် အထူး ဆယ်လီဗျစ်တီ တစ်ဦးပဲ ကိုး

လွှတ်တော် အမတ်အချို့ကလည်း ဓါတ်ပုံတွေ တင်လိုက် ပရိုမိုရှင်းဆင်းလိုက်နဲ့ ဖြစ်နေကြတယ်။
ပုလင်းလူ့အဖွဲ့အစည်းကလည်း ရွေးကောက်ပွဲဝင်ချင်သလို မ၀င်ချင်သလိုနဲ့ လုပ်နေကြတယ်။ ဒါတင်မကဘူး အက်တီဗစ်တွေကလည်း ဖေ့စ်ဘုတ်ပေါ်မှာ ဆန္ဒထုတ်ဖေါ်ပွဲတွေကို ဆက်တိုက်ဆိုသလို လုပ်နေကြပြန်တယ်။
"ဖေ့စ်အသစ်ပြန်ရေးပါ ဒါ့မှ စစ်မှန်တဲ့ လိုက်ခ်တွေ ပေါ်လာမယ် " အဲ့သလို တောင်းဆိုကြတာတွေတောင်ရှိနေတယ်။

ပွဲကတော့ အတော့်ကို မြိုင်မြိုင်ဆိုင် ဖြစ်နေပြီလို့ဆိုရမယ်။ ပြောရရင် မြိုင်မြိုင်ဆိုင်ဆိုင်တင်မကဘူး ကီးဘုတ် ဟစ်ကြွေးသံတွေကလည်း ကမ္ဘာတစ်ခုလုံး သောသောညံနေတော့တယ်။

ခြေထိုး လက်ထိုးတွေလည်း များလာတယ်။ ဒီကြားထဲ အမျိုးသားရေးသမားတွေကလည်း တစ်မှောက့် ဘယ်သူက မျိုးမစစ်ဘူး မဲမပေးနဲ့ ၊ ဖေ့စ်ဘုတ်မှာ အိမ်ရှင် ဧည့်သည်ဆိုတာရှိတယ်။ ဧည့်သည်တွေကိုနေရာမပေးမိစေနဲ့။ ဒီမိုတွေက အုပ်ချုပ်ရေးအတွေ့အကြုံမရှိဘူး ဟိုလူတွေပဲ အုပ်စိုးမှဖြစ်မယ်ဆိုပြီး ဟောပြောတာတွေရှိလာတယ်။ တစ်ချို့ စွမ်းစွမ်းတမံ မျိုးချစ်များကလည်း " ဘာသာမတူ လူမျိုးမတူ အသွေးအရောင်မတူသူ ခြင်း ဖေ့စ်ဘုတ် သူငယ်ချင်း မဖြစ်ရေး ဥပဒေ တင်သွင်းမယ့်သူကိုပဲ မဲပေးပါ" ဆိုတာမျိုး တိုက်တွန်းနေကြတာတွေ ရှိတယ်။

မြိုင်လွန်းတော့ အခြေအနေက နည်းနည်း ရုပ်ပျက်ဆင်းပျက်ဖြစ်လာတယ်။ အခြေအနေတွေက ထိန်းမရ သိမ်းမရ ဖြစ်လာတယ်လို့ ပြောရင်တော့ မှန်လောက်တယ်။..

အဲ့ဒီအချိန်မှာပဲ ဖေ့စ်ဘုတ် အစိုးရ စီမံကိန်းဆောင်ရွက်နေတဲ့ ဇူကာဘတ်အတွက် နောက်ထပ် အကြပ်အတည်းတစ်ခု ဆိုက် လာပြန်တယ်။

အဲ့ဒါက တစ်ခြားမဟုတ်ဘူး နောက်ထပ် ပစ်စာ တစ်စောင် ထပ်မံ ရောက်ရှိလာတာပဲ

သို့

မစ္စတာဇူကာဘတ်

ဂေါက်ကြောင် မူးရစ် မြှောက်ပေးတဲ့ အတိုင်း ခင်ဗျားစီစဉ်နေတဲ့
ဖေ့စ်ဘုတ်အစိုးရ ဖွဲ့စည်းရေးကို ခုချက်ခြင်း ရပ်လိုက်ပါ
မရပ်ရင် ခင်ဗျား ဘ၀ ပျက်သွားလိမ့်မယ်
ကျုပ်က ပထမ ပစ်စာပို့တဲ့စူပါမင်းလို့ ကျိန်စာ တိုက်မှာ မှာ မဟုတ်ဘူး
လက်တွေ့ ခင်ဗျား ဘ၀ကို လာဖျက်မယ့်သူ

အမည်မသိ
ဖေ့စ်ဘုတ် ပါဝါရိမ်းဂျားတစ်ဦး

ဒီပစ်စာကို လက်ခံရရှိပြီးတဲ့နောက်မှာ ဇူကာဘတ်အတွက် အတော့်ကို ခေါင်းခဲသွားပြန်တယ်။
ဖေ့စ်ဘုတ် အစိုးရ ဖွဲ့စည်းရေးကို ဆက်လုပ်ရမလား ရပ်ပစ်ရမလား ဆိုတာက ဝေခွဲမရဖြစ်စေတယ်။
ဇူကာဘတ် ခင်မျာ ဘယ်လိုဖြစ်နေသလဲဆိုတာကို ဥပမာပေးရရင် အိမ်သာတက်ကောင်းနေတဲ့အချိန် အရေးတကြီး တယ်လီဖုန်းသံမြည်လာသလိုပဲ ကိစ္စပြီးအောင်လုပ်ရမလား ဖုန်းပြေးကိုင်လိုက်ရမလား ဝေခွဲမရဖြစ်နေရရှာတယ်။

သို့ပေမယ့် သူ့အတွက် အခက်အခဲကြုံလာတိုင်း အမြဲ ကူညီပေး တတ်တဲ့ မိတ်ဆွေကြီး မူးရစ် ရှိနေတာကို သူသတိရသွားတယ်။ အဲ့လိုနဲ့ မူးရစ် ရှာပုံတော်ကို ဇူကာဘတ် ထပ်မံ ဖွင့်လှစ်ရပြီပေါ့

မူးရစ်ကို ရှာဖို့က သိပ်မခဲယဉ်းလှဘူး တာမွေအ၀ိုင်းထိပ် ကောက်ညှင်းဆိုင်မှာ ရှာရင်ရှာ မရှိရင် စိတ်ကျကဖေးသွား ဒါဆို တွေ့ဖို့ လွယ်သွားပြီ။

တိုက်ဆိုက်ဆိုင်ပါပဲ ဇူကာဘတ် ကံကောင်းချင်တော့ မူးရစ်နဲ့ စိတ်ကျ ကဖေးမှာ ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ရတယ်။

ဇူကာဘတ်လည်း မူးရစ်ကိုတွေ့တော့ အချိန်စောင့်မနေဘဲ သူ အထိတ်တလန့်ဖြစ်နေရတဲ့ ပစ်စာ အကြောင်းကို ပြောပြလိုက်တယ်။

မူးရစ်က သေချာ နားထောင်ပြီးတဲ့နောက်..
ို
"ဒါလည်း ဖြစ်သင့်တာပဲ"
"အွန် ခင်ဗျားပြောလိုက်ရင် အားလုံး ဖြစ်သင့်တာကြီးပဲ " ဇူကာဘတ်က စိတ်ပျက်လက်ပျက် ခေါင်းငိုက်စိုက် ချပြီးပြောရှာတယ်။
မူးရစ်ကတော့ ဇူကာဘတ်ကို ပြုံးပြုံးကြီး ကြည့်နေပြီး

"ဒီလို လုပ်ရင် ဒီလိုဖြစ်မယ်ဆိုတာ ကျွန်တော် ကြိုတွက်ထားပါတယ် ခင်ဗျားသိတဲ့ အတိုင်းလေ လူဆိုတာ အာဏာ သြဇာနဲ့ ပတ်သက်လာရင် ရူးကြတာပဲ ဒါကို ခင်ဗျားကြိုတွက်ထားရမှာ ခုကြည့် ကမ္ဘာအတုဖြစ်တဲ့ ဖေ့စ်ဘုတ်ပေါ်မှာ အာဏာရရေးတောင် ဘယ်လောက်တောင် ရူးသွပ်နေကြတဲ့ လူတွေလဲ "

မူးရစ်ပြောလိုက်တော့ ဇူကာဘတ် ဒေါသထွက်သွားတယ်။
"ခင်ဗျားဗျာ ဒါတွေသိနေရက်နဲ့ ကျုပ်ကို လုပ်ခိုင်းတာ အချွန်နဲ့ မတာပေါ့"

"နိုးနိုး မဟုတ်ဘူးလေဗျာ အဲ့ဒီအချိန်မှာ အဲ့သလိုမှ မလုပ်ရင် မပြေလည်နိုင်ဘူး ဒါကြောင့်ပါ"

ဇူကာဘတ်ခင်မျာ ခေါင်းတစ်ခါခါ ဖြစ်နေရရှာတယ်။

ဇူကာဘတ် အဖြစ်ကို မူးရစ်က သနားလိုကြည့်နေပြီး
"ခင်ဗျားက မြန်မာအစိုးရတွေရဲ့ လုပ်ပေါက်ကို သေချာမှ မလေ့လာထားတာကို ဒါကို လေ့လာထားရင် ခင်ဗျားဖြေရှင်းဖို့ လွယ်လွယ်ကလေး"

ဒီတစ်ခါတော့ မူးရစ်စကားက ဇူကာဘတ်ကို အနည်းငယ် အားတက်သွားစေပြန်တယ်။
အဲ့ဒါနဲ့
"ဒါဖြင့် ကျုပ် ဘယ်လို ဆက်လုပ်ရမလဲ" ဇူကာဘတ်က မေးလိုက်တယ်

"ဖေ့စ်ဘုတ်ပေါ်မှာ နောက်ထပ် ပရော့ဂျက် တစ်ခု တင်သွင်းလိုက်"
"ဘယ်လို...?"
ဇူကာဘတ် ကြောင်တောင်တောင်ဖြစ်သွားတယ် မူးရစ်က သူ့စကားကို ပြန်ဆက်ပြောတယ်

"ခင်ဗျား စဉ်းစားကြည့်လေဗျာ မြန်မာနိုင်ငံက ဖေ့စ်ဘုတ်ယူဇာ တွေက ကိစ္စတစ်ခုတည်းကို ဘယ်မှာလာ အကြာကြီး အာရုံစိုက် ဖိုးကပ် ထားတတ်ကြလို့လဲ ပေါ်ပင်လေဗျာ ပေါ်ပင်။ တစ်ခုပြီး တစ်ခုကို ရွေ့တတ်ကြတာပဲ အဲ့တော့ ဖေ့စ်ဘုတ်အစိုးရ ပရော့ဂျက်ကို မသိသလို လုပ်ထားပြီး နောက်ထပ် ပရော့ဂျက် တစ်ခု တင်သွင်းပေးလိုက် ဒါဆို အာရုံပြောင်းသွားလိမ့်မယ်"

မူးရစ်စကားဆုံးတော့ ဇူကာဘတ်ခင်မျာ မှိုရတဲ့ မျက်နာဖြစ်သွားတယ် ပြီးတော့

"အောင်ပြီ အောင်ပြီ ပေါက်ပြီ ပေါက်ပြီ" ဆိုပြီး ထခုန်နေရှာတယ်။

ဇူကာဘတ် ပျော်လို့ ၀သွားတဲ့နောက် မူးရစ်ကို အားကိုးတကြီး ထပ်ပြီး အကူညီတောင်းတယ်

"ထပ်သွင်းရမယ့် ပရော့ဂျက်လေး မစ ပါဦး ဆြာမူးရစ်ရယ်"
မူးရစ်က ဇူကာဘတ်ကို ကျေကျေနပ်နပ်ကြီး ကြည့်နေပြီး
"ခင်ဗျား အသစ်တင်သွင်းရမှာက VOTE ပဲ"
"ဘယ်လို..?" ဇူကာဘတ်က သိပ်အတုံးကြီးမဟုတ်ပေမယ့် မူးရစ်ဆိုလိုချင်တာကို ဥာဏ်မမီရှာဘူး ဒါနဲ့ ပဲ မူးရစ်က လူနှစ်ယောက်ကို Vote လုပ်ပြီး ရွေးခြယ်ရေး ကိစ္စ တင်သွင်းဖို့ဆိုတာကို ထပ်ရှင်းပြရတယ်။

"ဒါဖြင့် ဘယ်သူတွေ ကို VOTE လုပ်ခိုင်းရမှာလဲ..? "

မူးရစ်က အသေအချာ အလေးအနက် စဉ်းစားတယ် ပြီးတဲ့နောက်မှာ.. ဇူကာဘတ်ကို နောက်ဆုံးတစ်ခွန်းပြောလိုက်တော့တယ်

" ဇွန်သင်ဇာ နဲ့ ရှကီရာ"
--------------------------------------------

ဤတွင် ပြီးပါပြီ

မူးရစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...