တရားဝင်သတင်းဌာနတစ်ခုမဟုတ်တဲ့ "သစ်ထူးလွင်"သတင်းဝဘ်ဆိုဒ်မှာ ဖေါ်ပြလိုက်တဲ့ အင်တာနက် သတင်းတစ်ပုဒ်ကြောင့် ဘာသာရေးလူမျိုးရေးဆန်တဲ့ အထိကရုဏ်းဆန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုတွေ မန္တလေးမြို့မှာ ဖြစ်ပေါ်ခဲ့ပါတယ်။
ဇူလိုင်လ ၁ ရက်နေ့ က မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံ အရှေ့ရပ်ကွက်၊ ၂၇ လမ်းနှင့် ၈၂ လမ်းထောင့်မှာရှိတဲ့ ဆန်းကဖေး လဘက်ရည်ဆိုင်မှာ လူစုလူဝေးနဲ့ ရုန်းရင်းဆန်းခတ်မှု စတင်ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ ၁ ရက်နေ့ ညပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင်သော ပဋိပက္ခမှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး အပါအ၀င် လူ ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းတွေမှာဖေါ်ပြထားပါတယ်။
မော်တော်ယဉ် ၁၀ စီးနဲ့ ဆိုင်ခန်းအချို့လည်း ဖျက်ဆီးခံခဲ့ရပြီး အခြေအနေ ပြန်လည်တည်ငြိမ်မှုရရှိသွားခဲ့ပေမယ့် ဇူလိုင်လ ၂ ရက်နေ့ ညမှာတေ့ ပဋိပက္ခတွေဟာ တကျော့ပြန်ဖြစ်ပွားခဲ့ပြန်ပါတယ်။ ဇူလိုင် ၂ရက်နေ့ညမှာ ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှု အထိကရုန်းတွေကြောင့် လူ(၂)ဦးသေဆုံးပြီး ဒဏ်ရာရရှိမှုက ၁၄ ဦးထိ ရှိခဲ့ပါတယ်။
ဇူလိုင်လ ၃ရက်နေ့ အရောက်မှာတော့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်လိုက်ပါတော့တယ်။မြန်မာပြည်ရဲ့ ဒီမိုကရေစီအစိုးရသစ် သက်တမ်းအတွင်းမှာ ဘာသာရေးလူမျိုးရေး အသွင်ဆောင်သော အကြမ်းဖက်ပဋိပက္ခတွေဟာ ၈ ကြိမ်ထက် မနည်းဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။ မိတ္တီလာမှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအပါအ၀င် စကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
ဥက္ကံမြို့နယ်၊ ယခုမန္တလေးတိုင်းဒေသကြီး ချမ်းအေးသာဇံမြို့နယ် စတဲ့ဒေသတွေမှာ ပဋိပက္ခနဲ့ အကြမ်းဖက်မှု ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေဟာ စင်တူနေတာတွေ့ရသလို ပဋိပက္ခအတွင်းမှာ တာဝန်ရှိသူတွေရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေကလည်း ထိရောက်မှု သိပ်မရှိလှတာကို တွေ့ရပါတယ်။
နိုင်ငံကို အုပ်ချုပ်နေတဲ့ ဒီမိုကရေစီအစိုးရအနေနဲ့ မိတ္တီလာ၊ ဥက္ကံ ၊ ကန့်ဘလူ စတဲ့ဒေသတွေ ပဋိပက္ခတွေဖြစ်ပေါ်ခဲ့ဖူးတဲ့ သင်ခန်းစာတွေကိုယူပြီး မန္တလေးမြို့ ရဲ့ ရုန်းရင်းဆန်ခတ်မှုကို လိမ်မာပါးနပ်စွာကိုင်တွယ်နိုင်စွမ်းမရှိတာ ကိုတွေ့မြင်ရပါတယ်။ သတင်းဖေါ်ပြချက်တွေအရ မန္တလေးပဋိပက္ခကို တာဝန်ရှိသူတွေရဲ့ ကိုင်တွယ်ဖြေရှင်းမှုတွေက ဟိုအရင်ကဖြစ်ပေါ်ခဲ့ဖူးတဲ့ ပဋိပက္ခဖြစ်စဉ်တွေရဲ့ကိုင်တွယ်ဖြေရှင်းမှုတွေလိုပဲ လျော့လျော့ရဲရဲ နိုင်နေတာကို တွေ့ရပါတယ်။
ဒါ့အပြင် ပဋိပက္ခဖြစ်ပွားမှုအချိန်အများစုဟာ နိုင်ငံတော်သမ္မတရဲ့ နိုင်ငံခြားခရီးစဉ်တွေနဲ့ တိုင်ဆိုင်မှု ရှိနေတာကိုလည်း အံ့သြဖွယ်ရာတွေ့မြင်နေရပြန်ပါတယ်။
အစိုးရတစ်ရပ်အနေနဲ့ တိုင်းပြည်အတွင်းမှာ မီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကို လုံခြုံမှုတွေပေးနိုင်ဖို့ အသက်အိုးစည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိပါတယ်။ သို့ပေမယ့် ဒီမိုကရေစီနိုင်ငံအဖြစ်ကို ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံက ပြည်သူတွေဟာ ခုချိန်မှတော့ ပြုပြင်ပြောင်းလဲရေးအစိုးရရဲ့လက်ထဲမှာ အသက်အိုးစည်းစိမ်ဖျက်ဆီးခံရမှုတွေ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေ ကိုသာ ခံစားနေရပါတယ်။
သုံးနှစ်သက်တမ်းအတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေကို ခြုံငုံကြည့်လိုက်မယ်ဆိုရင်လည်း အကူးအပြောင်းကာလမှာ ဘာသာရေးလူမျိုးရေးအကြောင်းပြထားတဲ့ ပဋိပက္ခတွေကို မကြာခဏခံစားခဲ့ရတဲ့မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ အကြမ်းဖက်ပဋိပက္ခ နွံထဲမှာ နစ်နေရစဲလို့ သုံးသပ်ရပါတော့မယ်။
မန္တလေးမြို့မှာ ဖြစ်ပေါ်တဲ့ ရုန်းရင်းဆန်ခတ်မှုမှာ မန္တလေးဒေသခံတွေ ပါဝင်မှုမရှိဘူးလို့ ဒေသခံအများစုပြောဆိုနေကြပြီး ဒီအကြမ်းဖက်မှု ပဋိပက္ခတွေကို စိတ်ပျက်ဖွယ်ရာအဖြစ် ကန့်ကွက်ပြောဆိုနေကြတာကို အင်တာနက်စာမျက်နာတွေမှာ တွေ့မြင်ရပါတယ်။ အလားတူ မီတ္တီလာမှာဖြစ်ပေါ်ခဲ့ဖူးတဲ့ ပဋိပက္ခဖြစ်စဉ်မှာလည်း ဒေသခံတွေထက် ဘယ်ကမှန်းမသိတဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးက ဦးဆောင်ပြီး အကြမ်းဖက်သွားခဲ့တာပါ။ ပဋိပက္ခဖြစ်စဉ်တွေတိုင်းမှာ သာမန်ဒေသခံပြည်သူတွေမဟုတ်တဲ့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ ဘယ်ကဘယ်လိုရောက်ရှိလာကြမှန်းမသိသလို၊ ဒေါသထွက်နေတဲ့ လူအုပ်ကြီးနဲ့ပတ်သက်ပြီး စုံစမ်းဖေါ်ထုတ်နိုင်ခြင်းမရှိခဲ့ဖူးတာကို တွေ့ရပါတယ်။
တရားဥပဒေအရ ဖြေရှင်းရမယ့် ပြစ်မှုတွေကို တရားဥပဒေအရ ဖြေရှင်းခြင်းမပြုလုပ်ဘဲ လူစုလူဝေးနဲ့ အကြမ်းဖက်ဖြေရှင်းမှုတွေဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ မရှိသင့်သလို ဒီမိုကရေစီနိုင်ငံနဲ့ သင့်လျော်တဲ့ အပြူအမှုတွေလည်း မဟုတ်ပါဘူး။ ဘာသာရေးလူမျိုးရေးကို အကြောင်းပြကာ တရားဥပဒေစိုးမိုးမှုကို စိန်ခေါ်ပြီး၊ အုပ်စုဖွဲ့ အကြမ်းဖက်မှုတွေကို အစိုးရအနေနဲ့ ဥပဒေအတိုင်းထိထိရောက်ရောက် အရေးယူနှိမ်းနင်းမှုတွေ ပြုလုပ်ဖို့ လိုအပ်နေပါပြီ။ ဒီလိုကိုင်တွယ်ဆောင်ရွက်နိုင်ခြင်းမရှိဘူးဆိုရင်တော့ ဒေါသထွက်နေတဲ့ လူအုပ်ကြီးနဲ့ အကြမ်းဖက်ပဋိပက္ခတွေဟာ မြန်မာ့လူ့အဖွဲ့အစည်းနဲ့ သုံးနှစ်သား မြန်မာ့ဒီမိုကရေစီကို ခြိမ်းခြောက်နေဦးမှာဖြစ်ပါတယ်။
တရားဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကို နိုင်ငံသားတွေအားလုံး တန်းတူခံစားရဖို့လိုပါတယ်။မြန်မာပြည်ရဲ့ ဒုတိယ အစည်ကားဆုံး ဒုတိယအဖွံ့ဖြိုးဆုံး မြို့တော်ဖြစ်တဲ့ မန္တလေးလို မြို့ကြီးမှာ နေထိုင်ကြတဲ့ ပြည်သူတွေမှာတောင် စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ ၊ အသက်အိုးစည်းစိမ်ထိခိုက်မှုတွေကို ခံစားနေရမယ်ဆိုရင် မြန်မာ့နိုင်ငံအရေးဟာ စိုးရိမ်ဖွယ်ရာ ဖြစ်လာနေပြီဆိုတာကို သတိပြုဖို့လိုနေပါပြီ။ သတိပြုဖို့လိုသလို၊ တိုင်းပြည်ကို တာဝန်အုပ်ချုပ်နေတဲ့ အစိုးရအဖွဲ့အစည်းတွေ အပါအ၀င် သြဇာရှိ နိုင်ငံရေးသမားတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေ၊ အားလုံးက ပူးပေါင်းပြီး တည်ငြိမ်းအေးချမ်းရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ကြဖို့လိုနေပါပြီ။ မန္တလေးဖြစ်စဉ်အပါအ၀င် မိတ္တီလာ၊ ကန့်ဘလူ၊ သံတွဲ စတဲ့ ဒေသတွေမှာ ဖြစ်ပေါ်ခဲ့ ပဋိပက္ခတွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်လှုပ်ရှားမှုတွေရှိနေသလို၊ နိုင်ငံရေးအရမြတ်ထုတ်ဆောင်ရွက်လိုမှုတွေ ပါဝင်နေတယ်လို့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။
သို့သော်လည်း ပဋိပက္ခတွေဖြစ်ပေါ်စေဖို့ ကြိုးကိုင်လှုပ်ရှားနေတဲ့ ပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကို ထုတ်ဖေါ်နိုင်ခြင်းတော့ မရှိသေးပါဘူး။ ဒါ့အပြင် ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်တွေအားလုံးက အကြမ်းဖက်ဖို့ ပါဝင်ခဲ့တဲ့ သူတွေကို ထုတ်ဖေါ်အရေးယူတာကိုလည်း အားရဖွယ်ရာမတွေ့ရပါဘူး။ အုပ်စုဖွဲ့အကြမ်းဖက်မှုတွေ ပါဝင်တဲ့အတွက် တရားဥပဒေအရ ထိရောက်စွာ အရေးယူခြင်းမခံရဘူးဆိုရင် အကြမ်းဖက်သူတွေဟာ နောက်ထပ် ပဋိပက္ခတွေကို ဖန်တီးဖို့ အကြမ်းဖက်မှုတွေမှာပါဝင်ဖို့ လက်တွံ့နေမှာ စိုးရိမ်နေမှာမဟုတ်ပါဘူး။ ဒီလိုဆိုရင် မြန်မာပြည်သူတွေမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေဟာ လုံခြုံမှုရှိမှာမဟုတ်တော့ပါဘူး။ သက်တမ်းနုနယ်သေးတဲ့ မြန်မာ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဟာလည်း အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။
၂၀၁၂ ခုနှစ်အတွင်း မှာဆိုရင် ဘာသာရေး လူမျိုးရေးဆက်နွယ်တဲ့ ပဋိပက္ခတွေမီးတွေကြောင့် ရခိုင်ပြည်နယ်ဟာ တောက်လောင်ခဲ့ရပါတယ်။ ၂၀၁၃ မတ်လ အတွင်းမှာဆိုရင်လည်း ဘာသာရေးအသွင်ဆောင်ခဲ့တဲ့ ပဋိပက္ခမီးဟာ မိတ္တီလာမှာ တောက်လောင်ခဲ့ပြီး မြို့ခံတွေရဲ့ အသက်အိုးစည်းစိမ် ထိခိုက်ပျက်ဆီးခဲ့ရပြီး မြန်မာပြည်သူတွေကို ထိတ်လန့်စေခဲ့ရပါတယ်။ အလားတူပဲ ၂၀၁၃ ဧပြီလ ၃၀ ရက်နေ့ ဥက္ကံ မှာ ကိုရင်တစ်ပါးနဲ့ မွတ်စလင်အမျိုးသမီးတို့ မတော်တဆ တိုက်မိရာကနေစတဲ့ ပဋိပက္ခဟာ နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရပါသေးတယ်။ သြဂုတ်လ ၂၄ ရက်နေ့မှာ ကန့်ဘလူ မြို့နယ် ထန်းကုန်းကျေးရွာ အဓမ္မပြုကျင့်မှု တစ်ခုကို အခြေခံပြီး ပဋိပက္ခတွေဖြစ်ပွားခဲ့ရာမှာ အိမ်ခြေ ၄၄ လုံးထိ ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။ မေလ ၂၈ ရက်နဲ့၂၉ နေ့တွေမှာ လာရှိုးမြို့မှာလည်း ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ရပါတယ်။ မတ်လ အတွင်းမှာ အုတ်ဖိုနဲ့မင်းလှမှာ ကြုံတွေခဲ့ရပြီး အောက်တိုဘာလအတွင်းမှာလည်း သံတွဲမြို့မှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တွေကို ကြည့်လိုက်မယ်ဆိုရင် တရားဥပဒေအရ အရေးယူဆောင်ရွက်ရမှာတွေကို တရားဥပဒေရဲ့ အဆုံးအဖြတ်အတိုင်း မဆောင်ရွက်ဘဲ အကြမ်းဖက်လိုသူတွေက ဘာသာရေးလူမျိုးရေးကို အသုံးပြုပြီး ပဋိပက္ခတွေကို ဖန်းတီးခဲ့ကြတာ တွေ့မြင်နိုင်ပါတယ်။
နူးညံ့သိမ်မွေ့ခြင်း၊ မေတ္တာတရားကြီးမားခြင်း၊ စတဲ့ အမူအကျင့်တွေဟာ မြန်မာပြည်ရဲ့ ပြည်သူတွေရဲ့ ပုံရိပ်တစ်ခုဖြစ်တယ်လို့ ကမ္ဘာက ရူမြင်ကြပါတယ်။ ဘာသာရေး လူမျိုးရေးကို အသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်လိုတဲ့ အကြမ်းဖက်မှုတွေဟာ မြန်မာပြည်သူတွေရဲ့ နူးညံ့အေးချမ်းတဲ့ ပုံရိပ် မေတ္တာတရားကြီးမားတဲ့ ပုံရိပ်တွေကို ဖျက်ဆီးပစ်တော့မှာကို စိုးရိမ်ရပါတယ်။ နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ကို တွန်းလှန်တဲ့ နေရာမှာတောင် အကြမ်းမဖက် ငြိမ်းချမ်းတဲ့ အနုနည်းနဲ့ တွန်းလှန်ခဲ့ သာဓကတွေလည်း ရှိပါတယ်။ ဘာသာရေးအဆုံးအမတွေအရကြည့်မယ်ဆိုရင်လည်း အကြမ်းဖက်မှုကို အားမပေးဘဲ မေတ္တာတရားကိုသာ အခြေခံထားတာကို တွေ့မြင်ရမှာပါ။
ဖြစ်စဉ်တွေအားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်မယ်ဆိုရင် လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ ဖေ့စ်ဘုတ်စာမျက်နာတွေပေါ်မှာ အမုန်းတရားတွေ ၀ါဒဖြန့်ချီမှု နဲ့ လှုံ့ဆာင်ရေးသားမှုတွေဟာ ပဋိပက္ခတွေဖြစ်ပွားဖို့ကို အဓိကတွန်းအားပေးနေတာကိုတွေ့ရပါတယ်။ အင်တာနက်စာမျက်နာတွေပေါ်မှာ ရေးသားဝါဒဖြန့်ချီမှုတွေကိုလည်း အစိုးရက ထိထိရောက်ရောက်ဖြေရှင်းဖို့လိုနေပါပြီ။ တရားတည်ထောင်ထားတဲ့ နိုင်ငံရေးပါတီတစ်ခုက ဥက္ကဌ ကိုယ်တိုင်က သူရဲ့ ဖေ့စ်ဘုတ်စာမျက်နာပေါ် မှာ ဘာသာရေး လူမျိုးရေး မုန်းတီးမှုတွေကို ၀ါဒဖြန့်ချီတာတွေ၊ ပဋိပက္ခတွေဖြစ်ပွားအား လှုံ့ဆော်ရေးသားတာတွေကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေမယ့် ဒီအပေါ်မှာ တာဝန်ရှိသူတွေက အရေးယူဆောင်ရွက်ခြင်းမရှိတာက မေးခွန်းထုတ်စရာကောင်းနေပါတယ်။
နာမည်ကျော်ကြားတဲ့ ဘုန်းတော်ကြီး အရှင်ဝီရသူရဲ့ ဖေ့စ်ဘုတ်စာမျက်နာက ရေးသားပြောဆိုမှုတွေကလည်း ပဋိပက္ခတွေကို ပြေလည်သွားစေဖို့ထက် ပဋိပက္ခတွေကို တွန်းအားပေးစေတဲ့ ရေးသားပြောဆိုမှုတွေကို တွေ့မြင်နေရပါတယ်။
အစိုးရအနေနဲ့ ပဋိပက္ခဖြစ်စဉ်တွေအပေါ်မှာ ကိုင်တွယ်ဖြေရှင်းမှုကို ထိထိရောက်ရောက် မလုပ်ဆောင်နိုင်သလို၊ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေဖြစ်ပေါ်စေမယ့် လှုံ့ဆော် ဟောပြောမှုတွေ၊ ရေးသားဖြန့်ချီမှုတွေအပေါ်မှာ ထိန်းသိမ်းတာ အရေးယူဆောင်ရွက်တာတွေကို လုပ်ဆောင်ခြင်းမရှိတာကိုလည်း တွေ့မြင်ရပါတယ်။ မျိုးစောင့်ဥပဒေ ထောက်ခံခြင်းနဲ့၊ ဖွဲ့စည်းအခြေခံဥပဒေမပြင်ဆင်ရေး ပုဒ်မ ၄၃၆ မပြင်ဆင်ရေး၊ ပုဒ်မ ၅၉(စ) မပြင်ရေး ဟောပြောပွဲတွေမှာ ဘာသာရေး လူမျိုးရေးမုန်းတီးမှုဖြစ်ပေါ်စေမယ့် စကားတွေဟောပြောခြင်း၊ ဓါတ်ပုံပိုစတာတွေပြသခြင်း၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေးအရ ပေါ်ပေါ်ထင်ထင်တိုက်ခိုက်ပြောဆိုခြင်းတွေ ရှိနေပေမယ့် ဒီအပေါ်မှာ အစိုးရအနေနဲ့ တစ်စုံတစ်ရာ ဆောင်ရွက်တာ သတိပေးတာ ရှိမနေဘူးလို့ ဝေဖန်ပြောဆိုတာတွေလည်း ရှိနေပါတယ်။
တစ်ချိန်တစ်ခါက မြန်မာပြည်ရဲ့ ရဲထောက်လှမ်းရေးတွေဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းနိုင်မှု၊ နိုင်ငံရေးသမားတွေကို စုံစမ်းထောက်လှမ်းနိုင်မှုတွေကို ရွပ်ရွပ်ချွံချွံ လုပ်ဆောင်နိုင်ခဲ့တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံရေးလှုပ်ရှားမှုတွေ ဖြစ်ပေါ်မလာအောင်လည်း ကျွမ်းကျင်စွာ တားဆီးနိုင်တာတွေရှိခဲ့ပါတယ်။ အခုဒီမိုကရေစီခေတ်ကို ရောက်လာတဲ့ (၃) နှစ်အတွင်းမှာတော့ မကြာခဏဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းတွေနဲ့ပတ်သက်ပြီး ကြိုးကိုင်လှုပ်ရှားသူတွေ ပါဝင်သူတွေကို စုံစမ်းဖေါ်ထုတ်နိုင်ခြင်းမရှိတာကို အံ့သြဖွယ်ရာတွေ့မြင်ရပါတယ်။ဖြစ်စဉ်တိုင်းရဲ့ နောက်ကွယ်မှာ ကြိုးကိုင်လှုပ်ရှားသူတွေ ရှိနေတယ်လို့ တာဝန်ရှိအဖွဲ့အစည်းက ပုဂ္ဂိုလ်တွေက ထုတ်ဖေါ်ပြောကြားတာတွေရှိခဲ့ပေမယ့် ဖေါ်ထုတ်နိုင်ခြင်းမရှိတာက မေးခွန်းထုတ်စရာကောင်းနေပါတယ်။ သင်ခန်းစာယူရမယ့် အဓိကရုဏ်းဖြစ်စဉ်တွေ ရှေ့မှာဖြစ်ခဲ့တာရှိနေပေမယ့် ပဋိပက္ခဖြစ်တော့မယ့် အရိပ်အရောင်တွေ တွေ့လာတိုင်း စီမံချက်ချ ဆောင်ရွက်နိုင်တာလည်း မရှိခဲ့ပါဘူး။
ဘာသာရေး လူမျိုးရေး ဆန်တဲ့ ပဋိပက္ခ ဖြစ်ပွားမှုတွေ များပြားလာခဲ့ရင် ဒါမှမဟုတ် ပြန့်ပွားမှုကြီးထွားလာခဲ့ရင် တိုင်းပြည်ရဲ့ တည်ငြိမ်အေးချမ်းမှုကို ဖျက်ဆီးသွားနိုင်ပါတယ်။ ဒါ့အပြင် တိုင်းပြည်အတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ အသက်အိုးစည်းစိမ်တွေဟာလည်း အခြိမ်းခြောက်ခံနေရမှာဖြစ်သလို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မှာ မလုံခြုံမှုတွေနဲ့ စိတ်ဒဏ်ရာတွေ ရရှိမှုများပြားလာနိုင်ပါတယ်။ ပဋိပက္ခတွေဟာ ဘာသာရေးလူမျိုးရေးတွေကို အခြေခံတယ်ဆိုပေမယ့် ဘယ်ဘာသာရေးကမှ အကြမ်းဖက်မှုကို ခွင့်ပြုမထားသလို အားပေးထားတာလည်း မရှိပါဘူး။ ဘယ်လူ့အဖွဲ့အစည်းကမှလည်း အကြမ်းဖက်မှုတွေ အမုန်းတရားတွေကို လက်ခံခြင်းမရှိပါဘူး။ သွေးထိုးလှုံ့ဆော်မှုတွေကို တားဆီးမှုမပြုလုပ်နိုင်ရင် မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ အမုန်းတရားတွေ၊ တစ်ဦးနဲ့တစ်ဦး မယုံကြည်မှုတွေ ဖြစ်ပေါ်လာနိုင်တာကို သတိပြုရမှာဖြစ်ပါတယ်။ အမုန်းတရားတွေ ကြီးထွားလာတာနဲ့အမျှ မြန်မာ့လူ့အဖွဲ့အစည်းမှာ လူသားဆန်မှုတန်းဖိုးစံနူန်းတွေကို တန်ဖိုးထားတဲ့ အလေ့အကျင့်တွေ၊ လူ့အခွင့်အရေးကို တန်းဖိုးထားမှုတွေ ပျောက်ဆုံးသွားနိုင်ပါတယ်။
မြန်မာပြည်ဟာ ဒီမိုကရေစီနိုင်ငံအဖြစ်ကို အသွင်းကူးပြောင်းစပြုနေတဲ့ နိုင်ငံတစ်ခုဖြစ်သလို၊ တိုင်းပြည်အတွင်းက ပြည်သူတွေကို ဒီမိုကရေစီအလေ့အကျင့်တွေရလာအောင် လေ့ကျင့်ပျိုးထောင်နေရတဲ့ အချိန်ပဲဖြစ်ပါတယ်။ ဒီလိုအချိန် ဒီလိုအခြေအနေမှာ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းက ပြည်သူတွေကို ကမ္ဘာဆန်တဲ့ အမြင် ရှိဖို့နဲ့ လူသားဖြစ်တည်မှု နဲ့ လူ့အခွင့်အရေးတွေကို တန်းဖိုးထားတတ်အောင် တပါးတည်း ပြုစုပျိုးထောင်ပေးသွားဖို့လိုပါတယ်။
ကမ္ဘာဆန်တဲ့အမြင်ဆိုတာကတော့ ကမ္ဘာကြီးက လူမျိုးမရွေး၊ဘာသာမရွေး၊အသားအရောက်မရွေး လူသားအားလုံး စုပေါင်းအားလုံးနေထိုင်တဲ့ အိမ်ကြီးတစ်လုံးလို့ ရူမြင်ဖို့၊ ကမ္ဘာပေါ်မှာရှိတဲ့ လူုသားတွေ ၊သံယံဇာတတွေ၊ ယဉ်ကျေးမှုတွေကို အားလုံးက၀ိုင်းဝန်းစောင့်ရှောက်ဖို့၊ ဘယ်လူသားရဲ့ ဝေဒနာကိုမဆို အတူတကွ မျှဝေခံစားဖို့၊ ကိုယ့်ရဲ့အောင်မြင်မှုကိုလည်း တစ်ကမ္ဘာလုံးကိုပိုင်ဆိုင်ခွင့်ပြုဖို့ဆိုတာကိုလူမှုလေ့လာရေးသုံးသပ်ချက်နှင့်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကနေပြီးတော့ လူမှုယဉ်ကျေးမှုကျောင်းသားတွေအတွက်
စီမံထားတဲ့ အချက်တွေ ထဲမှာ အချက်တစ်ချက် အဖြစ်ပြဌန်းထားပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးကြေညာစာတမ်း အပုဒ် ၃ မှာလည်း "လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့်ရှိသည်" လို့ ပြဌန်းထားပါတယ်။ ဒါတွေ တန်းဖိုးထားနိုင်မှသာလျှင်၊ အလေးထားလိုက်နာနိုင်မှသာလျှင် မြန်မာ့လူ့အဖွဲ့အစည်း တိုးတက်ပြီးယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်လာမှာကို သတိပြုဖို့လိုပါတယ်။
နိုင်ငံရေးအမြတ်ထုတ်လိုမှုတွေ၊ အာဏာတည်ဆောက်လိုမှုတွေကြောင့် ဒါမှမဟုတ် ဘာသာရေးလူမျိုးရေး အခြေခံအမုန်းတရားတွေကြောင့် စတာတွေကို အခြေခံပြီး အမုန်းတရားတွေပြန့်လာအောင် လှုံ့ဆော်နေမယ်၊ ၀ါဒဖြန့်ချီနေမယ် ပဋိပက္ခတွေ ဖန်တီးနေမယ်ဆိုရင်တော့ အနာဂတ် မြန်မာနိုင်ငံနဲ့ မြန်မာ့လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ရှိနိုင်သလို ကမ္ဘာ့အမြင်မှာ မြန်မာ့ပုံရိပ်ဟာ မကောင်းနိုင်ပါဘူး။ တိုင်းပြည်အတွင်းမှာ ရှိတဲ့ ပြည်သူတွေအနေနဲ့လည်း တရားဥပဒေရဲ့ စောင့်ရှောက်မှု မခံစားရဘဲ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကိုသာ ခံစားနေရရင် တိုင်းပြည်နဲ့ အုပ်ချုပ်နေတဲ့ အစိုးရအပေါ်မှာ ယုံကြည်မှုတွေ ပျောက်ဆုံးသွားမှာဖြစ်သလို နိုင်ငံတကာမှာလည်း အစိုးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တာကို သတိပြုဖို့လိုပါတယ်။
မြန်မာ့ဒီမိုကရေစီဟာ အကြမ်းဖက်ပဋိပက္ခ နွံတွေထဲမှာ နစ်နေပြီလား ၊ ရုန်းထွက်ဖို့ ခက်နေပြီလားဆိုတာကို သုံးသပ်ကြည့်ဖို့လိုနေပါပြီ။ မြန်မာ့ဒီမိုကရေစီဟာ အကြမ်းဖက် ပဋိပက္ခ နွံထဲမှာ နစ်မနေစေဖို့ အစိုးရအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်ဖို့၊ ပြည်သူတွေရဲ့ အသက်အိုးစည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်သလို၊ အမုန်းတရားပြန့်ပွားမှုမဖြစ်အောင်နဲ့ ပဋိပက္ခဖြစ်စေမယ့် ဟောပြောလှုံ့ဆော်မှုတွေကို အရေးယူ ဆောင်ရွက်ဖို့လိုပါတယ်။
မန္တလေးပဋိပက္ခကို ဆက်လက်ကြီးထွားမလာအောင် ထိန်းသိမ်းနိုင်ခြင်းမရှိရင်တော့ ပြည်သူတွေရဲ့ အသက်အိုးစည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ရမယ့် အစိုးရအပေါ်မှာ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုရှိတော့မှာမဟုတ်ပါဘူး ။ ဒီလိုဆိုရင် မြန်မာ့ဒီမိုကရေစီဟာ အကြမ်းဖက်ပဋိပက္ခနွံထဲမှာ နစ်ကျန်ရစ်တော့မှာ ဖြစ်ပါတယ်။
အရပ်ဖက်လူမှုအဖွဲ့အစည်းအသီးသီးနဲ့ ဘာသာရေးအဖွဲ့အစည်းအသီးသီး တွေကလည်း မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံး ငြိမ်းချမ်းဖို့၊ အမုန်းတရားတွေ ပပျောက်ဖို့ ပဋိပက္ခတွေချုပ်ငြိမ်းဖို့ ၀ိုင်းဝန်းဆောင်ရွက်ကြဖို့လိုပါတယ်။ မြန်မာ့ဒီမိုကရေစီဟာ အကြမ်းဖက်ပဋိပက္ခနွံတွေထဲမှာ နစ်မနေစေဖို့ အချိန်မီကယ်တင်ရန်လိုအပ်ကြောင်း မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးက သတိပြုဖို့လိုအပ်နေပါပြီ။
နိုင်ငံအတွင်းမှာ ရှိတဲ့ ဘာသာလူမျိုးပေါင်းစုံ ပြည်သူတွေအနေနဲ့လည်း အကြမ်းဖက်မှုတွေဟာ ဘာသာရေးလူမျိုးရေး ပြဿနာမဟုတ်ဘဲ ဘာသာရေး လူမျိုးကို အသုံးချနေတဲ့ နိုင်ငံရေးအမြတ်ထုတ်မှုတွေသာ ဖြစ်ကြောင်း သိရှိနေဖို့ လိုအပ်ပါတယ်။ ဘာသာရေး လူမျိုးရေး ကို အကြောင်းပြပြီး အကြမ်းဖက်ဖို့ ရုန်းရင်းဆန်ခတ်ဖြစ်ဖို့ အမုန်းတရားကြီးထွားဖို့ ၀ါဒဖြန့် လှုံဆော်ရေးသား ဟောပြောမှုတွေကို သတိထားစောင့်ကြည့်ဖို့လိုအပ်နေပါပြီ။ ကိုယ်ခြင်းစာတရားကြီးမားတဲ့ မြန်မာ့အစဉ်အလာ မေတ္တာတရားကြီးမားတဲ့ မြန်မာ့အစဉ်အလာတွေ မပျောက်ပျက်ဖို့၊ ပြုပြင်ပြောင်းလဲစ မြန်မာ့ဒီမိုကရေစီဟာ ပဋိပက္ခနွံထဲမှာ နစ်မနေဖို့ ပြည်သူတွေက သာ ကယ်တင်နိုင်မယ့် အခြေအနေသာရှိတော့တယ်ဆိုတာကိုလည်း သတိပြုရမှာဖြစ်ပါတယ်။
မန္တလေးပဋိပက္ခကို ဆက်လက်ကြီးထွားမလာအောင် ထိန်းသိမ်းနိုင်ခြင်းမရှိရင်တော့ ပြည်သူတွေရဲ့ အသက်အိုးစည်းစိမ်တွေကို ကာကွယ်စောင့်ရှောက်ရမယ့် အစိုးရအပေါ်မှာ ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှုရှိတော့မှာမဟုတ်ပါဘူး ။ ဒီလိုဆိုရင် မြန်မာ့ဒီမိုကရေစီဟာ အကြမ်းဖက်ပဋိပက္ခနွံထဲမှာ နစ်ကျန်ရစ်တော့မှာ ဖြစ်ပါတယ်။
No comments:
Post a Comment