Tuesday, April 1, 2014
" သွေးသံရဲရဲ ဆောင်းနေ့များ အလွန် "
အေးစက်မှု အဆုပ်လိုက် အခဲလိုက်တွေဟာ သည်းသည်းလှုပ် ကျဆင်း
တစ်ယောက်ကို တစ်ယောက် သဲသဲကွဲကွဲ မြင်ရဖို့ မလွယ်တော့
အတိတ်
" အိမ်နဘေးက သစ်ပင်မှာ ငှက်ဆိုးထိုးသံတွေ "
ထပ်တလဲလဲ အာရုံကြောထဲ စိမ့်ဝင်လာခဲ့တဲ့
သိပ်ကြိုက်တဲ့ စိုင်းထီးဆိုင် သီချင်း တစ်ပိုင်းတစ်စ
လက်လုပ်ရွှံ့မီးဖိုထဲ ထီးရိုးဝါးလေးစိတ်ကွဲ ထင်းစလေးတွေ
အပေါ်ယံ အရေပြား နွေးသွားယုံလေးအတွက် တဖျစ်ဖျစ် လောင်ကျွမ်းပေးရ
ဘယ်နှစ်ချောင်းမြောက် ဝါးထင်းလေးဖြစ်ပါသလဲ
အေးစက်မှုဒဏ်တွေနဲ့ မှတ်ဥာဏ်ဟာ ထုံအသွား
အကွာအဝေးဟာ သံသယစိတ်ချည်း သက်သက်
တိတိကျကျ ကိုယ်ပြောတယ်
အနွေးဓာတ်ကလေးဟာ သံသရာဆီမှ လာတယ်
မသေခင်အချိန်ကလေးမှာ တစ်ခုခုကို အပြင်းအထန် ယုံကြည်သွားချင်မိတာလေးပါပဲ
ဘယ်လိုအေးစက်မှုမျိုးနဲ့ ကိုယ့်ကို ၂၅ နှစ်လုံးလုံး ပွတ်သတ်နေတာလဲ
ဒါဟာ ရန်ပွဲတွေ ၊ လူ့အဖွဲ့အစည်းပေါ် အမြင်မကြည်လင်မှု ၊ မကြာခဏ သွေးဆူမှုတွေရဲ့ အစ
သိပ်ကို မြို့ကြီးပြကြီးဆန်တဲ့ လူငယ်ဘဝ
ခဏတာ နွေးသွားသလို ထင်မိတဲ့ အခိုက်အတန့်
နောက်ဆုံးတော့
ကိုယ့်အရေပြားကိုယ် မီးနဲ့ မြှိုက်ပြီး အရသာခံသလိုပေါ့
မျက်ရည်ပေါက်ပေါက်ကျ ဟာသဇာတ်ကွက်များ အဖြစ်
ဘဝဆိုတာ ပူနွေးနေဖို့ပဲ လိုတာ မဟုတ်လား
အဲ့လိုယူဆပြီး ခေတ်ထဲကို အလျားလိုက် အတွင်းပိုင်းထဲအထိ အတင်းတိုးဝင်
တစ်ကိုယ်လုံး ပြာနှမ်းလာတာနဲ့ ဟိုက်ပိုသားမီးယားရောဂါပဲ အဖတ်တင်တယ်
ခြေထောက်တွေဟာ ခပ်နွေးနွေးအိမ်ကလေးဆီ ရောက်ပါဦးမလား
ပါးစပ်ဟာ လူ့အဖွဲ့အစည်း အာစေးတွေနဲ့ ပြည့်လို့
ဆယ်ယူမိသမျှဟာ အကုသိုလ်ဆိုတာတွေချည်း ဖြစ်နေ
ဒါနဲ့တောင်
နောက်ဘဝဆီက အကုသိုလ်ကို လှမ်းချေးနေသေးတဲ့ သစ်ပင်
အိမ်ထောင်ဦးစီးတစ်ယောက်ဟာ ခိုးပြီး အားငယ် ဝမ်းနည်းတက်ရတယ်
သိပ်လှတဲ့ လောကဝဋ် ဆိုပါတော့
အနွေးဓာတ်ဟာ ညီမလေး မခင်ပျိုဆီကလား
ဒေါက်တိုင်လေးတွေနဲ့ ကြက်အရိုးလေးဆီကလား
လက်လုပ်ရွှံ့မီးဖိုလေးထဲကလား
ကိုယ့်စိတ်အတွင်းသားထဲက ထွက်လာတာများလား
အရာအားလုံးဟာ မျက်တစ်ထောက်စာတင် ဝေဝါး
အရင်က ဒုက္ခ နာကျင်မှုတွေဟာ
အခု သိပ်ရယ်ရတဲ့ ဟာသတွေ အဖြစ်သာ ။ ။
- မောင်မိုးမြင့်
၂၆ . ၁ . ၂၀၁၄
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...

-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment