Tuesday, April 1, 2014

နီးကပ်သော ဝေးကွာမှုများသည် အဝါရောင်ဖြစ်၏


March 31, 2014 at 9:53am
အဲဒီလိုနဲ့ အဖြစ်အပျက်တွေကို ဖန်ဆင်းထားခြင်းသည် မသေချာမှုများ၏ တမင်ဖန်တီးထားမှုများသော သေချာမှုဖြစ်စဉ် အဏုအာရုံမြင်ကွင်းများထဲ အသံလာရာ အလင်းလာရာ အနံ့လာရာ အခြေပြုပစ္စည်းများအား လေးထောင့်ဘောင်မှ ကန့်သတ်ရင်း ဘယ်ဘုရားသခင်ထံတွင်မှ မတောင်းဆိုခဲ့ဖူးသော ဆုများတလျှောက် ကိုယ်လိုသူလို အထပ်မြင့်တိုက်တာရဲ့ လေဝင်လေထွက်အားနည်းမှု ပြဿနာ ထပ်မံကြုံကြရရင်း မြူတွေလာပြန်ပြီလို့
ရာသီဥတုက ရေဒီယိုထံ သတင်းတိုပို့ "ခြေရာလက်ရာလောက်တော့ ထင်ခဲ့စေချင်တယ် မဟုတ်လား" ဒါနဲ့ဘဲ ကုတ်ခြစ်ကြပြန်တဲ့ ဗလာကျောပြင်မှာ ကြောင်တစ်ကောင်ရဲ့ ချွန်ထက်လက်သည်းတွေက အတိတ်နဲ့ ပစ္စုပ္ပန်ရဲ့ တံတားကိုခင်းပြီးနောက် သယ်လာသော မျက်နှာပြင်ပုံရိပ်များကြား မုန်လာဥနီတွေက အရောင်မပျက် ညက်ညက်ကျေအောင် အရည်တခြား အသားတခြား နူးညံ့စွာကြိတ်ထားခြင်းခံရရင်း တရုတ်နံနံ အရိုးစိမ်းစိမ်းတို့နှင့်အတူ ကလူကျီစယ်ခွင့်ရသွားချိန် သုံးဘက်မြင် ကဖေးမျက်နှာစာပေါ်မှ မြင်ကွင်းသည် တောအုပ်ဆီသို့လည်းကောင်း ရေမှော်များဆီသို့လည်းကောင်း ဖြည်းဖြည်းညင်သာ သတ်မိန့်ရှိသော ဂီတသံတစ်စွန်းတစ်စများဆီသို့ လည်းကောင်း အဝိုင်းကို ပတ်ပတ်ပြီးသွားနေတဲ့ ကားတစ်စီးလို ဘဝဟာ ထပ်ခါထပ်ခါ လှည့်ပတ်ခံရရင်း ဘယ်တော့မှ မစိမ်းတော့တဲ့ မီးပွိုင့်အနီရောင်သည် ဆံချည်မျှင်များ အရေပြားများ နေလောင်ကွက်များ ဖုန်မှုန့်များ သုံးပြီးသားစကားလုံးများ မသုံးရသေးသော တစ်ခါသုံး တစ်ခဏများ၏ ပျက်ယွင်းမှုကိုယ်စီ နေကာမျက်မှန်အမည်းအောက် ဝင်ထိုင်လိုက်တိုင်း အမှောင်ကျသွားခဲ့သော မနေ့ကများသည် အေးအေးလူလူ ချစ်ခြင်းမေတ္တာဟာ ဥာဏ်မီသလောက် တုပခြင်းခံလိုက်ရတဲ့ ပြည်တွင်းဖြစ်ဝိုင်အနီတစ်ခွက် မေ့မလားလို့ မော့လိုက်တယ် ပိုပိုမြင်သာလာတယ် ပိုပိုသာသာမြင်လာတယ် "နွေက ပူသလောက် နေက ပူနေသလား" လို့ ဖြေပြီး တစ်ကျိုက်ချင်းငုံလိုက်တော့ မုန်လာဥနီအရသာဟာ ဘယ်သူပေးလိုက်တဲ့ ဖျော်နည်းကို ရရှိခဲ့သလဲ မခန့်မှန်းတတ်အောင် အခြားအရသာတစ်ခုခုရဲ့ ရောနှောပါဝင်ပတ်သက်မှုသည် ကြည်နူးစရာ ရယ်သံလွင်လွင်များ တီးတိုးသက်ပြင်းများ ချုပ်တည်းမှုများ နှုတ်ခမ်းဖျားမှတဆင့် လည်ပင်းထဲသို့ မစီးဆင်းခင်အချိန်တလျှောက်လုံး စကားလုံးကို ရှာပေမယ့် လျှာဟာ ဘာအရသာဆိုတာကို တိကျမှုမပေးနိုင်ခဲ့ပြန် ရေခဲပြည့်နေတဲ့ ဖျော်ရည်ခွက်မှာ မီးစလေးတွေကို အနေအထားတော် ချိုးပြီး အရည်ဖျော်ထားခြင်းမျိုး သူမ လက်ကိုင်အိတ်ထဲမှ လျှာအောက်အရည်ပျော်သွားစေသော ဆေးပြားအချို့သည်လည်း ပလာ့ဆီဘိုတစ်မျိုး အချက်ပြမီး မစိမ်းတော့တဲ့ လမ်းဆုံရဲ့ စုံမက်စရာ ရာသီဥတု ပျောက်ဆုံးသွားပြီးနောက် ကပ်ပါးပိုးမွှားတွေ အသံတိတ်အော်ဟစ် အာခေါင်ဟာ မြင်ကွင်းကို မှိတ်ထားလို့ မရတဲ့နောက် အတားအဆီးမဲ့ လက်ကိုင်ကို ကျော်လွှား အလင်းမှန်ချပ်တွေကို တိုက်ခိုက် သွေးစက်တွေဟာ အညိုရောင်ပင်စည်တွေကြား မတိတ်နိုင်ခဲ့ လှေခါးရှည်ရှည်တွေနဲ့ ဖုန်တွေကို ဆေးကြောခံနေရတဲ့ ကဖေးဆိုင်အောက်ထပ် ကားတွေဟာ ဘယ်အရာတွေကို နင်းကြေသွားစေကြောင်း သူတို့ကို သူတိုက မှတ်သားမိသလား အတွေးကို ရေပိုက်တွေက ဆပ်ပြာမြှုပ်ဖြူဖြူတွေက မေးငေါ့မေးရင်း အဖြေတွေမရှိကြောင်း "ဘာမှ မတတ်နိုင်ခဲ့ကြဘူး မဟုတ်လား" အပူချိန် ၄၀ ဒီဂရီ နီးပါးကိုငုံထားတဲ့ နွေဟာ ခံတွင်းထဲမှာ ပူရှိန်းတမြုံ့မြုံ့စားနေသူကို ဟက်ဟက်ပက်ပက် ပူပြင်းပြနေပုံအား ခြေထောက်ချိတ်ပြီး ငြိမ်ငြိမ်ထိုင်ကြည့်နေခဲ့မိတဲ့ ရုပ်ရှင်အတို အစားထိုးကုသမှုတွေ နေရာတိုင်း အစဉ်သဖြင့် အလုပ်မလုပ်ကြကြောင်း သူမကို ပြောပြဖြစ်ခဲ့သလား သူမက မဲ့ပြုံးနဲ့ မျက်လုံးပေါက်တွေ ကျဉ်းသထက်ကျဉ်းသွားမယ့် အမူအရာကို လေ့ကျင့်ထားမှုမရှိသလို လုပ်ပြလိုက်ပါက အငန်အရသာစွတ်သော ပါးပြင်များသည် အနာဂတ်တွင် ဖြတ်သန်းသွားလာခွင့် လက်မှတ်မရှိ ခေါင်မိုးဖြူဖြူရဲ့ မရွေ့သေတ္တာမှာ လာဗန်ဒါပန်းတစ်စီး လဲလျောင်းခြင်းခံလိုက်ချိန် အချိန်သည် ရပ်တန့်စွာစီးဆင်း ဗလာဆီကလာပြီး ဗလာဆီကိုပြန်သွားဖို့ ဗလာအပြည့့်် သယ်ယူခဲ့ကြ သတ်ပုံမမှန်တဲ့ညတွေမှာ ခေါစာပစ်ထားတဲ့ ကြမ်းခင်းအောက်မှာ တိမ်ခိုးတွေဟာ ကောင်းကင်နဲ့ နီးကပ်ချိန်တွင်သာ အလှပဆုံး ဖြူလျော့ပေါ့ပါးစွာ အေးချမ်းဆိတ်ငြိမ်စွာ သိမှုကင်းမဲ့ရာ ဘဝအထပ်ထပ်တို့ ပြန်လည်ဖြစ်တည်မှု မရှိတော့ရာဆီ ခြေသည်းလက်သည်း လှီးဖြတ်ရင်း အခါခါလည်ရစ်ပတ်ခံရတဲ့ ပန်းရောင်ငှက်သိုက်မုန့်မှာ ငယ်ဘဝအချို့ စက္ကန့်ပိုင်းအတွင်း အရည်ပျော် အချိုလောင်ကျွမ်းမှုနောက် အခါးဟာ နေ့စဉ်သတင်းစာတွေထဲ ကူးလူးနေသော စတုတ္ထမြောက် ကော်လံတစ်ခု၏ စာသား "မောနင်းအာဖ်တာဆေးတွေနဲ့ ကလေးသူငယ်တို့မမြင်သင့်သေးတဲ့ ရုပ်ရှင်တွေမှာ ချစ်ခြင်းမေတ္တာ လုံးဝကင်းမဲ့တယ်လို့။ သွားပြော တောရိုင်းငှက်တွေဆီ" အရေပြားတို့ တိုက်ရှမှု လက်ထိပ်လေးတွေရဲ့ သွေးနီဥမှာ ခြေရာတွေကို လိုက်ကောက်လေ ခြေရာတွေ ကျန်ခဲ့လေ လှိုင်းတွေကိုတားဆီးဖို့ သဲကို ယက်ရင်းယက်ရင်း ရေထဲခုန်ဆင်းသွားတဲ့ ဂဏန်းတစ်ကောင် ခွဲခြမ်းပစ်တဲ့ အမှောင်အလင်းပမာဏ မျှတမှု ရှိမရှိအတွေးဟာ ပေါင်မုန့်မီးကင်စက် သစ်သီးအချို့ကယ်လိုရီကို စူးစမ်းဖို့ ဝန်လေးမျက်လုံးများအောက် အချစ်ကို ပြုလုပ်ကြဖို့ အချစ်ကို ပြုလုပ်ကြတာမျိုးလား "အသက်ရှင်နေရခြင်းကို လေးလံနေရင် ချစ်ခြင်းတွေကို အန်ချဖို့ လိုပြီ" အခန်းအပူချိန် ဝိုင်အနီ ပေါက်ပေါက်ပွင့်တွေ အဆုံးမှာ အဆုံးလို့ စာတန်းထိုးမှာကို သိနေသောပရိတ်သတ်နှင့်အတူ တနင်္ဂနွေများ ဓမ္မကျောင်းခေါင်းလောင်းသံ ကြောင်အစာတောင်းသံ သုံးထောင့်ပုံ တမာရွက်များလျှပ်တိုက်ပြေးလွှားသံ အနံ့ကုထုံး စွဲမြဲနေတဲ့ အခန်းကျဉ်းထဲက ဖယောင်းတိုင်ဟာ ပင်လယ်ကိုအရောက် အသက်ရှူမှားခွင့် အဖြူအမည်း အနှုတ်လက္ခဏာ ဖလင်လိပ်ကို မဖြည်ရဲလို့ အလင်းကို အဆုံးတင် လှိုင်းသံတွေရုတ်တရတ်ငြိမ်ကျသွားတဲ့ တိတ်ဆိတ်မှုကမ်းခြေလို လေးထောင့်ဘောင်ခတ်ခံ အခန်းတစ်ခုမှာ နေရောင်မပေါက်အောင် ကန့်လန့်ကာအမည်းရောင်ကို ကန့်လန့်ကာလိုက်ပြီး လေထဲလွင့်ပါနေသော အ၀ါရောင်အလင်းတန်းများဆီသို့ ခုန်ပေါက်ပြေးလွှားရင်း အနည်းငယ် မှောင်မိုက်သွားတော့ လေအေးပေးစက်က စတင်အသက်ဝင်လာသလို ဓာတ်ပုံကားချပ်များတွင် ပြားလျသော ဒိုင်မန်းရှင်းနှစ်ခုကသာ အမြင်အာရုံကို နှိုးဆွစေပြီး ဖြစ်စဉ်တစ်ခုလုံးရဲ့ အိပ်မက်မှာ လေးဘက်မြင်မျက်မှန်တပ်ကြည့်ရတဲ့ ရုပ်ရှင်တစ်ပုဒ်လို သိသာထင်ရှားအသက်ဝင်စွာ အမှန်တကယ်ဖြစ်ပျက်နေမှု၏ အရသာကို တုပထားသကဲ့သို့ စင်စစ်မှန်ကန်စွာ အရှိတရားအတွင်းမှ မရှိတရားများသာ ဦးခေါင်းနံရံထပ် နေရောင်ဟာ လူကို လောင်ရင်း လူဟာ လူကို လှောင်ရင်း အဝါရောင်ပူဆွေးမှုများသည် ချိုးကွေ့လိုက်သော ခေါက်ရိုးများ၏ တတိယမြောက်လ။



ဖြူနှင်းဖွေး

31st March 2014

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...