Tuesday, April 1, 2014

" ပျော်တယ်လေ ... ကျွန်မ "


 ပျော်တယ် ပျော်တယ် သိပ်ပျော်တယ်
သူများနိုင်ငံကို စရောက်ကထဲက ပျော်တယ်
မနက် ၅ နာရီ အိပ်ယာထပြီဆိုတာနဲ့ ပျော်တယ်
မနက်စာပြင်နေရင်းလည်း ပျော်တယ်
ပန်းကန်တွေဆေးရင်းလည်း ပျော်တယ်
ဈေးခြင်းအလေးကြီး သယ်နေရင်းလည်း ပျော်တယ်
ဂျီတိုက်နေတဲ့ ကလေးကို ရေချိုးပေးရင်လည်း ပျော်တယ်

ဂဂျီဂဂျောင် ကျတဲ့အဘိုးကြီးကို ရေပတ်တိုက်ပေးရင်လည်း ပျော်တယ်
အစားစားနေရင်း အဘွားကြီးကို အိမ်သာလိုက်တည်ရတာလည်း ပျော်တယ်
ကျမပျော်နေတော့တာ
ပျော်ပြီးရင်းပျော်ရင်းပဲ
ရက်တွေကို တွက်ရေနေရတာလည်း ပျော်တယ်
ကုန်ခဲလှတဲ့ နာရီကို ကြည့်တိုင်းလည်း ပျော်တယ်
တစ်လမှ တစ်ကြိမ် အပြင်ထွက်ခွင့်ရတာလည်း ပျော်တယ်
အမေ့ဆီဖုန်းဆက်ရင် ပျော်တဲ့အကြောင်းပြောရင်း မျက်ရည်ကျရတာကို ပျော်တယ်  
ပျော်ပျော်နေသေခဲလေ သိတယ်မလား ... ကျမပျော်တာပေါ့
ကျမရေချိုး အ၀တ်အစားလဲပြီဆို အဘိုးကြီးလာချောင်းကြည့်ရင် ပျော်တယ်
ကြမ်းတိုက်နေရင်း ကျမခန္ဓာကိုယ်ကို အဘိုးကြီး အသေးစိတ်လိုက်ကြည့်နေရင် ပျော်တယ်
ဂျီးခြောက်ထူတဲ့ အဘွားကြီးကို ထမင်းကျွေးရတာ ပျော်တယ်
ထမင်းမစားလိုက်ရတဲ့ နေ့တွေဆို ပိုပျော်သေး
ပန်းကန်ကွဲသွားလို့ လခထဲက ဖြတ်မယ်ပြောရင် ပျော်တယ်
အ၀တ်လှန်းနေရင်းလည်း ပျော်တယ်
မီးပူတိုက်ရင်းလည်း ပျော်တယ်
တံမြက်စီး လှဲနေရင်းလည်း ပျော်တယ် 
ပျော်တယ် ပျော်တယ် တို့ပျော်တယ်
အေးဂျန့်က ဖုန်းဆက်လာရင် ပျော်တယ်
အိမ်ကအကြွေးတွေ မကျေသေးဘူးဆိုတာ သိတော့ ပျော်တယ်
အောက်ခံဘောင်းဘီတွေ အလိုလိုပျောက်ပျောက်သွားရင် ပျော်တယ်
ဘရာစီယာတွေ ရှာမတွေ့တော့ရင် ပျော်တယ်
မြန်မာထမင်းဟင်း မစားရတာပျော်တယ်
တရုတ်လို မတောက်တခေါက် ပြောရတာပျော်တယ်  
ခုဆို ကျမပိုပျော်တယ်
ကျမဘ၀ဟာ ပျော်စရာတွေချည်းပါပဲ
အဘိုးကြီး အဘွားကြီးကို ဆေးချော့တိုက်ရတာ ပျော်တယ်
ညအချိန်မတော်ကြီး သူဌေးကြီးကို အမြည်းလုပ်ပေးရရင် ပျော်တယ်
သူအရက်သောက်ချိန် အသင့်စောင့်နေပေးရရင် ပျော်တယ်
ညအိပ်ယာဝင် နောက်ကျရင်ပျော်တယ်
အခန်းကျဉ်းထဲမှာ လေ၀င်လေထွက်မရှိ ပူစပ်စပ်အိပ်ရတာလည်းပျော်တယ်
ညဘက်အိပ်မရရင်လည်းပျော်တယ်  
ကျမ ပျော်တာပဲသိတယ်
  အိမ်အကြောင်းတွေးမိရင် ပျော်တယ်
သက်ပြင်းချတိုင်းပျော်တယ်
ပျော်တယ် ပျော်တယ် ပျော်တယ် ပျော်တယ်ကွယ်
ပျော်တာပဲသိတယ်  
ကျမပျော်လွန်းလို့ ၁၈ ထပ်တိုက်ပေါ်ကခုန်ချလိုက်တာပါ !!
ပျော်တယ်လေ ... ကျွန်မ ။    ။




ကိုမှူး ( 07032014)

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...