March 25, 2014 at 3:25pm

တစ်ခုခုဖြစ်လာတော့မလား တွေးမိတိုင်း တစ်ခုခုဖြစ်ပြီးသွားဖို့ကို မျှော်လင့်တယ်
အသွေးအသားထဲ ဇမ်မဲလ်ဗိုက်စ်အာနိသင်ဆန်ဆန်
ပိုးမွှားတွေ
စိမ်းသက်သက်ရနံ့ထွက်တဲ့ လမ်းမြှောင်လမ်းကြားတွေကို ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားမိတာ
သွားနေကျကန်တီးန်ရဲ့ ထိုင်နေကျစားပွဲခုံနေရာမှာ ပိုးဟပ်အသေတစ်ကောင် ချထားခဲ့တာ
အဲလက်ဆစ်တပ်စ်ဆပ်စ်မဟုတ်တဲ့ အခြားတစ်ယောက်ရဲ့ ကိုယ်ကာယကောက်ကြောင်းတွေကို ငြင်းဆန်တာ
နောက်ထပ်မိန်းမတစ်ယောက်နဲ့ လိင်မှုကိစ္စပါဝင်တဲ့ ပုံမှန်ဆက်ဆံရေးတစ်ရပ် အစပျိုးဖို့ တွန့်ဆုတ်တာ
လျှပ်တစ်ပြက်အချိန်အတွင်းမှာ မတော်တဆမှုတစ်ခုခုက ငါ့ကိုအဆုံးစီရင်သွားဖို့ ငါဆုတောင်းတယ်
မတောင်းယူဘဲ ကတိုက်ကရိုက် ထိုးထည့်ပေးသွားတဲ့ဘ၀ကို
ဆန္ဒရှိတဲ့အလျောက်
ပစ်ချထားခဲ့ဖို့ အခွင့်အရေးရှိတယ်ဆိုတဲ့အကြောင်း ဘယ်သူ့ဆီက တောင်းယူရဦးမလဲ
အိမ်သာနံရံတွေပေါ်က ဖုန်းနံပါတ်တွေမှာ မျှော်လင့်မှုအသက်ဓါတ်အမှုန်အမွှားကို
ခြစ်ထုတ်ခွာယူကြည့်လို့ရခဲ့ရင် ကောင်းမှာ
ဘတ်စ်ကားတွေဟာ ကြာကြာမရပ်ခဲ့ဘူး
မှတ်တိုင်ဆီ ဆိုက်ရောက်တဲ့အခါ လူတွေလည်း သူတို့ထိုင်ခုံအသီးသီးမှာ ဆက်ထိုင်မနေကြဘူး
ဒီလိုနဲ့ နောက်ဘတ်စ်ကားတစ်စီးကို မျှော်ခဲ့တယ်
စူပါမားကတ်ကိုရောက်တဲ့အခါတိုင်း ငါ့ရည်းစားဟာ
ကလေးအသုံးအဆောင်သီးသန့်စင်တွေရှေ့မှာ ကြာကြာရပ်ပြီး
နို့မှုန့်ဗူးတွေရဲ့ဈေးနှုန်းကို ကျယ်ကျယ်ဖတ်လေ့ရှိတယ်
ဒီထက် ငါ့ကိုလှောင်ပြောင်နာကျင်စေနိုင်တဲ့အရာ မရှိတော့ဘူးဆိုတာ သူသိတယ်ဆိုတာ
ငါ မသိချင်ယောင်ဆောင်ထားခဲ့ကြောင်းလည်း
သူကောင်းကောင်းသိတယ်
လစဉ်ဆေးလုံးတွေ မှန်မှန်သောက်ရတာ သူဘယ်လောက်မုန်းတီးကြောင်းလည်း
ငါကောင်းကောင်းသိတယ်
ရှင်သန်နေထိုင်ခြင်းဟာ တိုက်ပွဲမဟုတ်ဘူး၊ Suicide Mission တစ်ခု
အရသာဖွယ်တဲ့ စွပ်ပြုတ်ရည်တစ်ခွက်ထဲ တောက်ပတဲ့ယုံကြည်မှုနဲ့ အမွှေးအကြိုင်တွေပစ်ထည့်နေရင်း
တက်ကြွတဲ့စိတ်အားထက်သန်မှုနဲ့ အားစိုက်မွှေနေရင်း
ထူးခြားပြောင်းလဲမလာတဲ့အရသာဖွယ်ဖွယ်ကို ဆက်လက်ခပ်မြည်းရင်း
ဇွန်းဟာ ဇလုံအောက်ခြေဆီထိခတ်မိမှ
ချောက်ခြားထိတ်လန့်စွာနဲ့ စွပ်ပြုတ်ရည်ထဲ
ချွေးတစ်စက် ဖိတ်ကျသွားခဲ့
တစ်လျှောက်လုံး လစ်ဟာလိုအပ်နေခဲ့တာ ဒါလည်း ဖြစ်ကောင်းဖြစ်မယ်
မဟုတ်ဘူး၊ ကျွန်တော်ပြောပြမယ်၊ ခင်ဗျား ထင်နေခဲ့သလို အလံလွှင့်ထူလိုက်ချိန်မှာ ဆုံးခန်းတိုင်မသွားဘူး၊ ဒါတွေအကုန်လုံး ခင်ဗျား သေဆုံးတဲ့အခါကျမှ ရပ်တန့်သွားမှာ၊ ဆိုလိုတာ ဇာတ်လမ်းသဘောအရ ခင်ဗျား သေပေးမှဖြစ်မှာ၊ အနိုင်အရှုံးဆိုတာက ဆွဲဆောင်ဖြားယောင်းဖို့သက်သက် ချိတ်ဆွဲပြထားတဲ့ တလက်လက်ထင်ယောင်ဝါးမှုတွေ
ဦးထုပ်ထဲက ဆွဲထုတ်ဖန်ဆင်းခဲ့တာ ယုန်တစ်ကောင်လို့ဆိုရင် ကျွန်တော်တို့ရဲ့ကြွယ်ဝတဲ့ညစာဟာလည်း ယုန်သားဟင်းတစ်ခွက် ဖြစ်နေခဲ့လိမ့်မှာပေါ့
ငါ့ရဲ့ရှုံးနိမ့်မှုမှာ အောင်ပွဲခံဖို့ အသင့်ပြင်ထားပြီးပြီ
စိတ်အရေပြားပေါ်က အမာရွတ်တွေ ဖိကပ်လိုက်တိုင်း နာကျင်ယောင်ယမ်းလာမှု
ဘယ်ရီသီးများ၊ ရေချိုးခန်းကြမ်းပြင်ပေါ်က အနီရဲရဲ tampon များ၊ ထိုင်းမှိုင်းထစ်အတဲ့ လှေကားထစ်များ၊ ဘတ်စ်ကားမှတ်တိုင်က မှန်ကွဲစများ၊ ကြက်သွေးရောင်အိပ်ယာခင်းများ၊ သဲလွန်စပဟေဠိတစ်ခု ချန်ထားခဲ့ဖို့ ပျက်ကွက်တဲ့ စိတ္တဇလူသတ်ကောင်များ၊ သိခြင်းများ၊ သိမှုလို့ယူဆရတဲ့ ထင်ယောင်ခြင်းများ။
အခန်းတံခါးဖွင့်ဝင်လာတဲ့ ငါ့ရည်းစားဟာ ငါ့ရဲ့လက်တွေကို အကြည့်တစ်နေရာမှာ ဖမ်းမိပြီးနောက် အံ့သြထိတ်လန့်စွာ ပြန်လှည့်ထွက်သွားခဲ့တယ်
ခြေထောက်ကိုဆွဲမြှောက်လိုက်ချိန်မှာ ကင်းမြီးကောက်တစ်ကောင်ရဲ့ ချွန်ထက်တဲ့အမြီးဟာ အသားထဲ စိုက်ဝင်လျက်သား
နာကျင်ရတော့မှာကို ငါ သိပ်ကိုတုန်လှုပ်မိသွားခဲ့တယ်၊ အဲဒီနောက်တော့ အဆိပ်တွေကိုစုပ်ယူလိုက်ပြီး ငါ့ရဲ့ကိုယ်ထဲ ပြန်ထိုးသွင်းလိုက်တယ်၊ နာကျင်မှုဟာ ငါနဲ့အတူ သေရာပါရှိနေတော့မယ့် သံသရာစက်ဝန်းရဲ့တံခါးဝပဲ၊ ငါ့ကို တစ်ယောက်ယောက်က ရိုက်သတ်သွားဖို့ မျှော်လင့်တယ်၊ ၀မ်းနည်းစရာကောင်းတာက ငါ ထောင်မြှောက်ပြဖို့ကြိုးစားနေတဲ့ အဆိပ်စူးဟာ ငါ့ရဲ့ကိုယ်ထဲမှာ စိုက်ဝင်နေခဲ့တာမို့ သူတို့ ဒါကို မမြင်နိုင်ကြဘူး၊ ဒီလိုနဲ့ ငါဟာ အဆိပ်မဲ့သတ္တ၀ါတစ်ကောင်အဖြစ် လျစ်လျူရှုခံခဲ့ရတယ်။
တစ်ယောက်ယောက်က အခြားတစ်ယောက်ကို တစ်ခုခုဖြစ်ပေးပါလို့ တောင်းဆိုပိုင်ခွင့် မရှိဘူး၊ ရှိတယ် စသဖြင့်
စကားဆုံးသွားတဲ့အခါ ဂြိုဟ်သားတစ်ကောင်ကို စိုက်ကြည့်သလို မှင်တက်နေကြတဲ့ မျက်လုံးတွေ
ငါ့ရည်းစား ငါ့ကိုအမြန်ဆုံးစွန့်ခွာသွားဖို့ကို မျှော်လင့်တယ်၊ အတူတကွအိပ်စက်ခြင်းဟာ ကိုယ်ကာယဆန်တဲ့ ရမ္မက်စိတ်သက်သက်ပဲဆိုတာ သူ နားမလည်ခဲ့၊
စူပါမားကက်တွေမှာ နို့မှုန့်တစ်ဗူး သွားရောက်ဝယ်ယူဖို့ကိုလည်း ငါ ဘယ်သောအခါမှ စိတ်မကူးဖြစ်ခဲ့
လူဟာ မျိုးပွားဖြစ်စဉ်အားဖြင့် အသက်ဇီဝသစ်တစ်ခု ဖန်တီးဖို့အစွမ်းသတ္တိရှိတယ်ဆိုရင်ဖြင့် အဲဒီအခွင့်အရေးကို ငါ ငြင်းပယ်မိမယ်
နာကျင်မှုဟာ ငါ့တစ်ဖို့တည်းနဲ့တင် လုံလောက်ပါပြီ
မီးဖိုခန်းဆီက ဟစ်စတီးရီးယားဆန်ဆန် ငိုသံတွေ
မျက်နှာကြက်မှာ လမ်းလျှောက်နေကြတဲ့ မိုးပျံပူဖောင်းတွေ
နောက်ဖေးလမ်းကြားတစ်လျှောက်ပြန့်ကြဲနေတဲ့ ရောင်စုံဆေးလုံးတွေ
တစ်ခုခုပြောဖို့ကြံရွယ်လိုက်ချိန်မှာပဲ တစ်ခုခုပြောပြီးသွားပြီဆိုတာ သိလိုက်တယ်
နေနဲ့ဆန့်ကျင်ရာအရပ်ဆီ ငါတစ်ယောက်တည်း လမ်းလျှောက်ထွက်လာခဲ့။ ။
တည်တံ့
မတ်၊ ၂၀၁၄
No comments:
Post a Comment