တစ်ယောက်ယောက်က သူ့ကို မနက်အစောကြီး
ကုတင်ပေါ်မှာ မျက်လုံးကြီး ပွင့်ရက်နဲ့ မျက်နှာကျက်ကို ကြည့်နေတာကိုတွေ့လိမ့်မယ်
ပြီးတော့ မေးလိမ့်မပေါ့ အစောကြီးနိုးနေတာလားဆိုပြီး
သူက ဖြေလိမ့်မယ် ဟုတ်တယ် လို့ ။
တစ်ညလုံးအိပ်မရတဲ့ ညတွေဟာ သူ့ခန္ဓာကိုယ်ပေါ်မှာ ပြေးလွှားနေခဲ့ကြ
သူ အဲ့ဒီညတွေကို သူ့လက်တွေနဲ့သပ်ချလိုက်တဲ့အခါ
တစ်စုံတစ်ယောက်က ဆောင့်ဆွဲလိုက်လို့အင်္ကျီကပြုတ်ထွက်သွားတဲ့ ကြယ်သီးတွေလို
စိတ်အဆင်မပြေမှုတွေ၊ အနာတရတွေ၊ အပစ်ပယ်ခံရမှုတွေ၊ အထီးကျန်မှုတွေ ထွက်ကျလာလိမ့်မယ်။
ကိုယ့်ကိုကိုယ် လိမ်ညာမှုဟာ အကြီးမားဆုံးသော လိမ်လည်မှုဖြစ်တယ်
ကိုယ့်ကိုကိုယ် လိမ်ညာတာဟာလည်း လူ့အဖွဲ့အစည်းကိုလိမ်ညာခြင်းဖြစ်တယ် လို့ အိုရှိုးက ဆိုတယ်
သူက ပြန်မေးချင်နေတာက ထပ်ဆင့်လိမ်ညာမှုတွေကို ဘယ်လိုခေါ်ဆိုရမလဲလို့ ။
ကိုယ့်ကိုကိုယ်လိမ်ညာနေတယ်ဆိုတာကို သူက ထပ်လိမ်ညာတယ်။ အဲ့ဒီလို လိမ်ညာမှုမျိုးကိုလည်း သူက
ထပ်လိမ်ညာချင်သေးတယ် သူ အရာရာမှာ နေသားကျလာတယ်ပေါ့
ဖုန်းခေါ်သံတွေကို ကြောက်ရွံ့နေတာကလွဲရင် လူတွေနဲ့ သူအဆင်ပြေပါတယ် ။
လူတွေနဲ့ ထိတွေ့ဆက်ဆံမှုမရှိတော့တဲ့အခါ သူ လူတွေနဲ့ အဆင်ပြေလာပါတယ် ။
အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်က သူ တစ်ချို့လူတွေနဲ့နောက်ဘယ်တော့မှစကားမပြောတော့ဘူးဆိုတဲ့
စာသားရေးထားတာကို သူဖတ်ပြီးတဲ့နောက်မှာ သူ ငြိမ်သက်သွားတယ် ။
ဒါမှမဟုတ်ရင်လည်း သူ ငြိမ်သက်သွားအောင် ပြုလုပ်ခံလိုက်ရတာလည်း ဖြစ်နိုင်ပါတယ် ။
အရင်တုန်းက သူ့မှာ စိုးရိမ်မှုတွေ ၊ပူပင်ကြောင့်ကြမှုတွေရှိခဲ့တယ်ဆိုတာကို သူပြန်မှတ်မိနိုင်သေးတယ်။
သူ့ရဲ့ပျက်ကွက်မှုတွေကို သူ အရမ်းစိတ်မကောင်းဖြစ်ခဲ့တယ် ။
မိသားစုအပေါ် ပျက်ကွက်မှုတွေ၊ သူငယ်ချင်းအပေါင်းအသင်းတွေအပေါ် ပျက်ကွက်မှုတွေ
အသက်အရွယ်အလိုက် မလုပ်ဖြစ်ခဲ့တဲ့ အလုပ်တွေ သူ ပြန်တွေးရင်း နောင်တတွေရခဲ့တယ်
စိတ်သေဆုံးခြင်းအပေါ် နေ့စဉ်ရေလောင်းပေးနေတာကတော့ လူတွေရဲ့ အတုအယောင်တွေပါပဲ
တစ်ချို့လူတွေနဲ့ ဟန်ဆောင်လက်ဆွဲနှုတ်ဆက်ပြီးတဲ့ နောက်မှာ သူ့လက်တွေသေဆုံးခဲ့တယ်
တစ်ချို့လူတွေက ဟန်ဆောင်ပြုံးပြတာကို ကြည့်မိပြီးတဲ့နောက်မှာ သူ့မျက်လုံးတွေ ကန်းခဲ့တယ်
ဒီကမ္ဘာမှာ မင်းမရှိလို့ မဖြစ်ဘူး လို့ သူပြောလိုက်တဲ့အချိန်မှာ သူ့ကောင်မလေးက
*ဘယ်သူမှ မရှိမဖြစ်ဆိုတာ မရှိပါဘူး၊ တစ်ချိန်ချိန်တော့လည်း ဝေးကွာသွားကြတာပါပဲ*လို့ပြောချလိုက်တယ် ။
အဲ့ဒီနေ့ကစပြီး ဘယ်သူမှမရှိတော့တဲ့ကမ္ဘာမှာ သူရှင်သန်ရတယ်
မိသားစုမေတ္တာငတ်နေတဲ့ မိဘမဲ့ကလေးတစ်ယောက်က အိမ်တစ်အိမ်ရှေ့မှာရပ်ရင်း
သူ့ကို ခေါ်ယူမွေးစားပါ၊ သူဘာမဆိုလုပ်ပေးပါ့မယ်လို့ပြောတဲ့အချိန် မှာ ခွေးနဲ့ ရှူးတိုက်ခံလိုက်ရသလိုပေါ့
အားလုံးကို စွန့်ပစ်ပြီး တစ်စုံတစ်ရာကို မျှော်လင့်နေတုန်း တစ်စုံတစ်ရာကပါ မျှော်လင့်ချက်မဲ့ သွားသလိုမျိုးပေါ့
သူ ကဗျာတွေလို့ လူတွေယူဆကြတဲ့ စာသားတွေကိုရေးခဲ့ပါတယ် အဓိပ္ပာယ်က သူနာကျင်ခဲ့ပါတယ်ပေါ့
နောက် သူစာသားတွေမရေးတော့ဘူး သူ့မှာနာကျင်စရာတွေမရှိတော့ဘူး
စိတ်ခံစားမှုမရှိတော့တဲ့နောက်ပိုင်းမှာ အရင်ကနာကျင်ခဲ့တာတွေဟာ သူသောက်နေကျ ဆေးလိပ်တွေဖြစ်လာတယ်
သူနားထောင်နေကျ သီချင်းတွေဖြစ်လာတယ် ။ သူဆော့နေကျ ဂိမ်းတွေဖြစ်လာတယ်
အသက် ၅ နှစ်လောက်ပဲရှိတဲ့ကလေးငယ်ကို သူ့အမေက ပါးဖြတ်ရိုက်လိုက်တဲ့ မြင်ကွင်းကိုလည်း
ဆေးလိပ်သောက်မပျက် ရပ်ကြည့်နိုင်ခဲ့တယ် ။
သူ့လက်ဖျံမှာ Status Quo ဆိုတဲ့စာသားကို တက်တူးထိုးဖို့အကြောင်း သူ့သူငယ်ချင်းတစ်ယောက်ကိုပြောပြမိတယ်
တက်တူးထိုးတာကိုမကြိုက်တဲ့အကြောင်း၊မကောင်းတဲ့အကြောင်း၊ ရောဂါရနိုင်တဲ့အကြောင်းတွေကို
သူကြားချင်တဲ့စကားတွေနဲ့ လဲပြီး သူနားထောင်ပေးခဲ့ရတယ် ။
လူတွေရဲ့ဆက်ဆံရေးဆိုတာ အတ္တဗဟိုပြု ဆိုတာ သူသိလာတယ် ။
လူတွေက သူတို့ကိုယ်သူတို့ ဗဟိုချက်လို့ထင်ပြီး အရာအားလုံးဟာ သူတို့ကို ဗဟိုပြုလှည့်ပတ်နေရတာလို့ထင်မြင်တယ်
တော်တော်စောက်အတ္တကြီးကြတာပဲ လို့ သူ အရက်တွေမူးတုန်းက လျှောက်အော်တယ် ။
နည်းပညာထုတ်ကုန်တွေနဲ့ အမှတ်တံဆိပ်နာမည်တွေကို သူရွံလာတယ်
အဲ့ဒါတွေဟာ သူ့ပတ်ဝန်းကျင်က လူတွေကို နေ့စဉ်အမဲလိုက်နေတယ် ဒါပေမယ့်
လူတွေက သူတို့ကိုယ်သူတို့ ၀ယ်ယူသုံးစွဲတယ်လို့ထင်နေကြတယ် ဂုဏ်ယူကြတယ်
လူအနည်းဆုံး လက်ဖက်ရည်ဆိုင် သူရွေးထိုင်တယ် ။ လူအရှင်းဆုံးလမ်း သူရွေးလျှောက်တယ်
ပြီးတော့ လူဖတ်အနည်းဆုံး ကဗျာတွေကို သူဖတ်တယ်။
အရင်နှစ်တွေတုန်းက ဒီအချိန်ဆို သူတောင်ပေါ်မြို့တစ်ခုမှာရောက်နေကြောင်း
စိမ်းလန်းတဲ့ ရှူခင်းတွေကို နွားနို့သောက်ရင်းကြည့်ခဲ့ကြောင်းတွေကို သူ ပြောတယ်
ပြီးတော့ ကျောင်းသားဘ၀ရဲ့ ဟာသတွေကို သူပြောတယ် ။
သူ ဟာ အတိတ်မှာပဲ နေထိုင်နေပြီး နေ့စဉ်ဘ၀ကို အလုပ်လုပ်ခြင်းနဲ့ဖုံးကွယ်ပစ်လိုက်တယ်
အခြေအနေကလည်း သူ့ကို ဒီလိုဖြစ်ဖို့တွန်းပို့ခဲ့တဲ့အကြောင်းနဲ့
သူ့ကဗျာတွေကို သူယုံကြည်မှုမရှိတော့တဲ့အကြောင်းလည်း ပြောတယ်။
တစ်စုံတစ်ခုအပေါ် သက်ဝင်မှုမရှိရင် ဆန့်ကျင်မှုမရှိရင်
အရွေ့သဘောမရှိရင် အပြောင်းအလဲမရှိရင်
သူဟာ လူသားဖြစ်ဖို့ တခြားသက်သေပြချက်တွေလိုလား လို့လည်း မေးတယ် ။
ပြီးတော့ သူဟာ ဘုရားသခင်အပေါ်သံသယရှိတဲ့ ခရစ်ယာန်တစ်ယောက်ဖြစ်တယ်လို့ လည်းပြောတယ်။
တစ်ယောက်တည်းစကားတွေပြောလို့ သူ့ကို ရူးနေပါပြီ လွှတ်ထားလိုက်ဆိုပြီး
သူ့မိသားစုက အကြည့်တွေနဲ့ ၀ိုင်းဝန်းချုပ်နှောင်တာ ခံနေရတယ်လို့လည်း ရယ်ပြီးပြောသေးတယ်
အရှက်တရားနဲ့ လိင်ကိစ္စဟာ အပြန်အလှန်လိမ်ညာနေကြကြောင်းလည်း ပြောတယ်။
နေ့စဉ် သူသေဆုံးဖို့ နေ့စဉ် သူပြန်မွေးဖွားခံနေရတယ်လို့ပြောတယ်
ကြောက်လန့်တကြားဖြစ်စရာတွေ ရုတ်တရက်ဝမ်းနည်းပြီးငိုချလိုက်စရာတွေ
မရှိတော့ဘူးလို့ သူ ပြောတယ် ။
ချစ်ခြင်းမေတ္တာဆိုတာ လူ့အဖွဲ့အစည်းမှာ သမီးရည်းစား နဲ့ ချစ်သူ ဆိုတဲ့
စကားလုံးတွေလောက်ကိုပဲ ကိုယ်စားပြုပေးနိုင်ကြောင်း ၊
တစ်ယောက်ဘ၀ကို တစ်ယောက်ချုပ်နှောင်သတ်ပစ်လိုက်ကြတာတွေကို သူအံ့သြကြောင်း
သူ ဘယ်တိရိစ္ဆာန်ကိုမှ အိမ်တွင် မမွေးဖူးကြောင်းလည်း ပြောတယ်
သူ့အသက်ရှင်ရပ်တည်မှုက အလုပ်တစ်ခုပြီးဆုံးသွားသလို ပြီးဆုံးသွားတဲ့အခါ
သူ့ မိသားစုက သူအသက်ရှင်နေတုန်းက မပေးလိုက်ခဲ့ရတဲ့ နွေးထွေးမှုတွေ နားလည်မှုတွေကို
မျက်ရည်တွေနဲ့ ပေးချင်ကြလိမ့်မယ် ။
ရှင်မရှိလို့မဖြစ်ဘူးဆိုတာ မသိဘူးလား ဘာလို့ထားခဲ့ရတာလဲဆိုပြီး ငိုနေတဲ့မိန်းမတစ်ယောက်ကိုလည်း
လူတွေက ဂရုဏာသက်ကြလိမ့်မယ်
သူ့အလောင်းကောင်ကြီးကိုလည်း ခဏတဖြုတ်ကြည့်ကြသူတွေရှိလိမ့်မယ်
ဒီစကားတွေ သူပြောတာပါ ။
ပြီးတော့ ...
အဝေးကို သူငေးကြည့်နေတယ်
ဘာကိုမှ မြင်နိုင်မှာ မဟုတ်တဲ့ မျက်လုံးတွေနဲ့ ..။
ရင်ခွင်ရှိန်း
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...

-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment