သိမ်ငယ်စိတ်ဟာ အခန်းထောင့်မှာ
တိတ်တိတ် ကလေး ခွေလို့
မင်းဟာ ဘယ်လို ပျော်ရွှင်မှုတွေနဲ့များ
ချစ်ခြင်းမေတ္တာကို တိုင်းတာခဲ့တာလဲ
လက်ထဲမှာ ဆုပ်ကိုင်ထားသမျှ
တစ်နေ့ပြီးတစ်နေ့ တန်ဖိုးတွေ ပိုပို လျော့ကျသွား
မင်းဟာ ဘယ်လို အထင်ကြီးမှုတွေနဲ့များ
ပျော်ရွှင်မှုကို အခွင့်အရေးပေးတတ်သလဲ
သိမ်ငယ်စိတ်ဟာ အခန်းထောင့်မှာ ခွေခွေကလေး ဖြေလို့
ကိုယ်နဲ့ မသက်ဆိုင်တဲ့ ရုပ်သံလိုင်းက
ဖျော်ဖြေမှုအစီစဉ်တွေ ကိုယ် ကြည့်မိနေတယ်
သောက်လက်စ ကော်ဖီခွက်တွေဆို လက်နဲ့ တွန်းထိုးမှောက်ပစ်လိုက်ချင်နေတဲ့
စိတ်ပြဿနာ
အတိတ်တွေကစပြီး အနာဂတ်တစ်ခုလုံးအထိ မေ့သွားချင်တဲ့ ရောဂါမျိုး
ကျရှုံးပြီးသားအရာတွေကို ပုန်းရှိုးကွယ်ရှိုး
ဘယ်နေရာတွေမှာသွားပြီး ၀ှက်ထားလိုက်ရမလဲ
ကျန်ရစ်ခဲ့သမျှ အဓိပ္ပါယ်ဖွင့်ဆိုမှုတွေအားလုံးဟာ
ဖေါက်လွဲဖေါက်ပြန် အသက်သွေးကြောတွေထဲမှာ
ပိတ်မိနေတယ်
တံဆိပ်ခေါင်းကပ်မထားတဲ့ စာအိတ်ကလေးကို
ဘယ်ကို ပို့လိုက်ရမလဲဆိုတာ မသိတော့ဘူး
မျှော်လင့်မိသမျှ အရာအားလုံးဟာ ဖွင့်ဖေါက်ခြင်းမခံရသေးဘဲ
ဆွေးမြေ့သွားတယ်
မလိုအပ်ရင် ဘယ်တော့မှ စောက်ဂရုမစိုက်တတ်ပါနဲ့
မင်းရဲ့ သရုပ်မှန်ခံစားမှု မင်းရဲ့ အရေးတယူ ပြုမှုတွေကို
ဘယ်လို အထင်ကြီးမှုတွေကိုများ
ဘယ်လိုအရာတွေနဲ့ ရင်းနှီးပစ်လိုက်ရမလဲ
လက်ထဲမှာ ကိုင်ထားတဲ့ မေတ္တာတရားဟာ
ရှေ့ဆက်ပြီး တန်းဖိုးတွေ လျော့ကျသွားတော့မယ်
ဒီအခြေအနေ ဒီအနေအထား တွေပဲ
*လူကြီးမင်းခေါ်ဆိုသော ဆယ်လူလာဖုန်းနံပါတ်မှာ စက်ပိတ်ထားပါသဖြင့် ခေါ်ဆို၍ မရနိုင်ပါ*
နာကျင်မှုဟာ အခန်းထောင့်လေးမှာ မပြောမဆို ခွေကျ
လက်ဝှေ့သမားတစ်ယောက်ရဲ့ ဂုဏ်သက္ခာဟာ
ဘယ်လောက်ပဲ အထိနာနာ
ပွဲချိန်မပြည့်မခြင်း ဆက်လက်အထိုးခံနေဦးမယ့် သစ္စာတရား
ဂုဏ်သက္ခာတရားတွေအား လုံး ဖိနောက်နဲ့ ဖိခြေပစ်လိုက်မယ်သိမ်ငယ်စိတ်ဟာ သိပ်ငယ်လွန်းတယ်
ဘယ်ထောင့်မှာ ခွေနေလို့ ခွေနေမှန်းမသိ
မှူးသစ်
No comments:
Post a Comment