Tuesday, November 26, 2013

လူငယ်တစ်ယောက် ကျကွဲသွားတဲ့ မြို့


November 24, 2013 at 9:24pm





အကျအရှုံးများတယ် လူငယ်တစ်ယောက် ကျကွဲသွားတဲ့ မြို့ဆိုတာ ထက် ပိုပြီး
တိတိကျကျ ဖွင့်ဆိုရမယ့် စကားလုံးတွေမရှိဘူး
ကိုယ့်နားထင် ကိုယ်ပြန်တေ့ထားတဲ့ ပစ်မှတ်တောင် လွဲချော် နေရတဲ့ မြို့ပေါ်မှာ
လမ်းလယ်က ဂီယာထိုးသံတွေလို စောင့်ကြီးအောင့်ကြီး နိုင်လွန်းတဲ့ မြို့ပေါ်မှာ
သိပ်မထူးဆန်းတဲ့ ဖြစ်ရပ်မျိုးနဲ့
လူကူးမျဉ်းကျားမှာ လိုအပ်တဲ့ အချိန်တွေထက် ပိုပြီး တွေဝေရပ်ဆိုင်းနေမိတယ်။
ပုခုံးခြင်းတိုက်ခံရရင်တောင် ပလက်ဖေါင်းပေါ်ကနေ ပြုတ်ကျသွားတော့မလောက် အခြေအနေ
ယိုင်နဲ့နေတဲ့စိတ်ဟာ တိမ်တိုတိမ်စတွေလို ပြိုကွဲတော့မလိုဖြစ်
ကိုယ့်လက်ဖ၀ါးကို ကိုယ်ပြန်ပြီးကျစ်ကျစ်ပါအောင် ဆုပ်ထားရတယ်။
ကိုယ်ဟာ အသက်အရွယ်တွေကြီးရင့်လာတဲ့ လူငယ် အသက်မှာလိုနေတဲ့ ရေဓါတ်လို
နာကျင်မှုကို သတိရတိုင်း အချိန်အခါမရွေး သောက်သုံးဖြစ်ပါတယ်။
ဆိုလိုချင်တာထက်ပိုပြီး ငြိမ်သက်လာတယ်။
အဲ့ဒီထက်ပိုပြီးတော့လည်း ငြိမ်သက်တတ်အောင်ကြိုးစားရမယ်။
လူငယ်တစ်ယောက်ဟာ မြို့ပေါ်မှာ ကျကွဲသွားတယ်။ မီးပွိုင့်တွေ စိမ်းသွားတယ်
ဘတ်(စ်)ကားတွေက အစ တန်ဖိုးကြီးမော်တော်ယဉ်တွေအဆုံး ရွေ့လျားသွားကြတယ်။

ကိုယ်စတင် ရွေ့လျားလိုက်ဖို့ အချက်ပြခလုတ်မှာ လမ်းတွေပါမလာဘူး
လူငယ်တွေဟာ ဒီမြို့မှာ ကျကွဲနေကြ ။
စိတ်ကျကဖေးရဲ့  တည်နေရာဟာ ထရိတ်တားဟိုတယ် အရှေ့တည့်တည့် ဆာကူရာ တာဝါအောက်မှာ ရှိတယ်။
အရေးကြီးမှုတွေကို ငွေနှစ်ရာနဲ့ ၀ယ်ယူလို့မရဘူးဆိုတဲ့အကြောင်း
လိုင်းကားဒရိုင်ဘာတွေရဲ့ လီဗာပုတ်သံလိုမျိုး သမ္မတမိန့်ခွန်းတွေကနေ တဆင့်သိလာတယ် ။
ဒီမြို့မှာ လူငယ်တွေဟာ ပွတ်တိုက်ခံရသလောက်
ဘာကုန်ချောမှ ထွက်မလာတဲ့ သစ်သားစ တွေ.. ဒီလိုပဲ လေနဲ့အတူ လွင့်ပါ..။
မရွေ့လျားတတ်တော့ လူကူးမျဉ်းကျားပေါ်မှာရပ်ပြီး ခဏခဏ တွေဝေနေမိတယ်။
ဆန္ဒထုတ်ဖေါ်ပွဲတွေကို ငေး ကြည့်ပြီး တွေဝေတယ်။
ကင်မရာမီးပွင့်သံ ၊ လက်ခုပ်သံ၊ ကြွေးကျော်သံ၊ လူခေါ်သံ၊ ဖန်ခွက်ခြင်းတိုက်သံ၊ ဖုန်းပြောသံ
အကြားအာရုံထဲရောက်ရှိလာသမျှကို ဘာကိုမှ ခွဲခြမ်းစိတ်ဖြာ နိုင်စွမ်းမရှိနိုင်လောက်အောင် တွေဝေနေတယ်။
ကိုယ်ပိုင်ကားပေါ်က ဆင်းလာတဲ့ မျက်လုံးတွေကို ယှဉ်ကြည့်လိုက်ရမှာ ကြောက်လန့်
ရုပ်သေဆန်လွန်းတဲ့ ဘတ်(စ်)ကားပေါ်က မျက်ဝန်းတွေဟာ..
လမ်းပေါ်က စကားလုံးတွေဟာ ..တစ်နေ့ပြီးတစ်နေ့ စိမ်းနေတယ်။
မစဉ်းစားမိသေးတဲ့ အကြောင်းအရာတွေကို စဉ်းစားကြည့်ဖို့ စက္ကန့်ငယ်တစ်ခုစာတောင် အချိန်မရတဲ့မြို့ ။
ယုံကြည်ချက်ကို ခံတပ်လိုဆောက်ပြီး ရပ် မနေနိုင်တဲ့မြို့ ။
မိသားစုကို စပေါ်တင်ပြီး မတည်ဆောက်နိုင်တဲ့ မြို့ ၊
လကုန်ရက်တွေကို ကမ္ဘာပျက်သလို ကျော်ဖြတ်နေရတဲ့ မြို့
လူ့အခွင့်အရေးကို ဆိုင်းဘုတ်တင်ဖို့ အရောင်ရွေးတဲ့မြို့
ဘုရားဟောတရားကို ဓါးသွားပေါ်တင်လို့ရအောင်ကြိုးစားနေတဲ့မြို့
ငြိမ်းချမ်းရေးကို စကားလုံးရွေးခြယ်ပြီး စတေကာကပ်ဖို့ကြိုးစားနေတဲ့မြို့
အဲ့ဒီမြို့မှာ လူငယ်တစ်ယောက်ဟာ တစ်စတစ်စ ကျ ကွဲနေရတယ်။
ဆိုလိုချင်စရာတွေ တစ်စတစ်ရှားပါးလာတယ်
ငွေစက္ကူပေါ်က တံဆိပ်တွေနီးပါး ဓါတ်ရိုက်ဓါတ်စင် သက်သက်များလားလို့တောင် ထင်ရောင်ထင်မှားဖြစ်မိ
နာကျင်မှုနဲ့ မကျေနပ် စိတ်ကို ဖြတ်တောက်ပစ်ဖို့ ပုဒ်မ တစ်ခု ပေးရမယ့်မြို့
လိုင်စင်ရ သေနတ်တွေကို ခေါင်းအုံးအောက်မှာ ထားရှိကြဖို့ လိုအပ်နေတဲ့မြို့
အဲ့ဒီမြို့မှာ လူငယ်တစ်ယောက်ဟာ ကျ ကွဲ နေရ တဲ့အကြောင်း
လူငယ်တွေဟာ ကျ ကွဲနေရ တဲ့အကြောင်း...
အသက်မှာလိုနေတဲ့ ရေဓါတ်လို နာကျင်မှုကို သတိရတိုင်း သောက်သုံးရင်း
လူကူးမျဉ်းကျားတွေပေါ်မှာ မရေမရာရပ်လို့ ခဏခဏ တွေဝေနေမိတယ်။

မှူးသစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...