Wednesday, November 13, 2013

"ငါ့ကို ပြောပြပေးပါဆိုတဲ့အကြောင်းကိုလည်း ငါဘယ်သူ့ကိုမှ ပြောမပြချင်ဘူး"






နာကျင်မှုက ဘ၀ထဲမှာ ဖြတ်ပြီး ပျံသန်းသွားတဲ့အခါ
ဒဏ်ရာတွေကို  ခေါက်ဓါးတစ်လက်လို အသုံးပြုပြီး
လက်ဖျံရိုးသွေးကြော ခလုတ်ကလေး ဖြုတ်လိုက်တယ်
ယို့ယွင်းနေတဲ့ ဘောလုံးအသင်းက ရှေ့တန်းတိုက်စစ်မှူးတွေလို
နောက်တန်းမှာပဲ ဆင်းပြီး ပြန်ပြန် ကာနေရတယ်
စိတ်မှာ မလုံခြုံမှုတွေနဲ့ ကိုယ်ပူချိန်မြင့်တတ်လာတဲ့ ထရော်မာ
အရာအားလုံးဟာ သိုသိုသိပ်သိပ် ကိုယ့်တံခါး ကိုယ်ပြန်ပိတ်ထား လိုက်ရတော့မယ်
လူဟာ မီးခိုးငွေ့ကလေးတွေထပ် ပိုပြီး လွင့်မျောလွယ် သလား

လူဟာ အယုံအကြည်ရှိစရာမကောင်းတဲ့ စကားလုံးထပ် ပိုပြီး နာကျင်လွယ်သလား
လူဟာ ကိုယ်ကျင့်တရားတွေထပ် ပျက်စီးလွယ်သလား
လူဟာ ကစားပွဲတွေထပ် ကျရှုံးလွယ်သလား
လူဟာ.. လူဟာ လူတွေ ထပ် ပိုပြီး လူမဆန်တတ်သလား
ငါ့ကို ပြောပြပေးပါဆိုတဲ့အကြောင်းကိုလည်း ငါဘယ်သူ့ကိုမှ ပြောမပြချင်ဘူး
ကမ္ဘာမြေကနေ လွတ်ထွက်နေတယ် လူ့ပတ်ဝန်းကျင်နဲ့ လွတ်ထွက်နေတယ်
လူ့အဖွဲ့အစည်းနဲ့လည်း လွတ်ထွက်နေတယ် ၊လူ့ယဉ်ကျေးမှု၊ အောင်မြင်မှု၊ နားလည်မှု ၊
စကားလုံးတွေနဲ့ ဆယ်ယူမှု အရာအားလုံးကနေ လွတ်ထွက်နေတယ်
နောက်ဆုံး ငါ့ကိုယ်ငါတောင် လွတ်ထွက်နေသလားဆိုတာ တွေးတောစရာ အရေးတကြီးဖြစ်ပျက်
ဘ၀မှာ မခံမရပ်နိုင်လောက်တဲ့ နာကျင်စရာတွေ ရရှိလာတဲ့အခါ
အဲ့ဒီထက် ပိုပြီး နာကျင်စရာကောင်းမယ့် အဖြစ်အပျက် တစ်ခုခုကို လိုချင်တောင်းတမိနေတယ်
ဒဏ်ရာပေါ်မှာ ဒဏ်ရာတစ်ခုကို မွေးမြုလိုက်သလိုမျိုး
အဲ့ဒီလို စိတ်ခံစားမှုမျိုးဟာ သဘာဝမကျဘူး ဆိုရင်လည်း ဘ၀ထဲမှာ ရလာဖို့ လိုတယ်
သဘာဝစနစ်ထဲ ရုန်းကန်နေရတဲ့ သားရဲတွေရဲ့ ဒဏ်ရာတွေလို ငါ ဘယ်လိုဆေးကုသမှုမျိုးမှ မလိုချင်ဘူး
မြင်နေရတဲ့ ဒဏ်ရာတွေကို ကုသခြင်းဟာ မမြင်ရတဲ့ ဒဏ်ရာတွေ ကို သစ္စာဖေါက်ခြင်းပဲ
ငါယူဆတယ် စိတ်ဖျားလူနာ ဆိုတာ ဘယ်ဆေးရုံမှာမှ မရှိနိုင်ဘူး
ယူဆချက်တွေနဲ့ ပရိဇီဝဆေးဝါးတွေကို ငါ  ငြင်းပယ်တယ်။
ငါဟာ အရောင်ပျက်နေတဲ့ ဖိနပ်တစ်ရံလို ဒဏ်ရာတွေအပေါ်မှာ ဆိုးဆေးတွေ အသုံးမပြုချင်ဘူး
စိတ်မှာ ဒဏ်ရာတွေကို သံမှိုဆွဲထားတယ် စိတ်ဖျား စိတ်နာ ထရော်မာ
လူဟာ အထပ်မြင့်တိုက်တွေထပ် ပိုပြီး တည်ဆောက်ရခက်သလား
လူဟာ တိမ်တိုက်တွေထပ် ပိုပြီး ရှင်သန်ရခက် သလား
လူဟာ ကင်းဘတ်ပေါ်က စုတ်ချက် တွေထပ် အဓိပါယ်ဖွင့်ဆိုရ ခက်သလား
လူဟာ လူဟာ .. လူတွေထပ် ပိုပြီး ပျော်ရွှင်ရခက် သလား
ငါ့ကို ပြောပြပေးပါဆိုတဲ့အကြောင်းကိုလည်း ငါဘယ်သူ့ကိုမှ ပြောမပြချင်ဘူး
လူဆန်တဲ့ စိတ်ခံစားမှုများကနေ လွတ်ထွက်ချင်နေတယ်
စကားလုံးသက်သက်များဟာ နာကျင်မှုကို ဆယ်ယူနိုင်ဖို့ ဘယ်လို အခွင့်အရေးမှမရှိ
တစ်စုံတစ်ရာ ပြောဆိုကြည့်ဖို့ ဆန္ဒရှိလာတဲ့အခါ ....
နောက်ဆုံး စာရွက်တွေကနေ စဖတ်ပါ စာမျက်နာတွေမှာ နာရေးပါလာတယ်။



မှူးသစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...