Friday, November 1, 2013

ရေပေါ်ဆီ တီရှပ်

ရေပေါ်ဆီ တီရှပ်

September 25, 2013 at 11:52am


ရေပေါ်ဆီ တီရှပ်
ထင်မြင်ယူဆချက်တွေဟာ ကိုယ့်ကိုယ်ကိုယ် စိတ်ပူနေရလောက်အောင်
မြင့်တက်လာတဲ့ စိုးရိမ်စရာ ကိုယ်ပူချိန်။ ဘာတွေကိုယုံကြည်သလဲလို့မေးလာရင်
ခေါင်းတွေကို အလိုလို ခါထုတ် ခန္ဒာကိုယ်တစ်ခုလုံးမှာ အသက်ရူကြပ်ချင်လာတယ်
လတ်တလောအိပ်မက်တွေမှာ ယုံကြည်ချက်နဲ့ ကိုယ့်ကိုယ်ကိုယ်  ပြန်ဆယ်ယူနေရ
ကိုယ်ချင်းစာတရားကို ငွေကြေးနဲ့ ၀ယ်ယူထားတဲ့ လူ့ရေပေါ်စီပေါ်တွေရဲ့ ယဉ်ကျေးမှု
လက်ခုပ်သံတွေမှာ ငွေကြေးနဲ့ အာဏာရနံ့တွေရနေတယ်။
ငါလည်း ၀ယ်ယူခံလိုက်ရပြီလားဆိုတာကို အလန့်တကြားဖြစ်မိနေတယ်။
လူတွေဟာ မယုံကြည်ရဘူး ငါ့မိတ်ဆွေတွေတောင် တီရှပ်ကိုယ်စီနဲ့
ငါ့မှာ မသိမသာနဲ့ ခပ်တိုးတိုးလေး ရေရွတ်နေရတယ်။

ပြုပြင်ပြောင်းလဲရေးမှာ ယုံကြည်ချက်ဟာ အလဲအလှည် ဦးထုပ်ဆောင်းသလို
အလဲအလှယ် ဖိနပ်စီးသလို ၊ နိုင်ငံတော်အေးချမ်းသာ ယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကနေ
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အထိ အလုပ်ဖြစ်နေတဲ့အရာတွေကြားထဲ
ခြေနှစ်ချောင်းရပ်စာ နေရာပျောက်နေတဲ့ လူတန်းစားတွေပဲ အဆီထုတ်ခံနေရတယ်
အိမ်ပြန်မယ်ဆိုပြီး ပြန်စရာ အိမ်မရှိတဲ့ လူတွအတွက်တော့
ပြည်သူ့ဆန္ဒဆိုတဲ့ စကားလုံးတွေဟာ အပေါစား ဟာသဆန်တဲ့ မျှော်လင့်ချက်
အလုပ်သမားလူတန်းစားနဲ့ အခြေခံလယ်သမားတွေဟာ
ပေါ်ပင်နိုင်ငံရေးသမားတွေရဲ့ ကိုယ်ရောင်ကိုယ်ဝါ မြှင့်တင်ဖို့ အသုံးချခံနေရတဲ့ ပေါ်လစ်ဆီအဖြစ်ကိုရောက်ရှိ
ငြိမ်းချမ်းရေးဟာ ဒုက္ခသည်တွေထံကို ဘာတီရှပ် မှမရောက်သေးဘူး ဆိုတဲ့အကြောင်း
စာရွက်ပေါ်တင်လာတဲ့ နဖူးစီးစာသားများ ၊ ဗီနိုင်းစပေါ်မှာ စာတမ်းထိုးထားတဲ့ သတင်းမျက်နာဖုံးများ
ဘာတီရှပ်မှ ၀တ်ဆင်မှုမပြုလုပ်ဘဲ ငါဝမ်းနည်းပြချင်တယ်
၂၀၁၀ ခုနှစ် အလွန် မြန်မာ့နိုင်ငံရေးဟာ ကာလာစုံ တံဆိပ်စုံ တီရှပ်အင်္ကျီတွေ ရောင်းသွက် လို့
လူတွေဟာ ကျေကျေနပ်နပ် ၀င်ဆင်နေကြတယ်
တီရှပ်တွေဟာ တံဆိပ်အမျိုးမျိုးရှိတယ်။တီရှပ်တွေဟာ အရောင်အသွေး မျိုးစုံရှိတယ်။
တီရှပ်ပေါ်မှာ ငြိမ်းချမ်းရေးရှိတယ်။ တီရှပ်ပေါ်မှာ တော်လှန်ရေှးရှိတယ်
တီရှပ်ပေါ်မှာ ပေါ်ပင် ကိုယ်ခြင်းစာတရားတွေရှိတယ်၊ တီရှပ်ပေါ်မှာ အစွန်းရောက်ဘာသာတရားတွေရှိတယ်။
တီရှပ်ပေါ်မှာ ခွပ်ဒေါင်းတွေရှိတယ်။ တီရှပ်ပေါ်မှာ ခြင်္သေ့တွေရှိတယ်
တီရှပ်တွေဟာ မြန်မာ့နိုင်ငံရေး ရဲ့ အရေးပါအရာရောက်တဲ့  အပေါ်ယံ ဆေးစိုးပန်းရိုက် ယုံကြည်ချက်
တီရှပ်တွေဟာ မယုံကြည်ရဘူးလို့ ငါအထပ်ထပ်ပြောနေတယ်။
တီရှပ်တွေ ဟာ အပေါ်ယံအလွှာဆန်တယ်။ တီရှပ်တွေဟာ ရေပေါ်ဆီဆန်တယ်
တီရှပ်တွေနဲ့အတူ နိုင်ငံရေး စီးပွားရေး လူမှုရေး ..တော်လှန်ရေး ငြိမ်းချမ်းရေး ဘာဆိုဘာမျှ.
နောက်ဆုံး ငါ့ကိုယ်ငါတောင် ယုံကြည်ပစ်လိုက်လို့မရဘူး။ အဆင်ပြေသလိုရွေ့လျားနေကြရတယ်
မြန်မာ့ဒီမိုကရေစီရေးမှာ အရောင်းပြောင်းလာတဲ့ တီရှပ်နဲ့ ကျော်ကြားသူတွေဟာ
သတင်းစာမျက်နာ မျက်နာဖုံးတွေမှာ တခမ်းတနား ၊
ဒီမိုကရေစီနဲ့လူ့အခွင့်အရေးဟာ Celebrity တွေနဲ့ အင်တာဗျူး အမေးအဖြေသက်သက်၊
ပွဲတော်တွေလည်း တခမ်းတနားပဲ စကားလုံးတွေ အီလစ်တွေ နိုင်ငံရေးသမားတွေ
ကျော်ကြားသူတွေ ငွေကြေးတွေ မိန့်ခွန်းတွေ ကိုယ်ခြင်းစာတရားတွေ
စကားလုံးအစွန်းရောက်တွေ ဆိုရှယ်နက်ဝပ်တွေအားလုံးကို အရောင်ပြထားတဲ့
ပွဲတော်တွေဟာ တခမ်းတနား ကိုယ့်ကိုယ်ကိုယ် အရောင်တင်နိုင်သမျှ တင်ဖို့ ကြိုးစားနေကြတယ်။
တစ်ချို့လူတွေဟာ တီရှပ်တွေကို အသုံးပြုပြီး ငွေကြေးနဲ့ ကျော်ကြားမှုကို ရယူနေတယ်
တစ်ချို့လူတွေဟာ တီရှပ်တွေကို အသုံးပြုပြီး အာဏာနဲ့ လက်ခုပ်သံတွေကို ရယူဖို့ကြိုးစားနေတယ်။
အခြေအနေတွေဟာ အံသြစရာမလိုတဲ့ အံသြထူးဆန်းဖွယ်ရာအနေအထား
နိုင်ငံတော်သမ္မတကြီးရဲ့ ပြည်သူ့အခြေပြု မိန်းခွန်းတွေအောက်မှာပဲ
တစ်ချို့ပြည်သူတွေဟာ အိုးပျောက်ခွက်ပေါက် အိမ်ပျောက်လယ်ပျောက် နဲ့
လူတွေလည်း ဆန္ဒကလွဲပြီး တစ်ခြားဘာကိုမှ မထုတ်ဖေါ်တတ်တော့ဘူး
ဒီလိုနဲ့ပဲ တီရှပ်တွေဟာ နေရာရလာတယ် တီရှပ်တွေဟာ ရေပေါ်ဆီဆန်လာတယ်
မကြာခင်ငြိမ်းချမ်းတော့မယ် ရန်ကုန်မှာ ကဗျာတွေရေးပေးနေတယ် ရန်ကုန်မှာ လမ်းတွေလျှောက်နေတယ်
မကြာခင်.. မကြာခင်.. မကြာတော့ပါဘူး ခင် ရယ်လို့သာ ဟားပစ်ချင်
ဘယ်တော့များမှ နေရပ်စွန့်ခွါတွေ အခြေတကျ အိမ်ကိုပြန်ရောက်မလဲ ဆိုတာ မသိသေးဘူး
နိုင်ငံရေးဟာ ကိုယ့်အကြောင်းကိုယ်ရေးပြီး ကိုယ့်အရောင်ကိုယ်တင်ဖို့်
ငြိမ်ချမ်းရေးနဲ့ ကိုယ်ခြင်းစာတရား၊ ငွေးကြေးနဲ့ ကျော်ကြားမှု များမှာ
ဘယ်အရာတွေက ကြားခံကိရိယာတွေဖြစ်မလဲ
ရေပေါ်ဆီတီရှပ်တွေဟာ လမ်းတွေပေါ် လူတွေပေါ် အရောင်တလူလူလွင့်လို့
မြေ မြှု့ပ်မိုင်းတွေကို စင်မြင့်ပေါ်ကနေ ဆယ်ယူဖို့ကြိုးစားနေကြတယ်။

မှူးသစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...