
အင်တာနက်ဆိုတာကြီး စတင်ပေါ်ကာစ တုန်းက ဆိုလျှင် ကိုကျော်မောင်တို့ ရွာအတွက်တော့ အထီးမှန်း အမမှန်းမသိ ကြောက်လန့်စရာကြီးသက်သက်သာဖြစ်ခဲ့သည်။
ကိုကျော်မောင်တို့ ရွာဆိုသည်က ရွာဆိုသော်လည်း
နယ်မြိုလေးတစ်ခုစာနီးပါးလောက် အနေအထားရှိသည်။ စီးပွားရေးအရလည်း တောင့်တင်းသည့်
အခြေအနေများရှိသည်။ ရွာသူရွာသားတွေအနေနဲ့ကလည်း စည်းစည်းလုံးလုံး စုစုစည်းစည်း ရှိသည်ဟု ဆိုရမည်။ သူ့အရပ်နှင့်သူ့ဇတ်အခြေအနေများကတော့ အားလုံး အဆင်ပြေပြေရှိနေကြသည့် ရွာကလေးတစ်ရွာပင် ဆက်သွယ်ရေး
ကလည်း လွယ်လွယ် ကူကူ အဆင်ပြေသော အခြေအနေမှာရှိသည်။ ခေတ်နှင့်လိုက်မမီသည့်အရာတစ်ခုဆို၍
ကိုကျော်မောင်တို့ရွာသား အနေနဲ့ နည်းပညာများနဲ့တော့ အလှမ်းဝေးလွန်းသည်။
ဆိုတော့ အင်တာနက်ဆိုတာကြီးနှင့်ပြန်ဆက်ရလျှင်တော့် ကိုကျော်မောင် တို့ရွာ အတွက်ကတော့ ဒါကြီးဘာကြီးလဲဟု
မေးကြရသည့် အနေအထား အင်တာနက်နှင့် ထိစပ်ရသည့် ရွာသား ဆိုသည်ကလည်း မရှိသလောက်နည်းသည်။
လုံးဝမရှိဘူးဆိုတော့လည်းမဟုတ် နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်နေကြတဲ့ လူတွေကို ဆက်သွယ်ကြသည့်
သူတွေတော့ရှိသည်။ ဒီလူတွေရဲ့ တစ်ခွန်းစကား တစ်ခွန်းနားဖြင့် အင်တာနက်ဆိုသည့် အကြောင်းအရာ ကိုကျော်မောင်တို့ ရွာသို့
ရောက်ရှိလာခဲ့လေသည်။
ကိုကျော်မောင်တို့ ရွာကို အင်တာနက်ဆိုသည့် စကားလုံးကြီး စတင်ရောက်ရှိလာချိန်တုန်းကတော့
ရွာကလူတွေအတွက် အထူးတဆန်း မီးကိုစမြင်ဖူးကစ လူရိုင်းတွေလို မထိရဲမတို့ရဲ သည့်အရာတစ်ခုလိုဖြစ်နေသည်.။
ဒါသည်ပင်မက အင်တာနက်ဆိုသည်က ကလေးတွေကို ခြောက်လှန့်ကြသည့် ဒေဝေါကြီးအလား
ရွာသားအခြင်းခြင်းကြားမှာ အပြန်အလှန့်ခြောက်လန့်ကြသည့် အရာတစ်ခုလိုဖြစ်နေသည်။
တစ်ခုခုဆိုလျှင်
"အင်တာနက်ပေါ်ရောက်သွားမယ် ဘာမှတ်လဲ"
"အင်တာနက်ကနေ ဖြန့်လိုက်ရမလား" စသည်ဖြင့် အသုံးပြုပြောဆိုလေ့ရှိကြသည်။
ရွာက လုံမပျိုတစ်ယောက် ၀တ်တာစားတာ အနည်းငယ် ဟော့ဟော့ရမ်းရမ်း ဖြစ်သွားပြီဆိုရင်တော့
"ဒီကောင်မလေးတော့ အင်တာနက်ပေါ်ရောက်တော့မယ် "
"အင်တာနက်ပေါ်ရောက်သွားမှ မှတ်မှာ" စသည်ဖြင့် မှတ်ချက်ပြုပြောဆိုတတ်ကြသေးသည်။
ဒါတွေပင်မကသေး အင်တာနက် အခွေဆိုပြီး ရွာက အခွေငှားဆိုင်တွေ ရောက်လာပြီဆိုလို့ကတော့ တန်းစီဇယားဖြင့်
လက်မလည်အောင်ငှားရသည့် အခြေအနေမျိုး။ အဲ့ထိလောက်ထိအောင်ပင် အင်တာနက်က ကိုကျော်မောင်တို့ရွာကို ဆွဲဆောင်ထားနိုင်သည်။ ဒီကြားထဲ နိုင်ငံခြားရောက်သူတွေကို ဆက်သွယ်ဖို့ မြို့တက်ပြိး အင်တာနက်ကနေ ဖုန်းပြောသူတွေကလည်း ရွာကိုပြန်ရောက်တဲ့အခါမျိုးမှာ ရိုးရိုးတန်းတန်းပြန်မလာ ပြန်ရောက်ပြီဆိုတာနဲ့
အင်တာနက်ပေါ်က အကြောင်းတွေကိုအားရ၀မ်းသာ ကြွားလုံးထုတ်တတ်ကြသေးသည်။
ဒါကလည်း ကိုကျော်မောင်တို့ ရွာအတွက် အင်တာနက် ပိုး ပိုမိုပြန့်ပွားစေမည့်အကြောင်းအရင်းတစ်ခု
ဖြစ်လာလေတော့သည်။
သိကြသည့် လူဆိုသည်က တစ်ခြားလူမသုံးဖူး မကိုင်တွယ်ဖူးသည့် အသစ်အဆန်းတစ်ခုခု အသုံးပြရပြီဆိုရင် လိုတာထက်ပိုပြီး ပြောဆိုတတ်ကြသည်မှာ သဘာဝပင်မဟုတ်ပါလား ။
ဒီလိုအခြေအနေအမျိုးတွေမှာ ရှိနေတော့ ကိုကျော်မောင်တို့ ရွာကလူတွေအတွက် အင်တာနက်နဲ့ ထိစပ်ခွင့်ရရေးမှာ
မျှော်လင့်ချက်အိမ်မက်ကြီးတစ်ခုဖြစ်နေသည်။ ရွာက သူကြီးအပါအ၀င် ရွာမျက်နာဖုံး သူဌေးတွေကပင် အခွင့်သာလျှင် ရွာမှာ အင်တာနက်အသုံးပြုနိုင်ရေး ကြိုးစားချင်နေကြသည့်အနေအထား။ သို့သော် ရွာသားတွေအတွက် အင်တာနက်အသုံးပြုနိုင်ဖို့ အခက်အခဲတွေကလည်းအများကြီး ဆက်သွယ်ချိတ်ဆက်ဖို့ အဆင်ပြေသည်ထားဦး ကွန်ပျူတာအသုံးပြုတတ်ဖို့က အခက်အခဲဖြစ်နေသည်။ ကွန်ပျူတာဆိုသည်ကလည်း ရွာကလူတွေနှင့် အလှမ်းဝေးလွန်းသည်။ မြို့မှာ ကျောင်းသွားတက်ကြသည့် ကျောင်းသားတွေကလည်း
ကွန်ပျူတာ ပညာရပ်နှင့်ထိစပ်သူတွေမရှိကြ။ ။ဓါတ်ပုံရိုက်တဲ့ ဆိုင်ကလေးတစ်ဆိုင်မှာသာ ကွန်ပျူတာအသေးလေးတစ်လုံးသာရှိသည်။ ဒါတောင်ကွန်ပျူတာကိုင်တဲ့လူက ဖိုတိုရှော့လောက်သာ တတ်မြောက်ထားသူဖြစ်သည်။
ကိုကျော်မောင်တို့ရွာမှာ ထူးခြားသည့် ဥာဏ်ကလေးတစ်ခုတော့ရှိသည်။ အဲ့သည့် ဥာဏ်က တစ်ခြားတော့မဟုတ်
ရွာမှာ တစ်ယောက်ယောက်က တစ်စုံတစ်ခု စပြီးလုပ်လိုက်ပြီဆိုလျှင် တစ်ခြားလူတွေကပါ အားကျမခံ လိုက်လုပ်တတ်ကြသည့် ဥာဏ်ဖြစ်သည်။ ဗီဒီယိုခေတ်တုန်းကလည်း ဗီဒိယို ခေတ်မို့လို့ ၊ တီဗီဂိမ်း ခေတ်ဆိုရင်လည်း တီဗီဂိမ်းခေတ်မို့လို့
တစ်ယောက်နဲ့တစ်ယောက် အားကျမခံ အပြိုင်အဆိုင် လုပ်တတ်ကြသည့် ဥာဏ်ကလေးတွေက ရွာသားအားလုံးမှာရှိနေသည်။ စီးပွားရေး၊ လူမှုရေး နည်းပညာ အစစအရာရာမှာ တစ်ယောက်က စတာနဲ့ နောက်လူတွေကပါ အားကျမခံလိုက်လုပ်တတ်ကြခြင်းဆိုပါတော့။
လက်ကိုင်မိုဘိုင်းဖုန်းပေါ်တွေ ပေါ်ကာစတုန်းဆိုလျှင်လည်းဒီလိုပင် သူ့ထက်ငါဦးအောင် ၀ယ်ယူကိုင်ကြသည်။
ဟန်းဖုန်းကိုခါးချိတ် ရွာပတ်ပြီး မော်တော်ဆိုင်ကယ်ပတ်မောင်းနေကြသူများမှာ မနည်း။
ဒီကြားထဲ ဆိုင်ကယ်မောင်းရင်း ဖုန်းကို အသံအကျယ်ကြီးဖြင့် ပြောနေကြပုံမှာ စတိုင်ကြီးတစ်ခုလို ဖြစ်ခဲ့သေးသည်။
အဲ့သည့်တုန်းက ငါးသိန်းတန်ဖုန်းတွေ ပေါ်ကာစ အချိန်ဆိုပါတော့..။
ဒီလိုဖြင့် နည်းပညာတွေကလည်း တစ်စတစ် တိုးတက်လာခဲ့လေသည်။ ဖုန်းဈေးတွေကလည်း တဖြည်းဖြည်းကျလာသည် ငါးသိန်းပြီးတော့ နှစ်သိန်း၊ နှစ်သိန်းတန်ဖုန်းထွက်လာတော့ရွာမှာရှိတဲ့ လူတိုင်းလိုလိုက ဟန်းဖုန်းကို အသုံးပြု့နိုင်သည့်အနေအထားများသို့ရောက်ရှိနေပြီဖြစ်သည်။
လက်နဲ့တွန်းရတဲ့ တက်စကရင်ဖုန်းဆိုပြီး ကိုကျော်မောင်တို့ ရွာကို ဖုန်းအသစ်အဆန်းတစ်ခု စတင် တင်သွင်းလာသူကတော့ သူကြီးသား ငမူးဖြစ်သည်။ သူကြီးသား ငမူး ကိုင်ထားတာက တရုတ်ဖြစ်ဟာ့ဒ်ဝေး ဟမ်းစက်၊ ဒီဟမ်းစက်ကလေးကို တစ်ကိုင်ကိုင်နဲ့ သူကြီးသားငမူးက
တစ်ရွာလုံးပတ်ပြီး ပါတီ စည်းရုံးရေးဆင်းသလိုမျိုး ကြွားလုံးလိုက်ထုတ်တော့သည်။
လက်နဲ့တွန်းလိုက်ရုံနဲ့ ဘာဖြစ်တယ် ညာဖြစ်တယ် စသည်ဖြင့်ပေါ့ ၊ဒီထက် ပိုပြီး ကိုကျော်မောင်တို့ ရွာသားတွေကို
ဆေးထိုးပေးလိုက်သည့် အရာက တစ်ခြားမဟုတ် သူကြီးသားငမူးက သူ့ဖုန်းမှာ အင်တာနက်ချိတ်ဆက်လိုက်ပြီဖြစ်ကြောင်း
တစ်ရွာလုံးကို မောင်းခေတ်ကြေညာပစ်လိုက်ခြင်းဖြစ်သည်။
ဒါတင်ပင်မကသေး သူအနေ့နဲ့ အင်တာနက်ပေါ်မှာ ထုံးလိုမွှေရေလိုနှောက်
နိုင်ဖို့ ဖေ့စ်ဘုတ်အကောင့် တစ်ခု ဖွင့်လှစ်လိုက်ပြီး ဖြစ်ကြောင်းကိုပါ ထပ်လောင်းကြွားလုံးထုတ်လိုက်သေးသည်။
တကယ်တော့ သူကြီးသားငမူးအနေနဲ့ ဖေ့စ်ဘုတ်ဆိုသည့်အရာကြီးကို စိတ်ဝင်စားနေခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။
မလေးရှားရောက်နေတဲ့ ညီဖြစ်သူ ဆက်သွယ်ဖို့ မြို့တက်ပြီး အင်တာနက် အသုံးပြုတိုင်း မြို့ကလူတွေကြားထဲမှာ
ဖေ့စ်ဘုတ် ဖေ့စ်ဘုတ် ဆိုပြီး အတော့်ကို ခေတ်စားပြောဆိုနေကြတော့ သူအနေနဲ့ ဖေ့စ်ဘုတ် ဘာကြီးလဲ ဟု စိတ်ဝင်တစားဖြစ်မိနေသည်မှာ မဆန်း။ ဒီကြားထဲ မြို့မှာ ရှိနေတဲ့ ကျောင်းနေဖက် သူငယ်ချင်းတစ်ယောက်က လည်း
ဖေ့ဘုတ်ပေါ်မှာ ကောင်မလေးချောချောလှလှတွေ အရမ်းများကြောင်း ကံကောင်းလျှင် နန်းခင်ဇေယျာတို့် ခင်ဝင့်ဝါတို့ နှင့်ပင်
သူငယ်ချင်းဖြစ်နိုင်ကြောင်း သတင်းစုံကြည့်နိုင်ကြောင်း စသည်ဖြင့် မျိုးစုံ ဖေါက်သည်ချထားတော့ ငမူးတစ်ယောက် ဖေ့စ်ဘုတ်
အပေါ် စိတ်ဝင်စားမှုက အမြင့်ဆုံးအထိ မြင့်တက်လာတော့သည်။
အဲ့တော့ သူလည်း ခေတ်နောက်ကျနေလို့ မဖြစ် မလေးရှားရောက်နေတဲ့ ညီဖြစ်သူကို မရမက မေးမြန်းပြီးနောက် သူ့အတွက် ဖေ့စ်ဘုတ်အကောင့် တစ်ခုကို ဖွင့်ပေးဖို့ တောင်းဆိုလိုက်တော့သည်။
သူကြီးသား ငမူး အတွက် ဖေ့စ်ဘုတ်အကောင့်တစ်ခု ရရှိလိုက်ခြင်းမှာ မျောက်လက်ထဲကို ငါးပိထည့်ပေးလိုက်သလိုပင်
တစ်ချိန်လုံး လက်ထဲ ကဖုန်း ကို ပွတ်လို့ မဆုံးဖြစ်နေတော့သည်။ လက်ထဲက ဖုန်းကို ပွတ်နေရုံတင်မက သူ့ကိုယ့်သူ ပိုစ်မျိုးစုံဖြင့်
ဓါတ်ပုံတွေရိုက်လိုက် ဖေ့ဘုတ်ပေါ်တင်လိုက် ဖြစ်နေတော့သည်။ ဓါတ်ပုံရိုက်တာမှာလည်း သူ့ကိုယ်တိုင်တင် မဟုတ်
ရွာမှာ ရှိရှိသမျှ မြင်ကွင်းတွေ အားလုံး ဓါတ်ပုံလိုက်ရိုက် ပြီးတော့ ဖေ့ဘုတ်ပေါ်တင်သည်။ ဘယ်လောက်အထိလည်းဆိုလျှင်
သူ့ အိမ်က ခွေးကြီး အောင်နက်က အစ ဓါတ်ပုံရိုက်ပြီး ဖေ့ဘုတ်ပေါ်တင်ခြင်းကို ခံရရှာသည်။
သူ့ရဲ့ ဖေ့စ်ဘုတ်အကောင့် ကိုတောင် ခန့်ခန့်ညားညား ပေးထားလိုက်သေးသည်
"သူကြီးရဲ့ အချစ်ဆုံးသား မောင်မောင်မူး" ဟူ၍
သူကြီးသား ငမူးတစ်ယောက် သူ့ရဲ့ တက်စကရင်ဖုန်းကလေးကို ပွတ်လိုက် ဓါတ်ပုံ တဖျတ်ဖျတ်ရိုက်လိုက်
ဖေ့ဘုတ်အကြောင်းတွေကို တစ်ရွာလုံးပတ်ပြီး ကြွားလုံးထုတ်လိုက်ဖြစ်နေတော့ ကျန်တဲ့ ရွာသားတွေအားလုံးက
မရိုးမရွဖြစ်ကုန် ကြတော့သည်။ သူတို့လည်း ဖေ့စ်ဘုတ်ကို စိတ်ဝင်စားမှုက မြင့်တက်လာခဲ့တော့သည်။
ဟိုအရင်တုန်းကတော့ ရွာကလူတွေအနေနဲ့ အင်တာနက်အသုံးပြုခွင့်ရရေးအတွက်ဆိုလျှင် ကွန်ပျူတာ အသုံးပြုတတ်မှ
ဖြစ်နိုင်မည်ဟု တွေးထားနေရာမှ အခုချိန်ရောက်လာတော့ တက်စကရင်ဖုန်းလေး ရှိရုံဖြင့် အင်တာနက် အသုံးပြုနိုင်မည်အခြေအနေ
ရောက်လာတော့ အားလုံးက စိတ်ထဲမှ မနေနိုင်မထိုင်ဖြစ်လာကြတော့သည်။
သူကြီးသားငမူးက စတင်လိုက်သည့် တက်စကရင်နဲ့ ဖေ့စ်ဘုတ် ပိုးမှာ တစ်ရွာလုံးကို ကူးဆက်သွားတော့သည်။ ရွာကလူတွေမှာလည်း ဟိုအရင်ကတည်းက တစ်ယောက်လုပ်ရင် နောက်တစ်ယောက်ကလိုက်လုပ်ချင်ကြသည့်
ဥာဏ်ကလေးတွေ ရှိနေကြတော့ တစ်ရွာလုံးနီးပါး လက်နဲ့တွန်းရတဲ့ ဟန်းစက်တွေ တစ်ကိုင်ကိုင်ဖြစ်ကုန်တော့သည်။ အစပထမတော့ ငမူးနဲ့ အပေါင်းအသင်းတစ်သိုက်ကနေစတင်ပြီး ဖေ့စ်ဘုတ်ပေါ် ရောက်လာကြပေမယ့် တစ်ဖြည်းဖြည်းဖေ့ဘုတ်အသုံးပြုသူတွေက တစ်ရွာလုံးနီးပါး အထိ တိုးတက်လာခဲ့သည်။
ဒီလူတွေအတွက်နဲ့ နိုင်ငံရပ်ခြားရောက် ရွာသားတွေလည်း အငြိမ်မနေရ
တစ်ယောက်ပြီးတစ်ယောက် ဖေ့ဘုတ်အကောင့်ဖွင့်ပေးနေရသည့်အဖြစ်သို့ ရောက်နေရရှာသည်။
ကိုကျော်မောင်တို့ တစ်ရွာလုံးကို ဖေ့ဘုစ် ပိုး ကူးဆက်ခြင်းကိုခံခဲ့ရပြီးနောက် ရွာသားများဧ။် နေထိုင်မှုပုံစံများမှာ
အပြောင်းလဲကြီးပြောင်းလဲသွားတော့သည်။ တစ်နည်းအားဖြင့် ကိုကျော်မောင်တို့ရွာမှာ
ကမ္ဘာကြီးပေါ်ရောက်ရှိသွားခဲ့ပြီဖြစ်သည်။ ရွာသူရွာသားအားလုံးက ကမ္ဘာအတုထဲမှာ
ပျော်မွေ့နေကြပြီဆိုပါတော့ ..
ဖေ့ဘုစ်ဆိုသည့် ကမ္ဘာတုထဲမှာ ပျော်မွေ့နေကြသော အထဲမှာ ကိုကျော်မောင်တို့ ဇနီးမောင်နှံတို့လည်းပါဝင်လာခဲ့သည်။
နှစ်ယောက်လုံးက ရိုးရိုးအေးအေး ခပ်ထုံထုံ ဆိုသည့်အထဲတွင် ရှိနေသော်လည်း တိုးတက်လာသော နည်းပညာတွေ ကိုတော့
သူတို့လည်း ထိတွေ့အသုံးပြုချင်ကြသည်မဟုတ်လား။
ကိုကျော်မောင်တို့ ရွာရဲ့ နည်းပညာအပေါ် ထိတွေ့မှု တိုးတက်လာချက်ကတော့ အံ့သြဖွယ်ရာပင်ဖြစ်သည်။
တစ်ရွားလုံးနီးပါး ကိုယ်စီကိုယ်စီ ဖေ့စ်ဘုတ် အကောင့်တွေ ရှိကြသည်။ ရွာသူကြီးက ဦးဖိုးထောင်က နေစပြီး
နွားကျောင်းသား ကိုကြွက်ကြီးအထိ ဖေ့စ်ဘုတ်အကောင့်ကိုယ်စီဖြင့် ဖေ့စ်ဘုတ်ကို အသုံးပြုနေကြပြီဆိုပါတော့
တက်စကရင်ဖုန်းနဲ့ ဖေ့စ်ဘုတ်နဲ့ အသုံးပြုမှုတွေ တိုးတက်လာတော့ ကိုကျော်မောင်တို့ ရွာရဲ့ တစ်ချို့ဓလေ့တွေလည်း
ပျောက်မှန်းမသိ ပျောက်ဆုံးကုန်ကြသည်။ ဟိုအရင်ကဆိုလျှင် ရွားသားတွေ အချင်းချင်း ပြောပြောဆိုဆို ငြင်းငြင်းခုံခုံရှိကြသည်။
အခုတော့ ဒီလိုမဟုတ်တော့ ရွာသားတွေအားလုံးလိုလိုက ကိုယ်စီ ဖုန်းကလေးတွေကို ပွတ်လိုက် ဖေ့ဘုတ်ပေါ်တက်နေလိုက်
ဂိမ်းကလေးစော့လိုက်ဖြစ်နေပြီး တစ်ယောက်ကို တစ်ယောက် နူတ်ဆက်ပြောဆိုကြသည့် အသံများတိတ်ဆိတ်ကုန်ကြသည်။
တစ်ရွာလုံးလှည့်ပတ် အတင်းတုတ်နေရမှ နေသာထိုင်သာ ရှိတတ်သော ဒေါ်စိန်တုတ် တို့ မဝေတို့ အဖွဲ့လျှင်ပင်
ရွာပတ်ပြီးအတင်းပြောဆိုခြင်းမရှိကြတော့ သူတို့အတွက် သတင်းများဖေါက်သယ်ချရာနေရာမှာ
ဖေ့ဘုတ်ရဲ့ မက်ဆေ့ဘောက်များဖြစ်လာခဲ့တော့သည်။ တစ်ခါတစ်တော့ မထိခလုတ် ထိခလုတ်
အကြောင်းများဆိုရင် Public မှာ ဖွင့်ချ တတ်သေးသည်။
ညနေညနေ ဆိုလျှင် ဟိုအရင်က ရွာသားအများစုဧ။် အပန်းဖြေရာဒေသများမှာ လဘက်ရည်ဆိုင်များဖြစ်သည်။ ရွာက လဘက်ရည်ဆိုသည်ကလည်း ရုပ်ရှင်ဇတ်လမ်းများ မပြတ်ပြသပေးရသော ဆိုင်များဖြစ်ကြသည်။ တစ်နေကုန်
လုပ်ငန်းကိုင်ငန်းတို့ လုပ်ကိုင်ကြပြီးနောက် ရွာလယ်က လဘက်ရည်တွေမှာ စုစည်းမိတတ်ကြသည်။ အခုတော့
လဘက်ရည်ဆိုင်များပင် ဆူဆူညံ့ညံ့ အသံများမရှိကြတော့ ရုပ်ရှင်ဇတ်လမ်းများကိုလည်း အားပေးကြည့်ရှုသူများ
မရှိသလောက်နည်း ပါး သွားခဲ့တော့သည်။
တစ်ခုတော့ ထူးဆန်းတာရှိသေးသည် ဖေ့စ်ဘုတ်ရဲ့ လွှမ်းမိုးမှုက လဘက်ရည်ဆိုင်တွေကို အကျိုးသက်ရောက်မှု
ရှိလာသော်လည်း ရွာအနောက်ဘက်က ယမကာဆိုင်များကိုတော့ လွှမ်းမိုး မှု မရှိသည်က အံ့သြစရာပင်
ရွာအနောက်ဘက်က ယမကာဆိုင်တွေကတော့ အချိန်မှန် လူစည်မြဲ စည်ကားမြဲ ဆူညံမြဲ ဖြစ်သည်။
ယမကာသမားတစ်သိုက်ကလည်း ငြိမ်သည် အရက်ပေါ် သစ္စမဖေါက်သော်လည်း သူတို့လည်း ဖေ့စ်ဘုတ်ပေါ်ရောက်
ယမကားသမားဖြစ်ကြသည်ဟု ဆိုနိုင်သည်။ ညနေ ဘယ်မှာဘယ်ချိန်ဆုံကြမယ် ဆိုတာကို တော့
ဖေ့စ်ဘုတ်ပေါ်မှာ ချိန်းဆိုကြခြင်း ရှိကြလေသည်။
ဖေ့စ်ဘုတ် ကြောင့် ကောင်းကျိုးရလဒ်တွေ ခံစားရသူတွေကလည်း တစ်ပုံတင်ပင် ရှိကြသည်။ အနီးစပ်ဆုံး ဥပမာ
ပြောပြရမည်ဆိုလျှင် ဖေ့ဘုတ်ကို ကိုကျော်မောင်တို့ရွာသားတွေက ကောင်းကောင်း အသုံးချနိုင်ကြသည်။
ဖေ့စ်ဘုတ်ကြောင့် အကောင်းဆုံး အကျိုးခံစားရသူပြပါဆိုလျှင် သူကြီးတပည့် ကိုရင်မောင်
ဖြစ်သည်။ သူ့အတွက်တော့ ဖေ့ဘုတ်ဆိုသည့်အရာမှာ ဘုရားပေးတဲ့ လက်ဆောင်တစ်ခုလို ဖြစ်နေသည်။ ဖြစ်နိုင်လျှင်
သူက ဖေ့ဘုတ်စတင်တည်ထောင်သူ ဇူကာဘတ် ကို အိမ်ဦးခန်းမှာ ထားပြီး တစ်သက်လုံး ကျွေးမွေးထားချင်မိသည်အထိ။
သူက ဖေ့ဘုတ်ကို သူ့လုပ်ငန်းအတွက် အကျိုးရှိရှိ အသုံးချနိုင်သူဖြစ်သည်။ အရင်ကဆိုလျှင် သူကြီးအနေနဲ့ ရွာသားတွေကို တစ်စုံတစ်ရာ မှာစရာရှိလျှင် သူက တစ်ရွာလုံးနီးပါး တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်ပြောပေးရသည်။ ရွာမှာ
ဘုန်းကြီး စွမ်းကပ်တာအစ သူက သက်ဆိုင်ရာ ရွာသားတွေကို ဖိတ်ကြားရသည် အကြောင်းကြားရသည်။ သူကြီးက
ရွာသားတွေနဲ့ တွေ့ဆုံချင်တာမျိုး၊ ပြောချင်တာမျိုးရှိရင်လည်း သူကသာ ဆောင်ရွက်ပေးရသည်။
အခုတော့ အဲ့သည့်ဆောင်ရွက်ချက်တွေအား လုံးကို ဖေ့ဘုတ်ပေါ်မှာ သူလွယ်လွယ်ကူကူ ဆောင်ရွက်လာနိုင်ပြီဖြစ်သည်။
ဘာပွဲ ဖိတ်မလဲ၊ ဘာအကြောင်းကြားစရာ ရှိသလဲ၊ သူကြီးက ဘာမှထားသလဲ ဆိုတာ သူ့ဖေ့ဘုတ်စာမျက်နာပေါ်တင်ထား
ရုံဖြင့် တစ်ရွာလုံး ကို အသိပေးနိုင်ပြီးသည်။
ဥပမာ
"ညနေ ၄ နာရီ ရွာဘုရားအပွဲအတွက် အစည်းအဝေး သူကြီးအိမ်မှာ လုပ်မည် ဆယ်အိမ်ခေါင်းများ
မဖြစ်မနေ လာရောက်ရန်"
"ရွာထိပ် လမ်းမကြီး ပျက်စီးနေတာ ပြင်ဖို့ တစ်အိမ်တစ်ယောက် လုပ်အားပေးရန် မနက်ဖြန်မနက် ခြောက်နာရီ
သူကြီးအိမ်အရောက်လာရန် သူကြီးမှာထားပါတယ်"
စသည်ဖြင့် ကိုရင်မောင် သူကြီးရဲ့ ပြန်ကြားရေး အရာရှိလိုလို ပြောခွင့်ရပုဂ္ဂိုလ်လိုလို ဖြစ်လာတော့သည်။
ဒီကြားထဲ ပြဿနာတွေ ရှင်းရတာကလည်း ရှိသေးသည်။ သူကြီးရဲ့ မှားကြားချက်တွေကို
သူ့ဖေ့ဘုတ်မှာ တင်ထားရင်း ရွာသားတစ်ချို့က ဟိုလိုဖြစ်သင့်တယ် ဒီလိုဖြစ်သင့်တယ် အပြန်အလှန်အငြင်းပွား
လို့ မဆုံး ဖြစ်ကြတတ်သေးသည်။
ဒီကြားထဲ အပြန်အလှန် ပြောဆိုနေကြရင်း တရားလက်လွန် မခံမရပ်နိုင်တွေဖြစ်ကြနဲ့
စကားများမှုက အပြင်လောကအထိပါ ရောက်လာပြီး အတော့်လေး ရှင်းယူရသည့် အခြေအနေများလည်း ကြုံရသေးသည်။
တစ်ခါတော့ သူကြီးရဲ့ ပြန်ကြားရေး ကိုရင်မောင်က ဖေ့ဘုတ်ပေါ်မှာ သူကြီး မှာကြားချက်ကို တင်ထားလိုက်သည်။
သူတင်ထားတာက
" ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ရှိပါသဖြင့် ဘောလုံးအသင်းဖွဲ့ရန် အသင်းကိစ္စဆွေးနွေးရန်
သူကြီးအိမ်မှာ ညနေ သုံးနာရီ အစည်းအဝေး ရှိသည်" ဟူ၍ ဖြစ်သည်။
ကိုရင်မောင်ရဲ့ ဖေ့ဘုတ်စာမျက်နာမှာ ဘောလုံးပွဲ အကြောင်း သတင်းတင်ထားတော့
ရွာရှိ ကာလသား လူပျိုတွေ စိတ်ဝင်းစားလာကြသည်။ ဘောလုံးအသင်းဖွဲ့ဖို့ ကိုရင်မောင်ရဲ့ ပိုစ်အောက်မှာ
အပြန်အလှန် ကွန်မန့်တွေ ပေးပြီး ဆွေးနွေးကြတော့သည်။
"အသင်းခေါင်းဆောင် ကိုမြကြီး လုပ်သင့်တယ်"
"အသင်းနည်းပြကို လဘက်ရည်ဆိုင်ပိုင်ရှင် ကိုတာတီးကို ခန့်ပါဗျို့ သူက ဘောပွဲဆိုမပြတ်ကြည့်ထားတာ သူ့မှာ အတွေ့အကြုံရှိတယ်"
"ရွာလက်ရွေးစင်ဟောင်း ကိုသုန်ကြီးလည်း မဆိုဘူးနော် သူလည်းနည်းပြလုပ်နိုင်တယ်"
"တိုက်စစ်မှူး လုပ်မယ်ဗျို့" စသည်ဖြင့် ဘောလုံးဝါသနာအိုးတွေရဲ့ ကွန်မန့်မျိုးစုံ တက်လာသည်။
ပြဿနာတော့ သိပ်မရှိသေး ။ ပြဿနာက အသင်းဝတ်စုံ ကိစ္စ ပြောဆိုဆွေးနွေးတာမှာ စတင်လာတော့သည်။
စတင်လာသူက မန်ယူ အသည်းစွဲ ကိုတုတ်ကြီး
"အသင်းဝတ်စုံကို လှလှကလေးဖြစ်အောင် မန်ယူ အင်္ကျီချုပ်ရမယ် သူကြီးကို ၀ိုင်းပြီးတောင်းဆိုကြရအောင်"
ရွာမှာ ရှိတဲ့ မန်ယူ ပရိတ်သတ်တွေက ၀ိုင်းပြီးထောက်ခံကြတော့သည်။
ကိုတုတ်ကြိးနဲ့ မန်ယူတစ်ဖွဲ့က စတင်တောင်းဆိုလာတော့ အာကြီး ပရိတ်သတ်တွေကလည်း အငြိမ်နေလို့မဖြစ်
ဒီကိစ္စကို ကန့်ကွက်ပြီး အာဆင်နယ် ၀တ်စုံချုပ်ဖို့ တောင်းဆိုတော့သည်။ သူကြီးအိမ်မှာ အစည်းအဝေးက မလုပ်ရသေး
ဖေ့ဘုတ်ပေါ် မန်ယူပရိတ်သတ်တွေနဲ့ အာဆင်နယ်ပရိတ်သတ်တွေ ငြင်းခုံမှုက အရှိန်တတ်လာတော့သည်။
အစတော့ အသင်းစွဲပြိုင်ဆိုင်မှုတွေနဲ့ ငြင်းခုံနေကြပေးမယ့် နောက်တော့ ပုဂ္ဂိုလ်ရေးတွေပါလာသည်။
တိုက်ခိုက်ပြောဆိုမှုတွေလည်း များလာသည်။
ဘောလုံးအသင်းဝတ်စုံ ကိစ္စ ငြင်းခုံနေကြရင်း ငြင်းခုံမှုတွေက အသင်းဝတ်စုံ၊ ဘောလုံးပွဲ နှင့် မဆိုင်တာတွေ ဘက်ကိုရောက်ကုန်ကြသည်။
ရောက်သည်မှ အတော့်ကို ဆိုးသည့်အခြေအနေသို့ရောက်ရှိလာတော့သည်။ အရင်က အငြိုးတွေလည်းပါလာသည်။
ပိုဆိုးသည်မှာ ရည်စားလုဘက် တွေဖြစ်ကြတဲ့ ဖိုးထောင်နဲ့ ကျော်ကြီးတို့ ပြဿနာက ပိုမိုကြီးထွားလာသည်။
ငြင်းခုံမှုတွေ အရှိရလာသည်။
ဖိုးထောင်က ကျော်ကြီး အရက်ကြွေးကိစ္စကို ဖေါ်ထုတ်သည်။
ကျော်ကြီးကလည်း အားကျမခံ ဖဲဝိုင်းမှာ ဖိုးထောင် ဖဲခိုးရိုက်သည့် ကိစ္စကို ပြန်ဖေါ်သည်။ တစ်စတစ်စ
ပြောဆိုငြင်းခုံမှုတွေက အရှိန်ရလာသည် ရိုင်းလာကြသည် အတွင်းရေးတွေ ပါ ဖေါ်ထုတ်လာကြသည်။
ကြာလာတော့ စကားပြောတဲ့နေရာမှာ ပြောတတ်ဆိုတတ် ကျော်ကြီးက သာလာသည် ဖိုးထောင်က
စကားမနိုင်တော့ မခံမရပ်နိုင်တွေဖြစ်လာပြီ အပြင်မှာ ဆက်ဖိုက်ဖို့ ကျော်ကြီးကို စိန်ခေါ်လိုက်သည်။
"ဟေ့ရောင်ကျော်ကြီး စကားနိုင်လုနေတာ သွေးရှိတဲ့ ယောက်ျားတွေ အလုပ်မဟုတ်ဘူး အပြင်မှာ တွေ့ရအောင်
မင်းသွေးမနည်းရင် ရွာစွန်က ထန်းတောကို လိုက်လာခဲ့ ငါစောင့်နေမယ်"
ကျော်ကြီးကလည်း ခေသူမဟုတ် ဖိုးထောင်ရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်သည်
"ကြိုက်တယ်ကွာ ဒါမျိုးမှ ဇကလေးတွေ ပြဖို့ အခွင့်အရေးရမှာ ငါလာပြီကွ"
သူကြီးအိမ်မှာ ဘောလုံးပွဲ ကိစ္စ ဆွေးနွေးတိုင်ပင်နေကြသည့် အချိန်မှာပင် ဖိုထောင်နဲ့ ကျော်ကြီးတို့ရဲ့
ရန်ပွဲ့ကတော့ ရွာအစွန် ထန်းတောထဲမှာ စတင်ဖြစ်ခဲ့ပြီ ဖြစ်သည်။
ပွဲက ဖိုးထောင်နဲ့ကျော်ကြီး ၂ ယောက်ချိန်းဆိုမှု သက်သက် ဆိုပေမယ့် ဟိုဘက်ဒီဘက်
အပေါင်းအသင်းအချို့ကလည်း ပါဝင်လာသည်။
ကိုရင်မောင် အစည်းအဝေးပွဲ ရလဒ်အချို့နဲ့ ဓါတ်ပုံတွေကို ဖေ့ဘုတ် ပေါ်တင်ရန် သူ့ဖုန်းက ဖေ့ဘုတ်ကို ဖွင့်လိုက်တော့
ဖိုးထောင်တို့ အဖွဲ့ နဲ့ ကျော်ကြီးတို့ အဖွဲ့ ရန်ပွဲမှာ ထန်းတောထဲမှာ ပွဲကြီးပွဲကောုင်းဖြစ်နေပြီ ဖြစ်ကြောင်း
ဖေ့ဘုတ်ပေါ်မှာ သတင်းတွေ ပွနေသည်။ ဒီလိုဆိုတော့ အချိန်မီ မထိန်းနိုင်ရင် ဒုက္ခဟု ကိုရင်မောင်တွေး
မိပြီး သူကြီးကို အသိပေးရတော့သည်။
သူကြီးနဲ့ ရွာအုပ်ချုပ်ရေးအဖွဲ့ က မဖြစ်မနေ ထိန်းမှ ဖြစ်တော့မည်။ သူကြိးက ကိုရင်မောင် မှာကြားလိုက်သည်။
"ငါနဲ့ အုပ်ချုပ်ရေးအဖွဲ့ ရန်ပွဲကိုထိန်းဖို့ သွားပြီ ခုချက်ခြင်းရန်ပွဲရပ်ဖို့ ဖေ့ဘုတ်ပေါ်မှာ ထုတ်ပြန်ထားလိုက်!!!"
သူကြီးရဲ့ မှားကြားချက်ကို ကိုရင်မောင် က ရိုးရိုးတန်းတန်းမတင် မှားကြားချက်ရှေ့မှာ သူပြောချင်တာတွေကို အရင်ရေးသားထားလိုက်သေးသည် "ရန်ကို ရန်ခြင်း မတုံ့နှင်းသင့်ဘူး ဘာညာဖြင့် ဆုံးမသံကလေးပါ ထည့်ထားလိုက်သေးသည်။"

သူကြီးရဲ့ ပြန်ကြားရေး အရာရှိ ကိုရင်မောင် ဖေ့ဘုတ်ပေါ်မှာ အသိပေးကြေညာချက်အရထင်သည်။
ရန်ပွဲ စီသို့ သူကြီးနှင့် အုပ်ချုပ်ရေးအဖွဲ့များမရောက်ရှိ မီ အချိန်ကပင် နှစ်ဖက် ဆွေးမျိုး၊အပေါင်းအသင်းများဖြင့် ရန်ပွဲ
က ပိုမိုစည်ကားသိုက်မြိုက်လာခဲ့သည်။
သူကြီးတို့အဖွဲ့ရောက်ရှိသွားချိန်မှာ ရန်ပွဲက ပြီးဆုံးနှင့်နေပြီဖြစ်သည်။ ကွဲသူ ကွဲ ပြဲသူ ပြဲဖြင့်
အခြေအနေကတော့ အတော့ကို ဆိုးရွားခဲ့သည်ဟု ဆိုရမည်။
ရန်ပွဲမှာ ပါဝင်သူများအားလုံးကို သူကြီးအိမ်ကို အားလုံးလိုက်လာရန် သူကြီးက။
အခြေအနေကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာကို သူကြီးက စဉ်းစားသုံးသပ်နေသည်။ နှစ်ဖက် အထိနာသူများကို
အရင်ဆုံး ဆေးကုသမှုခံယူရန် ကျန်းမာရေးဆေးခန်းသို့ ပို့ရသည်။ သူကြီး ရဲ့ အဓိက အကြံပေး ဖြစ်တဲ့ ဆယ်အိမ်ခေါင်း
ကိုမြကြီးက ရန်ပွဲ ဦးဆောင်သူ ခြောက်ဦးလောက်ကို လောလောဆယ် ထိပ်တုံးခတ်ထားလိုက်ဖို့ အကြံပေးသည်။
ဒါကတော့ ဖြစ်သင့်သည်ဟု ဆိုပြီး သူကြီးက လက်ခံလိုက်သည်။ အခြေအနေအရတော့ ဒိကစ္စက ထိပ်တုံးခတ်ထားရုံ
ဖြင့် ပြီးဆုံးသွားနိုင်သည်တော့ မဟုတ် ဆက်လက်ဆောင်ရွက်ရမှာတွေကလည်း ရှိသေးသည်။
သူကြီးရဲ့ ဒုတိယအကြံပေးလည်းဖြစ် ပြန်ကြားရေးအရာရှိလည်းဖြစ်သူ ကိုရင်မောင်က ဒီကိစ္စကို
စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး စစ်ဆေးဖို့ အကြံပြုသည်။ ခေတ်ကာလကလည်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ပြီး
စစ်ဆေးသည့် ခေတ်ဖြစ်နေတော့ သူကြီးက ဒီအကြံကို သဘောတကျ လက်ခံလိုက်သည်။
အမှန်တော့ ဒီကိစ္စက စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့လောက်ရန် မလိုအပ် အခြေအနေက အရှင်းကြီး
ကိုရင်မောင် စတင်သည့် ဘောလုံးပွဲ ကိစ္စက အဓိက အခြေခံအကြောင်းအရင်းဆိုတာ လူတိုင်းသိပြီးသား။
သူကြီးစုံစမ်းစစ်ဆေးဆိုတော့
စစ်ဆေးရုံပင် ဘာတတ်နိုင်မည်နည်း။
သူကြီးရဲ့ ထိပ်တုံးဖြင့် ဖမ်းစီးထိန်း သိမ်းခံထားရသူတွေကလည်း ခေသူတွေတော့မဟုတ်
ပရိတ်သတ် အခိုင်အမာရှိကြသူများဖြစ်ကြသည်။
ရန်ပွဲအဓိက ခေါင်းဆောင် ကိုဖိုးထောင်ဆိုလျှင် ရွာက အလှူပွဲတိုင်းမှာ ရွှေရိုးအကဖြင့် နာမည်ရထားသူ၊ ကိုကျော်ကြီး
ကလည်း ခေသူမဟုတ် အိုးစည်ဒိုးပတ်ဝိုင်းဆိုလျှင် ကျော်ကြီးမပါလို့မဖြစ် ၊ ဒါတင်မက ရန်ပွဲအတွင်းပါဝင်လာသည့်
မယ်ဒလင် အောင်ကြီးတို့ ၊ကြက်သမားကိုဖိုးစီ တို့ဆိုလျှင်လည်း သူ့ပရိတ်သတ်နှင့်သူရှိကြသည်။ ထူးထူးခြားခြား
ဗေဒင်ဆြာ မောင်ဒက်ထိတောင် ရန်ပွဲ ထဲမှာ ပါဝင်ပြီး ထိပ်တုံးအခတ်ခံထားရသည်ဆိုတော့၊
သူကြီးရဲ့ ထိပ်တုံး ပြဿနာက ဖေ့ဘုတ်ပေါ်ရောက်လာသည်မှာ မထူးဆန်း။
ပြဿနာက တစ်ခြားမဟုတ် ထိပ်တုံးအခေတ်ခံထားရသူများကို ပြန်လွှတ်ပေးရေး တောင်းဆိုခြင်းကို
ဖေ့ဘုတ်ပေါ်မှာ တွင်တွင်ကျယ်ကျယ် တောင်းဆိုနေကြခြင်းဖြစ်သည်။
ကိုဖိုးထောင် ရဲ့ ချစ်သက်လျာ မပန်းအိဆိုလျှင် တစ်နေ့တစ်နေ့ ဖေ့ဘုတ်ပေါ်မှာ ငိုနေသည့်
စတေးတပ်ပေါင်းမှာ မနည်းမနော
ကိုကျော်ကြီးရဲ့ အမေဖြစ်သူကလည်း မနေ "အမေအိုကြီးကို လုပ်ကျွေးနေတဲ့ သားလေး" ဘာညာဖြင့် နာရီဝက်တစ်ခါလောက်
စတေးတပ်တင်ပြီး ငိုသည်။
အခြေအနေကတော့ တစ်ရက်ပြီးတစ်ရက် ပိုဆိုးလာသည်။ ကိုရင်မောင် ဖေ့ဘုတ်ပေါ်မှာ တစ်စုံတစ်ခုခု တင်လိုက်တိုင်း
ထိပ်တုံး ကိစ္စကို အခြေခံသော ကွန်မန့်တွေက ဗျောင်းဆန်လာသည်။
"ထိပ်တုံးခတ်ထားသူတွေ ဘယ်တော့ ပြန်လွှတ်ပေးမှာလည်း"ပိုဆိုးသည်က ရွာသားတော်တော်များများက ပရိုဖိုင်ပုံတွေ ဆင်တူပြောင်းပြီးတောင်းဆိုကြသည်။
"စုံစမ်းစစ်ဆေးတာ ဒီလောက်တောင်ကြာသလား"
"တရားစီရင်ရေးက အားနည်းနေပြီ"
"ကိုအောင်ကြီးနဲ့ ဘာမှမဆိုင်ဘူး"
"ငါ့သားကို ခုချက်ခြင်းလွှတ်".. စသည်ဖြင့် ကွန်မန့်တွေက သောသောညံနေတော့သည်။
ပရိုဖိုင်ပုံတွေကလည်း "အနီရောင် နောက်ခံပေါ်မှာ ထိပ်တုံး ဖွင့်လျက်သားပုံ" တစ်ရွာလုံးနီးပါးက
ထိပ်တုံး ဖွင့်လျက်သားပုံတွေကို ပရိုဖိုင်ပစ်ချာ အသုံးပြုနေကြပြီဖြစ်သည်။ ပရိုဖိုင်ပုံမပြောင်းလျှင်ပင်
ခေတ်မမီတော့သလိုလို၊ ဖြစ်နေသည်။ သူကြီး ပြန်ကြားရေးအရာရှိ ကိုရင်မောင်ပင် ပရိုဖိုင်ပုံပြောင်းရင်ကောင်းမလားဟု
စဉ်းမိသေးသည် နောက်တော့မှ မဖြစ်သေးဟု ပြန်တွေးပြီး ငြိမ်နေရသည်။
အခြေအနေက ထိမ်းရသိမ်းရခက်လာတော့ သူကြီးတစ်ယောက် ခေါင်းခြောက်လာသည်။
တစ်ရွာလုံး ဖေ့ဘုတ်မသုံးရ အမိန့် ထုတ်လိုက်ရင်ကောင်းမလား လို့ စဉ်းစားမိသေးသည်။ နောက်မှ ပြန်တွေးကြည့်တော့
မဖြစ် အရင်ဆုံး သူ့ချစ်ဇနီး မယ်ကွနှ့်နှင့် ရင်ဆိုင်ရနိုင်ချေရှိသည်။ ဒီထက်ဆိုသည်က လွတ်လပ်ခွင့်ကို ဖိနှိပ်တယ်ဆိုပြီး
သူကြီးထိုင်ခုံတောင် ပျောက်သွားနိုင်သည်။ ဒါတော့မဖြစ်။
နောက်ဆုံးအခြေအနေတစ်ခုကို မဖြစ်မနေ ရွေးခြယ်လိုက်ရတော့သည်။ အဲ့ဒါက ထိပ်တုံးခတ်ထားသူအာလုံးကို
မဖြစ်မနေ ချွင်းချွက်မရှိ လွှတ်ပေးခြင်း။ ရိုးရိုးတန်းတန်း လွှတ်ပေးလို့တော့ မဖြစ် ထိပ်တုံးခတ်ခံရသူတွေကို
လွှတ်ပေးမည့်နေမှာ တစ်ရွာလုံးကို ခေါ်လိုက်သည်။ ပြီးတဲ့နောက် အားလုံးလွှတ်ပေးမယ့်အကြောင်းကြေညာသည်။
နောက် ဖေ့ဘုတ်ပေါ်မှာ ပြောဆိုမှုတွေကို ထိန်းထိန်းသိမ်းသိမ်း ပြောကြာဆိုကြဖို့ အငြင်းမပွားကြဖို့တော့
ဆုံးမ သြ၀ါဒကလေးပေးလိုက်ရသည်။ ဤသို့ဖြင့် ရန်ပွဲ ကိစ္စက တစ်စခန်း ငြိမ်းလေသည်။ ဖွဲ့ထားခဲ့သော
စုံစမ်းစစ်ဆေးရေး အဖွဲ့ကလည်း မည်သို့မည်ပုံ ပျောက်သွားသည်ကိုတော့ မပြောတတ်တော့။
..
ရန်ပွဲကိစ္စနောက်ဆက်တွဲ ထိပ်တုံးပြဿနာ တစ်စခန်းငြိမ်းသွားပြီးနောက် ကိုကျော်မောင်တိှု့ရွာဧ။်
ဖေ့ဘုတ်ကမ္ဘာကလေးမှာ ငြိမ်ငြိမ်သက်သက် ရွေ့လျားလျှက်ရှိနေသည်။
ကာလသား လူပျို တွေကလည်း ထန်းတောထဲ က ဓါတ်ပုံတွေတင်လိုက် ကြုံကြိုက်ရင် ဖေ့ဘုတ်ပေါ်မှာ
လူပျိုလှည့်လိုက်၊ ညနေညနေ ယမကာဆိုင်မှာ ဆုံစည်းဖို့ ချိန်းဆိုကြလျှက်ရှိနေသလိုပင်
ရွာက မိန်းမပျိုများကလည်း ချက်ပြုတ်ထားသမျှ ဓါတ်ပုံရိုက်လိုက်၊ သူတို့ကိုယ်သူတို့ ပိုစ့်မျိုးစုံဖြင့် ဓါတ်ပုံရိုက်ပြီး
ဖေ့ဘုတ်တင်လိုက် ရှိနေကြသည်။
ဒေါ်စိန်တုတ် တို့ မဝေတို့ အဖွဲကလည်း သူတို့ ၀တီသီအတိုင်း မထိခလုတ် ထိခလုတ် ဖြင့် အတင်းတုတ်ခြင်းများကို
ဖေ့ဘုတ်ပေါ်မှာ ပုံမှန်အတိုင်း ပြုမှုလျှက်ရှိကြသည်။
နွားကျောင်းသား ကိုဖိုးထောင်တစ်ယောက်လည်း သူ့နွားတွေ အကြောင်း မျိုးစုံကို ဓါတ်ပုံရိုက်တင်မြဲတင်နေလျှက်ရှိသည်။
ဗေဒင်ဆြာမောင်ဒက်ထိကလည်း သူ့ရဲ့ နေ့စဉ် ပြုမှုနေကြအတိုင်း (၇)ရက်သားသမီးဟောစတမ်းတွေကို တင်မြဲ တင်လျှက်ရှိသည်။
အခြေအနေက အားလုံး ပုံမှန် ငြိမ်သက်နေသည့် အချိန်မှာပင် မသိမသာ မုန်တိုင်းကလေးတစ်ခုက
ကိုကျော်မောင်တို့ ဖေ့ဘုတ်ကမ္ဘာလေးသို့ တိုက်ခိုက်လာခဲ့သည်။ မုန်တိုင်းဧ။် အဓိက ဦးတည်ချက် ဗဟိုက
တစ်ခြားနေရာသို့ မဟုတ် ကိုကျော်မောင်တို့ ဇနီးမောင်နှံ ထံသို့ဖြစ်သည်။
"တောက်!!! ငါ ဒီလောက် ဂရုတစိုက် ချစ်ခဲ့ရတာ အလိုလိုက်ခဲ့ရတာကွာ သူမို့ ငါ့ကို ဘလော့ရက်တယ်။"
ကိုကျော်မောင်ရဲ့ နာနာကျည်းကျည်း ပြောဆိုများသံက ကိုသာဗျောတို့ အရက်ဆိုင်တစ်ခုလုံးကို
လွှမ်းမိုးထားတော့သည်။
"စဉ်းစားကြည့်ကြကွာ ငါးနှစ်လုံးလုံး ချစ်ချစ်ခင်ခင်ပေါင်းလာခဲ့တဲ့ လင်မယားအချင်းချင်း ဘလော့သင့်လား
ပြီးတော့ ဒိကိစ္စက သူ့ဘက်က အရင်စလွန်တာ အဲ့ဒါ ဒီအသုံးမကျ တဲ့ ဖေ့ဘုတ်ကြောင့်လည်းပါတယ်
ဇူကာဘတ်ဆို ငနဲ ရွာလာရင် ငါအသေသတ်ပစ်မယ်"
ကိုကျော်မောင်တစ်ယောက် နာကျည်းပေါက်ကွဲနေခြင်းကို သူ့အပေါင်းအသင်းတွေတစ်ယောက်မှ ထိန်းမနိုင်ဖြစ်နေသည်။
ကိုမောင်ဆိုသည်ကလည်း ဟိုအရင်ကတည်းက လူဖြောင့် လူရိုး တစ်ဥိးဖြစ်ပေမယ့် သူစိတ်တိုလာရင် ထိန်းရခက်သူဖြစ်သည်။
"ဒီလောက်လည်း စိတ်မကောင်းမဖြစ်မနေပါနဲ့ ကျော်မောင်ရာ မင်းမိန်းမပဲ အိမ်ပြန်ပြီး သေသေချာချာချော့လိုက်ရင်
ပျော့သွားမှာပါ အဲ့ကျမှ ဘလော့လုပ်ထား ပြန်ဖွင့်ခိုင်းပေါ့"
ကိုမြကြီးက သူငယ်ချင်းဖြစ်သူ ကိုကျော်မောင် တစ်ယောက် စိတ်ပေါ့ပါးရန် တတ်နိုင်သမျှ ဖြေသိမ့်ပေးရှာသည်။
"အေးလေ ကျော်မောင်ရာ မြကြီးပြောတာ မှန်တယ် လင်မယားခြင်းပဲ ဘလော့လည်း ခဏပေါ့"
တိုးကျော်ကပါ မြကြီးစကားကိုထောက်ခံရင်း ကိုကျော်မောင်ကို ဖြေသိမ့်ပေးရှာသည်။
ကိုကျော်မောင်ခင်မျာ သူငယ်ချင်းတွေရဲ့ ဖြေသိမ့်စကားတွေကို လက်မခံနိုင်ရှာ ခေါင်းတစ်ခါခါ
သာ ဖြစ်နေရရှာသည်။့
"မင်းတို့ ဘာမှမသိပါဘူးကွာ ခု အေးစိန် က ငါ့ကို ဖေ့ဘုတ်ပေါ်မှာတင်ဘလော့ထားတာ မဟုတ်ဘူး
အိမ် တံခါးကိုပါ ဘလော့လုပ်ထားတာ ငါအိမ်ထဲကို ၀င်လို့မရတာ သုံးရက်ရှိနေပြီ "
ကိုကျော်မောင်ရဲ့ ဆွေးဆွေးမြေ့မြေ့ ပြောဆိုစကားကို ကြားရပြီးနောက်
ကိုမြကြီးတို့ ကိုတိုးကျော်တို့ သူငယ်ချင်းတစ်သိုက် မည်သို့ ပြန်ပြောရမည် မသိအောင်ဖြစ်သွားရတော့သည်။
အမှန်တော့ ကိုကျော်မောင်တို့ လင်မယား ပြဿနာက ကိုကျော်မောင်မှာ အပြစ်မရှိသလို
မအေးစိန်မှာလည်း အပြစ်ရှိသည်ဟု ဆိုနိုင်မည်မဟုတ်ပေ။
အဓိက တရားခံက တစ်ခြားမဟုတ် တစ်ရွာလုံးက သည်းသည်းလှုပ် ဖြစ်နေကြသည့် ဖေ့ဘုတ် ဆိုရှယ်နက်ဝပ်ကြီးဖြစ်သည်။
ဖေ့ဘုတ်ကိုနှစ်နှစ်ခြိုခြိုက် သုံးစွဲလာသူများထဲမှာ ကိုကျော်မောင်တို့မအေးစိန်တို့ ဇနီးမောင်နှံတို့လည်း ပါဝင်လာသည်။
ကိုကျော်မောင်တို့ ဇနီးမောင်နှံ မှာမှ ကိုကျော်မောင်ဇနီးဧ။် ဖေ့ဘုတ်ကို တန်းတန်းစွဲ သုံးစွဲမှုက စံချိန်တင်လောက်သည့်
အနေအထားဖြစ်သည်။ ဖေ့ဘုတ်စွဲနေသူတစ်ဦးလို့ပင် ဆိုနိုင်သူဖြစ်သည်။
ကိုကျော်မောင်အနေနဲ့ကလည်း မိန်းမငယ်ငယ်ကလေး ယူထားသူဖြစ်နေတော့ အလိုလိုက်အကြိုက်ဆောင်ထားသည်။
သူ့မိန်းမ မိအေးစိန် စိတ်ချမ်းသာလျှင် ပြီးရောဟု နေတတ်သူတစ်ဦးဖြစ်သည်.။
အေးစိန်တို့ ဖေ့ဘုတ် အသုံပြုပုံကလည်း အထက်ကဆိုခဲ့သလို စံချိန်တင်လောက်သည်အထိ။ အေးစိန်တစ်ယောက်
ပျောက်နေလျှင် တစ်ခြားနေရာမှာ လိုက်ရှာစရာမလို ဖေ့ဘုတ်ပေါ်တက်ကြည့်ရုံဖြင့် စုံစမ်းတွေ့ရှိနိုင်သည်။
ပို့စ်တွေ ဓါတ်ပုံတွေ တင်သည့်နေရာမှာလည်း သူ့ကိုမီနိုင်မယ့်သူ ရွာမှာမရှိ၊
မနက်မိုးလင်း ထမင်းကြမ်းစားတဲ့ကိစ္စကစပြီး
ညအိပ်ရာဝင်သည့်အထိ ဓါတ်ပုံရိုက် ဖေ့ဘုတ်တင်သည်မှာ အေးစိန်တို့ လုပ်နေကြအလုပ်ဖြစ်သည်။
ဒီကြားထဲ အိမ်မှာရှိတဲ့ ကြောင်တွေ ခွေးတွေလည်း မနေရ အားလုံးကို ဓါတ်ပုံရိုက် ဖေ့ဘုတ်ပေါ်တင်သည်။
ဒါတင်ပဲလား ဆိုတော့ မဟုတ်သေး ရပ်ရေးရွာရေးနဲ့ ပတ်သက်လို့လည်း ဖေ့ဘုတ်ပေါ်ရောက်လာသမျှအရာအားလုံးကို သူနဲ့သက်ဆိုင်သည်ဟု အေးစိန်က သတ်မှတ်ထားသည်။
သူကြီးရဲ့ ပြန်ကြားရေး ကိုရင်မောင့် ပို့စ်တွေမှာ ကွန်မန့်အပေးဆုံး ဘွဲ့ပေးမည်ဆိုပါက
အေးစိန်ကလွဲပြီး တစ်ခြားသူ ရနိုင်မည်မဟုတ်
ဒါတင်မက ကိုကျော်မောင်ရဲ့ ပိုစ်တွေကို Share နိုင်ဆုံးသူမှာလည်း အေးစိန်ပင်ဖြစ်သည်။
"ရွာနဲ့ပတ်သက်တဲ့ သတင်းများ မလွတ်တန်း သိချင်ပါသလား အေးစိန် ဝေါကို သွား" ဟုပင်
ရွာကလူတွေ သတ်မှတ်ထားကြသည်။
အတင်းသမား သတင်းသမားများဖြစ်ကြသည့် အဒေါ်စိန်တုတ် တို့ မဝေတို့ အဖွဲပင်လျှင်
အေးစိန်ရဲ့ ဖေ့ဘုတ်နှင့် ကင်းကွာ လို့မဖြစ်။
ကိုကျော်မောင်တို့ လင်မယား ပြဿနာကို ပြန်ကောက်ယူရမည်ဆိုလျှင်..
တစ်ရက်တော့ တိုက်တိုက်ဆိုင်ဆိုင် ကိုကျော်မောင် သူတို့ ရွာနှင့် မလှမ်းမကမ်းမှာ ရှိသော ရွာတစ်ရွာသို့
စပါးကိစ္စ သွားရောက်ဆုံးစုံစမ်းရန် အကြောင်းပေါ်လာသည်။ ရွာနှင့် မလှမ်းမကမ်းဆိုသော်လည်း ဆိုင်ကယ်ဖြင့်
အသွားအပြန် အလုပ်ကိစ္စနှင့်ပါဆိုလျှင် တစ်နေကုန်လောက်သည်။ အဲ့တော့ ကိုကျော်မောင်က ချစ်ဇနီးဖြစ်သူကို
အသေချာမှာပြီးနောက် အလုပ်ကိစ္စ ခရီးနှင်ရတော့သည်။
ပြဿနာက ကိုကျော်မောင် စပါးကိစ္စဖြင့် တစ်ဖက်ရွာသို့ သွားအပြီး ရွာသို့ပြန်လာချိန်တွင် စလာခဲ့ခြင်းဖြစ်သည်။
ကိုကျော်မောင်တစ်ယောက် ရွာလမ်းမကြီးအတိုင်း ဆိုင်ကယ်ဖြင့် ရွာတွင်းသို့ ၀င်လာခဲ့သည်။ အပြန်မှာလည်း ကိုကျော်မောင်စိတ်တို့ လွတ်လပ်ပေါ့ပါးနေသည်။ အလုပ်ကိစ္စအားလုံးလည်း အဆင်ပြေသည်။ မိန်းမဖြစ်သူ မှာလိုက်သည့်အရာများလည်း မမေ့မလျော့ ပါလာသည်။
ကိုကျော်မောင် ရွာအတွင်းသို့ ၀င်လာစဉ်တွင် ပထမဆုံး စတင် တွေ့ရှိရသူက ချက်ကြီးဖြစ်သည်။ ချက်ကြီးက မော်တော်ဆိုင်ကယ်ပေါ်က ကိုကျော်မောင်ကို အားရ၀မ်းသာ လှမ်းပြီးနူတ်ဆက်သည်။
"ဟေ့ရောင် ကျော်မောင် ကွန်ကရက်ကြီး ကျူလေးရှင်းပါကွာ ဟားဟား"
ချက်ကြီးက ကျော်မောင့်ကို အားရ၀မ်းသာ နူတ်ဆက်သည်။ ကိုကျော်မောင် အနည်းငယ်တော့ အံ့သြသွားသည်။
ဒီကောင်ဘာထကြောင်ပါလိမ့်ဟု တွေးမိသည်။ နောက်မှ အော် ငါ စပါးကိစ္စအဆင်ပြေလာတာကို
သိလို့် နေမယ်ဟုတွေ့းမိသည်။ ဆိုင်ကယ်နဲ့ဆိုတော့ ကိုကျော်မောင်လည်း အသေချာ
ပြန်မနူတ်ဆက်ဖြစ် "အေးအေး" ဟုသာ ပြန်ပြောနိုင်သည်။
နောက်ထပ် လမ်းမှာတွေ့သူက ဘကြီးဖြိုး
"ဟေ့ကျော်မောင်ကြီး မင်းတော့ပွပြီပေါ့ ဟဟ"
ဒီကြားထဲ ထပ်တွေ့ရသည့် အပျိုတစ်သိုက်ကလည်း သူ့ကို ပြုံးပြုံး ဖြင့် ကြည့်ပြီး သူတို့အခြင်းခြင်းတွတ်ထိုးနေကြသည်။
ဒီနေ့ရွာကလူတွေ ထူးဆန်းနေပါလားလို့ သူတွေးမိသည်။
ပိုပြီး အံ့သြစရာကောင်းတာက သူလမ်းမှာ တွေ့ရသည့် လူတိုင်းက သူ့ကို အားရ၀မ်းသာ နူတ်ဆက်နေကြသည်။
ကိုကျော်မောင်ကတော့ ကြောင်တောင်တောင်ပင်ဖြစ်နေရှာသည်။ ငါထီများပေါက်သလား
ဒါမှမဟုတ် အေးစိန်များ ထီပေါက်နေသလားဟု တွေးကြည့်သည်။
ဖြစ်တော့မဖြစ်နိုင် သူလည်း ထီထိုးထားခြင်းမရှိ အေးစိန်ဆို ပိုဆိုးသည်။
ထီးထိုးဖို့နေနေသာသာ သူ့အာရုံက ဖေ့ဘုတ်သုံးဖို့လောက် ပဲ အရေးကြီးနေတတ်တာ မဟုတ်လား။
လမ်းမ ထပ်တွေ့ရသည့် ဒေါ်စိန်တုတ်က ကိုကျော်မောင့်ကို လှမ်းပြီးအော်လိုက်သည် ။
"အမလေး!! ကျော်မောင်တို့များ မာနတွေကြီးနေချက်က ငါဒီလောက် မိရှင်း ခေါ်ပြီး ကွန်မန့်ပေးထား
တောင် မသိသလိုလိုနေနေတယ်"
ကိုကျော်မောင်အတွက် ထူးဆန်းအံ့သြဖွယ်ရာတွေဖြစ်နေသည်။ ဆိုင်ကယ်ဆက်မောင်းနေရမလား ဆိုင်ကယ်ရပ်ပြီး
ခေါင်းကုတ်နေရမလား မသိဖြစ်နေသည်။ နောက်တော့ သူသတိတစ်ခုရသွားသည်။
အလုပ်ကိစ္စနဲ့ ရှုပ်နေတော့ ဖေ့ဘုတ် မကြည့်ဖြစ်သေး ဖေ့ဘုတ်ပေါ်မှာ တစ်ခုခုတော့ ထူးတာရှိနေနိုင်မည်ဟု တွေးမိသည်။
တွေးလို့မှ မဆုံးသေး ကိုဖိုးတုတ်က ကိုကျော်မောင်ကို နုတ်ဆက်စကားဆိုလိုက်သည်။
"ဟေ့ရောင် ကျော်မောင် မင်းတော့ လူဖြစ်ပြီပေါ့ကွာ ၀မ်းသာပါတယ်"
ကျော်မောင့်အတွက် အားလုံးက အထူးတဆန်းဖြစ်နေသည်။ သူဆုံးဖြတ်ချက် တစ်ခုချလိုက်သည်။
ရှေ့က လဘက်ရည်ဆိုင်မှာ ၀င်ပြီး ခဏတော့ သူ့ဖေ့ဘုတ်ဖွင့်ကြည့်မှဖြစ်မည်။
ကျော်မောင် သူဖုန်းက အင်တာနက်ကို ဖွင့် ရင်ခုန်လှုပ်ရှားစွာဖြင့် ဖေ့ဘုတ် ကိုဖွင့်ကြည့်မိလိုက်သည်။
နိုတီတွေ အများကြီးတက်နေတာတွေ့ရတော့ သူပိုပြီးတော့ စိတ်လှုပ်ရှားသွားသည်။ အရင်ဆုံး သူ့ဝေါကို ၀င်ကြည့်သည်။
သူ့ကို လာပြီး နူတ်ဆက်ထားကြသည်မှာမနည်းမနော
"၀မ်းသာတယ်ကွာ မင်းလူဖြစ်ပေါ့ ကျော်မောင်
"ကျော်မောင်ကြီးကွ"
"ငါက မရတော့ဘူးထင်တာ"
"သေတော့သေချာတယ်မလား ကျော်မောင် ဟားဟား"
ဘာတွေလည်းဟုတွေးပြီး ကျော်မောင်တစ်ယောက် နားမလည်နိုင်သလိုဖြစ်နေသည်။ သူမိန်းမ မအေးစိန်နဲ့
တစ်ခုခု ပတ်သက်မည်ဟု ကျော်မောင်တွေးမိပြီး သူ့မိန်းမ မအေးစိန်ရဲ့ ဖေ့ဘုတ်ဝေါသို့ သူဦးတည်လိုက်တော့သည်။
"ဟာ!!!"
ကိုကျော်မောင့် မျက်လုံးတွေ ပြာဝေသွားသည်။ နောက်တော့ ၀မ်းနည်းသလိုလို ၀မ်းသားသလိုလို
ငိုချင်သလိုလို သူခံစားလိုက်ရသည်။
မအေးစိန် သူ့ဖေ့ဘုတ်မှာ ရေးထားသည်က
" ကျွန်မတှို့ မျိုးဆက်သစ်ကလေးကို ကျွန်မ ဗိုက်ထဲမှာ လွယ်ထားပါပြီ ရှင်.. ခိခိ"
Like တွေကမနည်းမနော Comment တွေကလည်း မျိုးစုံပေးထားကြသည်။ ကိုကျော်မောင့်ကိုထမန်းရှင်းခေါ်ပြောထားကြသည်မှာလည်း တော်တော်များသည်။
ပထမတော့ ကိုကျော်မောင် ကြောင်နေသည်။ နောက်တော့ ငါကွ ဟု ထအော်မိမလိုဖြစ်လိုက်သေးသည်။
နောက် ကိုကျော်မောင် ငြိမ်သက်သွားပြန်သည်။ သူသေသေချာချာ တွေးမိသည်။ ကိုကျော်မောင့် အသားတွေ
တဇတ်ဇတ် တုံရီ လာ သည်။
"ဒီမိန်းမဘာလုပ်တာလဲ ဒိလိုကိစ္စမျိုးကို သူ့ကို အရင်အသိမပေးဘဲ ဖေ့ဘုတ်ပေါ် ဘာကြောင့်တင်ရတာလဲ
သူဘယ်လောက်အထိ ကလေးလိုချင်သည်ဆိုတာ မအေးစိန်အသိဆုံး မအေးစိန်မှာ ကိုယ်ဝန်ရှိတာ သိရရင်
သူလောက်ပျော်မည့်သူ ဒီကမ္ဘာမှာ မရှိနိုင် ဒါကို သိရက်နဲ့ သူ့ကိုအရင်ဆုံးအသိမပေးဘဲ ဖေ့ဘုတ်ပေါ်တင်သည်။"
ကိုကျော်မောင့် ဒေါသတွေ အမြင့်ဆုံးသို့ရောက်လာလေသည်။ တွေးရင်းတွေးရင်း ဒေါသတွေ အလိုလိုဖြစ်လာနေသည်။
သူဝမ်းသာပျော်ရွှင်ရမည့်ကိစ္စကို ဒီမိန်းမ လုပ်ပုံကြောင့် အခုတော့ ဒေါသတွေထွက်နေပြီဟု တွေးမိသည်။
"မိန်းမ ကိုယ်ဝန်ရှိတာ ယောက်ျားဖြစ်သူက တစ်ရွာလုံးသိပြီး သိရတဲ့ အဖြစ် ဘယ်လောက်တောင်ရှက်ဖို့ကောင်းသလဲ"
ကိုကျော်မောင်တစ်ယောက် တွေးလေ နားကျည်းလေ ဒေါသဖြစ်လေ ဖြစ်နေသည်။
ကိုကျော်မောင့် အရင်ဦးစွာ ဒေါသတွေက မအေးစိန်ဧ။် ပိုစ့်မှ ကွန်မန့်ဘောက်ပေါ်သို့ အလိုအလျောက်ရောက်ရှိသွားတော့သည်။
"မိအေးစိန် ဒီကိုယ်ဝန်က ငါနဲ့ရတာမဟုတ်လို့ ငါ့အရင် အသိမပေးဘဲကိုငေကျာ်မောင်တစ်ယောက် မကျေနပ်နိုင်သေး နောက်ထပ် ကွန်မန့်တစ်ခုဖြင့် သူ့ဒေါသတွေကို ဖေါ်ထုတ်သည်။
ဖေ့ဘုတ်ပေါ် အရင်တင်ရတာလား @ x-x ခွီး -x-xx ! @!"
"မင်းဒီလောက်တောင် ဖေ့ဘုတ်တန်းတန်းစွဲ ဖြစ်နေရင် ဖေ့ဘုတ်နဲ့ပဲပေါင်း၊
ဒီကလေးကိုလည်း ဖေ့ဘုတ်ပေါ်မှာပဲမွေး ငါမကြည့်နိုင်ဘူး "
ကိုကျော်မောင်ရဲ့ ဒုတိယ ကွန်မန့်အောက်မှာ မအေးစိန်ရဲ့ ကွန်မန့်ပါတက်လာတော့သည်။
"ကိုကျော်မောင် !!! ရှင်တော်တော် မိုက်ရိုင်းပါလား ဟင် ရှင်တော်တော် တုံးပါလား စတေးတပ်မှာ ရှင်မတွေ့ဘူးလား
ဝစ်. ကျော်မောင်ဆိုပြီး ရှင့်ကို တက်လုပ်ထားတာ ရှင်မျက်လုံးက အဲ့လောက်တောင် ကန်းရလား အကန်းကြီးရဲ့"
ကိုကျော်မောင်ကလည်း အားကျမခံပြန်မန့်သည်။
"ဒီမယ် မိအေးစိန် မင်းဘာသာမင်း ဘယ်လိုပဲ တက်လုပ် တက်လုပ် ငါကတော့ ငါ့ကိုတက်လုပ်တာ မခံနိုင်ဘူး
အေးငါက မင်းပြောသလို အကန်းကြီး ဒီအကန်းကြီးကပဲ မင်းကိုရှာကျွေးနေရတာ
ငါက ကန်းနေလို့ နင်ဘယ်လို လုပ် ကိုယ်ဝန်ရသွားလည်း မသိလိုက်တာ "
ကိုကျော်မောင် ဒေါသများက သူ့စကားလုံးတွေကို မထိန်းကွပ်နိုင်သလိုဖြစ်နေသည်။ မအေးစိန်ဘက်ကလည်း
ကွန်မန့်တွေ တက်လာပြန်ပြီ
"ရှင် ရှင် တော်တော် မိုက်ရိုင်းတယ် ကျွန်မကို အရှက်ခွဲတယ် ရှင်နဲ့ ကျွန်မ မပေါင်းနိုင်ဘူး ကွာမယ် "
"အေးမပေါင်းနဲ့ မင်းဖေ့ဘုတ်နဲ့ပဲပေါင်း ဖေ့ဘုတ်နဲ့ပဲနေ ဖေ့ဘုတ်နဲ့ပဲ ကလေးမွေး"
ကိုကျော်မောင်တို့ လင်မယား နှစ်ယောက် ဖေ့ဘုတ်တိုက်ပွဲက အတော့်ကို ကြမ်းလာသည်။
တစ်ရွာလုံးက စောင့်ကြည့်နေကြသည့် အခြေအနေသို့ရောက်လာသည်။ နောက်ဆုံးတော့
မအေးစိန်က ကိုကျော်မောင့်ကို ဘလော့ လုပ်လိုက်လေတော့သည်။
နှစ်ဖက်မိဘများသိပြီး ၀င်ဖြေရှင်းတာတောင်မရနိုင်တော့..။
တဖြည်းဖြည်းဖြင့် ကိုကျော်မောင်တစ်ယောက် အိမ်ပေါ်ပြန်တက်ခွင့်မရသည်မှာ တစ်ပတ်ကျော်၍ တစ်လနီးပါးသို့
ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ဒီအချိန်တွေထိ မအေးစိန်ကတော့ စိတ်မပြေသေး ဖေ့ဘုတ်မှာ ဘလော့လုပ်ထားသည်ကို
မပြောနှင့် အိမ်တံခါး ဘလော့လုပ်ထားသည်ကို ဖွင့်ပေးမည့်ပုံမပေါ်။
ကိုကျော်မောင်ခင်များလည်း နေ့နေ့ညည အရက်ဆိုင်မှာ အချိန်ကုန်ရသည့်အဖြစ်ကို ရောက်ရှိနေရှာသည်။
ညည အရက်မူးလာပြီဆိုလျှင် ဖေ့ဘုတ်ပေါ်တက်အော်သည် သူမှားကြောင်း သူ့မိန်းမ မအေးစိန်ကို
ဘယ်လောက် သတိရကြောင်း မျိုးစုံ ဖေ့ဘုတ်ပေါ်တင်သည်။
ကြာလာတော့ ကိုကျော်မောင့် သူငယ်ချင်းတွေက ကိုကျော်မောင့်အတွက် တစ်ခုခု လုပ်ပေးဖို့ စဉ်းစားပြီး
အကြံထုတ်လာကြသည်။
တစ်ခြားမဟုတ် ကိုကျော်မောင့်ကို မအေးစိန် သနားပြီး ပြန်ပြေလည်လာဖို့..
ဒီလိုဖြင့် ကိုကျော်မောင်ရဲ့ သူငယ်ချင်းတစ်သိုက်က သူတို့ အစီစဉ်ကို စတင်အကောင်အထည်ဖေါ်တော့သည်။
ကိုကျော်မောင် အရက်မူးပြီး ငိုနေသည့် ဓါတ်ပုံတွေရိုက် ဖေ့ဘုတ်ပေါ်တင်
ကျော်မောင်တစ်ယောက် ဘယ်လို အသည်းကွဲ ခံစားနေရကြောင်း မအေးစိန် သိအောင်လုပ်သည်။
ကိုကျော်မောင် ငိုကျွေးနေပုံတွေကို မအေးစိန်ကို အရောက်ပို့သည်။
မည်သို့ပင် ဆိုစေကာမှု မအေးစိန်ရဲ့ အသည်းကတော့ မာကျောစဲ..
ထိုသို့ဖြင့် ရက်တွေက လသို့ပြောင်းလာခဲ့သည် မအေးစိန်ရဲ့ ကိုယ်ဝန်လည်း တစ်စတစ်စ ပိုမို အရွယ်ရောက်လာသည်။
မအေးစိန်လည်း ကိုယ်ဝန်နဲ့ဆိုတော့ ဖေ့ဘုတ်အသုံးပြုခြင်း လျှော့လာသလိုပင်
ကိုကျော်မောင်လည်း မအေးစိန်နဲ့ ပြဿနာဖြစ်စကလောက် အရက်မသောက်ဖြစ်တော့
ကိုကျော်မောင်တစ်ယောက်.မနက်စောစော အချိန်၌ ရေးနွေးကြမ်းသောက်ရင်း
ဆေးပေါ့လိပ် တို ကလေးကို ဖွာနေမိသည်။ သူ့အတွေးတွေက ဟိုရောက်ဒီရောက်
ဘာလိုလိုနဲ့ မအေးစိန်နဲ့သူ ခွဲနေရတာ ခြောက်လကျော်နေပါရောလားဟု သူတွေးမိသည်။
သူမအေးစိန်ကို တစ်နေ့မှ မေ့မရခဲ့. ဒီကြားထဲ မမွေဖွားလာသေးသည့် သူ့ရင်သွေးကလေးအတွက်
သူ့စိတ်တွေ ပူနေမိသည်။
"မအေးစိန် နေမှကောင်းပါစ တော်တော် စိတ်ပြတ်သားသည့် မိန်းကလေးပါလား " ဟု ကျော်မောင်တွေးနေမိသည်။
ကိုကျော်မောင်တစ်ယောက် သူ့အတွေးနှင့်သူ နစ်မျောနေစဉ်အချိန်မှာပဲ ကိုမြကြီးက သူ့နေထိုင်ရာအိမ်သို့ အပြေးအလွှားရောက်ရှိလာသည်။
"ဟေ့ရောင် ကျော်မောင် မင်းမိန်းမ ဗိုက်နာလို့တဲ့.. မွေးတော့မယ်တဲ့ကွ အခုမွေးဖို့ တော်တော်ခက်နေတယ် ခွဲဖို့မြကြီးက ကိုကျော်မောင်ကို ပြောလိုက်သည်။
.မြို့ပို့ရင်လည်း ပို့ရမယ်ပြောနေတယ် ဒေါ်စိန်တုတ် ဖေ့ဘုတ်မှာလည်း တင်ထားတယ် !! "
ကျော်မောင် လက်ကြားကဆေးပေါ့လိပ်တို ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ကိုကျော်မောင်တစ်ယောက်
ပါးစပ်အဟောင်းသားဖြင့် မြကြီးကို ဘာပြန်ပြောရမှန်းမသိဖြစ်နေသည်။
"ဟေ့ရောင် ဘာကြောင်နေတာလဲ မင်းသွားဖို့လုပ်လေ "
ကိုကျော်မောင် အသားတွေ တဇတ်ဇတ်တုံရီနေသည်။
"ငါ .. ငါ.. သွာ.. လို့ ဖြစ် ပါ မလား သူ က စိတ်အရမ်းဆိုးနေတာ .."
ကိုကျော်မောင် တုံတုံရင်ရင်ဖြင့် ပြောလိုက်သည်။
"ဟ ဖြစ်တာပေါ့ကွ မင်းမိန်းမကလေးမွေးတာပဲ မင်းသွားရမှာပေါ့ ဒီလိုအချိန်မှာ သူလည်း မင်းကို လိုအပ်နေမှာ
ခုလောက်ဆို စိတ်ဆိုးပြေလောက်ပါပြီကွာ ဒါအချိန်ကောင်းပဲ "
ကိုမြကြီး က မရမက တိုက်တွန်းသည်။ ကိုကျော်မောင် စဉ်းစားမနေတော့ ဘာဖြစ်ဖြစ် သူ့မိန်းမရှိရာသို့ ရောက်အောင် သွားဖို့
ဆုံးဖြတ်လိုက်တော့သည်။
ခြောက်လကျော်အကြာ ကိုကျော်မောင့်အိမ်ပြန်ခရီးက ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ များလွန်းနေသည်။
သူ့ခြေထောက်တွေ မြေကြီးနဲ့ ထိနေသလားဆိုတာတောင် ကိုကျော်မောင် သတိထားမိနိုင်မည်မဟုတ်ပေ..။
တဖြည်းဖြည့်းနှင့် ကိုကျော်မောင် အိမ်အနားသို့ နီးကပ်လာလေသည်။ ကိုကျော်မောင့်ရင်ခုန်နူန်းကလည်း ပိုမြန်လာနေသည်။
ကိုကျော်မောင် ခြံဝန်းရှေ့သို့ရောက်ပြီးနောက် အိမ်တံခါးဝသို့ ပြေးဝင်လိုက်စဉ်..
အိမ်ခန်းအတွင်း မှ အသံတစ်ခု သူ့ကို ပြေးကြိုသလို ထွက်ပေါ်လာတော့သည်။
"အမလေး ကိုကျော်မောင်ရေ.. !!!!!!! "
ကိုကျော်မောင် ဘာကိုမှ စဉ်းစားမနေတော့ အသံလာရာ အိမ်ခန်းအတွင်းသို့ ပြေးဝင်လိုက်သည်။
သူနောက်မှာ အသံတွေက ကျန်ခဲ့သည်။
"ဟဲ့ကျောင်မောင် ဘယ်လိုဖြစ်တာလဲ"
"ကျော်မောင် နင်ဝင်လို့မရသေးဘူးလေ"
"ကျော်မောင် မီးနေခန်းထဲ ၀င်သွားပြီ လုပ်ပါဦး"
ကိုကျော်မောင်ကို အခန်းအတွင်းက သူနာဆရာမလေးတွေက ကြောင်ပြီး ကြည့်နေကြသည်။
အသံတစ်ခုက ကိုကျော်မောင့် နှလုံးသားအတွင်းထိအောင် ရိုက်ခတ်ပြီး ၀င်လာတော့သည်။
" အုဝဲ!!!!!!!!"
(တကယ်ပြီးပါပြီ )
မှူးသစ်
No comments:
Post a Comment