Monday, July 22, 2013

အန္တရယ်ဇုံအတွင်းမှ ဂြိုဟ်သားတစ်ကောင်သို့ အထူးမှာကြားခြင်း



လူစိမ်း သူစိမ်း သတိထား
တစ်ခုခုဆိုရင် အလန့်တကြား စီးကရက်မီးတွေ မညှိမိစေနဲ့
ယောင်ယမ်းပြီးတော့ ဘာစာအုပ်တွေကိုမှ ဖွင့်မကြည့်မိစေနဲ့
အရေးအကြောင်းဆို ဖုန်းဆက်ဖို့ ၀ီစကီ တစ်ခွက်ကို အသင့်ပြင်ထား
ကမ္ဘာကြီးလည်နေတယ် ကမ္ဘာကြီးလယ်နေတယ် ကမ္ဘာကြီးလည်နေတယ် ကမ္ဘာကြီးလယ်နေတယ်
အကြိမ်ကြိမ် တရားမှတ်သလို မှတ်နေရမယ်
သတိထားရမှာက တန်းပေါ်က တီရှပ်အဖြူဟာ အန္တရယ်ရှိတယ်
အချက်ပြမီးခလုတ်ကို ဓါးအိမ်ထဲမှာ ထည့်ထားဖို့ မမေ့နဲ့ဦး
အရေးကြီးတယ် သတိလက်လွတ် ဘာကိုမှ ဖွင့်မကြည့်မိစေနဲ့
အိပ်ခန်းတံခါး၊ လိုက်ကာ ၊ အယူဝါဒ၊ စာအုပ်၊ အချစ်၊ လိင်မှုကိစ္စ
ဘောပင်အဖုံး၊ စီးကရက်ဗူးခွံ ဂတ်(စ်)အိုး၊ မီးခလုတ်၊ ရုပ်မြင်သံကြား၊ လျှိုဝှက်ချက်၊ ကုဒ်နံပါတ်
ဘာဆို ဘာမှ ဖွင့်မကြည့်လိုက်နဲ့


တစ်ခုခုကို ကြောက်လန့်နေပြီဆိုရင်
ကြောက်စရာအကောင်းဆုံးဆိုတာတွေထက် ပိုပြီး ကြောင်းစရာကောင်းတဲ့အကြောင်းအရာတွေကို
ကြောက်လန့်ပစ်လိုက် !!!!


ဘာလုပ်ဖို့ ဟန်းဖုန်းတွေကို သုံးနေရတာလဲ !!!!!!!
တီဗီကြည့်လို့မရဘူး၊ ဖုန်းဆက်လို့မရဘူး၊ ရုပ်မြင်သံကြားအစီစဉ်သတင်းထုတ်လွှင့်ချက်
ဖျော်ဖြေရေး ၀ါဒ ဖြန့်ချီရေး ဘာတစ်ခုမှ ကြည့်လို့မရဘူး

အခြေအနေ အရာအားလုံးဟာ အန္တရယ်ဇုံထဲမှာဆိုတာ နဲနဲလေးမှ သတိမမေ့နဲ့
စိတ်အေးလက်အေး ရှိနေအောင်
သွးပျက်စရာကောင်းတဲ့ အကြောင်းအရာတစ်ခုခု ကိုတွေးနေလိုက်
ဘုရားဝတ်ပြုမယ်ဆိုရင် ၀တ်ပြု
လက်အုပ်မချီနဲ့ ဦးမညွှတ်နဲ့၊ အသံမထွက်စေနဲ့ အမှတ်အသားတစ်ခုခု ပြလိုက်မိတာနဲ့
အန္တရယ်ဇုံထဲကို တိုးဝင်မိသွားပြီဆိုတာ မပြတ်သတိထား

ဘယ်ဖုန်းလာလာ ကိုင်လိုက်လို့ မဖြစ်ဘူး လစ်ဘရယ်ဒီမိုကရေစီဖြစ်ဖြစ် ၊ ကွန်မြုနစ်ဖြစ်ဖြစ်၊
ဆိုရှယ်လစ်ဖြစ်ဖြစ်၊ ပဒေသရာဇ်ဖြစ်ဖြစ် စစ်အာဏာရှင်ဖြစ်ဖြစ်၊ ကိုလိုနီဖြစ်ဖြစ်
ဘယ်ဖုန်းလာလာ မကိုင်မိစေ
ချောင်းဆိုးလို့မရဘူး၊ ခေါင်းကိုက်လို့မရဘူး၊ ရင်ခုန်လို့မရဘူး
အသက်နဲ့အမျှ အရေးကြီးနေတယ်။ ပျင်းနေရင် ကော်ဖီဖျော်သောက်
ယောင်ယမ်းပြီးတော့ စားပွဲပေါ်က ဂျာနယ်တွေကို ယူမကြည့်မိစေနဲ့
သီးချင်းတွေလည်း ဖွင့်ထားလို့မဖြစ်ဘူး ဘတ်(စ်)ကားပေါ်က အသံတွေ
ဖြတ်သွားဖြတ်လာ ပလက်ဖေါင်းပေါ်က အနံ့တွေ ဘာတစ်ခုမှ ၀င်မလာစေနဲ့

ပြောနေရင်းနဲ့ ကွန်ပျူတာက မောက်ခလုတ်ကို ရွေ့နေပြန်ပြီ !!!!!!
ကလစ်တစ်ချက်မှားတာနဲ့ သွေးပျက်စရာအခြေအနေပဲ အလိုအလျောက်ရောက်သွားမယ်ဆိုတာ မသိဘူးလား
အန္တရယ်ဇုံထဲမှာ ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်သတိပေးနေရတယ်
အရေးအကြောင်းဆို အဆင့်သင့်ရှိဖို့ မူလီတွေအားလုံး ကျပ်ထား
သေချာစစ်ထား နားထင်တည့်တည့်မှာ ၂၀ အထက် မူလီသုံးဖို့ မမေ့နဲ့
ကျည်ဆန်တွေ အဆင့်သင့် ဖြည့်ထားပြီးပြီလား
အသုံးအနူန်းတွေ ကိုယ်ရောင်ကိုယ်ဝါတွေ အားလုံး ဖျောက်ထားရမယ်
ဘယ်ထောင့်ကနေ ကင်မရာမီးတွေ ပွင့်လာနိုင်လဲဆိုတာလဲ သတိထားဦး
ဦးခေါင်းကို မော့ကြည့် ဘေးနံရံတွေကို သေချာကြည့် ထောင်စုံအောင်ကြည့်
လူစိမ်းသူစိမ်း သတိထား ပြတင်းတံခါးတွေကိုလည်း သေချာစစ်ဖို့လိုတယ်
ဘာတစ်ခုမှ အ၀င်ခံလို့မရဘူး
လူ့အခွင့်အရေး ၊ဘာသာရေး၊ ပဋိပက္ခ၊ စစ်ပွဲ ၊ တော်လှန်ရေး၊
အယူဝါဒ ၊ယုံကြည်မှု ၊အရောင်အစွန်းအထင်း၊ ဘာသာဗေဒ ဘာသာစကား
ဘာတစ်ခုမှ ၀င်မလာစေနဲ့
တစ်ခုခုကနေ ဖုန်းဝင်လာပြီ ဆိုတာနဲ့
ဖြည့်ထားတဲ့ ကျည်ဆန်ကို ၂၀နဲ့ ကျပ်ထားတဲ့ နားထင်ထဲ ပစ်ထည့်ပစ်လိုက်
ကိုယ့်ကိုယ်ကိုယ် လုပ်ကြံ ပစ်လိုက်တာက
တစ်ခြားလူတစ်ယောက် လုပ်ကြံသွားတာထက် ပိုပြီး အန္တရယ်ကင်းတယ်
အန္တရယ် ဇုံထဲမှာ ဂြိုဟ်သားဆိုတာ

ဘာကိုမှ သတိလက်လွတ် ဖြစ်သွားလို့ မရဘူး


မှူးသစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...