ဆုံးရှုံးမှုများသည် မဆုံးရှုံးခင်က ဆုံးရှုံးလိုက်ရသော ဆုံးရှုံးမှု များဖြစ်သည်
ဂစ်တာတစ်လက်ရှိနေရင်တောင် ကိုယ် ပျော်ရွှင်ဖို့ သီချင်းတွေ မဆိုတတ်တော့ဘူး ။
တိတ်ဆိတ်မှုကို ဘယ်ဖေါက်ခွဲပစ်လိုက်ရမလဲ
နာကျင်မှုဆိုတာ အလိုအလျောက်ပေါက်ကွဲတတ်တဲ့ အချက်ပြ မီးလုံးကလေးတော့မဟုတ်။
တကယ်တော့ အသက်ရှုတယ်ဆိုတာ လိုအပ်ချက်တစ်ခုပဲလေ။ လိုအပ်တာတွေ တော်တော်များများကိုတော့ မေ့လျော့ထားဖြစ်သည်။
အခန့်ထောင့်က ချောင်းဆိုးသံကြားရသည်။ နောက်တော့ စီးကရက်မီးညှိသံကြားရသည်။
မီးခိုးငွေ့တွေကို ရှိုက်ထုတ်ပစ်မိသည်။ တကိုယ်တည်း ပြုံးရယ်တတ်သော အကျင့်များသည်
မည်သည့် အချိန်တွေတုန်းကတည်းက ရရှိလာခဲ့သည်ကိုမသိ ။ စိတ်နဲ့စိတ်ဟာ ယဉ်ပါးမှု မရှိသေး
သက်တမ်းတွေကတော့ နှစ်ဆယ့် ရှစ်နှစ်ကို ကုန်ခမ်း သွားတော့မည်။ ချောင်းဆိုးသံကြားရသည်။
ချောင်းဆိုးလာလျှင် စီးကရက်တစ်လိပ်လောက်တော့ ဖွာလိုက်ရမှ သူ့အတွက် အဆင်ပြေသည်။
ဘယ်ချိန်တွေတုန်းကတည်းက စွဲလမ်းလာခဲ့ရသိကိုတော့ မမှတ်မိတော့။ ဘ၀မှာမှတ်မိစရာကောင်းလောက်တဲ့ အဖြစ်အပျက်တွေကလည်း အများကြီးမရှိလှ။ တိတ်ဆိတ်မှုတွေကပဲ အမှတ်ရစရာဖြစ်ခဲ့သည်။
ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေမှာ မရင်းနှီးလိုက်ရတဲ့ ဆုံးရှုံးမှုဆိုတာ မရှိပါဘူး
ဘ၀မှာ ဘာတွေကို သတိတရ စွန့်လွှတ်ခဲ့ရဖူးပါသလဲ.စီးကရက်တွေက မေ့ဆေး မဟုတ်သော်လည်း တစ်စုံတစ်ရာကိုတော့ ငြိမ်သက်သွားစေနိုင်သည်ဟု မှတ်ယူမိသည်။ မနက်ဖြန် ။ အသက်ရှင်သန်မှုများ၌
မနက်ဖြန်ရှိနေသည် ဟု တွေးတောဖူးသလား မသိ။ မနက်ဖြန်ကြရင် ဆံပင်တွေ ညှပ်ဖို့ တော့ သူတွေးမိသည်။ အဆင်မပြေမှုတွေကို ဆံပင်တွေလို ညှပ်ပစ်လိုက်ရင် အဆင်ပြေမလား နောက်တော့လဲ ပြန်ရှည်လာနိုင်လိမ့်မည်။
တိတ်တဆိတ် ဖြတ်သန်းခဲ့သမျှ အရာတော်တော်များကို စွန့်လွှတ် ကြည့်ခဲ့သည်။
သူပြန်မကြားမိတဲ့ အသက်ရှုသံတွေ နှလုံးခုန်နူန်းအလုပ်လုပ်သံတွေ၊ စကားလုံး အပြိုအဆင်းတွေ၊ မိုးဖျောက်သံတွေ နှင်းကြွေသံတွေ ဖြစ်တည်မှုတော်တော်များကို သူစွန့်လွှတ်ဖို့ကြိုးစားကြည့်သည်။
တကယ်တော့ မျှော်လင့်ချက်ဆိုတာ မျှော်စင်ဆန်တဲ့ အိမ်ကလေးတစ်လုံး၊ ဘ၀မှာ ရွေ့လျားနေတဲ့ တိမ်တွေကို အပျော်တမ်း အရုပ်တွေလို ခံစားကြည့်မိခြင်းပါပဲ ။ တစ်ခါတစ်ခါဆိုပါတော့.. ။
တွေးတောမှုများက ဘယ်တော့မှ သေချာရေရာမှုမရှိခဲ့။ သူအလေ့အကျင့်များလားတော့မသိ။ မသိခြင်းတွေကလည်းအလေ့အကျင့်တစ်ခု ဖြစ်နေပြန်သည်။
လမ်းတွေ လျှောက်ရတာ တစ်ခါတစ်ခါ အရသာ ရှိလွန်းသည်။ အရသာ.. တကယ်တော့ ထိတွေ့ခံစားမှုမှန်သမျှသည် အရှိမဲ့ ဟု ခံးစားမပြန်သည်။ ကိုငှက်ဧ။် ကဗျာကလေးတစ်ပုဒ်ကို သတိရမိပြန်သည်။ ရှိတော့ရှိတယ် အရှိမဲ့ပေါ့.
* သက်တံ
ညနေခင်းတခု
မိုးစဲလင်းပွင့်ကောင်းကင်မှာ..
ဟာ…..
လှလိုက်တဲ့ သက်တံကြီးတစင်း
စီးဆင်းနေတာတွေ့တယ်။
ရုတ်တရက်ပဲ
ငါ… ကြေကွဲခဲ့ရပေါ့
ဘ၀ဆိုတာ သက်တံလိုပါလား… ။
ရှိတော့ရှိပါရဲ့
ဒါပေမဲ့
အရှိမဲ့ … ။ ၊*
ဆုံးရှုံးမှုများသည် မဆုံးရှုံးခင်က ဆုံးရှုံးလိုက်ရသော ဆုံးရှုံးမှု များဖြစ်သည်
နှစ်ဆယ့်ရှစ်နှစ်တာ ဖြတ်သန်းမှုများသည် ရေးလက်စ အက်ဆေးတစ်ပုဒ်လိုပင် မရေရာမှုများဖြင့် ပြည့်သိပ်နေသည်။ စကားလုံးသက်သက် အဆိပ်ခတ်ခြင်းဆိုပါတော့ စကားလုံးများဧ၊် အဆိပ်ခတ်ခြင်းကို ခံလိုက်ရခြင်းလည်း ဖြစ်နိုင်သည်။ အကြောင်းအရာတွေ တော်တော်များများကို တွေးတောဖြစ်သည်။ ငွေကြေးနဲ့တိုင်းတာလို့မရသော အောင်မြင်မှုတွေ၊ တိတ်တဆိတ်ချို့တဲ့ခဲ့ တဲ့ နွေးထွေးမှုတွေ၊ နာကျင်မှုတွေ.လူမှုဆက်ဆံရေးတွေ
အကြောင်းအရာတော်တော်များလို့ပဲ ဆိုပါတော့
ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေမှာ မရင်းလိုက်ရတဲ့ ဆုံးရှုံးမှုဆိုတာ မရှိ အဆင်ပြေတဲ့ လူမှု့ဆက်ဆံရေးတွေမှာ ကိုယ့်ကိုယ်ကို မေ့လျော့ထားရသည်။ ယုံကြည်ချက် ခံစားမှု၊ မျှော်လင့်ချက်.. လူ့အဖွဲ့အစည်း
တကယ်တော့ နာကျင်မှုဆိုတာ ဘယ်လိုအရာမျိုးလဲ.. ရွေ့လျားသွားတဲ့ အရုပ်တွေလို တိမ်တွေများလား.ဒါမှမဟုတ်
အခန်းထောင့်မှာ တိတ်တိတ်လေး ခွေနေတဲ့ သိမ်ငယ်စိတ်တွေလား.။
တစ်ယောက်ပါးကို တစ်ယောက် ရိုက်လိုက်တာက နာကျင်မှုမဟုတ်ဘူးဆုံးရှုံးမှုများသည် မဆုံးရှုံးခင်က ဆုံးရှုံးလိုက်ရသော ဆုံးရှုံးမှု များဖြစ်သည်။
တစ်ယောက်စိတ်ကို တစ်ယောက်ဖြတ်ရိုက်လိုက်တာမျိုးကသာ နာကျင်ခြင်းပဲ.
တစ်စုံတစ်ရာ သည် အသက်ရူသံဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ် နှလုံးခုန်သံဖြစ်သည်။
အခန့်ထောင့်ကချောင်ဆိုးသံကြားရသည်။
နောက်တော့ စီးကရက်မီးညှိသံကြားရသည်။
မီးခိုးငွေ့တွေကို ရှိုက်ထုတ်ပစ်မိသည်။ တကိုယ်တည်း ပြုံးရယ်တတ်သော အကျင့်များသည်
မည်သည့် အချိန်တွေတုန်းကတည်းက ရရှိလာခဲ့သည်ကိုမသိ၊ ဂစ်တာတစ်လက်ရှိနေရင်တောင်
သူပျော်ရွှင်ဖို့ သီချင်းတွေ မဆိုတတ်တော့
နှစ်ဆယ့်ရှစ်နှစ်တာ ဖြတ်သန်းမှုများသည် တိတ်ဆိတ်လွန်းသည် မရေရာမှုတွေသာ များပြားလွန်းခဲ့သည်။
မရေရာမှုများသည် လွင့်မျောနေသော စကားလုံးသက်သက် လို့ပဲ ဆိုပါတော့။
စကားလုံးသက်သက်များအား သူအဆိပ်ခတ်လိုက်မိသည်။
မှူးသစ်
* သက်တန့်= ထူးအိမ်သင်
No comments:
Post a Comment