Tuesday, July 2, 2013

ပျံ့ကျဲနေတဲ့ အကြောင်းအရာတွေပါပဲ (မှူးသစ်)


မွေးရောပါ ချို့တဲ့ မှု ဆိုတော့ ဘယ်လို မှ ပြန်ဆယ်ယူလို့ မရတော့ဘူး
ဒီလိုနဲ့ ဆံပင်တွေနဲ့အတူ အသက်တွေ ရှည်မလာချင်တော့တဲ့ ဆန္ဒတွေ သတိတရ
ကျဆင်းလာ လိုသလို ဖြတ် တောက် ပစ်ဖို့ မလွယ်ကူတဲ့ ရိုးသားမှုတွေဟာ
ဘယ်လို လုပ်ပြီးတော့များ ရိုးသားချင်ဟန်ဆောင်နေရမလဲ
သဘာဝတရားနဲ့ ကမ္ဘာမြေကို ကိုယ်ဆန့်ကျင်ပြီးတော့ နေထိုင်ပစ်လိုက်တယ်
ငွေကြေးဟာ အရာတော်တော်များများကို
ဝယ်ယူနိုင်တဲ့ အခွင့်အရေး ကိုယ်နဲ့ရှင်သန်မှုတွေကို စော်ကားဖို့ ကြိုးစားလို့
ကိုယ်အရူးအမှုး လိုချင်မိတဲ့ အထဲမှာ ဘာတွေ ပါမလဲဆိုတာ ပြောပြမယ်။
ကိုယ်ပိုင်မိသားစုနဲ့ ခြံဝန်းကလေး တိုးတိုးတိတ်တိတ် ကျောပိုးအိတ်ထဲမှာ ဇစ်ဆွဲ ပိတ်ပစ် လိုက်တယ်။

အခန်းထောင့်က မီးလုံးကလေးကို ဖွင့်ကြည့်ဖို့မေ့လျော့နေခဲ့တာ
အဆီခံခွက်ထဲက ဆေးလိပ်တိုတွေဟာ ရက်ချိန်းကို ကျော်လွန်စ ပြုနေပြီ ဆိုပါတော့
ဒီလိုနဲ့ ဝေးဝေးလာတယ်လေ သီချင်းတွေနဲ့ ကြက်ဥကျော် အဟောင်းကလေး
ဘယ်လိုအင်အားတွေနဲ့ လောကဓံတရားကို ပေါက် ခွဲ ပစ် လိုက်ရမလဲ
ကမ္ဘာမြေနဲ့ မရေးဖြစ်တဲ့ ကဗျာအဟောင်းထဲက နာကျင်မှုတွေ အကြောင်း
လတ်တလော အခြေအနေတွေအရ ဘာသာတရားနဲ့ လူမျိုးရေးခွဲခြားမှုတွေကို မေ့ထားဖို့ပဲ ကြိုးစားရမလား
အပူပိုင်းဇုံဟာ ကိုယ်နေထိုင်ရာ လေထုထဲကို ရွေ့လျားလာ နေသလို
တစ်စုံတစ်ရာ အခြေအနေတစ်ခုခုကို သတိတရရှိလာရင်
တိုးတိုးတိတ်တိတ် တကိုယ်တည်း သောက်ရှက်ခွဲပစ်လိုက်တယ်
ကိုယ်နဲ့ကိုယ်.. တစ်ယောက်ဒဏ်ရာတွေကို တစ်ယောက်က အလုအယက် ရှိုက်ဖွာ
ဒီမှာ မီးတို့တစ်လောက်... စနက်တံကို ရှို့ပစ်လိုက်ရအောင် ကိုယ့်မှာ
မွေးရာပါ ချို့တဲ့မှုတွေ ရှိတယ် နာကျင်ခြင်းကို အသက်ကယ်ဆေးထိုးပြီး ဆယ်ယူထားမိတဲ့ လွဲချော်မှု
နောက်တစ်ခါ သတိပြန်လာရင် လက်ထဲရောက်နေတဲ့ ဘောပင်ကို ရိုက်ချိုးပစ်လိုက်ရမယ်
ကိုယ့်အဓိပါယ်ဟာ ကိုယ့်လက်ရေးနဲ့ကိုယ်တောင် နားမလည်နိုင်တတ်တဲ့ သက်တမ်းလွန် စာသားတွေ့ပဲ ဆိုပါတော့
လိုချင်တာတွေထက် ဖြေလျော့ချခဲ့တာတွေက ပိုများနေမလား
မှူးသစ်ဆိုတဲ့ သောက်သုံးမကျတဲ့ကောင်ဟာ ငွေကြေးနဲ့တည်ငြိမ်မှု အခြေအနေတွေကို
အရင်ဆုံး အပိုင်ရအောင် မစွမ်းဆောင်နိုင်ခဲ့။ ဘာတွေ ကို ၀ယ် ယူ ရမလဲ
နှင်းတွေကြားမှာ လမ်းလျှောက်ဖို့သက်သက်တော့ ကိုယ် ဂျာကင်အင်္ကျီကို မလိုချင်တော့ဘူး
အိမ်အခန်း နံရံတွေဟာ ဘွဲ့ဓါတ်ပုံ ချိတ်ဖို့ သက်သက်ဆိုရင် ကိုယ် အိမ်တစ်လုံး မပိုင်ချင်တော့ဘူး
ဒီလိုပဲလေ အဆင်မပြေမှုဟာ သဘာဝတရားနဲ့ကမ္ဘာမြေ ၊ ကိုယ်နဲ့ ဆန့်ကျင်ရာကို ရွေ့လျားစေတယ်
ကိုယ်ဆုပ်ကိုင်လိုက်တဲ့ ဒဏ်ရာတွေဟာ Google search Box ပေါ်မရောက်ခင် အငွေ့ပျံ
သိပ်ရယ်ရတာပဲ ကမ္ဘာမြေနဲ့ ခြေနှစ်ချောင်းမှာ အသွေးအသားအရောင်ခြင်း မတူဘူးတဲ့
လူ့အခွင့်အရေးနဲ့ လူ့အဖွဲ့အစည်းအကြောင်း မေတ္တာတရားနဲ့ ချစ်ခြင်းမေတ္တာ
တစ်ခုခုကို စပြောဖို့ ကြိုးစားလိုက်တာနဲ့ ကိုယ်ဟာ စကားလုံးဆဲဆိုမှုပစ်မှတ်တွေကို ရှောင်လွှဲဖို့ နေရာယူလိုက်ရမှာလား
သောက်တလွဲဖြစ်စဉ်တွေကို မရှောင်လွဲဘဲ ပေါက်ကွဲပစ်ချင်တဲ့ စိတ်ဆန္ဒဟာ
ဒီမှာ.. မီးတို့တစ်လောက်... စနက်တံကို ရှို့ပစ်လိုက်ရအောင် ကိုယ့်မှာ
အသက်ရှင်ဖို့ ပျံ့ကျဲနေတဲ့ ဆေးလိပ်တိုတွေနဲ့ အကြောင်းအရာ တစ်ချို့ရှိတယ်


မှူးသစ်
25/6/2012
1;20 AM

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...