Friday, May 31, 2013

ရုပ်မြင်ယနေ့ သံကြားအစီအစဉ် ဒီတွင် စပြီး ဒီတွင် ဆုံးသည် (မောင်မြတ်သူ)



..........................................................................


ပါတ်ဝန်းကျင်တစ်ခုလုံးကို လူသတ်ကောင်တွေ ဖုံးနေတာမြင်ရရင်
ခင်ဗျား ငိုပြီး ကဗျာရွတ်မယ်။ ကျွန်တော် ငိုပြီး ကဗျာရေးမယ်။
တစ်သီးပုဂ္ဂလ ကွဲပြားချက်ဆိုတာ အဲဒီလောက်ပါပဲ။


လိင်ပိုင်းဆိုင်ရာ ဖေါက်ပြန်မှုတွေ ၊ သဘာဝပါတ်ဝန်းကျင် ဖေါက်ပြန်မှုတွေ
ကိုယ်ကျင့်တရားဖေါက်ပြန်မှုတွေ ၊အတွေးအခေါ် ဖေါက်ပြန်မှုတွေ
အဲဒီ ဖေါက်ပြန်မှုတွေကို လူကြီးတွေအိတ်ထဲ ထည့်ထားတယ်
လိုအပ်လာရင် လူငယ်တွေဆုတောင်းဝတ်ပြုတယ်။
ယောင်္ကျားလေးတွေက မနက်တိုင်းမှာ ပေါ့ဆိမ့်တစ်ခွက်နဲ့ သွေးပျက်တယ်
ကောင်မလေးတွေမှာလည်း အရှက်နဲ့ ရိက္ခာကို လဲကြရတယ်။
ဘာသာမတူလို့ လက်မထပ်ရရင် ဘာသာတူဖို့အတွက် နောင်ဘ၀ကို ကူးပေးလိုက်ကြတာပေါ့။

သတိထားရင် အမိဖမ်းလို့ရတာက
ကိုယ်ကျင့်တရားနဲ့ ငတ်မွတ်မှု ရိုက်တဲ့ ဖဲဝိုင်းမှာ လူမျိုးကြီးကောင်တွေ မာကင်ပေးတာကိုပဲ။
ခင်ဗျားဟာ ၁၉၉၁ လောက်မှာ မွေးခဲ့ရင်
ပညာရေး ဆိုတာကို အငြိမ့်ထဲမှာ ကြည့်ခဲ့ရမယ်။
ငွေကြေးချမ်းသာမှုဆိုတာ ထီဆိုင်ကြေညာ မှာ မြင်ရမယ်။
လူတိုင်းဟာ စိတ်ကူးနဲ့ အကြမ်းဖက်တယ် လက်တွေ့ နည်းနည်းကွင်းဆင်းကြတယ်။

အမေ မီးလောင်သွားတာကို မြင်ဖူးရင် အဖေအသတ်ခံရတာကို မြင်ဖူးရင်
နိုင်ငံသားသွေးပျက်ရေးကဒ်ကို ရဖို့ ထိုက်တန်တယ်။


ကမ္ဘာကြီးရဲ့ တစ်နေရာမှာ နည်းပညာကို ဖိနှိပ်သူတွေကို ဆန့်ကျင်ဖို့ သုံးတယ်။
ကမ္ဘာကြီးထဲက ငါတို့နေရာမှာ နည်းပညာကို လုယက်မီးရှို့ဖို့ သုံးတယ်။
ဒီအဖြစ်တွေကို မြင်ရသလောက် ဒီကဗျာမှာ ငါဗဟိုကို အသေအချာ ပြုပါတယ် ။
ငါဆိုတာဟာလည်း မီးရှို့ခံဝတ်ကျောင်းတစ်ခုဖြစ်ပြီးတော့
ခေါင်းဖြတ်အဓ္ဓမကျင့်ခံရတဲ့ ဘုရားဖူး လူငယ်တစ်ယောက်ပါ။



ငတ်မွတ်ခြင်းကို ဖယောင်းတိုင်မီးစာမှာ ထွန်းညှိနေတဲ့ အစီအစဉ်အရ
လူတိုင်းဟာ တစ်နပ်ပဲစားရင် ကုန်ဈေးနှုန်းက မထီမဲ့မြင်ကြည့်တယ်
မြို့သစ်ရဲ့ လမ်းမှာ လှေစီးရင် ကယ်ရီဆွဲကြတဲ့ မြို့ပြဟာ
၂၁ ရာစု ကမ္ဘာမှာ ရှားပါး ပုံရိပ်ပေါ့
မြို့ပြရဲ့ လူသားတွေဟာ အမှောင်ခေတ်တစ်ခုဆီကို
ချီတက်ကြစို့ တူပျော်ပျော်
သီချင်းကိုဆိုပြီး စုစည်းကာ သွားလာနေကြတယ်။


မကြားဖူးတာတွေ ကြားဖူးရမယ် ၊ မြင်ဖူးရမယ် ၊ တွေ့ဖူးရမယ်
ဂြိုဟ်ဟောင်းကြီးတစ်လုံးရဲ့ သွေးပျက်ခန်းဖြစ်လိမ့်မယ်
သွေးဆာမှုတွေဟာလူသားဆန်မှုကို သတ်ဖြတ်တယ်
အသေခံဗုံးခွဲသမားတွေနဲ့ များရာစားဓါးတွေဟာ
လူမျိုးကြီး ဘာသာကြီး တရားကို နာယူပြီး
စိတ်ကူးနဲ့ထီပေါက်ကြတယ် ၊ အနူများအဖြစ် မွေးမြူကြတယ်။

စည်းရှိကမ်းရှိ ရွက်ဖျင်တဲတွေ ရတယ်
ဒုက္ခသည်ခေါက်ဆွဲခြောက်တွေ ရတယ်
အသွင်ပြောင်းအိပ်မက်ဟောင်းတွေ ရတယ်
အထူးလျော့ဈေးလို့ ပြောလည်း ရတယ်
လူဖြစ်ရှုံးချင်ရင် အလွယ်လိုက်လို့ ရတယ်။


ချစ်ခင်လေးစားရပါသော မိဘပြည်သူ များခင်ဗျာ
တုန်ယင်နေအောင် အသံခိုက်နေတုန်း မီးပျက်သွားတယ်
အသံထွက်ကိုက မကောင်းတော့ တရုတ်စက် တရက်စုတ်တွေနဲ့ ကန့်လန့်ကာချရတယ်။

လိုအပ်လာမှုတွေအရ စိတ်ခံစားမှုတလျှောက် လိုင်းစီခဲ့ပါတယ်။ ကြေညာတွေပါပါတယ်။ သတင်းစဉ်တွေပါတယ်။
ပြည်သူ့အော်သံ ၊ နိုင်ငံရေးဖက်ရှင်ပွဲတော် ၊ နိုင်ငံရေးလေလံတင်ပွဲ စတဲ့ ဘာညာဘာညာတွေကို သင့်အတွက် မနက်ဖြန်မှာ ဆက်ကြည့်လို့ရပါတယ်။


................
မောင်မြတ်သူ

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...