ဟိုးအဝေးက လှိုင်းတွေတွေပစ်ခတ်ထုတ်နေတာ တောင်တန်းတွေပဲမှတ်လား ။
ဒဏ်ရာဟာ အချိန်အကြာကြီး ထုပ်ပိုးသိမ်းဆည်းထားပေမယ့်လည်း လတ်ဆတ်ဆဲ
မမြင်ရတဲ့ လမ်းတွေမှာ ကိုယ် ရှူရှိုက်ချင်တဲ့ လတ်ဆတ်တဲ့လေနုအေးတွေရှိကောင်းရှိနိုင်ပါတယ်။
အသက်ရှင်နေထိုင်မှုကို မချစ်မြတ်နိုးတော့ဘူးဆိုရင် သေဆုံးခြင်းကိုရွေးချယ်ရမှာပဲ။
ခုဆို Tag ခလုတ်ကို အရင်လို ယုံကြည်မှုမရှိပဲနဲ့ မနှိပ်ပစ်ရဲတော့ဘူး။
မင်းတို့ ငါတို့စိတ်တွေ ရေချိုးခန်းထဲအချိန်အကြာကြီးဝင်ပြီး နေမကောင်းဖြစ်တယ်
တစ်ယောက်ယောက် က *နင်* လို့ခေါ်တဲ့ အခါ နာကျင်ရင် နာကျင်မှာပေါ့ ။စိတ်မကောင်းစရာသက်သက်မှန်းသိသင့်တယ်။
ကားဂိတ်တွေဟာ လူငယ်တစ်ယောက်ရဲ့စိတ်ဓာတ်ကျမှုကို နွေးထွေးပေးနေရတဲ့ မိသားစုပဲ။
သူငယ်ချင်းဟောင်းတွေလည်း မရှိတော့ဘူး ။ ပြန်ကောက်ရစရာဆိုလိုလည်းကိုယ်ဘာမှကျမပျောက်ခဲ့ရဘူး။
မလုံခြုံမှုဟာ တစ်စုံတစ်ယောက်ကိုမျှော်လင့်နေတုန်း သောက်သုံးရတဲ့ဆေးဝါးတွေပါပဲ။
မဖြစ်နိုင်မှန်းသိတယ်။ ဒါပေမယ့်ပျော်ရွှင်မှု စက္ကူငှက်လေးတွေတစ်ကယ်ပျံဝဲသွားတာမြင်ချင်တာပဲ။
Homo sapiens အဖြစ်ဟာ ငယ်ငယ်က စားရတဲ့သရဲသကြားလုံးပဲ ။ နောက်ဆုံးမှကျိန်စာကို ငါတို့ကိုက်ဝါးမိတယ်။
မှောင်နေတဲ့အခန်းထောင့်မှာ ထိုင်ပြီး ဆိုက်ကို ကားတွေကြည့်မိ
လူ့ဖြစ်အင်မှာ ငါတို့ မေတ္တာတရားကို ဆာငတ်ရတယ်။ ကဗျာကောင်းတွေကို ဆာငတ်ရတယ်။
အခြားသူတွေရဲ့ အားလပ်မှုကိုဆာငတ်ရတယ်။
နေ့စဉ်ကြားနေရတဲ့ သတင်းတွေမှာ လူအဖွဲ့အစည်းနဲ့ငါတို့ဟာ ချဉ်းကပ်ပုံခြင်းမတူညီကြ
Be so good, they can't ignore you ဆိုတဲ့ စာသားကို မီးရှို့ပစ်လိုက်ခဲ့ပြီ
လိင်အသားပေးဇာတ်လမ်းတွေကို စိတ်မပါဘဲ ဟန်ဆောင်ကြည့်နေရတယ်။
မိန်းမတစ်ယောက်ရဲ့ Level 6 က *ဟုတ်ပါတယ် အားလုံးကျမ အမှားပဲထားလိုက်ပါတော့*လို့သုံးခါပြောခြင်းပဲ။
သူစိမ်းတွေဟာ ငါတို့လျှောက်မဲ့ လမ်းတိုင်းမှာကလုန်းပွားပြီးအသင့်အနေအထားနဲ့စောင့်နေ။
လူအဖွဲ့အစည်းဟာ အပယ်ခံသက်သက်ပါ ။ သူတို့မကြားနိုင်တဲ့ သီချင်းတွေ ငါတို့သီဆိုနေပြီ
ဝမ်းနည်းစရာကောင်းတာက ငါတို့မှာလည်း အမှန်တစ်ကယ်လိုချင်မိတဲ့ လက်မှတ်တွေရှိပါတယ်။
ငါတို့အပြင်သွားရင် တစ်ယောက်ယောက်ကိုတော့ နှုတ်ဆက်ချင်တယ်။
5’ 8’’ ၊ 135 နဲ့ 22 နှစ်သက်တမ်းရှိတဲ့ ခန္ဓာကိုယ်ထဲမှာ နေထိုင်ရတာပျင်းရိငြီးငွေ့စရာသက်သက်။
ငါတို့နဲ့မဆိုင်တဲ့ကိစ္စတွေမှာ ငါတို့ဟာ နာမည်ကြီး ။ ဒဏ်ရာဟာ အချိန်အကြာကြီး ထုပ်ပိုးသိမ်းဆည်းထားပေမယ့်လည်း လတ်ဆတ်ဆဲ

ကိုယ်နေချင်တဲ့ မြို့တွေမှာ စီးပွားရေးကျဆင်းသံတွေကြားတယ်။ ဘားတွေမှာ လူတွေပြည့်လျှံနေတယ်။
ဒီပရက်ရှင်မနက် ဒီပရက်ရှင်ည ။ စိတ်ဟာ အရည်ပျော်ပြီး လမ်းကြိုလမ်းကြားတွေအထိစီးဆင်းသွား
ခေတ်ပေါ်လူသားဟာ ခေတ်ပေါ်ဒဏ်ရာတွေနဲ့ ။ ဆေးရုံနံရံမှာ လက်သည်းနဲ့ နာမည်တစ်ခုကိုရေးခြစ်ထားခဲ့။
လူတွေဟာ ပိုလာဝက်ဝံတွေပါ ။ သွေးခဲမှာ ထိုးစိုက်ထားတဲ့ ဓါးသွားကို တစိုက်မတ်မတ်လျက်နေကြ။
အများနဲ့မို့ ကိုယ်မဆော့ချင်တဲ့ fellowship ဂိမ်းတွေဆော့ခဲ့ရတယ် ။ ကိုယ်ရွံရှာတယ်။
အိမ်ကလူတွေမသိအောင် ငယ်ငယ်တုန်းက သွေးထွက်ဒဏ်ရာကို လက်နဲ့အုပ်ကိုင်ထားခဲ့ဖူးတယ်။
ကိုယ်ဟာ Generation တစ်ခုခုကို ဆက်ခံသူမဟုတ်ဘူး။
ကိုယ်ဟာ သတ်မှတ်ချက်တစ်ခုခုကို အတည်ပြုသူမဟုတ်ဘူး။ ကိုယ်ဟာ ဓာတ်ပြယ် ။
အမြင့်ပျံငှက်တွေ ရှိတာ ကိုယ်ကြားဖူးပါတယ် ။ သူတို့ကို ကိုယ်မယုံကြည်ဘူး ။
Apple တံဆိပ်မှာ ပဲ့နေတဲ့ပန်းသီးအသားဟာ ကိုယ်ကိုက်ထားခဲ့တဲ့ အရာ မဟုတ်ပါဘူး ။
တစ်ယောက်တည်း စကားပြောရတဲ့ အရသာ ဟာ ချိုမှန်း ကိုယ်ယုံကြည်ရတဲ့လူတွေ ကိုယ့်ကိုပစ်ချထားခဲ့တဲ့အခါ
ကိုယ်သိလာတယ်။
တစ်စုံတစ်ရာကို စတင်လိုက်ရမှာ ကိုယ်သိပ်ကြောက်ရွံ့နေပြီး
တစ်ယောက်ယောက်က အဆုံးသတ်စကားတွေ ကိုယ့်ရှေ့မှာပြောနေခြင်းကိုလည်း
ကိုယ်ခံနိုင်ရည်မရှိ ။
လိင်စိတ်ပြင်းထန်နေချိန် မိန်းမတစ်ယောက်ဟာ ကိုယ်မဟုတ်တဲ့တခြားသူတစ်ယောက်နဲ့ အိပ်သွားမလား။
ကိုယ် အရာအားလုံးကို မနှစ်မြို့တော့ဘူးကွယ် ။
ရင်ခွင်ရှိန်း
No comments:
Post a Comment