Friday, April 19, 2013

သူ နဲ့ ကျွန်မ (မြတ်နိုးဖြူ)


ဟော... မိုးတွေရွာပြီ။
“ဒီကနေ့ရွာတဲ့မိုးဟာ
အတိတ်မှာရွာတဲ့မိုးနဲ့ ဆင်တူလေမလား..”
မျက်ခွံလေးတွေကိုပိတ်လို့တွေးတော့
ပါးပေါ်မှာ သူ့ထွက်သက်လေး လှစ်ခနဲဖြတ်ပြေးသွားသလိုလို

ဒီလိုမျိုးမိုးတွေအောက်မှာ
ငုဝါရောင်ပန်းခိုင်တွေအောက်မှာ
ကန်ဘောင်ရိုးတလျှောက်မှာ
သူ နဲ့ ကျွန်မ ..
(အင်းလေ) တိတိကျကျပြောရကြေးဆို ကျွန်မဘက်က
မေ့မရတဲ့ ကောက်ကြောင်းတစ်စ
ရှိတယ် ..ရှိခဲ့တယ် ။


တကူးတက သူပြန်မလာခဲ့ရင်တော့
ပြန်ဆုံလို့မှ မသိနိုင်တော့တဲ့ သူ့မျက်နှာ
ဆယ်စုနှစ်တစ်ခုစာ အလွန်မှာ
တရေးရေးပြန်တွေးတော့လည်း ၀ိုးတ၀ါးပါပဲ..

မျက်ခုံးနက်နက်တစ်စုံ
ပြီးတော့ .. နှုတ်ခမ်း
(အားး) မှတ်မိပြီ !!
သေချာတာတစ်ခုက
   “သူရယ်လိုက်ရင် လှတယ် ”

ဟော.. မိုးတွေသည်းလာပြီ။
သူ ကျွန်မကို လွမ်းပါ့မလား..
ကျွန်မရဲ့ ခွင့်လွှတ်ခြင်းတွေကိုများ တောင့်တနေ၇ှာမလား
(ဖြစ်နိုင်ချေ သိပ်နည်းပေမယ့်)
ကျွန်မရဲ့ ငယ်နာမည်လေးကို ချစ်စနိုး သူရေရွတ်နေနိုင်သေးရဲ့

ဖြူသွယ်သွယ် လက်ချောင်းလေးတွေရဲ့ ဦးထိပ်မှာ
ဘယ်ဆိုးဆေးမှ အရောင်တင်မခံခဲ့တာက
ကျွန်မ သူ့စည်းကမ်းတွေကို လိုက်နာနေဆဲ.. ဆိုတဲ့ အဓိပ္ပါယ်

သူမှတ်မှတ်ထင်ထင်၇ှိနေမှာက
နောက်ဆုံးညနေအချိန်မှာ
စကားတစ်ခွန်း မျက်ရည်တစ်ပေါက်မှ မပါဝင်ခဲ့တဲ့
သူ့ရင်ခွင်ထဲက ကျွန်မရဲ့ နာကျင်မှု
(ဒါကိုပဲ နာကျည်းမှုလို့ လွဲမှားစွာ သူထင်ကောင်းထင်မယ်)
အစကတည်းက နက္ခတ်တွေလွဲမှားခဲ့တယ် ရှင်ရယ်..

မေမေပြောသလို အတိတ်ကို
အတိတ်မှာထားခဲ့ဖို့.. ကျွန်မလည်း ကြိုးစားခဲ့ဖူးတယ်။
တရားမျှတမှုမဲ့စွာနဲ့
သူ မေ့လျော့ပျော်ရွှင်နေမှာကိုတော့
အထိတ်တလန့် ငြင်းဆန်နေမိခဲ့
စိတ်ကူးနဲ့တောင် ခါးသီးလှပါရဲ့.. ရှင်ရယ်

ရှင်ရယ်..
ရှင်ဟာ ကျွန်မငယ်ဘ၀ရာဇ၀င်မှာ
ပြည့်စေ..ဆုတွေပေးတတ်တဲ့ သိကြားမင်းလည်းဖြစ်တယ်။
ဆယ်နှစ်စာဆောင်းညချမ်းတွေမှာ
အလူးလူးအလိမ့်လိမ့် မျက်ရည်ဝှက်တွေအတွက်
ရေစိမ်ထားတဲ့ ကြိမ်တံတစ်ချောင်းလည်းဖြစ်တယ်။
ကျွန်မရဲ့   “သူ” လည်းဖြစ်ပါတယ်။

ရှင်ရယ်..
ကျေးဇူးပြုပြီး
ကျွန်မရဲ့ အမုန်းရည်စိမ်အလွမ်းများကို
စိတ်မကောင်းစွာ လက်ခံပါ။
အစွန့်ပစ်ခံတစ်ယောက်ရဲ့ သိုသိုဝှက်ဝှက်ကဗျာအတွက်
နားလည်စွာ ၀မ်းမြောက်ပါ။

အနည်းဆုံး
သေသည်အထိ
ကျေးဇူးပြုပြီး ကျွန်မကို လွမ်းနေစမ်းပါကွယ်..။

ဟော.. မိုးစဲသွားခဲ့ပြီ။
ဟိုးအတိတ်မှာရွာတဲ့မိုး ဒီကနေ့မိုးထက်သာတယ်။
အဲဒီတုန်းက
နှစ်ယောက် အတူရှိဖူးတယ်။

မြတ်နိုးဖြူ

(၂၀၀၈-မနေ့က ဧည့်သည်.. မှ)

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...