Friday, April 19, 2013

အိပ်ယာထဲက မြက်ခင်းကြီးဟာ အနီရောင်ကိုမသိဘူးတဲ့ … ဒီလိုနဲ့…(တေးခက်)


တကယ်ကြီး လွှတ်ချလိုက်ဖို့မရည်ရွယ်ခင်မှာ တင်းတင်းလေးဆွဲထားနိုင်တာက
သူ့ရဲ့စာနာတတ်ပုံလို့ခုထိ မယုံကြည်နိုင်သေး ။ ကျေးဇူးသိတတ်မှုတွေ
အပြန်အလှန် အသွားထက်ပြနေသလို။ သူ့မျက်နှာလေးကလည်း အိုလို့ ။
ဘယ်ဇာတ်လမ်းမျိုးစချင် စချင် ခြေလက်ဆေးတဲ့နေရာကနေစရမှ ။ 
ဒါကို လက်မခံပေးနိုင်ဘူးဆိုလည်းလက်တစ်ဖက်မှာ ဓားတစ်လက်
နောက်တစ်ဖက်မှာကျတော့အားလုံးပုံအောထားတဲ့ ဆက်တင်ကြီးနဲ့ ။ စကားကို
အဆုံးထိပြောချလိုက်တဲ့အမူအရာမျိုးနဲ့ စကားလေးတစ်လုံးကို ဝါဒခွဲပြောလေးပြောတယ် ။
ပြောတယ်ဆိုရုံလေး  နှုတ်ခမ်းကလှုတ်လိုက်တာ မဆီမဆိုင်မွစာကြဲသွားတဲ့ဆေးတစ်စက်။
သစ်ပင်တွေအသစ်လဲထားတဲ့ပန်းချီကားချပ်တွေကို ကြည့်နေရသလိုပေါ့ ။ နောက်ကျိသွားတဲ့

နောက်ကြည့်မှန်ထဲမှာတော့အိမ်နေရင်းအဝတ်အစားနဲ့ ။ ပန်းအိုးတွေ ခန်းဆီးလိုက်ကာတွေ
သူ့အလိုလို အသစ်လဲနေတာ။ ဘယ်အနာမှမနာပြချင်တော့လို့ အိမ်သန့်ရှင်းရေးကို စိတ်သန့်သန့်နဲ့
စိတ်သန့်ရှင်းရေးကိုရေချိုးခန်းသန့်သန့်နဲ့ ။  ကျကွဲသွားတယ် ထင်တာပဲ။
အသံကြားလိုက်တယ်တော့လည်းမဟုတ်ပါဘူး။ ကိုယ်နဲ့သူ့ရဲ့ အလိုလိုဆက်သွယ်မှုပေါ့ ။ 
လိုချင်တဲ့အခါတော်တော်ရှာယူရတယ် ။ နှစ်အတော်ကြာ သေနေပြီးသား မြက်ခင်းကြီးကို
သူ ရေလောင်းနေတာ လက်လှမ်းမီသလောက်ထိ ကိုယ် ရွှဲစိုနေတာကို
မိုး လို့ တိုးတိုးလေးပြောပြန်တယ်။ လက်ဖျားလေးနဲ့ဖယ်ပြီးကြည့်လိုက်ဖို့ကို ကိုယ့်မှာမဝံ့မရဲ ။ 
ထူးကဲအသားမို့ဂရုတစိုက်နဲ့ ပွတ်သပ်မိသည်အထိ ။ တစ်နေ့ပြီးတစ်နေ့
သူလိုသလိုပုံသွင်းလာတဲ့စိုက်ပျိုးခြင်းမှာ အနီတွေ သီးနေပြန် ။ စိတ်ထဲမှာလည်း နီရဲပဲ့ကျ ။
ဈေးကြီးလွန်းတဲ့တိုက်ဆိုင်မှုမရှိပဲ တစ်ခါတစ်ခါ တီတီတာတာနဲ့ ဈေးစကားသိပ်ပြောတတ်တယ် ။
မြက်ခင်းကြီးဟာအိပ်ယာထဲမှာ မသေမရှင်နဲ့ ကိုယ့်ကိုစိုက်ကြည့်နေတာ ။
ထွက်သွားတာကကြာပြီ။ ပြန်ရောက်နေတာလည်းကြာပြီ ။ ကိုယ်ကိုယို့ပြီးလှမ်းယူလိုက်တော့
ကိုယ်လျှောက်သွားလျှောက်ပြန်မလုပ်တော့တဲ့ ပလတ်ဖောင်းကြီးညိပါလာတယ်တဲ့ ။
သူ့အသားတွေ တဆတ်ဆတ်ခါနေ။ ကိုယ့်အနွေးဓာတ်ကိုကိုယ်ညာမိတဲ့အထိ ။ သူ့အသားတွေ
တဆတ်ဆတ်ခါနေ ။ဆစ် ကနဲ့ သူ့ကြည်နူးမှုမှာ  ကိုယ့်အသိလေးကိုတော့ကိုယ်ခြွေလိုက်မိတာပဲ ။
ရင်မဆိုင်ရဲတော့လည်းတစ်ယောက်တည်း နှုတ်ခမ်းကိုကိုက် နံရံကိုမှီ ။ အတွေးထဲမှာ
သူ့စိတ်ကြိုက်အရောင်ဆိုးထားတဲ့အိပ်ယာအခင်းအကျင်းကြီးက အားငယ်လာတိုင်း
မိုးကိုမော့ကြည့်လို့။ မျက်တောင်ခတ်လိုက်တိုင်း နယ်နိမိတ်ရှိတယ် ။ ဖွဲ့ဖွဲ့နွဲ့နွဲ့နိုင်ငံတစ်နိုင်ငံထဲကို 
အလည်အပတ်သဘောပေါ့။ သူ့အတွေ့အကြုံအရတော့ မိုးပေါ်ကိုလည်းရောက်ရော
မိုးကရွာချရော။ မိုးစက်တွေ ။ မိုးစက်တွေလိုလို မိုးစက်တွေ အနီရောင်အတိုင်းရွာချတယ် ။
အိပ်ယာကြီးထဲထိလှဲကျင်းထားသမျှ အရွယ်မရောက်သေးဘဲ တစ်ဖြည်းဖြည်းစွန့်ခွါလို့ ။ 
အိပ်ကပ်တွေထဲကိုလျှောက်နှိုက်လို့အားရမှမြက်ခင်းကြီးပေါ်ကိုသွား
မီးခြစ်ကို အေးအေးဆေးဆေးခြစ်ကြည့်ပြီးသူ့ဘဝထဲကို သူ ခိုးဝင်ရရှာတာ ။
အားနည်းနေတဲ့နံရံကြီးပေါ်မှာလေအခြစ်ရာတွေ အဖျက်ရာတွေများလွန်းလို့ ။
သံသရာဆိုလေး ဆိုကြကြေးဆိုတွယ်တက်လာခဲ့ရသမျှ
နောက်ဆုံးမော့ချလိုက်တဲ့အနီရောင်တွေထဲသူပြုတ်ကျသွားသလို ။
တစ်လျှောက်လုံးသတိတရစောင့်ကြည့်ခဲ့ရတာ ။ ကိုယ်ပျက်ကွက်ခဲ့တာကိုမပြောလိုတော့ဘူးတဲ့ ။
တစ်နေ့နေ့တစ်ချိန်ချိန်တော့အသိတရားလေးရကောင်းပါရဲ့ဆိုပြီး ပြုံးတတ်လိုက်တာ ။
သတိမထားမိပဲ တနေ့တခြားဝိုင်းဝိုင်းစက်စက်ကြီးဖြစ်လာတာ။ 
ပြတင်းပေါက်ဖွင့်လိုက်မိတိုင်းအံ့ဩရတယ် ။ သူ မသိဘူး ။
မသိမသာလေးတုန်ရီနေတဲ့ကိုယ့်လက်မှာအနီရောင်တွေဟာ သူ့ကိုနားလည်စွာ 
အဝေးကိုငေးကြည့်တယ်ကျော် ကြည့် တယ် နေသာဝင်ဝင်သွားတယ် ခြံပြင်ကိုမရောက်သွားဘူး ။
အဖြစ်အပျက်ကိုပြန်ဆွဲထုတ်ကြည့်တိုင်း မြက်ခင်းကြီးဘေးကနေအခါခါ ပြန်စရတယ် ။
အိမ်ထဲကိုပြန်ဝင်လာတော့တစ်ယောက်တည်း ။
တစ်ယောက်ရဲ့အထဲမှာတစ်ယောက်ရှိနေပြီးတစ်ယောက်ရဲ့ဘေးမှာတစ်ယောက်မရှိတော့ ။
နာမည်မမှဲ့ထားသောအိပ်ယာခင်းကြီးကိုပြန်မခေါက်သိမ်းဖြစ်တော့တာပဲသိတယ် ။ တွန့်ကြေနေတဲ့
နေရောင်တွေထဲမှာဆံနွယ်လေးလွင့်သွားတာလား ။  ကိုယ်မှတ်မိလိုက်သလောက်တော့
ကိုယ့်လက်ထဲကနေလွတ်ထွက်သွားတာ။ ခုလိုအချိန်တိုင်း သူ့ကိုပြန်တွေ့ရတယ် ။
ကိုယ့်ခြေဖဝါးအောက်မှာလည်းနီမြန်းလို့။         ။

( တေးခက် )

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...