"ဗုတ်.. ခေတ် ပြောင်းတော်လှန်ရေး "
+++++++++++++++++++++++
(မူးရစ်၊ မောင်မြတ်သူ၊ ကိုမှူး တို့ ပူးပေါင်း လုပ်ကြံသည်) > :D :D
21 ရာစုအလွန် အခြေအနေများမှာ ရှေ့လူကြီးတွေဧ။်ခန့်မှန်းချက် နှင့် တက်တက်စင်အောင် လွဲချော်သွားခဲ့ပြီဖြစ်သည်။ ဟိုးအရင်ကဆိုလျှင် ရှေ့လူကြီးများ ကြိုတင်ဟောကိန်းထုတ်ခဲ့သော အရာများမှာ သွေးထွက်အောင် မှန်ခဲ့သည်များရှိခဲ့သော်လည်း ယခုတော့ ပေါက်ပါက်ရှာရှာ တက်တက်လွဲသွားခဲ့ပြီဖြစ်လေသည်။ အဲ့သည်အရာကားတစ်ခြားမဟုတ် ရှေ့လူကြီးများက ယခုရောက်လာသော ခေတ်သည် ဆုတ်ခေတ်ဖြစ် လာလိမ့်မည်ဟု ဟောကိန်းထုတ်ခဲ့သော်လည်း ယခုမှာ ဆုတ်ခေတ် မဖြစ်ခဲ့..။ အမှန်တော့ "ဗုတ်" ခေတ်ကို ရောက်လာခဲ့ခြင်းဖြစ်သည်။
ဗုတ်ယဉ်ကျေးမှုမှာ ဘယ်က ဘယ်လိုစတင်ပေါ်ပေါက်လာသည်ဆိုတာတော့ အတိအကျမသိ သတိထားမိချိန်မှာတော့ ဗုတ် လုပ်ခြင်းမှာ တစ်ဗုတ်ဗုတ်ဖြင့် အတော့်ကို ခေတ်စားခဲ့ပြီ ဖြစ်သည်။ တစ်ချို့ကတော့ ဗုတ် ယဉ်ကျေးမှုမှာ ဒီမိုကရေစီ ယဉ်ကျေးမှုအရ ဖြစ်ပေါ်လာခြင်းဟု ဆိုကြသည်။ တစ်ချို့ကြတော့ ဒါကို လက်ခံမခံ ရွေးကောက်ပွဲတွေမှာ ဗုတ် လုပ်သည်က ဒီမိုကရေစီ မှန်သော်လည်း အင်တာနက်ပေါ်က ဗုတ် မှာ လူတွေ အားတိုင်းလုပ်နေကြသောကြောင့် ဒီမိုကရေစီ မဆန်ဟု တုံ့ပြန်ပြောဆိုသည် များလည်း ရှိကြသည်။
တစ်ချို့ကတော့ ဗုတ် ယဉ်ကျေးမှုမှာ အရှေ့ဥရောပက စတင်လာသည်ဟု ဆိုကြသည် ။ တစ်ချို့ကတော့ တောင်အာဖရိက က စသည်ဟု ဆိုကြသည်။ ဘယ်ကစစ ကိစ္စမရှိ ဗုတ် နေရ ဖို့အရေးကြီးသည်ဟုသာ ဆုံးဖြတ်ချက်ချ ထားသူများလည်း ရှိကြသည်။ မည်သို့ပင် ဘယ်ကနေစ စေကာမှု ဗုတ်ယဉ်ကျေးမှုကတော့ မြန်မာ နိုင်ငံတွင် အတော့်ကို ခေတ်စား ကျယ်ပျံလာခဲ့ပြီ ဖြစ်သည်။
ဗုတ် က ဘယ်လောက်တောင် ခေတ်စားသလဲ ဆိုလျှင် ဟိုးအရင်က မိတ်ဆွေခြင်း တွေ့ဆုံကြပြီ ဆိုလျှင်
"စားပြီး ပြီလား "
"နေကောင်းလား "
"ဘယ်သွားမလို့လဲ " စသည်ဖြင့် နှုတ်ဆက် တက်ကြသော်လည်း ယခုကြ ဒီလိုမဟုတ်တော့ နှုတ်ဆက်ပုံ နှုတ်ဆက်နည်းက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားခဲ့သည်။
"ဗုတ်ပြီးပြီလား "
"ဗုတ် ကောင်းလား"
" ဘယ်မှာ သွားဗုတ်လဲ" စသည်ဖြင့် ဗုတ် အရွေ့မှာ သိသာထင်ရှားစွာ ရွေ့လျားလာခဲ့ပြီဖြစ်သည်။
ကမ္ဘာပေါ်က နိုင်ငံအချင်းချင်း ကြား ဗုတ် ပြိုင်ဆိုင်မှုတွေက လည်း ပြင်းထန်လာသည်။ ယုတ်စွဆုံး အဆင်းရဲဆုံး သူတောင်းစားခြင်းက စပြီး နိုင်ငံခေါင်းဆောင် များ အထိ ဗုတ် ပြိုင်ဆိုင်မှုတွေ လုပ်ကြသည်။
ဒါတင်မက အွန်လိုင်း ကျော်ကြားသူတွေ ကြားထဲမှာတင် ဗုတ်ပြိုင်ဆိုင်မှုက ပြင်းထန်လာသည်။ အဲ့ဒါကလည်း တစ်ခြားမဟုတ် ဘယ်သူက ဘယ် ဗုတ် ပွဲမှာ ဘယ်သူ့အတွက် ဗုတ်ကို ဘယ်လောက်အထိ ပရိုမိုးရှင်း ဆင်းပေးနိုင်သလဲ ဆိုတာတွေ အပြိုင်အဆိုင် ဖြစ်လာသည်။
တစ်ချို့အွန်လိုင်း ကဗျာဆရာ များဆိုလျှင် ဗုတ်အရေးကို ကဗျာများပင် စပ်ဆို၍ ပရိုမိုးရှင်း ဆင်းပြီး ကြောင်ကြသည့်အထိ ရှိခဲ့ဖူးသည်။ တစ်ခြားတွင် သွားကြည့်စရာမလို ဗုတ် မင်းသမီး နန်းခင်ပလယ်ယာ အရေးမှာပင် ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်သည်။
တစ်ယောက်ကို တစ်ယောက် မကျေမနပ်စရာများ ကြုံလာရင် တစ်ယောက်နဲ့တစ်ယောက် ငြင်းဆိုကြတာမှာလည်း ဗုတ်က နေရာ ယူနေပြန်သည်ပင်။
တစ်ယောက်ကိုတစ်ယောက် နှိပ် ကွပ်ပြီဆိုလျှင်
"မင်းဘယ်လောက် ဗုတ် ဖူးလို့လဲ"
"နန်းခင်အတွက် ဗုတ် ဖူးလား"
"ကြည်လင်းရသွားအောင် ငါတို့ ဗုတ် ခဲ့တာကွ"
"အန်တီံကို ချစ်ကြောင်း ဗုတ်ခြင်းဖြင့် သက်သေပြပါ"
"ဗုတ်ခြင်းဟာ တိုင်းပြည်သိက္ခာ"
ဆိုသည့်စကားများက မဖြစ်မနေ ပါလာတတ်ကြသည်။
ဗုတ်ခေတ်က အရမ်းခေတ်စားလာခဲ့တော့ တစ်ချို့မှာ မဗုတ်ရ မနေနိုင်တဲ့ အခြေအနေတွေဖြစ်လာကြသည်။ ခင်မင်ရင်းနှီးသူများ အချင်းချင်းတွေ့ဆုံကြပြီ ဆိုလျှင် ဘယ်ဗုတ် ကောင်းလဲ ဆိုတာမျိုးတွေသာ တိုင်ပင်တတ်ကြတော့သည်။ဘာပဲ ပြောပြော သုံးလုံးထီ နှစ်လုံးထီ ဘာကောင်းတာလဲ ဆိုတာ ထက်တော့ အခြေအနေပိုကောင်းသည်ဟု ဆိုနိုင်သည်။
ဗုတ်တွေက နေရာတကာ နေရာဝင်ယူလာကြသည် ရုပ်သံလိုင်းအစီစဉ်တွေ ကြေညာကဏ္ဍတွေအထိ အာပလာတီဗွီဖိုးမှဗုတ်ကြမယ်ဟေ့ကောင်းကောင်းအစီအစဉ်တင်ဆက်မှု့မှာလည်းလူတိုင်းလက်မလွှတ်တမ်းစောင့်ကြည့်ရသည့်အစီအစဉ်ဖြစ်လာနေသည်။ထိုအစီအစဉ်၏ အောင်မြင်မှု့မှာ ကြောက်ခမန်းလိလိပင် ကိုရီးယားကားများတင်ဆက်မှု့ကိုလျှော့ချပြီး ဗုတ်ကြမယ်ဟေ့ကောင်းကောင်းအစီအစဉ်အား တနေ့သုံးကြိမ်ထက်မနည်း အစားထိုးတင်ဆက်ရန် ဆန္ဒထုတ်ဖေါ်ပွဲများပင်လုပ်လာကြသည်။
ထိုအစီအစဉ်ကိုမကြည့်လိုက်ရသူသည် ခေတ်အလွန်နောက်ကျသူ ငပိန်း မျိုးချစ်စိတ်မရှိသူဟု ပြောဆိုခံကြရသည်အထိ
သို့သော် ဗုတ် ယဉ်ကျေးမှုမှာ အဆိုးတွေလည်း ရှိနေပြန်သည်။ ဗုတ်ကြောင့် နာမည်တက်သူများရှိသလို ဘ၀ပျက်သူများလည်းရှိကြသည်။ တစ်ချို့ဆိုလျှင် ထမင်းမစား အလုပ်မလုပ် တစ်နေကုန် ထိုင် ဗုတ် နေခြင်းကြောင့် အလုပ် ပြုတ်သွားသူများ ရှိသလို၊ အိမ်က နေ နှင်ထုတ် ခံရသူများလည်း ရှိလာကြသည်။
ဗုတ်ဝါသနာကြီးသော ဆရာဝန်မကလေး တစ်ယောက်ဆိုလျှင် ဆေးခန်းလာပြတဲ့ လူနာကို ဆေးထိုးဖို့ကိုတောင် ဘယ်ဆေးထိုးရမလဲ ဆိုတာ ဗုတ်လုပ်ပြီးမှ ထိုးမည်ဟုဆိုကာ ဗုတ် လုပ်နေသေးသည်။ ဗုတ်လုပ်လို့ မပြီးခင်ပဲ လူနာက အသက်ရူကြပ်ပြီး "တက်" သွားသောကြောင့် မနည်း နှာနပ်ယူလိုက်ရသည်။ ဒါတောင် သူက ဗုတ်လုပ်ပြီး ဆေးပေးရရင် လူနာရောဂါ အရှင်းပျောက်သွားမည်ဟု ဆိုနေသေးသည်။
တစ်ချို့ကလည်း ဗုတ်ကို ကောင်းကောင်း အသုံးချကြသည်။
"ကျွန်တော် ကာတွန်းလည်း ဆွဲတတ်တယ်
ပန်းချီကားတွေကိုလည်း ဆေးပက်တတ်တယ်
ကကြီး ခခွေးလည်း ရေးတတ်တယ်
အိုးစည်လည်း တီးတတ်တယ်
မယ်ဒလင်လည်း ခေါက်တတ်တယ် ပရိသတ်ကြီး ကျွန်တော့်ကို ဗုတ်ပါ"
စသည့်ဖြင့် ဗုတ်ဖြင့် ကြားညှပ်ပြီး ကိုယ့်ကိုကိုယ် ပရိုမိုးရှင်း ဆင်းကြသည်များလည်း ရှိသည်။
"နန်းခင်ပလယ်ယာလေး အနိုင်ရဖို့ ဗုတ်လင့်တွေကို ကျွန်တော် အများဆုံး Share ခဲ့တာပေါ့" အွန်လိုင်းနာမည်ကျော်ကြီးက အခွင့်ရတိုင်း ထထ ပြောသည်။
ဗေဒင်ဆရာတွေဆိုလျှင် ယတြာပေးနည်းကို ခေတ်နှင့်အညီ ပြောင်းလဲ ပစ်လိုက်သည်
"ကြာသာပတေးနံဖြင့် စသူအတွက် ထမင်းခုနှစ်ရက်မစားပဲ ဗုတ်ပေးလိုက်ပါ"
"ဗုတ် အဓိဌန် တစ်လ ၀င်ပါ"
"ညအိပ်ရာ ၀င်ခါနီးတိုင်း အခါတစ်ရာ ဗုတ်ပါ" စသည်ြဖင့် ယတြာပေးတဲ့နေရာတွေမှာ ဗုတ်ကို ကြားညှပ်ထည့်သည့် ပုံစံဖြစ်လာသည်။
ဗုတ် ခေတ်က တစ်စတစ်စ ဖွံ့ဖြိုးတိုးတက်လာခဲ့လေသည်။ ဗုတ်ကို လက်ခံသူများရှိသလိုပင် ဗုတ်ကို ဆန့်ကျင်သူများလည်းရှိကြသည်။ ဗုတ်တော်လှန်ရေး ဆင်နွှဲကြသူများပင်ရှိလားသည်။ မည်သို့ပင်ဆိုဆို ဗုတ်ကို လက်ခံသူများ များပြားနေကြသည့် ခေတ်ကြီးထဲတွင် ဗုတ်တော်လှန်ရေးလုပ်သည်မှာ သီဟတင်စိုး တော်လှန်ရေး ဇတ်ကား ရိုက်နေသကဲ့သို့ပင် ဘယ်လောက်ပင် အင်တိုက်အားတိုက် တော်လှန်နေပါစေ ဇတ်သိမ်းလျှင် ဂျပန်ခေတ်သာဖြစ်ချေတော့သည့် အနေအထားမှာပင်ရှိနေခဲ့ရသည်။
မနိုင်သော်လည်း ပေကာ တိုက် ဆိုသလိုပင် ဗုတ်တော်လှန်ရေးသမားများကလည်း ရွပ်ရွပ်ချွံချွံ ဗုတ်တော်လှန်ရေးကို ဆက်လက် လုပ်ဆောင်လျှက် ရှိနေရာ ဗုတ် ဒီဘိတ်မှာ အားကောင်းမောင်းသန် ဖြစ်ပေါ်လာတော့သည်။
ဒီကြားထဲတွင် ဗုတ်လောက၌ ရုတ်ရုတ်သဲသဲ အခြေအနေတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ အခြေအနေကို စတင်ခဲ့သူက ကိုလူကြီး သူက ဘယ်ကဘယ်လို စိတ်ကူးပေါက်သွားသည်မသိ။ ဗုတ်လောက တစ်ကမ္ဘာလုံး မင်သက်သွားစေမည့် ရုပ်ရှင် ဇတ်ကားကြီး တစ်ကားရိုက်မည်ဟု ကြေညာလိုက်သည်။ အစတော့ လူတွေ အံ့သြကုန်ကြသည် နောက်တော့ မဖြစ်နိုင်ပါဘူးဟု ခေါင်းခါကြသည်။ တစ်ချို့ကလည်း နာမည်ကိုက လူကြီးဆိုတော့ သူလုပ်လျှင်ဖြစ်နိုင်မည်ဟု သုံးသပ်ကြသည်။ ဘယ်လိုပဲ ဆိုဆို လူကြီးကတော့ သူ့ရုပ်ရှင်ဇတ်ကားကို အကောင်အထည် ဖေါ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။ သူရိုက်မည့် ဇတ်ကားနာမည်က
“မဗုတ်တတ်သော ယောက်ျားနှင့် အပြတ်ဗုတ်သော မိန်းမ”
ခေါင်းစဉ် စဉ်းစားလို့ရသွားတော့ ဇတ်လမ်းဇတ်လမ်းညွှန်းကို မူးရစ်တို့ မောင်မြတ်သူတို့ နဲ့ ပေါင်းရေးသည်။ သူ့ဇတ်ကားကို ဒိတ်ဒိတ်ကြဲကြေညာသည်။ ဗုတ်ထောက်ခံသူတွေကလည်း အကြီးအကျယ် ကန့်ကွက်ကြသည်။ ကန့်ကွက်ချင်စရာပင် ဗုတ်ရုပ်ရှင်ဇတ်ကားကို ရေးသားသူတွေက ဗုတ်တော်လှန်သမားတွေ မဟုတ်ပါလား။
ဘယ်လိုပဲဖြစ်ဖြစ် ဇတ်လမ်းက ဗုတ် ကို နှိပ်ကွပ်လိမ့်မည်ဟု သူတို့က တရားသေမှတ်ထားလိုက်တော့သည်။
ထို့ကြောင့် နာမည်ကျော် ဗုတ်သမားများက “မဗုတ်ချင်လည်းနေပါ ဗုတ်ခြင်းကို မလှောင်ပါနှင့်” ဆိုတာမျိုး ၊ “ဇာတိပုညဗုတ်မာနကို ထိပါးလာမည့် ဇာတ်ကားအား ဆန့်ကျင်ကြ” ဆိုတာမျိုး အော်ဟစ်လာကြသည် ။ ဇာတ်ကားရိုက်ကူးမည့် လူကြီး၊ ဇာတ်ညွှန်းရေးသည့် မူးရစ် တို့ မောင်မြတ်သူတို့အားလည်း ဗုတ်ခြင်းကို ထိခိုက်မည့်အရေးအတွက် ဆန့်ကျင်ရန် ဖွဘုတ်ပေါ်မှာ ဗုတ်ကြသေးသည် ။ ဟိုး လွန်ခဲ့သော 1990 ကျော်နှစ်များက အစိုးရ အာဘော်ဖြစ်သည့် ကြွေးကျော်သံများကို ပြန်လည်အသုံးချလာသည်ကို လည်း အံသြဖွယ်တွေ့ရပေသည်။
“မောင်မြတ်သူ လိမ်နေသည်
လူကြီး ညာနေသည် ၊
မူးရစ် ကလိန်စေ့ ဥာဏ်းဆင်နေသည် .
မျိုးချစ်စိတ် မရှိသော မဗုတ်သူ လူများအား ဗုတ်သမားများ ဆန့်ကျင်ကြ ”
ဟူသော ဖွဘုတ် ကန်ပိန်းများ သည်လည်း နေ့စဉ်ရက်စက် ဖြစ်လာသည် ။
လူကြီးလည်း မနေသာတော့ပဲ ဇာတ်လမ်းရိုက်ကူးရခြင်း ရည်ရွယ်ချက်ကို ဖွဘုတ်သုံးစွဲသူ ဗုတ်ဆာ များအား ဗုတ်ယဉ်ကျေးမှု တစ်ခုကို သာ တစ်ကမ္ဘာလုံးအား ချပြလိုခြင်းသာ ဖြစ်ကြောင်းကို တောင်းတောင်းပန်ပန် ရှင်းပြပါတော့သည် ။. သူ ယခုလို ဗုတ်ယဉ်ကျေးမှု ကို ဓါတ်ရှင် ရိုက်ခြင်သည့် အတွက် အမေအား အမွေတောင်းရာ မိသားစုအတွင်း သူ့အား အမွေ ပေးသင့် မပေးသင့်ကို အကြိတ်အနယ် ဗုတ်ခဲ့ရကြောင်း ၊ ဆွေနီးမျိုးစပ်များမှ သနားသဖြင့် ဗုတ်ပေးလိုက်ရာ ရသည့်အမွေကို ယခု ဗုတ်ကားတွင် ရင်းနှီးမြုပ်နှံပီး အောင်မြင်မှ သူ့ဘ၀လေးဟာ အွန်လိုင်းပေါ်မှာ အများသူငါ နည်းတူ ဗုတ်ရတော့မှာ ဖြစ်ပါကြောင်း ၊ ဗုတ်အကြောင်း ဓါတ်ရှင်သာ မရိုက်ရပါက ပါသမျှ ပိုက်ဆံ အားလုံးသည်လည်း အရက်သောက်လို့ ကုန်မှာ ဖြစ်သည့်အတွက် သူ့အနေဖြင့် လိုင်ဇာမှာ ကျည်ခွံကောက်ပြီးသာ စားရတော့မှာ ဖြစ်သည့်အကြောင်းကို ဖွဘုတ် ဗုတ်ဆာများကို အသနား ခံလိုက်ရာ ။ လူကြီးအား ဗုတ် ဓါတ်ရှင် ရိုက်ခွင့် ပေးသင့် / မပေးသင့်ကို အကြီးအကျယ် ဗုတ်ကြပြီးနောက် ဓါတ်ရှင်ရိုက်ခွင့် ပေးလိုက်ကြလေသည်
ဗုတ် ဇတ်လမ်းအကျဉ်းက ဒီလိုဖြစ်သည်။ မင်းသားက ဗုတ်ကို စိတ်မ၀င်စားသူ မင်းသမီးကတော့ နေ့မအားညမအား ထိုင်ဗုတ်နေသူ ဒီလိုနဲ့ သူတို့ နှစ်ယောက်ကြားမှာ ကွန်းဖလစ်တွေ ဖြစ်လာကြတော့သည်။မင်းသမီးက ဗုတ်ကို ဘယ်လောက်ဝါသနာကြီးသလဲဆိုလျှင် အင်တာနက်ပေါ်မှာ ရဲရဲတောက် ဗုတ်သမားဖြစ်သည်။ တစ်နေကုန် အင်တာနက်ပေါ်မှာ မဆင်း ခေတ်အဆက်ဆက် ဗုတ်အပေါ်မှာ သစ္စာရှိလာခဲ့သူ နန်းခင်ပလယ်ယာ ကြည်လင်း စသည့်အရေးပေါင်းစုံ၌ ဗုတ်အရေးကို ရွပ်ရွပ်ချွံချွံ ဆင်နွှဲလာခဲ့သူဖြစ်သည်။ အဓိက ပြဿနာက မင်းသားကို နိုင်ငံမချစ်တတ်ဘူး မျိုးချစ်စိတ်မရှိဘူး ဗုတ်မလုပ်ဘူးဆိုပြီး မင်းသမီးက စွတ်ဆွဲရာက စတင်လာခြင်းဖြစ်သည်။ တစ်ဖက်မှာ မင်းသမီးက နေ့တိုင်းညတိုင်း စားလိုက်ဗုတ်လိုက် လုပ်နေသောကြောင့် ခန္ဒာကိုယ်အလေးချိန်က တဖြည်းဖြည်း ၀ိတ်တက်လာသည်။ အခြေအနေမှာ ကမ္ဘာအ၀ဆုံးမယ်ဘွဲ့ ဗုတ်ရွေးလျှင် မင်းသမီးက ဆွတ်ခူးနိုင်မည့်အခြေအနေဖြစ်လာတော့ မင်းသားအဲ့ဒီအခြေအနေကို မကြိုက်တော့ရာနေ စလာသည်။
ပြောရလျှင် ဇတ်လမ်းက ဂွတ်ရှယ်ဖြစ်နေသည်။ မျက်ရည်ပိုးပိုးပေါက်ပေါက်ကျလောက်တဲ့အထိ ဇတ်နာရသည့်အခန်းများရှိသလို၊ တစ်ကိုယ်လုံးဇုံကန်ပြီး ဟီးဟီးဟားဟားဖြစ်ရမည့် ဇတ်ဝင်ခန်းများလည်း ပါလေသည်။ ဇတ်လမ်းအနိမ့်အမြင့်ဖြစ်ကြားထဲမှာ မင်းသားနဲ့မင်းသမီး ပြိုင်ဆိုင်ပွဲများတွေပင် ပါသေးသည်။
ဇတ်လမ်းကလည်းကောင်းနေသည်။ ရိုက်ကူးရန် စက်တင်တွေကိုလည်း ငွေကြေးမြောက်များစွာ အကုန်ကြခံမည် ။ဇတ်ကားအစကနေအဆုံးထိ ကွန်ပျူတာရှေ့မှာပင် ရိုက်ကူးသွားမည်ဖြစ်သည်။
အားလုံးအဆင်ပြေနေပေမယ့် အဆင်မပြေတာက တစ်ခုရှိနေသည်။ အဲ့ဒါက မင်းသမီးဇတ်ရုပ်နေရာမှာ ၀င်သရုပ်ဆောင်မည့် သူအတွက် အခက်အခဲဖြစ်နေသည်။ ဇတ်ရုပ်နှင့်လိုက်အောင်ဆိုလျှင် မင်းသမီးက စံချိန်မီ ၀ ရမည်။ ပုံမှန်ဘောဒီဆိုက်အတွက်ပထမ မင်းသမီးဇတ်ရုပ်ကမခက်ခဲ။ သို့သော် မင်းသမီးနှစ်ယောက်က ရုပ်ခြင်းလည်း ဆင်နေဖို့ လိုအပ်သေးသည်။
သရုပ်ဆောင်ပွင့် ဆိုလျှင်တောင် စံချိန်မီ အံဝင်ဂွင်ကျ ရှိနိုင်တာမဟုတ်။ ဒါရိုက်တာကလည်း အစစ်ကိုသာ သုံးချင်တော့ အခက် တွေ့နေသည်။
နောက်ဆုံးတော့ ဗုတ်တော်လှန်ရေး လုပ်ဆောင်လာခဲ့သော ဇတ်လမ်းဒါရိုက်အဖွဲ့မှာ ဗုတ်လမ်းကြောင်းကို ရွေးချယ်လိုက်ရတော့သည်။ တစ်ခြားမဟုတ် မင်းသမီးနေရာအတွက် သရုပ်ဆောင်ကို ဗုတ်ရွေးပြီး ရွေးချယ်တော့မည်ဟု ကြေညာလိုက်ခြင်းပင်ဖြစ်သည်။
မင်းသမီးနေရာအတွက် ဗုတ်လုပ်ပြီးရွေးချယ်မည်ဆိုတော့ ပါဝင်လိုသူတွေ စာရင်းက အမြောက်အများတက်လာသည်။ ဒါကလည်း သဘာဝ ကျသည် ကမ္ဘာကျော်မည့် ရုပ်ရှင် ဇတ်ကားရဲ့ အဓိက ဇတ်ရုပ်နေရာမှာ လူတိုင်းပါဝင်ချင်ကြသည် မဟုတ်ပါလား။
ဘာပဲပြောပြော ဗုတ်တော်လှန်ရေး သမားတွေရဲ့ ဗုတ်လမ်းကြောင်းက ဗုတ်တော်လှန်ရေးအတွက် မရည်ရွယ်ဘဲ တန်ပြန်တိုက်စစ်နဲ့ အလားသဏ္ဍန်တူသွားသည်။
ဘာကြောင့်လဲဆိုတော့ ဗုတ်ပြိုင်ပွဲမှာ ကိုယ်တိုင်ဝင်ရောက် အဗုတ်ခံကြတဲ့ မင်းသမီးတွေ များတော့ သူတို့အခြင်းခြင်းကြား ပြိုင်ဆိုင်မှုတွေဖြစ်လာသည်။ ဘယ်သူက ဘယ်လောက် သာသွားပြီ၊ ဘယ်သူကတော့ ပြတ်ကျန်ခဲ့ပြီး စသည့်ဖြင့်.. တစ်ချို့ဆိုလျှင် စွေ့စွေ့ခုန်အောင် မခံမရပ်နိုင်တဲ့ အထိ ဖြစ်ကုန်ကြသည်။ သမီးရည်းစားတွေကြားထဲမှာလည်း ဗုတ်ပေးတာ နည်းလို့ စိတ်ကောက်သူကောက် ပြတ်တဲ့သူတွေပြတ်ကြနဲ့ အတော့်ကို ရုတ်ရုတ်သဲသဲ ဖြစ်နေကြသည်ဟု ဆိုနိုင်သည်။
အမှန်တော့ ရုပ်ရှင်ဇတ်ကားအတွက် ၀င်ရောက်ယှဉ်ပြိုင်ရာမှာ တစ်ကမ္ဘာလုံးက လူတွေ ပါဝင်သော်လည်း ဗုတ်နိုင်အားကတော့ မြန်မာကို မီမည်မဟုတ်။ ပုံမှန်အရဆိုလျှင် ယခုလို အခြေအနေတွေဖြစ်စရာ အကြောင်းမရှိ ။ ပြဿနာက မြန်မာနိုင်ငံက လူတွေအခြင်းခြင်းကို ပြန်ဗုတ် နေကြရတော့ ဗုတ်အားကောင်းသူတွေ အခြင်းခြင်းကြားမှာ စည်းလုံးမှုပြိုကွဲပြီး တိုက်ပွဲတွေ ဖြစ်လာရခြင်းပင်ဖြစ်တော့သည်။
ယခင်က အညီအညွတ် ဗုတ်နေကြသူများ အခြင်းခြင်းမှာပင် ယခု မင်းသမီးနေရာ ဗုတ်ကြခြင်းမှာ သဘောထားမတိုင်ဆိုင် မှုများ အကြိးအကျယ် ဖြစ်လာကြသည်မှာ အထင်အရှားပင် ၊ ဥပမာ မင်းသမီးနေရာမှာ တစ်ပြေးနေသည့် မိုးကြာညို နှင့် မမွန်တို့ ကိစ္စမှာ အထင်ရှားဆုံးဖြစ်သည်။ ထိုင်းက ပြန်ရောက်မှ အွန်လိုင်းသိပ်မသုံး အရင်လောက်ဗုတ်လည်း မဗုတ်တော့သဖြင့် မိုးကြာညို သည် ဗုတ်ခြင်းဖြင့် ၀လာသူ မဟုတ်ပါ ဆိုသူတွေက တစ်ဖက် ၊ မမွန်သည်လည်း ဗုတ်ခြင်းထက် ကဗျာရေးခြင်းအမှုကိုသာ ပြုသည် စာမရေး တော့သော မိုးကြာညိုသည် မမွန်ထက် ဗုတ်သည် ဆိုသူတွေက တစ်ဖက် နှင့် အကြီးအကျယ် ပြဿနာ တက်ကြသည်။
နဂိုက တစည်းတစ်လုံးတည်း ဗုတ်ကြသော ဗဆပ ( ဗမာပြည် ဗုတ်ဆာများ အပြတ်ဆော်ရေး)ကြီးဧ။် ပထမဆုံး အကွဲအပြဲဟု ပင် ဆိုရပေမည် ။ မိုးကြာညို ဘက်သားများမှ သန့်ရှင်းဗုတ်သူသော အမည်ဖြင့်လည်းကောင်း ၊ မမွန်ဘက်သားများမှ တည်မြဲဗုတ် ဟူသော အမည်ဖြင့်လည်းကောင်း အပြန်အလှန် ဆော်ကြ နှက်ကြသည် ။ တစ်ဖက် နှင့်တစ်ဖက် အယုံအကြည်မရှိ အဆိုများကို ဖွဘုတ်တွင်တင်ကာ အပြန်အလှန်ဗုတ်ပွဲကြီးများ လုပ်ကြသည် ၊ အထက်ဗမာပြည် ဗုတ်ဆာများ အပြတ်ဆော်ရေးမှ မှူးနေ၀န်း ၊ ဟိန်း စသော ကဗျာဆရာများသည် လည်း တည်မြဲဗုတ်ဘက်မှ အပြတ်ထောက်ခံကြသလို ၊ မားဆိုး ၊ ပိုင်စိုးသူ အစရှိသော ပြည်ပရောက်ဗုတ်ဆာများ အင်အားစုသည်လည်း သန့်ရှင်းဗုတ် ဘက်မှ အပြတ်ထောက်ခံကြသည်မှာ ဖွဘုတ်တစ်ဝိုက် တွင် ယမ်းနံများ၊ တုတ်နံ့ ဓါးနံ့များ နံလျက်ပင် ရှိချေတော့သည်။
နောက်ပိုင်းတွင် ကဗျာဆရာများ အများစုရှိသော တည်မြဲဗုတ်သည် အချိန်တော်တော်များများ မူးလျက် ရှိခြင်း နှင့် လိပ်စပိဒ်မိုင်းနက်ဝမ်း မြန်မာပြည်ကွန်နတ်ရှင် တို့ကြောင့် ဗုတ်ရေးမှာ အကြီးအကျယ် ထိခိုက်လာကာ ပြည်ပရောက်များ ထောက်ခံသော သန့်ရှင်းဗုတ်မှာ အောင်ပွဲခံလာလေသည် ။
အောင်ပွဲခံသည်ဆိုပေမယ့်လည်း ဗုတ်စာရင်းမှာ တစ်နေ့ဘီယာ၊ တစ်နေ့ ဘီအီး အခြေအနေမျိုး။ နောက်တစ်နေ့အစီစဉ်ဧ။် မဲရလဒ်ကို လွယ်လွယ်ကူကူ ခန့်မှန်းနိုင်သည်မဟုတ် ဗုတ်တို့မည်သည် အံ့သြစရာများနှင့် ပြည့်နှက်လွန်းလေသည်။
ဘာပဲပြောပြော အငြင်းပွားမှု ပြိုင်ဆိုင်မှုများကြားမှာပင် အဆင့်တွေတဖြည်းဖြည်းကျော်ဖြစ်လာကာ နောက်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့လေတော့သည်။
......................................................................................
နောက်ဆုံးအဆင့် ဗုတ်အနိုင်အရှုံးမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် သိပ်ကောင်းနေသည်။ သန့်ရှင်းဗုတ်နှင့် တည်မြဲဗုတ်တို့မှာလည်း မဲတွေက သိပ်မကွာသည့် အခြေအနေပြန်ဖြစ်လာသည်။
ဒီလိုနှင့်..
နောက်ဆုံးအဆင့် ဗုတ်စာရင်းဖြင့် ရွေးချယ်ခံရသူကို ကြေညာလိုက်သည်။
မည်သူဟု...
မိတ်ဆွေတို့ ထင်မှတ်ကြပါသနည်း။ သန့်ရှင်းလား တည်မြဲလား..
တစ်စုံတစ်ခု ထင်မြင်ချက်ပေးပါက လွဲမှားသွားပေလိမ့်မည်
နောက်ဆုံးအဆင့်မှာ တော့ အံ့အားသင့်ဖွယ်ရာ အရွေးချယ်ခံရသူမှာ ..ကြံ့ဗုတ် ကိုယ်စားပြု မင်းသမီး ပွင့် ပင် ဖြစ်တော့သည်။
(ဘာကြောင့် ဘယ်လို အရွေးခံလိုက်ရသည်ကိုတော့ ပြောစရာမလိုတော့ အထက်မှာပြောခဲ့သလိုပင် ဗုတ်တို့မည်သည် အံ့သြစရာများနှင့် ပြည့်နှက်လွန်းသည် မဟုတ်လား)
ပြီးပါပြီ။

No comments:
Post a Comment