Sunday, February 24, 2013

(မ)သာ(မ)ယာ ဇာတ်ဆောင် (အမွန်မွန်း)

ကျွန်တော်တို့ က ဆာလောင်နေကြတဲ့ လောင်စာတွေပဲ
ခြေထောက်အောက်က ဖိနပ်အပေါက်ထက် စိတ်အပေါက်တွေ
ဖြာထွက်နေခဲ့တာကို ဘယ်လို ဖာထေးကြမတဲ့လဲ
မွေးကတည်းက သေဖို့ မေ့ထားလိုက်ကြတဲ့
မသာအလောင်းအလျာတွေဆိုတာ ခင်ဗျားပဲ၊ ကျွန်တော်ပဲ
ဟို နှုတ်ခမ်းလေးထော်ထော်ပြပြီး အူတွင်းယားစေတဲ့ မသာမလေးလဲပါတယ်။


မိသားစုကို စိတ်ပျက်လို့ ဆိုပြီး တစ်ခါသေတယ်
ရည်စားကို စိတ်ပျက်လို့ ဆိုပြီး တစ်ခါသေတယ်
ဘာမှမရှိတဲ့ အိပ်ကပ်ထဲ ယောင်ယောင်ပြီး လက်ကနှိုက်ကြည့်မိတော့
အော်….ငါ့နှလုံးသားလေးတောင် ပြားချပ်ချပ်ဖြစ်ရော့ ဆြိုပီး
သေစရာမရှိ ရှာကြံသေလိုက်ပြန်သေးတယ်
မသာ အကယ်ဒမီရှိရင် ခင်ဗျားလည်းပဲ အကယ်ဒမီဆုရှင်။

အနာက တစ်ခြား ဖယောင်းက တစ်ခြားနဲ့ သောကတွေဟာ
အူယားဖားယားကို လှလို့ ပလို့ စင်ပေါ်တက်ပြီး တိုင်ပတ်ကပြနေသလို
ကျွန်တော်တို့ ခင်ဗျားတို့ မြိန်ရည်ရှက်ရည်စားသုံးနေကြတဲ့ ဒုက္ခဆိုတာ
သကာပေါ် ပျားရည်လောင်းပြီး ချယ်ရီသီးလေးတစ်လုံးနဲ့ ဆက်ဆီကျပြနေတာပဲ
ကောင်းကင်ကြီး ကျွန်တော်တို့ အတွက်ရှိနေတယ် လာမပြောနဲ့ 
ကောင်းကင်ကို ခွာစားလို့ ဝမ်းဝတာမှ မဟုတ်ပဲ
ပင်လယ်ကြီးပြာနေတာ ခင်ဗျားနဲ့ ဆိုင်တယ်ဆိုပြီး လာမချိုင်နဲ့ 
ပင်လယ်ကြီးခပ်သောက်လို့ အပ်ချလောင်းဖြစ်တာမှ မဟုတ်ပဲ။

မလိုချင်ဘူးဆိုပြီး လွှင့်ပြစ်လိုက်လို့ ရတဲ့အထဲ ပလပ်စတစ်ပဲပါမယ်
သောကတွေက အနည်ထိုင် ဂျိုးတက် မိုးတိုးမတ်တပ် ထိုးထွက်
ဒီထဲပဲ ခင်ဗျားလည်း ၀ဲ၊ ကျွန်တော်လဲ စွဲ(လမ်း) နေကြတာပဲ
လမ်းလျှောက်ရင် ရင်ဘတ်ကိုကော့ထား အောက်က ဖိနပ်အပေါက်ကဟားမယ်
အဲဒီလှံတွေယူပြီး ကိုယ့်ရင်ဘတ်ကို စိုက်စိုက်ချနေတာပဲ ခင်ဗျားပဲမဟုတ်လား
ဘယ်သူ့ မှာ သွားပြီး တရားခံရှာ တိုင်ချက်ဖွင့်ချင်မနေနဲ ။

ကျွန်တော် တို့ ခင်ဗျားတို့ ဟာ အချိန်ကျလာရင် အာသာရမ္မက် ငမ်းငမ်းတက်ပြီး
အဲဒီဝေဒနာတွေအတွက် လှိုက်လှိုက်ဆာလောင်နေကြတဲ့ လောင်စာတွေဆိုတာ
ခင်ဗျားမေ့နေပြီ ထင်တယ်
ရယ်လိုက်ပါဦးကွယ့်….အသေအချာသင်ထားတဲ့ သင်ခန်းစာ ကြေညက်မှ
ဒီ ပြဇာတ်မှာ ဆုရမယ်..အဲဒီတော့ မသာမပေါ်ခင် သာသာယာယာရှိဖို့ ရယ်တတ်ရမယ်
ခင်ဗျား မမေ့နဲ့ ကျွန်တော်လည်း မမေ့ဘူး
ရယ်လိုက်ပါဦး
ရယ်လိုက်ပါဦးဗျာ
ယောင်ယောင်ပြီး မဟားနဲ့ 
သောက သီး(သည်း) ရင် ပြီးတတ်တယ်တဲ့။


အမွန်မွန်း
၂၄ ဖေဖေါ်ဝါရီ ၂၀၁၃
၁ : ၄၈ နာရီ

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...