Sunday, February 24, 2013
ကိုယ့်အကြောင်းငါရေးပြီး ဇာတ်နာနေရတဲ့ကောင်(လင်းနောင်)
မနက်ခင်းတခုဟာ မနက်ခင်းတခုထဲမှာ ပျောက်ဆုံးနေရ ..
နေ့ လည်ခင်းတခုဟာ နေ့ လည်ခင်းတခု ထဲမှာပဲ သေဆုံးနေရ
ညခင်းတခုဟာလဲ ညခင်းတခုထဲမှာပဲ အဓိပ္ပါယ်မဲ့နေရတာကြာပြီ ..။
ကွေ့ တခုရောက်တိုင်း စလစ် ဖြစ်နေတဲ့ စိတ်နဲ့ 
ခေါင်းချင်းဆိုင် တိုးတိုက်မိခိုက် မရယ်မပြုံးဖြစ်တော့တဲ့ ဆက်ဆံရေးဟာ
သူ့ ကျင်စွယ်မုတ်ဆိတ်တွေလို ကြမ်းရှရှ ကျိုးတိုးကျဲတဲဖြစ်နေရ….
မနက်ခင်းကို နံပြာတချပ်လိုစုတ်ဖြဲပြီး ဆိတ်စွပ်ပြုတ်တခွက်ထဲထိုးနှစ် အဟာရတခုလို စားသုံးခဲ့တယ်
မီးကျွမ်းနေတဲ့ နေ့လည်ခင်းကို စီးကရက်တလိပ်လိုဖွာရှိုက်
အဆုံးထိ ရှိုက်ရှိုက်သွင်းခဲ့ရတယ် …။
ညခင်းတခုကို လက်ဘက်ရည် ပုံမှန်တခွက်လို
 ကိုယ်ပိုင်စားပွဲဝိုင်းမှာ ဇိမ်ခံသောက်
ဝင်လာကြသော ၊ပြန်ထွက်သွားကြသော
၊ဖြတ်လျှောက်သွားသော ၊
ကြားမှု မြင်မှု အစုစုကို
စိတ်အနာဟောင်းထဲ အရက်ပြန်လို
 လောင်းလောင်းထည့်နေရ …။
အတ္တ၀ါဒီကြီးတကောင် ငါတကောကောနေပါ ၏။
နှစ်ဆယ့်သုံး နှစ်ပိုင်းတပိုင်း ဒီဂရီတိမ်းစောင်းပြီးလည်ခဲ့သည်။
နေ နဲ့ညထဲ ဇာတ်ကြိုးမပါတဲ့ အတ္တကို မြင်းလုပ်လို့ စီးခဲ့ရ .
ချစ်သူအပေါင်းတို့ ၏ မဇ္စျိယများ အရောင်စွန်းခဲ့ရ ..
မဇ္စျိမ ပဋိပဒါကို မသိမသာပဲ အိတ်ကပ်ထဲ ခေါက်ချိုး တည့်
မိုက်ကန်းကန်း နေပစ်ခဲ့ရ …။
ဝက်သိုက်ဟောင်း တခုနဲ့ တူတဲ့
ဝပ်ကျင်းဟောင်ြးကီးးထဲမှာ
မွှားကောင်တွေတစီစီ ၊
အရေပြား ယားယံမှု အဖုအပိန့်တွေနဲ့ 
မနက်ခင်းကို အမှောင်နဲ့ ပက် ၊
 နေ့ လည်ခင်းကို                                                                                                                                              အရောင်တွေနဲ့ ရစ်သိုင်း ၊
အမှောင်ညတွေမှာ
 စီးကရက်တွေပဲ  တလိပ်ပြီးတလိပ် အဓိပ္ပါယ်မဲ့ ထိုင်ဖွာနေခဲ့တယ် …
ရပ်သွားတဲ့ လူသားဆန်မှု ၊့ အမှောင်ကကြိုးကကွက်နဲ့ 
အရူးဆန်ဆန်နေ့ ရက်တွေကြား
သူ့ အနမ်းကြောင့်
 တခန်းရပ်ပြဇာတ်ထဲက ဇာတ်လိုက်ကျော်ကြီး
တခဏတော့နဲနဲလေး
ကိုယ့်သံယောဇဉ်ရဲ့ ကျေးဇူးတွေလဲ ရင်ဘတ်ထဲ
 နေရာအနှံ့ အပြား ရွာချ ၊
သူ့ ကျေးဇူးတော် ရာသီထဲ ၊
ကိုယ့်တကိုယ်လုံး ရွှဲရွှဲစို နွေးထွေးနေရပြီး ၊
 အတိုးအရင်း ဘာတခုမှပြန်မပေးနိုင်ပဲ
ကိုယ့်အကြွေးရှင်ကြီးကို သိမ်ငယ်မှုမျက်နှာပေးနဲ့ 
မော့မော့ကြည့် ၊ ခပ်ယဲ့ယဲ့ပြုံးပြနေရပြီး
ကိုယ့်ရေဒီယိုက နေ့ စဉ်ပုံမှန်လွှင့်နေကြ
မြတ်နိုးမိတယ် ပန်းလေးရယ် ဆိုတဲ
့ကိုယ့်သီချင်း သံစဉ်အဟောင်းကြီးကို
လေးတိလေးကန် အသံသြသြဖြစ်နေတဲ့ 
ကီးကြောင်ကြီးနဲ့  စာအံသလို
ရွတ်ဆိုပြနေခဲ့ရတာ သူတောင်မှ
အတော်အတန်
ငြီးငွေ့  လေမလား လို့ 
သူမကြားအောင် ခပ်တိုးတိုး မေးကြည့်ချင်မိတယ်  …. ။
ခေတ်ကို ကျိန်ဆဲဖူးတယ် ..
စနစ်ကို ကျိန်ဆဲဖူးတယ် ..
အခုတော့…
ကိုယ့်ဘ၀ကိုယ် ကျိန်ဆဲခဲ့ရတယ် ။
ကိုယ့်အတတ်ကိုယ်စူး ရူးခဲ့ရတဲ့
စုန်းထီးတကောင်လို ကိုယ့်ဘ၀ထဲ ကိုယ်
အပင်းတွေ အကြိမ်ကြိမ် ထည့်မိနေခဲ့ပေါ့ …။
ဖြစ်ချင်သလိုသာ ဖြစ်ပလိုက်ဟေ့ လို့ 
အကြိမ်ကြိမ်လူကြားကောင်းအောင် အော်ပြောနေပေမဲ့ 
….
အဟက်အဟက်ဆိုတဲ့မထီတရီ အလိုအလျှောက် ရယ်သံနဲ့ 
မင်း ဖြစ်ချင်သလိုငါက ဖြစ်ခွင့်ပေးရမလားဆိုတဲ့  အလွတ်ကျက်ထားတဲ့ ဒိုင်ယာလော့ခ် တခုကို၊ပီပီပြင်ပြင်ပြောဆိုလိုက်ပြီး
ရွဲ့ စောင်းစောင်းဖြစ်သွားတဲ့ လည်တိုင်ကအတ္တဖဲကြိုးကို
တည့်မတ်အောင် ပြန်ပြင် ၊ ရုပ်ရှင်ထဲက ရှောင်ကွန်နရီ ကြီးလို
တဘက်ရန်သူကို စွေစောင်းစောင်း နဲ့  ပြည့်ကြည့်လိုက်ပေမဲ့ ..
တကယ့်ဘ၀ ကန့် လန့် ကာအနောက်မှာတော့  ဘ၀ကို လှမ်းငေး
လွမ်းလွမ်းဆွေးဆွေး ငိုနေခဲ့ရ ပေါ့ ….။
တရားအသိ နဲနဲရှိ  သလိုလို ၊ ဟိုလိုလို ဒီလိုလိုနဲ့ ပဲ
ကိုယ့်ခန္ဓာအိမ်ထဲ အတ္တအကောင်ကို နေ့ စဉ်အစာကျွေး
မွေးမြူထားခဲ့သည် ။
ဆူဖြိုးလာတဲ့  အတ္တဘောကြီးကို သားသတ်ရုံမပို့ ရက် ၊
ရင်နှစ်သည်းချာ နှလုံးအိမ်ထဲ ချစ်မိလို့  အလိုလိုက်
အမိုက်စော်ကားခံခဲ့ရတဲ့  မိဘနှစ်ပါးရဲ့
နာကျင်မှု ချစ်ခြင်းတွေလို စည်ဝေေ၀
ဖူးဖူးမှုတ် ယုယုယယ ချစ်မိခဲ့ရတဲ့
ပြုတ်မနှုးတော့တဲ့ ဆူဖြိုးနေတဲ့ အတ္တအကောင်ကြီးကြီးတကောင်ကိုမွေးမြူကာ ၊
နေ့ စဉ် အရိပ်တကြည့်ကြည့် ကြည့်နေမိခဲ့သည် ။
ဝက်သိုး အငှားလိုက်သည်
 ဆိုင်းဘုတ်ချိတ်ပြီး
ဝက်သိုးတကောင်နဲ့  စီးပွားဖြစ်နေတဲ့  လူတယောက်ကိုအားကျ
ဆူဖြိုးနေတဲ့  အတ္တ အငှားလိုက်သည် လို
ဆိုင်းဘုတ်ကိုလည်တိုင်မှာ ချိတ်ဆွဲပြီး
 ရွာရိုးကိုးပေါက်လျှောက်သွား
 ငါးပွက်ရာ ငါးစာချမိတဲ့ ဈေးသည်ကြီး ရဲ့
ဈေးကွက်ဖန်တီး မှု ဟာ
ရုံပွင့်မတတ်အော်ဟစ်ရီမောစရာကောင်းတဲ့
ပြက်လုံးကိုသူတို့ု ကြားလိုက်ရသလို ၊
ကိုယ့်ထံကို ပစ်ပေါက်လိုက်ကြတဲ့
အရူးကြီး ဆိုတဲ့ စကားလုံးက နဖူးတည့်တည့်ကို
ဒေါင်ခနဲ  တည့်တည့်ထိမှန်ခဲ့လေတယ် …။
အခုလို …
နဖူးမှာ ဒဏ်ရာတချက်
ရင်ဘတ်မှာ ဒဏ်ရာဘယ်နှစ်ချက်မှန်း
မမှတ်မိတော့လောက်အောင်
ဝင်လာသမျှ ခံစား ၊
 အရင်လိုသန်စွမ်းမှုမရှိတော့တဲ့  လူငယ်ဟာ
ခဏခဏပြုတ်ပြုတ်ကျနေတဲ့ 
ချို့ ယွင်းနေတဲ့ စိတ်ကို ပြန်ကောက်တပ်လိုက်၊
 အလိုမတူပဲစိတ်ဟာ ပြန်ပြုတ်ကျသွားလိုက်နဲ့ ပဲ
ရင်ဘတ်ထဲက ဘေးထွက်ဆိုးကျိုးတွေအကြောင်းကို
သူ့ ဝပ်ကျင်း ၊ ၀က်သိုက်အဟောင်းကြီးထဲက
သူ့ ရင်ဘတ်ပုံနှိပ်စက်အဟောင်းကြီးထဲကို
သူ့ သောက မင်ရည်တွေသွန်သွန်ထည့်၊
 ကဗျာကို လှည့်ထုတ်နေခဲ့ရတယ် ....။
                                   လင်းနောင်
No comments:
Post a Comment
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...