တဖွဲဖွဲကြွေကျနေတဲ့သစ်ရွက်တွေပေါ် ထိလွယ်ရှလွယ်ကို ပစ်တင်လိုက်မိသလား
ကိုယ်ခန္ဓာကနေ အဓိပ္ပာယ်တွေ တစ်ဖဲ့ချင်းပဲ့ကျနေရတဲ့အထဲ
လွယ်လွယ်လေးခက်နေတဲ့နားလည်မှု မျက်စိရှေ့တင် ခုမြင်ခုပျောက် တငွေ့ငွေ့
လူသားစစ်စစ်ဆိုတော့ ကြောက်စရာရှိရင် ကြောက်တယ်၊တုန်လှုပ်တယ်
ဒုက္ခကို ဒုက္ခမှန်းသိရက်နဲ့ အသက်စွန့်ဟပ်နေတာလား
ဒုက္ခကို ဒုက္ခမှန်းမသိလို့ လောက်လန်းတွယ်နေတာလား
ခိုကိုးရာမဲ့ရထားတစ်စင်း ဘူတာရုံကို သံရှည်ဆွဲ ငေးနေ
အသက်ငင်ညတွေကို ဆွဲဆန့်ရင်း မြို့ကြီးပြကြီးထဲ မျက်ရည်ဝလာ
ကိုယ့်ဖျားသွေးကို ဘယ်သူမှခြေမဆေးနိုင်အောင် တိတ်တိတ်လေးသိုလှောင်ထားရ
လက်ဘက်ရည်ဝိုင်းမှာထိုင်ရင်း သူများတွေ အော်ရယ်သံကြားမှ
ဂယောင်ဂတမ်းလိုက်ရယ်မိတာ ဘာရောဂါလဲ
သိုသိုသိပ်သိပ်မရှိတဲ့နေ့တွေထဲ အနေအထိုင်တွေ အဆင်ပြေသလို မှားခဲ့
အပြုအမူတွေ နေသာသလို မှားခဲ့၊အပြောအဆိုတွေ အကြောင်းသင့်သလို မှားခဲ့
ရိုင်းသင့်တယ်ထင်ရင် ရိုင်းကြတယ်၊ကြမ်းသင့်တယ်ထင်ရင် ကြမ်းကြတယ်
ဘ၀မှာ အာခေါင်ကိုအပ်နဲ့ထိုးပြီး အော်ခိုင်းနေသလို အဆင်ဆန်းဆန်းမက်လုံးတွေ
နံကြားကိုဓားနဲ့ထောက်ပြီး ပျော်ခိုင်းနေသလို တပ်မက်ဖွယ်အလှအပတွေ
ကိုယ်လိုချင်တာကို လွယ်လွယ်လေးတောင်းလို့မရရင် တိုက်ယူရဲတဲ့သတ္တိရှိရမယ်
သေနတ်ပြောင်းဝကနေ ပွင့်အာလာမယ့်နှင်းဆီပွင့်ကို စောင့်မနေနဲ့
ပေါင်မုန့်နဲ့ လဲပါ
အငတ်ငတ်အပြတ်ပြတ်တွေနဲ့ လဲပါ
ကမ္ဘာ့အနိမ့်ပါးဆုံးပညာရေးစနစ်နဲ့ လဲပါ
ဒီအခြေအနေအတိုင်း လူ့အဖြစ်ကို လက်နက်ချလိုက်ကြရမှာလား
ခေတ်ကာလကြီးက စိတ်ထက်မြန်တယ်(ဘယ်လိုမှ နားမလည်ဘူး)
အခုလေးတင်ပဲ ချစ်ခြင်းမေတ္တာဟာ ကိုယ့်ပွေ့ဖက်မှုထဲမှာ ငြိမ်သက်နေတာ
အခုချက်ချင်းပဲ ကိုယ့်ရှေ့ကနေ ချစ်ခြင်းမေတ္တာ ပျောက်ကွယ်သွားတာ
မလိုအပ်ဘူးထင်ရင် ကိုယ့်ခန္ဓာကထွက်တဲ့ ခြေသည်းလက်သည်းကိုတောင်
ညှပ်ပစ်တယ်၊ရှည်ထွက်လာတဲ့ဆံပင်တွေကို ဖြတ်ပစ်တယ်
သူတို့ ဒီမိုကရေစီကို မက်မောတယ်ဆိုတာ အသံကောင်းဟစ်နေကြတာ
သူတို့ ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုတာ လိမ်နေညာနေကြတာ
အနည်းနဲ့အများဆိုသလို သတ်ချင်ဖြတ်ချင်စိတ် ရှိကြတာချည်းပဲ
အနည်းနဲ့အများဆိုသလို တိရစ္ဆာန်စိတ်နဲ့ သွေးတိုးစမ်းချင်ကြတာချည်းပဲ
ပြန်ထူးသူမရှိတဲ့အော်ခေါ်သံတွေ လည်ချောင်းထဲမှာ လောင်နေသံ တဖျစ်ဖျစ်
ပြန်ထူးရတော့မလိုလို ကိုယ့်နာမည်အော်ခေါ်သံတွေ နားထဲမှာ အူနေသံ တလူလူ
သွားနေတယ်လို့တော့ ကြားတာပဲ(မုသားကို ချိုသာစွာရယ် . . . )
ခပ်ညံ့ညံ့ကဗျာတွေကို ကျွန်တော်ကလွဲပြီး ဘယ်သူမှမရေးရင် ကောင်းမယ်
စိတ်ကျန်းမာရေးဆေးရုံကို ဘယ်လိုအတွေးတွေနဲ့သွားလို့ရလဲသိပါရစေ
ကိုသျှား
*ပိုင်စိုးဝေ*

No comments:
Post a Comment