Monday, January 21, 2013

အိမ်မြှောင်တစ်ကောင် သေဆုံးခြင်း(လင်းTငြိမ်)


အိမ်မြှောင်တစ်ကောင် တံခါးကြားထဲမှာ ညပ်ပြီး သေနေတယ် ။ ဘယ်အချိန်ထဲက သေနေမှန်း မသိပေမဲ့
တွေ့လိုက်ရတဲ့ အချိန်မှာတော့ ခြောက်ကပ်နေပြီ ။ တံခါး အဖွင့်မှာ ၀င်နေတာလား ၊ တံခါးပိတ်လိုက်ချိန်မှာ
ညပ်သွားတာလား မသိဘူး ။ ဒါပေမယ့် အိမ်မြှောင်တစ်ကောင် တံခါးကြားထဲမှာ ညပ်ပြီး သေနေတယ် ။
သူ မသေခင်က နံရံပေါ်မှာ ကပ်ပြီး လျှောက်သွားနေလိမ့်မယ် ။ မျက်နှာကျက်ပေါ်က မီးချောင်းနား
ရစ်သီ ရစ်သီ ပျံဝဲနေတဲ့ ပိုးဖလံ ကောင်တွေကို လျှာ တစ်လစ် တစ်လစ်နဲ့ ဖမ်းစားနေလိမ့်မယ် ။
အိမ်မြှောင်တွေဟာ တွားသွား သတ္တ၀ါ ၊ အခန်းထဲက နေရာပေါင်းစုံကို သူ ရောက်လိမ့်မယ် ။
ရှုပ်ပွနေတဲ့ သူ့ စာအုပ်တွေ ကြားထဲလည်း ရောက်ဖူးလိမ့်မယ် ။ ဖရန့်(ဇ) ကာ(ဖ)ကာ၏ အရေးအသားများ

ပေါ်မှာလည်း ကပ်နေမယ် ။ ကာရာမာဇော့ ညီအကိုများ ကြားထဲလည်း ရောက်ချင်ရောက်လိမ့်မယ် ။
ဒါမှ မဟုတ်သေးရင် သူ့ စာရေး စားပွဲပေါ်တင်ထားတဲ့ မာရီယာ့ ဓါတ်ပုံမှာ ကပ် ကောင်း ကပ်နေဦးမယ် ။
မာရီယာက အိမ်မြှောင်တွေကို တော်တော် ကြောက်တယ် ။ (တကယ်တော့ မာရီယာ ကြောက်တဲ့ အရာတွေက
အများကြီးပဲ ၊ သူ့ရဲ့ ဒေါသနဲ့ နီရဲနေတဲ့ မျက်လုံးကိုလည်း မာရီယာ ကြောက်တာပဲ ) မာရီယာ အခုရှိနေတဲ့
မြို့မှာ အိမ်မြှောင်ကြီးတွေ အများရှိနေတယ် ဆိုတာကိုတော့ မာရီယာ သိရမှာ မဟုတ်ဘူး ။
အိမ်မြှောင်တစ်ကောင်ဟာ သူ့ရဲ့ လျှာ အနီကြီးနဲ့ ဖြစ်ဖြစ် ၊ တစ်ဆတ်ဆတ် ခုန်နေတဲ့ အမြှီးကြီးနဲ့ ဖြစ်ဖြစ်
မာရီယာ့ ကို ပွေ့ဖက်ထားကောင်း ပွေ့ဖက်ထား လိမ့်မယ် ။ သူ့ အခန်းထဲမှာ အိမ်မြှောင် တစ်ကောင်ကို
ဘယ်တုန်းကမှ မတွေ့ဖူးခဲ့ဘူး ။ သူ အိပ်နေတဲ့ အချိန်တွေကျမှ အိမ်မြှောင်က လျှောက်သွားနေလိမ့်မယ် ။
အိမ်မြှောင်တွေက အိပ်တတ်လား ၊ ဘယ်လို ပုံစံမျိုးနဲ့ အိပ်လဲ ။ သူ အိမ်မြှောင် တစ်ကောင်နဲ့ ဘယ်တုန်းကမှ
မပတ်သက်ခဲ့ ဖူးဘူး ။ အိမ်မြှောင်တွေဟာ ကပ်ပါးကောင် အမျိုးအစားပဲ ။ တံခါးကြားထဲ ညပ်ပြီးသေနေတဲ့
အိမ်မြှောင်မှာ အမြီးမရှိဘူး ။ သူ့ အမြီးက မသေခင်ကတည်းက ပြတ်သွားတာလား ၊ သေပြီးမှ
ပြတ်ကျသွားတာလား ။ အိမ်မြှောင်ရဲ့ အမြီးဟာ အခန်းထောင့် တစ်နေရာရာမှာ တဆတ်ဆတ်ခုန်နေဦးမလား ။
ဘယ်နေရာ မှာလဲ ။ အိမ်မြှောင်ရဲ့ အမြီးပြတ်ကြီးဟာ ဘယ်နေရာမှာ ရှိနေမလဲ ။ သူ့ ရေးလက်စ
ကဗျာတွေပေါ်မှာ ၊ သူ့ အင်္ကျီအိပ်ကပ်ထောင့်ထဲမှာ ၊ သူ့ ပြတင်းတံခါးက ကြည့်လိုက်ရင် မြင်နေရတဲ့ မြင်ကွင်း
အသေတွေပေါ်မှာ ၊ အဓိပ္ပါယ်မဲ့ ခြွေချခဲ့တဲ့ ဆေးလိပ်ခွက်ထဲက ပြာမှုန့်တွေမှာ ၊ မရေးရသေးတဲ့ မာရီယာ့
ထံသို့ပေးစာ တစ်စောင်ထဲမှာ ၊ ဘယ်နေရာမှာလဲ ။ အိမ်မြှောင်တစ်ကောင် တံခါးကြားထဲမှာ ညပ်ပြီး
သေနေတယ် ။

လင်းTငြိမ်
၁၉ ၀၁ ၂၀၁၃
၁၄ ၁၃

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...