Sunday, January 13, 2013

ဒီနေ့မှာ ပိုက်ဆံ တစ်ရာရှိရင် ၊ ရုပ်ပုံလှလှ ဆွဲရအောင်(လင်းTငြိမ်)



         ဒီနေ့မှာ ပိုက်ဆံ တစ်ရာရှိရင်

ဒီနေ့မှာ ပိုက်ဆံ တစ်ရာရှိရင် အိမ်ကို လမ်းလျှောက် ပြန်စရာမလိုဘူး ။ အထူးကား မဟုတ်တဲ့ ကားတစ်စီး စီး ပေါ်ကို
တတ်လိုက်သွားရုံပဲ ။ ကားပေါ်ရောက်ရင်လူနံရံကြီးထဲကိုတော့တိုးဝင်ရမယ် ။“ အလည်မှာကန့်လန့်ကြီးရပ်မနေပါနဲ့ ၊
ဟိုးနောက်ဆုံးထိ ၀င်သွားလိုက်ပါ  ဟိုးနောက်ဆုံးမှာ အနေချောင်ပါတယ် ဒီဘက်က ကားခလေး လှမ်း ” စတဲ့
စပါယ်ယာရဲ့ အသံကို ကြားရတဲ့အခါ ငွေတစ်ရာကို ထုတ်ပေးလိုက်ရုံပဲ ။ ဒါပေမဲ့ ကားပေါ်မှာ အန်ဖက်ပုံကြီး တစ်ပုံ
ပါလာနိုင်တယ် ။ အဲ့ဒီ အန်ဖက်ပုံကြီးထဲမှာ စကားလုံးတွေ က ရှုပ်ထွေး ပြီး မွစာကျဲ နေမယ် ။ အဲ့ဒီ အန်ဖက်ပုံကြီးရဲ့

အဓိပ္ပာယ်ကို ခင်ဗျားရဲ့ လျှာကြီးနဲ့ ထိုးဖွမွှေနှောက် ကြည့်မှ သိရမယ် ။ တစ်ယောက်နဲ့ တစ်ယောက် အကြည့်ချင်း
လှမ်းလှမ်း ချိတ်နေတဲ့ ကိုးရီးယားစတိုင် ချာတိတ် ၊ချာတိတ်မတွေရဲ့  ရှေ့မှာ မကွယ်မိစေနဲ့ ။
ပြာကျသွားနိုင်တယ်/ပြာသွားနိုင်တယ် ။ ဒေါက်ဖိနပ်နဲ့ တက်နင်း ခံထားရတဲ့ ခြေထောက်တစ်ဖက်ကတော့
အသံတိတ်ကျိန်ဆဲနေမယ် ။ ဒေါက်ဖိနပ်ကို ဖြစ်ဖြစ် ၊ လူတွေအများကြီး တင်ထားတဲ့ စပါယ်ယာ ကို ဖြစ်ဖြစ် ။
“ ကျနော့် မိဘတွေဟာ အရေပြားရောဂါသည်တွေပါ ၊ ဆေးဖိုးလေး အလှူခံပါတယ်” စတဲ့ အဓိပ္ပာယ်ပါ စာရွက်တွေ
လိုက်ဝေနေတဲ့ ကလေးငယ်ကို အလှူငွေ မထည့်ချင် မထည့်ဘဲနေနိုင်ပါတယ် ။ စာရွက်တွေကိုတော့ မလွင့်ပစ်ဘဲ
ပြန်ပေးလိုက်ပါ ။ ကားပေါ်မှာ ဖက်နမ်းနေကျတဲ့ စုံတွဲတွေ ကိုတွေ့ရင် မျက်နှာလွဲထားပါ ။ ကြည့်လိုက်မိရင်
ရောဂါရသွားမယ် ။ ထိုင်ခုံက လူတစ်ယောက်ထ သွားရင် အလုအယက် ၀င်ထိုင် ။ ဒါဟာ ကားပေါ်မှာတင်
အိုင်ယာလန်ထီ ပေါက်တာပဲ ။ ခိုးကူးခွေတွေ ၊ မူးမော်ပြေ ရှောက်သီးဆေးပြားတွေ ၊ တစ်နှစ်စာဗေဒင်ဟော စာတမ်း
စတာတွေ ကားပေါ်တတ် ရောင်းရင် မျက်နှာကို မော့ပြီး ခပ်တင်းတင်း လုပ်ထား၊ ၀ယ်နိုင်တဲ့သူ/ပိုက်ဆံရှိတဲ့သူအဖြစ်
အထင် ခံရနိုင်တယ် ။ ကားလမ်းတွေ သိပ်ကျပ်တဲ့ အခါ ၊ ကားတွေပိတ်နေတဲ့အခါ ပြတင်းတံခါးပေါက်ပေါ်
လက်တင်ဈေးသည်တွေ ၊ပိုက်ဆံတောင်းနေတဲ့ သူတွေ ၊ သတင်းစုံအတင်းစုံ ဂျာနယ် လက်ပွေ့ရောင်းသူတွေ ၊
ရင်ထဲကို အေးမြသွားမယ် ရေခဲရေ သောက်မလား အကို ၊ဟိုဒီ လျှောက်ကြည့် ဇိမ်ပဲ ။
ဆင်းမဲ့ မှတ်တိုင်ရောက်ခါနီးရင်ခြေဖျားထောက် အသက်အောက် ၊ပြီး အတင်တိုးထွက် ။ မှတ်တိုင်ပါတယ် ၊
ဆင်းမယ်ဗျို့ ဒါမှမဟုတ်အဲ့အဓိပ္ပာယ်ရတဲ့ တစ်ခုခု ကို အော် ၊ ကားပေါ်ကဆင်း ။ ကိုယ်ပေါ်မှာ ကပ်ပါလာတဲ့
စကားလုံး အန်ဖက်စ တွေခါထုတ် ၊ကြေမွနေတဲ့ အင်္ကျီ ကို ပြန့်အောင်ဆွဲချ ၊ ပြီးရင် မှတ်တိုင်ကနေ
အိမ် ပြန်သွားရုံပဲ ။ ဘယ်လောက် ဟန်သလဲ ။ ဒီနေ့မှာ ပိုက်ဆံတစ်ရာ ရှိရင် ပေါ့ ။




  •          ရုပ်ပုံလှလှ ဆွဲရအောင်




ခင်ဗျားမှာ ခဲတံ တစ်ချောင်းရှိရင် ဟော့ဒီ စာရွက်အလွတ်ပေါ်မှာ ခင်ဗျား ဖြစ်ချင်တာတွေ ဆွဲလို့ရတယ် ။ ဆိုပါစို့
ခင်ဗျားက ဘုရင်တစ်ပါးဖြစ်ချင်တဲ့အခါ ခင်ဗျားရဲ့ ဦးခေါင်းပေါ်မှာ သရဖူ တစ်ခုဆွဲ ၊ခင်ဗျားနေမဲ့ ရဲတိုက်ကြီးတွေ
ခင်ဗျား မိဖုရားတွေ ၊မှုးမတ်တွေ ၊ စစ်တပ်ကြီးတွေ ခင်ဗျားအလိုရှိရာ တစ်ခုပြီး တစ်ခု ဆွဲ ။ဒါမှမဟုတ် ခင်ဗျားက
သူတော်စင်ဖြစ်ချင်တဲ့အခါ ငြိမ်းချမ်းမှုတွေ ၊တရားဓမ္မ ၊ မျှတမှု စတဲ့ ခင်ဗျား စိတ်သန်ရာရာ ရေးဆွဲလို့ရတယ် ။
မိုက်ဒတ်စ်ဘုရင်ကြီးရဲ့ လက်တစ်ဖက် ၊ဗန်ဂိုးရဲ့ နားရွက်၊အာလူးစားသူတွေရဲ့ မျက်လုံး ၊နီရိုး ဘုရင်ရဲ့ တယော၊
ဝံပုလွေ လာဆင် ၊ မစဉ်းစားခြင်း သေတ္တာ ၊ မာရီလင်မွန်ရိုးရဲ့ အဖြူရောင် ဂါဝန် ၊“ I am Malala ” ၊ ဆိုကရေးတိစ်ရဲ့
အဆိပ်ခွက် စတဲ့ ခင်ဗျား စိတ်ထဲက အရာရာကို ခင်ဗျား စိတ်ထင်တိုင်း ရေးဆွဲပစ်လို့ရတယ် ။ ဒါပေမဲ့
ခင်ဗျား ဖြစ်ချင်တဲ့ အရာရာကို တစ်ခုပြီးတစ်ခု ရေးဆွဲနိုင်ဖို့ ခင်ဗျားမှာ ခဲဖျက်တစ်ခုတော့ အဆင့်သင့် ရှိနေဖို့
လိုအပ်တယ် ။



လင်းTငြိမ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...