Monday, January 7, 2013

မမြင်နိုင်တဲ့ ထောင့်ကလေးမှာ ကိုယ် (မှူးသစ်)


စိတ်တွေဟာ ထိန်းချုပ်မှုမဲ့လွန်း တစ်ခုခုကို တွေးလိုက်တိုင်း
ရင်ဘတ်တစ်ခုလုံး ကျင်တက်လာတဲ့ ဂယောင်ကတန်းဖြစ်မှုတွေ
နားထင်ကို သွေးတွေ တဇတ်ဇတ်တိုးနေသလို
ကိုယ့်အပေါ်ထားမိတဲ့ ကိုယ့်ယုံကြည်မှုတွေ တစ်စတစ်စ ပျောက်ဆုံးသွားပြီ
မဖြစ်နိုင်တော့တာ ပို သေချာလာတယ် ဖြည့်တွေးကြည့်လို့မရဘူး
ရုပ်ရယ် နမ်ရယ်.. စိတ်ရယ် ကိုယ်ရယ် ဘာတစ်ခုမှ ယုံကြည်မှုမရှိ
ကျွံထွက်သွားတဲ့ စကားလုံးတွေအောက်
ချစ်ခြင်းမေတ္တာဟာ အရှက်တရားများနဲ့ ပိတ်မိနေတယ်
တတ်စွမ်းသမျှ အပြုံးတွေနဲ့ အသည်းအသန်ကွာကွယ်နေရ
မြင်မြင်သမျှ လူတွေကို အလန့်တကြားပြုံးပြမိတယ်။

ယိုင် နဲ့ နေတဲ့ မျှော်လင့်ချက်တွေက အရှိတရားမဲ့နေသော စိတ်ကူးသက်သက်
အဆုံးသတ်ကိုဆွဲချလိုက်မိချိန်ကလေးမှာ ကျရှုံးသင့်သလောက်ထက်ပိုပြီး ကျရှုံသွား
မမြင်နိုင်တဲ့ ထောင့်ကလေးဟာ ကိုယ့်နေရာပဲ
ဝမ်းနည်းလွယ်တတ်တဲ့ စိတ်တွေနဲ့ ကိုယ်နေထိုင်တယ်
စီးကရက်ငွေ့တွေ သက်ပြင်းငွေ့ ကလေးတွေကြားထဲမှာ ချောင်ပိတ်မိနေရင်း
ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ဖြစ်တည်မှုတွေဟာ ပျောက်ဆုံးသွားခဲ့ပြီ
တစ်ခါတစ်လေ ကိုယ်ဟာ ဇီးကွက်တစ်ကောင်ဖြစ်ချင်တယ်
တစ်ခါတစ်လေ တစ်ခါတစ်လေ.. တစ်ခါတစ်လေ ထက်ပိုပိုပြီး
လိုအပ်ချက်ရှိလာတိုင်း အမှတ်တမဲ့ သတိတရဖြစ်မိတဲ့ ဖုန်းနံပါတ်လေးဖြစ်ချင်တယ်
တစ်ချို့အခြေအနေ ကိုယ်မတွေးပဲနေလိုက်လို့ရနိုင်မလား
ပက်သက်ဆက်နွယ်မှုတွေကို ဘာတစ်ခုမှ အမည်တပ်ကြည့်လို့မရ
ပွတ်တိုက်မိလိုက်တိုင်း အသံမမြည်နိုင်တာဆိုလို့
ရင်ဘတ်တစ်ခုလုံးရင်းနှီးလိုက်ရတဲ့ သစ္စာတရားပဲ ဖြစ်နေလိမ့်မယ်

တစ်နေရာရာကို ပြေးမထွက်မိရင်တောင်
ဖွင့်မလာနိုင်တဲ့ တံခါးတစ်ချပ်ကို ကျောခိုင်းလိုက်တော့မယ်
တစ်ကိုယ်ရည် အေးစက်မှုဟာနောက်ဆုံးရှာဖွေ တွေ့ရှိခဲ့တဲ့


အရှိတရားပဲ ထင်ပါရဲ့

မှူးသစ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...