Sunday, January 27, 2013

အာပလာဆရာရွှီးနှင့် စကားစမြည်___တည်တံ့ (G.B.K)



"ဆရာ .. ဆရာ"
ကျွန်ုပ်သည် အိမ်ရှေ့လှေကားရင်းမှ အော်ခေါ်သံကြောင့် တချောက်ချောက်ရိုက်လက်စ စာတစ်ပုဒ်ကို လက်စသတ်ရင်း ကွန်ပြူတာရှေ့မှ ထလာခဲ့ရသည်။ တံခါးဝမှာရပ်နေသော ခပ်ရွယ်ရွယ်လူငယ်တစ်ယောက်သည် ကျွန်ုပ်ကို မျှော်လင့်ချက် အပြည့်ပါသော မျက်လုံးရွှဲကြီးများဖြင့် စူးစိုက်ကြည့်လျက်ရှိသည်။

- "ဆရာအာပလာရွှီးလားမသိဘူးခင်ဗျား"
- "အိန်း ကျွန်ုပ်ပဲကွဲ့။ ကဲ ဆိုပါဦး လာရင်းကိစ္စ"
- "ကျွန်တော်က xxxမဂ္ဂဇင်းတိုက်ကပါ။ ဆရာနဲ့ချိန်းဆိုထားတဲ့အင်တာဗျူးအတွက် တိုက်ကလွှတ်လိုက်လို့ပါ"

ထိုအခါကျမှ ကျွန်ုပ်လည်းသတိရမိသွားသည်။ ယမန်နေ့က မဂ္ဂဇင်းတိုက်တစ်ခုမှဖုန်းဆက်၍ အင်တာဗျူးလက်ခံပေးပါရန် တိုးလျှိုးတောင်းပန်ခဲ့၏။ အောင်မြင်ကျော်ကြားလူကြိုက်များလှသည့် ကျွန်ုပ်လိုစာရေးဆရာအကျော်အမော်အဖို့ လူသိ များပြီးဖြစ်သည့်အတွက် သေးဖွဲလှသည့်
အင်တာဗျူးလေးများကို လက်ခံဖြေဆိုလိုခြင်းမရှိပါဟု ပြတ်ပြတ်သားသား မိန့်မြွက်ကြားလေသည်ကိုပင် အနှီအယ်ဒီတာဆိုသူက ကျွန်ုပ်ကို သူတို့မဂ္ဂဇင်း၏ဂုဏ်ထူးဆောင်စာရေးဆရာဆု ချီးမြှင့်ရန်လျာထား သည့်အပြင် ပရိသတ်များ တပါတည်းဖတ်ရှုစေနိုင်ရေးအလို့ငှာ ဆုချီးမြှင့်ပွဲအတွက် လူတွေ့အင်တာဗျူးလေး တစ်ခုလောက်ပါ ထည့်သွင်းပါရစေဟု မရမကပန်ကြားလာခဲ့၏။ များစွာစိတ်မပါလှသည့်တိုင်လည်း နာမည်ဂုဏ်မောက်၍ ဈေးကိုင်သည် အထင်ခံရမည်စိုးသောကြောင့် ခေါင်းညိတ်ခဲ့ရသည်။ တံခါးဝမှလူငယ်သည် ထိုကိစ္စအတွက်လာရောက်ခြင်း ဖြစ်သည်။
"သြော် ဟုတ်ပေသားပဲ။ ဆောရီးကွယ် ကျုပ်ကအလုပ်များတာမို့ လက်ငင်းသတိမရဖြစ်သွားတယ်။ လာပါ လာပါ အထဲကိုကြွ"

ကျွန်ုပ်၏စာရေးစားပွဲတွင် ထိုင်ကြပြီးနောက် ...
- "မောင်ရင့်နာမည်က ဘယ်လိုခေါ်သလဲကွဲ့"
- "မောင်ပွားပါ ဆရာ။ ရှည်လျားထွေပွားဆိုတဲ့ ကလောင်နာမည်နဲ့ စာတိုပေစလေးတွေလည်း ရေးပါတယ်။ အယ်ဒီတာချုပ်ကလည်း ကျွန်တော်နဲ့ မကင်းရာမကင်းကြောင်းဆိုတော့ တိုက်မှာ ကျွန်တော်က တောက်တိုမယ်ရပေါ့ ဆရာ"
- "သြော် ဟုတ်ပါပြီ ဟုတ်ပါပြီ။ ဒါနဲ့ ဒီကနေ့ အင်တာဗျူးမယ့်ခေါင်းစဉ်က ဘယ်လိုအကြောင်းအရာမျိုးလဲကွဲ့"

- "အယ်ဒီတာလည်း ဆရာ့ကိုဖုန်းထဲမှာပြောပြီး ဖြစ်မယ်ထင်ပါတယ်။ ဒီလိုပါ ဆရာ၊ ဆရာ့ရဲ့အွန်လိုင်းစာပေတွေဟာ လူထုအကြားမှာ ပျံ့နှံ့ပြီး အင်မတန်ဂုဏ်သတင်းရနံ့ သင်းပျံ့တာကို စာပေအသိုင်းအ၀ိုင်းတစ်ခုလုံးလည်း သိပြီးဖြစ်ပါတယ်။ အွန်လိုင်းစာပေလောက မှာလည်း သုံးလဆက်တိုက် Like အများဆုံးနဲ့ Share အများဆုံးဆုကို ဆွတ်ခူးထားတယ်လို့လည်း ကြားသိရပါတယ်။ အခုလို အွန်လိုင်းစာပေတွေ ပျံ့နှံ့အားကောင်းလာတဲ့အချိန် ဆရာရဲ့အောင်မြင်မှုဂုဏ်သတင်းနဲ့ စာပေအပေါ် အကျိုးပြုပုံသတင်း စကားတွေကို စဉ်ဆက်မပြတ်ကြားသိနေခဲ့ရတဲ့အတွက် ကျွန်တော်တို့မဂ္ဂဇင်းတိုက်ရဲ့ ဂုဏ်ထူးဆောင်ဆုတံဆိပ် ပေးအပ်လိုတယ်လို့ အယ်ဒီတာအဖွဲ့က လျာထားလာပါတယ်။ ဒါကြောင့် ဆရာနဲ့ လူတွေ့အင်တာဗျူးလေးတစ်ခု လုပ်ချင်လို့ ကျွန်တော့်ကိုလွှတ်လိုက်တာပါပဲ"
- "သြော် ဒါများမောင်ရင်ရယ်။ ကျုပ်က အွန်လိုင်းမှာလည်း အင်တာဗျူးတွေ ဖြေဆိုပြီးပါပြီ။ မေးခွန်းပေါင်းသောင်းခြောက်ထောင် ကိုလည်း မမောနိုင်မပမ်းနိုင် ချွေးဖြိုင်ဖြိုင်ကျအောင် ဖြေခဲ့ပြီးပြီ။ မဂ္ဂဇင်းထဲထည့်ချင်လို့ရှိရင် လူကိုယ်တိုင် တကူးတကလာမတွေ့ဘဲ အွန်လိုင်းကလှမ်းမေးလိုက်ရင်လည်း ပြီးပါတယ်။ ကျုပ်က ဈေးမကိုင်တတ်ပါဘူး"

- "ဒါတော့ ဒါပေါ့ ဆရာရယ်။ ဒါက လုပ်ရိုးလုပ်စဉ်ကြောင့်ပါ။ မေးခွန်းလေးတွေကလည်း ဆရာ အရင်က အကြိမ်ထောင်သောင်း မက ဖြေဆိုဖူးပြီးသားမေးခွန်းတွေ ဖြစ်မယ်ထင်ပါတယ်။  ပထမဆုံးအနေနဲ့ကတော့

ကျွန်တော်သိသလောက်က ဆရာ့အနေနဲ့ အွန်လိုင်းပေါ်မှာ ဘ၀နေနည်းဒဿနနဲ့ အချစ်ကျမ်းတက်ကျမ်းတွေ အသားပေးရေးဖွဲ့လေ့ရှိတယ် ကြားရပါတယ်။ ဘာကြောင့်များ ဒီစာပေအမျိုးအစားကို ရွေးချယ်ခဲ့ရသလဲ သိချင်ပါတယ်"

- "အဟမ်း အဟမ်း၊ ဒါကတော့ ခိုးလို့လွယ်၊ အဲ အဲ မှားလို့၊ ဒါက မှီးရပြုရလွယ်တယ်လေ။ အချစ်အကြောင်းရေးမယ်ဆိုရင် ၀တ္ထုတွေရေးသလို ဇာတ်အိမ်တွေ၊ ဇာတ်လမ်းနောက်ခံသမိုင်းတွေ၊ ဇာတ်ကောင်နာမည်တွေ ခေါင်းရှုပ်ခံစဉ်းစားနေစရာမလိုဘူး။ ကျုပ်စာတွေမှာ ဇာတ်ကောင်နှစ်ကောင်ပဲသုံးတယ်။ ကောင်လေးရယ် ကောင်မလေးရယ်။ ကိုင်း ဒီထက်ရှင်းတာ ဘာရှိဦးမတုံး။ အရိုးရှင်းဆုံးဟာ အကောင်းဆုံးဆိုတဲ့ ဆင်ပလစ်စတီသဘောကို အခြေခံတာ။
ဒါတွေက ရှင်းပြလည်း မောင်ရင်တို့ တော်ရိလျော်ရိစာပေသမားတွေနားလည်လိမ့်မယ်ထင်ပါဘူး၊ အွန်လိုင်းပေါ်က ကျုပ်ရဲ့ အဆင်တန်းမြင့်စာဖတ်သူပရိသတ်လောက်ပဲ ဒါကိုနားလည်သဘောပေါက်လို့ ကျုပ်ကို သဲသဲလှုပ်အားပေးတာ၊ ထားပါတော့။ ဟော ရေးမယ်ဆိုလည်း ဘာခက်သတုံး။ ဂူဂဲလ်မှာ သမီးရည်းစား quote ကလေးတွေ ဓါတ်ပုံကလေးတွေလိုက်ရှာပြီး အဲဒီကောင်လေးနဲ့ ကောင်မလေးကို တော်သလိုထည့်ပေးလိုက်ရင် စာတစ်ပုဒ်ဖြစ်သွားတာပဲ။
ပိုပြီးအနုအရွဆန်သွားအောင် တူနှစ်ကိုယ် လမင်းကြီးကိုမော့ကြည့်ရင်း ကြည်နူးရွှင်လန်း သေးဖြန်းဖြန်းထွက်တာလေးတွေ၊ ချစ်သူရဲ့မျက်နှာတော်ဖူးမြော်ဖို့ ခြံစည်းရိုးကျော်တက်ရာက မတော်ရာဆူးချိတ်လို့ အော်ကာလူးလိမ့်ပြီး အောင့်ခံ ရတာလေးတွေ၊ ကောင်မလေးပန်ဖို့ ကောင်လေးက နှင်းဆီပန်းခူးရင်း အခူးမတော်လို့ ဆူးချော်ထိုးမိပြီး အေအိုင်ဒီအက်စ်ဖြစ်ရာက အချစ်အတွက်အသက်စွန့်သွားတဲ့ ခေတ်သစ်တိုက်တန်းနစ်အကွက်ကလေးတွေပါ ထည့်ပေးလိုက်လို့ကတော့ .. ဟင်း ဟင်း .. ဘာပြောကောင်းမတုန်း။ ဖတ်ရသူ ပရိသတ်များခမျာ ဘီယာနှစ်ဂျားလောက်သောက်အပြီး ပုဆိုးကိုမလို့ အဖိုးတန်သမျှရွှေပြွန်နဲ့ ရိုးတံကရေသွန်လိုက်တဲ့အလား ဒလဝေါလိမ့်ဆင်းလာတဲ့ မျက်ရည်ချောင်းကြီးငယ် အသွယ်သွယ်နဲ့ကောင်းလှချည့် ကောင်းလှချည့် ဖြစ်ကုန်တော့တာ။ မှတ်ထား ဒါမျိုးကမှ ရသစာပေစစ်စစ်လို့ခေါ်တယ်
ဟော အတွေးအခေါ်စာပေ ဘ၀စာပေဆိုလည်း ဒီလိုပဲ။ လူတွေအထာသိရင် အကုန်လုပ်လို့ရတယ်။ လူဆိုတဲ့အမျိုးက ကိုယ်သာ  စာထဲကအတိုင်း လိုက်မလုပ်နိုင်တာ၊ ကိုယ်သာ ကိုယ့်ခေါင်းသုံးပြီးမတွေးတာရှိရမယ်၊ ဘ၀ကို ဟိုလိုနေပါ ဒီလိုထိုင်ပါလို့ တစ်ယောက်ကပြောလာရင်တော့ အဟုတ်ကြီးထင်တဲ့အမျိုး။ ဆိုတော့တာ တက်ကျမ်းထက်လွယ်တာ လုပ်စားလို့ကောင်းတာ ဘာရှိတော့မတုန်း ဟေးဟေး။ တစ်နေ့ထဲနဲ့တောင် တစ်အုပ်လောက်ရေးပစ်လိုက်ချင်သေး။ နိုင်ငံခြားအတွေးအခေါ်တွေ အယူဝါဒတွေကို အထင်ကြီးပြီး ဘာအစ်ဇင် ညာအစ်ဇစ်တွေ လျှောက်လျှောက်ပြောချင်ရေးချင်တဲ့ စာပေသမားများ ထမင်းအိုးပျောက်မှာစိုးလို့ ကျုပ်က မရေးတာ။ မောင်ရင် ချမ်းသာနည်းသိချင်သလား၊ စိတ်အေးချမ်းအောင်နေနည်း သိချင်သလား၊ ဆောင်ရန်ရှောင်ရန်တွေ သိချင်သလား။ ဘာပဲလိုလို ဂူဂဲလ်ရှိတယ်။ How to Enjoy Your Life လို့သာ ရိုက်ထည့်လိုက်၊ အဲဒီနေ့ဆို ကျုပ် စာသုံးပုဒ်လောက် ထွက်တယ်"

- "ခင်ဗျာ ဒါဆို ဆရာ့စာပေတွေက ကိုယ်ပိုင်အတွေးအခေါ်တွေ ဒဿနတွေမဟုတ်ဘူးလား ဆရာ"
- "သြော် မောင်ရင့်နှယ် ညံ့ရန်ကော။ ကျုပ်လက်နဲ့ကီးဘုတ်ပေါ်ရိုက်တာ ကျုပ် ဒဿနမဟုတ်လို့ ဘယ်သူ့ဒဿနဖြစ်ရမတုံး။ ပညာရှင်ကြီး ရွာပိန်နာနတ်တန်ခူးက ဘာပြောခဲ့သလဲဆိုရင် … "
- "ရာဘင်ဒြာနတ်တဂိုး မဟုတ်ဘူးလား ဆရာ"
- "သိပါတယ်ကွဲ့။ အဟမ်း အဟမ်း ပြောချင်ဇောနဲ့ လျှာလိပ်သွားလို့"
- "တော်ပါသေးရဲ့ ဆရာရယ်။ ရွာအိမ်သာနတ်တန်ခိုးလို့ မပြောလို့။ ဆက်ပါဦးဆရာ ဆက်ပါဦး"
- "အဲ အဲ့ပညာရှင်ကြီးက ဘာပြောလဲဆိုတော့ ရေပြင်ကိုရပ်ကြည့်နေရုံနဲ့ ပင်လယ်ကိုဖြတ်ကူးလို့ မရနိုင်ဘူးတဲ့"
- "အဲဒါက ဆရာ့စာပေတွေနဲ့ ဘယ်လိုများသက်ဆိုင်ပါသလဲခင်ဗျာ"

- "ဆိုင်ပြီလား မောင်ရင်ရယ်။ လူဆိုတာကလည်း အစဉ်အဆက်နဲ့ပိန်းလာခဲ့တဲ့အမျိုးကွဲ့။ မောင်ရင်က စာတိုပေစလေးတွေရေးတဲ့သူဆိုတော့ သိပ်မပိန်းလောက်ဘူးထင်လို့ ပြောပြတာ။ ဒီလောက် ကျုပ်ကူး အဲ အဲ ကျူပ်မှီးရေးနေတဲ့ အတိုအစလေးတွေ Quoteကလေးတွေ ဘ၀ဒဿန အချစ်ဒဿနတွေ ဂူဂဲလ်မှာဒီလောက် တောင်ပုံရာပုံရှိနေတာကို ကိုယ့်ဘာသာရှာဖတ်ရကောင်းမှန်းမသိဘဲ ဘ၀ဟာ ဘာကြီးလဲဆိုတာ ဘယ်သူများလာပြောပြမလဲ ထိုင်စောင့်နေကြတာကလား။ ကျုပ်ကတော့ သူတို့လိုထိုင်မစောင့်ဘဲ ဂူဂဲလ်ပင်လယ်ပြင်ကြီးကို ဖြတ်ကူးပစ်လိုက်တော့တာပေါ့။ တမီးလ်ကြိုက်လား၊ တရုတ်ကြိုက်လား၊ ဘင်္ဂလီကြိုက်လား၊ အာရဗီကြိုက်လား အကုန်ရတယ်။ ဘ၀ကို ၀ိုင်းစေချင်လား ပြားစေချင်လား အကုန်ရတယ်။ အကောင်းပြောရမလား မကောင်းပြောရမလား အကုန်ရတယ်။ ပြီးတော့မှ ဒီနည်းနည်း ဟိုနည်းနည်း ရောပေါင်းပြီး ဘ၀ဆိုတာ ဘာကြီးပါ ညာကြီးပါလို့ ဖောဖိန့်လုပ်ပြလိုက်ရင်ပဲ သူတို့တွေခမျာ ပါးစပ်ကလေးကိုယ်စီအဟောင်းသားနဲ့ ဟုတ်ပေသားပဲ ဟုတ်ပေသားပဲဆိုပြီး ကျုပ်ကိုဝိုင်းပြီးထောပနာပြုကုန်ကြရော ဟေးဟေး။ ပညာရှင်ကြီး ရွာပိန်နာ အဟမ်း အဟမ်း ရာဘင်ဒြာနတ်တဂိုး မဟုတ်ဘူး၊ နောက်ထပ်ပညာရှင်ကြီးတစ်ယောက်ကတော့ လူဆိုတာ အရူးမျိုးတဲ့။ ဒါကိုပြောတာပဲ"

အနှီလူငယ်က ကျွန်ုပ်ကိုနားမလည်စွာကြည့်၍ ခေါင်းတဗျင်းဗျင်းကုတ်သည်။
- "ဒီလိုဆိုတော့ ဆရာ့ဆီမှာ ကိုယ်ပိုင်ဘ၀အတွေးအမြင် ဒဿနလေးဘာညာ စကားလက်ဆောင်ပါးစရာ မရှိဘူးလား"

- "ဟာ ရှိပြီလား မောင်ရင်ရဲ့။ ဟိုတလောကမှ ကျုပ်ရေးပြီး ဖေ့စ်ဘုတ်ပေါ်မှာ Like တစ်ထောင်ကျော်သွားတဲ့ ဘ၀နေနည်းအနုပညာ ၁၀၀ ဆိုတာ ကျုပ်ရဲ့ရင်တွင်းဖြစ်စစ်စစ်တွေပေါ့။ ဒါပေမယ့် တစ်ခုတော့ရှိသပေါ့၊ မောင်ရင် စု တု ပြု ဆိုတာ ကြားဖူးလား။ ကြားဖူးမယ်လည်း မထင်ပါဘူး။ နားထောင် နားထောင် ကျုပ်ရှင်းပြမယ်။ ကျုပ်က အချစ် quote ကလေးတွေ၊ စာတိုပေစလေးတွေ၊ ဒဿနလိုလိုတက်ကျမ်းလိုလိုဟာလေးတွေ မှီးပြီးလုပ်စားတယ်ဆိုတာ စုတဲ့သဘော။ ပြောရရင် အသိအမြင် စုဆောင်းတဲ့သဘော။ ဟော ခိုးပါများ အဲ အဲ မှီးဖန်များလာတော့ သူတို့အထာ သူတို့အာဘော် လူပြိန်းကြိုက်အကွက်ကလေးတွေကို ရင်းနှီးလာပြီး ကိုယ့်ဘာသာစမ်းတုကြည့်ရော။ တုရင်း တုရင်း ညုလာပြီး အချစ်ဓါတ်များ ဘ၀အတွေးအမြင်အခိုက်ဓါတ်များ တဖွားဖွားထွက်လာတဲ့အခါကျတော့ ကိုယ်တိုင်အတွေးနဲ့ပေါင်းစပ်ပြီး ကိုယ်ပိုင်မှု ပြုတော့တာပဲ။ ဒါကြောင့် ကျုပ်ရဲ့လူသားမျိုးနွယ်စုကြီးတစ်ခုလုံး လက်ကိုင်ထားရမယ့် ဘ၀နေနည်းအနုပညာ ၁၀၀ ဆိုတဲ့ ၂၁ ရာစု ဖိန့်ဖိန့်တောက်ခေတ်သစ်တက်ကျမ်းကြီး ပေါ်လာတော့တာပဲ။ ဒါပဲကွဲ့ စု တု ပြု ဆိုတာ"

- "ကျွန်တော်ကြားဖူးတာကတော့ ခိုး ရိုး သိုးတဲ့ခင်ဗျ"
- "ဟဲ့ ဘာလဲကွဲ့ မင့်ပြောတဲ့ ခိုး ရိုး သိုးဆိုတာ"
- "ခိုးရင်းခိုးရင်း ဒီအကွက်တွေချည်းရိုးလာလို့ အသစ်အဆန်းမဟုတ်တော့ဘဲ သိုးသွားတာကိုပြောတာ။ ဆရာပြောသွားတာနဲ့ ခပ်ဆင်ဆင်ရယ်။ ထားပါတော့ ဘာပဲဖြစ်ဖြစ် ကျွန်တော့်လိုအနုံအဖျင်းလေး အသိသညာတိုးပွားအောင် အဲဒီဘ၀နေနည်း အချက် ၁၀၀ ထဲက တစ်ချက်လောက်တော့ မစပါဦး ဆရာရဲ့"
- "အိန်း ဒီလောက်တောင်မှ ဖေ့စ်ဘုတ်ပေါ် လူတွေထောင်နဲ့ချီ Like ထားကြပြီး ရာပေါင်းများစွာ Share ထားတဲ့စာကို မဖတ်ဖူးဘူးဆိုတော့ မောင်ရင့်နှယ် စာပေသမားဆိုပြီး အတော်ဗဟုသုတချို့တဲ့သေးတာပါကလား။ စာကောင်းပေမွန်တွေကို ရွေးချယ်ဖတ်တတ်ဟန်လည်း မတူဘူး။ ရှိစေတော့လေ မင်း တောင်းဆိုလာလို့ တစ်ချက်တလေတော့ဖြင့် ပြောပြရသေးတာပ။ ပထမတစ်ချက်အနေနဲ့ အရေးကြီးဆုံးကတော့ ဘ၀ဟာ ဘ၀ဖြစ်တယ်။ ဒါကို လက်ခံရမယ်"
- "ဗျာ တဆိတ်လောက် နားမရှင်းလို့"
- "ဘ၀ဟာ ဘ၀ဖြစ်တယ်လို့။ မောင်ရင့်အနေနဲ့ ဒီအချက်ကို လက်ခံတတ်ဖို့လိုတယ်။ ဒါမှသာပဲ ဘ၀ရဲ့အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားနိုင်မှာဖြစ်တယ်"

အနှီသူငယ်ကား ပြူးကြောင်ဝိုင်းစက်သောမျက်လုံးများဖြင့် ကျန်ုပ်ကိုကြည့်လျက်ရှိသည်။ သူ၏ရင်တွင်းဝယ် ကျွန်ုပ်၏ဥာဏ်ပညာကြီးမြင့်လှပုံကို တိတ်တခိုးကြည်ညိုနေမည်ကား မလွဲ။
- "ဘ၀ဟာ ဘ၀တဲ့။ မှန်ချက်ကနာလိုက်တာ။ ဆရာပြောမှပဲ ကျွန်တော်လည်းသိတော့တယ်။ ဟုတ်တော့ဟုတ်တာပေါ့ ဆရာရယ်။ ဒါပေမယ့် တဆိတ်တော့ဖြင့် ဂျင်နရယ်လိုက်ဇ်ဖြစ်လွန်းနေသလားလို့"

- "သြော် မင်းနှယ် ညံ့ရန်ကောကွယ်။ ဒီလို လိုရင်းတိုရှင်းအဓိပ္ပါယ်ဖွင့်ဆိုချက်မျိုးမှ လူအများ နားလည်ပေတော့မပေါ့။ မြန်မာမှု   မြန်မာဟန်ပီပီ တိုတိုလေးနဲ့ထိရောက်ဖို့ လိုသေးသကွဲ့။ မင့် သီအိုရီတွေ တိုင်းတပါးအတွေးအခေါ်ဒဿနတွေကို ဘယ်သူမှ အချိန်ကုန်ခံ ဖတ်မနေချင်ဘူးကွဲ့။ မင်းဘာသာ ရေးနေပြောနေလည်း ဆယ်ယောက်မှာကိုးယောက်မဖတ်ဘူး။ ကျန်တဲ့ကိုးယောက်က အနုအရွစိတ်ကူးယဉ်စာပေလေးတွေ တက်ကျမ်းဘ၀ကျမ်းလေးတွေကို ဖတ်ရရင်ပဲ နှလုံးပီတိဂွမ်းဆီထိနေတာ။ အနုပညာဆိုတာ ပြည်သူ့အတွက်ဖြစ်သကွဲ့။ ဒါကြောင့် ပြည်သူလူထုအများစုကြီးကြိုက်မယ့်လိုင်းမျိုးကို လိုက်ရေးပေးဖို့ စာရေးသူတိုင်းမှာ တာဝန်ရှိတယ်။ မောင်ရင့်ကိုလည်း ကိုယ့်တူလေးလိုစေတနာထားလို့ ဒီလိုလမ်းညွှန်ပြသတာမှတ်ပါ။ မောင်ရင်ဟာ အခုဘာစာတွေရေးနေသလဲ ကျုပ်မသိဘူး။ ဒါပေမယ့် လမ်းမလွဲဖို့တော့လိုတယ် မောင်ရင်။ ကျုပ်ကိုနမူနာယူစမ်းပါ။ မောင်ချောနွယ်   သေရွာကပြန်လာပြီး ကဗျာရေးရင်တောင် ကျုပ်စာတွေလောက် Like ရမှာမဟုတ်ဘူး။ ဟိုစကားလိုပေါ့ အချိုကြိုက်သူကို ထန်းလျက်များများ ကျွေးပေးရတယ်။ သွားပိုးစားလို့ သွားနှုတ်လိုက်ရတာက သူတို့အပိုင်း .. ဒန် တန့် တန့်"

- "ဟုတ်ကဲ့ ဟုတ်ကဲ့။ မှတ်သားထားလိုက်ပါမယ်။ ဒါနဲ့ ပြည်သူ့အတွက် ပရိသတ်အတွက်လို့ စဉ်ဆက်မပြတ်အော်နေပေမယ့် ဆရာက အွန်လိုင်းမှာရေးနေတာလေ။ ပရိသတ်ပိုက်ဆံနဲ့လည်း ထမင်းစားနေတာမဟုတ်ဘဲနဲ့ ပရိသတ်အကြိုက် လိုက်ရေးရတယ်ဆိုတော့ နည်းနည်းလေးများလွဲနေသလားလို့ ဆရာရဲ့။ တစ်မျိုးတော့မထင်ပါနဲ့ ဆရာ့မှာ ကိုယ်ဝါသနာနဲ့ကိုယ်ရေးတာတောင် သူများမျက်နှာလိုက်ကြည့်ပြီး တစ်ဖက်သတ်ပေးဆပ်မှုပြုရသလို ဖြစ်နေမလားလို့"

- "ဒါကတော့ Like လိုချင် အဲ အဲ ယောင်ကုန်ပြီ။ ဒါကတော့ စာရေးဆရာဆိုတာ ကမ္ဘာလောကကြီးကိုကယ်တင်ဖို့ မွေးဖွားလာတဲ့ သူရဲကောင်းတွေဖြစ်သကိုးကွဲ့။ ကျုပ်ဟာ ပြည်သူလူထုအများစုကြီးကို ကိုယ်စားပြုရပ်တည်တဲ့ နိုင်ငံကျော်မျိုးချစ်စာရေးဆရာကြီး တစ်ဦး ဖြစ်ကိုဖြစ်ရမယ်လို့ သံဓိဌာန်ချခဲ့ပြီးသား။ ကဗျာဆရာတွေပဲကြည့် သူတို့အကြောင်း သူတို့ပြန်ကဗျာရေးနေတော့ ကျုပ်လိုမျိုး ဘယ်မှာ Like အများကြီးရလိမ့်မတုန်း။ လူဆိုတာ ယုတ္တိမရှိမှန်းသိတဲ့ ပေါချာချာစာလေးဖတ်ပြီး တဟီဟီနဲ့ စိတ်ကူးယဉ်ချင်တဲ့အမျိုး၊ ဘယ်နှယ့် သူတို့နာကျင်မှုတွေ ခံစားမှုတွေအကြောင်း သွားပြောပြနေလို့ရမလဲ။ နောက်ပေါ်လာတဲ့ အယ်လပီဆိုတဲ့ ကဗျာတွေဆိုရင်လည်း ကျုပ်မှာ ဆတ်ဆော့ပြီးဖတ်မိတာ သုံးရက်လောက်ခေါင်းမူးသွားလို့ ဆေးပါသောက်ယူရတယ်။ ဒီလိုဟာတွေရေးလို့ကတော့ ကျုပ်လို Like ထောင်ကျော်ရဖို့မပြောနဲ့ ရာတောင်မကျော်နိုင်ဘူးမှတ်ပါ။ ထပ်ပြောလိုက်မယ် အနုပညာဟာ ပြည်သူ့အတွက် ဖြစ်ကိုဖြစ်ရမယ် ဟင်းဟင်း"

- "အင်မတန်ကောင်းမွန်မြင့်မြတ်ပါပေတဲ့ ရည်ရွယ်ချက်ပဲ ဆရာ။ ဒါနဲ့ စောစောနကပြောသွားသလို ဆရာက တဂိုးရဲ့စာတွေကိုရင်းနှီးပုံထောက်ရင် အိုရှိုးကိုလည်း သိမှာပေါ့နော်။ သူ့ရဲ့အတွေးအမြင်ထဲကရော ဆရာ သဘောကျတဲ့အချက်ကလေးများ … "

- "အိုရှိုးဆိုတာ အိုအိရှိအာလူးကြော်ထုပ်ရောင်းရင်း ချမ်းသာသွားတဲ့သူ မဟုတ်လား။ သိပြီလား မောင်ရင်ရယ်။ သူလည်း ကျုပ်ဆီက ဘ၀အတွေးအမြင်ဒဿနတွေ လေ့လာဆည်းပူးရင်း အသိပွင့်အမြင်ပွင့်ဖြစ်ပြီး ကြီးပွားသွားတာပေါ့။ အဲဒီတုန်းက ကျုပ်တောင်မှ အာလူးကြော်ထုပ်အခွံပုံလေး ဓါတ်ပုံရိုက်တင်ပြီး ဖေ့စ်ဘုတ်မှာစာတစ်ပုဒ်ရေးခဲ့သေးတယ်။ Like တွေမှ ခုနှစ်ရာကျော်လားပဲ။ မောင်ရင် မဖတ်လိုက်ရဘူးထင်တယ်"

သူငယ်ကား ပါးစပ်အဟောင်းသားဟ၍ ကျွန်ုပ်ကို အံ့သြတကြီးကြည့်နေရှာသည်။ နှုတ်မှ ဘာမှထုတ်မပြောလာသည့်တိုင် ကျွန်ုပ်၏လူသားများအပေါ် လွှမ်းမိုးနိုင်လှပုံ၊ ခြေတံလက်တံရှည်ပုံ၊ အဆက်အသွယ်ကောင်းပုံတို့ကို အံ့သြကြည်ညိုစိတ် ယိုဖိတ်နေမည်ကား မြေကြီးလက်ခတ်မလွဲ။
- "ထား .. ထားလိုက်ပါတော့ ဆရာရယ်။ ကျွန်တော့်အပြစ်ပါ၊ မဆိုင်တာတွေ သွားသွားမေးမိသွားတယ်။ နောင်ကို သတိထားပါ့မယ်။ အချိန်လည်းသိပ်မရဘူးဆိုတော့ကာ လိုရင်းမေးခွန်းလေးတွေပဲ မေးပါတော့မယ်။ ဆရာ လက်ရှိရေးနေတဲ့စာအကြောင်း နည်းနည်းလောက် ပြောပြပါလား ဆရာ"

- "အိန်း ဒီမေးခွန်း မေးမှမေးပါ့မလားလို့ကွဲ့။ ကျုပ်ကလည်း သိပ်ကိုဖြေချင်နေတာ။ ကျုပ်က နောက်ဆုံးရေးနေတာက အချစ်အဘိဓမ္မာကျမ်းကို လက်ရှိခေတ်ကာလနဲ့လျော်ညီအောင်ဖြည့်စွက်မယ့် ဇာတ်လမ်းကွဲ့။ နောက်ပိုင်းစာဖတ်ပရိသတ်တွေက နည်းနည်းပူညံပူညံလုပ်ချင်လာကြတယ်။ တူနှစ်ကိုယ်အဆိပ်သောက်သေတာတို့ အချစ်ကြောင့် ရေကန်ထဲခုန်ချသေတာတို့ကို ရိုးနေပြီဆိုတဲ့အထာနဲ့ သိပ်သဘောမတွေ့ချင်တဲ့ အမူအရာမျိုးပြလာတယ်။ ခေတ်နဲ့မလျော်ညီတော့ဘူးဆိုတဲ့သဘော။ ကျုပ်က ပြည်သူ့မျက်နှာကြည့်ပြီး စာရေးတဲ့ကောင်ပဲ။ ဒါကို လျစ်လျူရှုလို့ဘယ်ဖြစ်မတုန်း။ သူတို့မကြိုက်ရင် ကြိုက်အောင်လိုက်ပြောင်းရေးပေးဖို့က ကျုပ်တာဝန်မဟုတ်လား"
- "အင်း ဆက်ပါဦး ဆရာ။ ကြားရတာ အင်မတန်မှကို စိတ်ဝင်စရာကောင်းလှပါတယ်"
- "ဇာတ်လမ်းကတော့ အတိုလေးပဲကွဲ့။ တိုပေမင့် အထင်မသေးနဲ့။ တစ်ကမ္ဘာလုံးက အချစ်ဇာတ်လမ်းတွေအားလုံးထက် ကျော်လွန်ပြီး လူသားအပေါင်းရဲ့ရင်ကိုရိုက်ခတ်စေမယ့် ဆွတ်ပျံ့ကြည်နူးရင်ကွဲဝမ်းနည်းဖွယ် ဇာတ်လမ်းအသစ်ပဲ။ ဒါကို အွန်လိုင်းပေါ်တင်လိုက်ပြီးလို့ကတော့ ရိုမီယို ဂျူလိယက်တို့၊ ဟို ကုလားဘုရင်မ ကလီယိုပက်တရားတို့"
- "ကလီယိုပတ်ထရာက အီဂျစ်ဘုရင်မ မဟုတ်လား ဆရာရဲ့"
- "အိန်း ကုလားနဲ့ အီဂျစ် တူတူပေါ့ကွဲ့။ မင်းနှယ် သမိုင်းကိုလေ့လာဖူးပုံမရဘူး၊ မင့်ဖြတ်ပြောလို့ စကားတောင်ပြတ်တယ်။ အဲ အဲသည် ကလီယိုပတ်တရားတို့၊ နောက် သင်္ဘောကြီးနစ်တဲ့ တိုက်တန်းနစ်တို့ကို ဘယ်သူမှ ဥပမာဥပမေယျပြုကြတော့မှာ မဟုတ်ဘူး။ ကျုပ်ရဲ့အချစ်ဇာတ်လမ်းသည်သာပဲ စံနမူနာယူစရာဖြစ်လာမှာ"
- "ဒါပေါ့ဆရာ စာကောင်းမကောင်းဆိုတာ တိုတာရှည်တာနဲ့ သိပ်မဆိုင်ဘူးမဟုတ်လား။ ကာ့ဖ်ကာရဲ့စာတွေဆိုရင် တိုပေမယ့် .. "
- "ဟဲ့ မောင်ရင် မင်းလွဲနေပြီ။ ကာကာက စာရေးဆရာမဟုတ်ဘူး။ ဟို ကိုယ်လုံးခပ်တောင့်တောင့်နဲ့ အမျိုးသမီးအဆိုတော်ကွဲ့"

လူငယ်က ခေါင်းကိုတဗျင်းဗျင်းကုတ်ပြန်သည်။
- "ကာကာ မဟုတ်ဘူး ဆရာရဲ့။ ကာ့ဖ်ကာကိုပြောတာ။ ကျွန်တော့်အမှားပါ ဆရာရယ်၊ ကျွန်တော်ကိုက ရှည်လွန်းပါတယ်။ ဆရာရဲ့ဆွတ်ပျံ့ကြည်နူးအချစ်ဇာတ်မြူးကြီးကိုသာ ဆက်ပါတော့"

- "အေးကွယ် မင်းလုပ်တာ လိုရင်းမရောက်တော့ဘူး။ ဆက်ရရင် ဒီလို။ ဟိုးအရင်ခေတ်မှာတော့ ချစ်သူရည်းစားထားတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် စာသ၀ဏ်လွှာလေးတွေ ပါးရသကွဲ့။ ဒီကနေ့ခေတ်ကတော့ တက်ကနော်လော်ဂျီခေတ်ဆိုတော့ အဆင့်မြင့်သွားပြီ၊ ဗြုန်းဗြုန်းဒိုင်းဒိုင်းခေတ် ဖြစ်သွားပြီ။ ခုခေတ်မှာ ရည်းစားထားရင် တစ်ယောက်နဲ့တစ်ယောက် စာအပြန်အလှန့်ပို့မနေကြတော့ဘဲ ဘာတန်းလုပ်သလဲ"
- "အဟမ်း အဟမ်း ရုပ်ရှင်ရုံနဲ့တည်းခိုခန်းခေါ်သွားတာပေါ့ ဆရာရဲ့။ ဆရာလိုချင်ရင် ၀ိုင်းကျူရှင်ကောင်းကောင်း ကျွန်တော်စုံစမ်းပေးမယ်။ အသန့်တွေဆရာ၊ ဆရာကားနဲ့လာရင် ကားကိုပါလက်စဖျောက် ဖွက်ပေးတယ်"
- "ဟဲ့ ဟဲ့ ဘယ့်နှယ်တွေပြောတာတုန်း မောင်ရင်ရဲ့။ စာပေနဲ့ ပြည်သူတွေအကျိုးရွက်သယ်ပိုးဖို့ ပြောနေရုံရှိသေး မင်းနှယ် ယောက်မမြင်းစီးထွက်တယ်။ ကျုပ်ပြောချင်တာ အဲဒါမဟုတ်ဘူး။ အရင်ခေတ်က စာအပြန်အလှန်ပို့တယ် အခုခေတ်မှာ စာမပိုတော့ဘဲ ဖုန်းကိုယ်စီနဲ့ မက်ဆေ့ခ်ျရိုက်တယ်လို့ပြောတာ"
- "သြော် ဒီလိုရှင်းရှင်းလင်းလင်း ပြောပါတော့လား ဆရာရဲ့။ အဲဒီလို မတ်ဆေ့ခ်ျရိုက်တော့ ဘာဖြစ်သလဲဆရာရဲ့"

- "ကျုပ် ဇာတ်လမ်းအပျိုးလေးက ဒီလို။ ထုံးစံအတိုင်း ကျုပ်ဇာတ်ကောင်တွေကတော့ ကောင်မလေးနဲ့ ကောင်လေးပေါ့။   ကောင်လေးက သူ့ကောင်မလေးဆီက မတ်ဆေ့ခ်ျတွေ ခဏခဏလာတာကို ငြီးငွေ့နေတယ်။ သူတို့မတ်ဆေ့ခ်ျကလည်း လက်မညောင်းမချင်း အားအားယားယားရိုက်နေကြတာကလား။ ဘယ်နေရာသွားသွား တတွီတွီနဲ့။ ထားပါတော့ အဲသလို ရိုက်ပါများတော့ တစ်ညကျ ကောင်မလေး မတ်ဆေ့ခ်ျပို့တာကို မဖတ်တော့ဘဲ အိပ်ရာဝင်လိုက်တယ်။ နောက်တစ်နေ့ကျတော့   ကောင်မလေးအမေက သူ့ဆီဖုန်းဆက်တယ်၊ ကောင်မလေးက ညတုန်းက ကားတိုက်မှုဖြစ်ပြီး ရှောဘရားသားဖြစ်သွားပြီ ဆိုတဲ့အကြောင်း။ အဲဒါနဲ့ ကောင်လေးလည်း မနေ့ညက ကောင်မလေးပို့ထားတဲ့ မတ်ဆေ့ခ်ျကို ဖွင့်ဖတ်ကြည့်တာပေါ့။
ကောင်မလေး ရေးထားတာက (အချစ် ကျေးဇူးပြုပြီး အိမ်ရှေ့ကိုခဏထွက်လာခဲ့ပါ ငါ နင့်အိမ်ရှေ့မှာ ကားတိုက်မှုဖြစ်လို့ - - အခု ငါ့ရဲ့ နောက်ဆုံးအချိန်လေးမှာ နင့်ကိုတွေ့ချင်ပါတယ်) တဲ့။ အဲသည်မှာပဲ ကောင်လေးခမျာ ယူကြုံးမရဖြစ်ပြီး နောင်တအကြီးအကျယ် ရသွားပါတော့သတဲ့ကွယ်။ ပုံပြင်လေးကတော့ ချစ်သူပို့တဲ့ မတ်ဆေ့ခ်ျကို ချက်ချင်းဖတ်ပါတဲ့"

မောင်မင်းကြီးသားမှာ မျက်လုံးလေးအပြူးသားဖြင့် တစ်ခုခုပြောရန်ပြင်သည်။ ကျန်ုပ်၏ရာဇ၀င်ကုန်ကျယ်သရွေ့ဝယ် တည်တံ့နေတော့မည့် နှောင်းလူတို့စံထားအပ်သော အချစ်ဇာတ်လမ်းရေယဉ်ကြောတွင်မျောပါရင်း ကျွန်ုပ်ကို ချီးကျူးရန်မှလွဲ၍ အခြားမဖြစ်နိုင်။ ကျွန်ုပ်ကား ဖေ့စ်ဘုတ်တွင် နေ့စဉ်နှင့်အမျှ ချီးကျူးစကားများ မိုးမွှန်အောင်ကြားနေခဲ့ရကား ဒင်းလိုပါမွှားလေးတစ်ယောက် နောက်ထပ်ဖြည့်စွက်ချီးမွမ်းခန်းဖွင့်လာမည်ကို မကြာလိုတော့သည့်အလား အောင်မြင်ခန့်ညားလှသည့်အမူအရာဖြင့် လက်ကာပြ၍-
- "ရပါတယ် မောင်ရင်။ မပြောပါနဲ့တော့။ မောင်ရင် ဘာပြောမလဲဆိုတာ ကျုပ်သိပြီးသားပါ။ ကျုပ်အတွက် ဒီစကားလုံးတွေရိုးနေပါပြီ"

ခမျာ၏မျက်နှာကား ပြိုတော့မည့်မိုးလို အုံ့မဲလျက်ရှိသည်။ ကျုပ်လို အချစ်ဒဿနိကဗေဒပညာရှင်ကြီးကို အချိန်လွန်ကာလမှ တွေ့ဆုံကြုံတွေ့ခွင့်ရလိုက်သည့်အတွက် များစွာစိတ်ထိခိုက်ကြေကွဲနေဟန်ရှိသည်။ ခေါင်းတယမ်းယမ်းဖြင့် မချိတင်ကဲ အမူအရာတို့ ဖြစ်ပေါ်လျက်ရှိသည်။
- "ကောင်း .. ကောင်းလိုက်တာ ဆရာရယ်။ အရမ်းအရမ်းကိုကောင်းပြီး တိုတိုနဲ့ထိမိတဲ့ အချစ်ဇာတ်လမ်းပါပဲ။ ဆရာပြောသလို ကမ္ဘာကျော်မယ့်အပြင် ပူလစ်ဇာဆု နိုဘယ်လ်ဆုတွေနဲ့လည်း ထိုက်တန်ပါပေတယ်။ ဇာတ်လမ်းဇာတ်အိမ်ဆင်ပုံလေးတွေဟာ ဆိုရင်ဖြင့် အလွန်ပိရိသေသပ်ပြီး စစ်နဲ့ငြိမ်းချမ်းရေးတို့၊ ကာရာမာဇော့တို့ထက်တောင် အကွက်ကျလှပါတယ်။ ဒါပေမယ့် ကျွန်တော်နည်းနည်းရှုပ်ထွေးသွားတဲ့ အပိုင်းလေးတွေရှိနေတယ်။ 
ကောင်မလေးက ဘယ့်နှာကြောင့် ကောင်လေးအိမ်ရှေ့တည့်တည့်သွားပြီး ကားတိုက်ခံရသလဲ ဆရာ (သြော် ဒါက မြန်မာကားတွေထဲကလို တိုက်ဆိုင်တာနေမှာ)။ ကောင်လေးဆီသွားတာဆိုရင်ဖြင့်လည်း သူ လာနေတဲ့အကြောင်း ကြိုပြောမှာပေါ့။ ပြီးတော့ ညဘက်ကြီး ကောင်မလေးက ကောင်လေးအိမ် ဘာသွားလုပ်သလဲ ဆရာရဲ့ (မဟုတ်မှလွဲရော အတော်တော့ထူးတဲ့ကိစ္စ)။ ပြီးတော့ သူ့အိမ်ရှေ့တည့်တည့် ကားတိုက်မှုဖြစ်တဲ့ကိစ္စကို ကောင်လေးက ဘာလို့မသိရသတုံး (ထားပါလေ အဲဒီအချိန်ဆေးကွဲနေတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့)။ လူနာတင်ကားမလာရင်တောင် ရပ်ကွက်ကတော့ သိမှာပဲမဟုတ်လား (ရပ်ကွက်က လက်လုပ်လက်စားများတော့ တစ်ရပ်ကွက်လုံး သိုးနေအောင်အိပ်ပျော်နေတာဖြစ်မယ်)။
ထားပါတော့ ဆရာရဲ့။ အဲဒါတွေက သိပ်အရေးမကြီးဘူး။ နောက်ထပ် ကျွန်တော်နားမလည်တာက ကားတိုက်ခံရပြီး သေအံ့မူးမူးလူတစ်ယောက်က သူ့ဘဲဆီ မတ်ဆေ့ခ်ျအရှည်ကြီးတစ်စောင် ဖြောင့်ဖြောင့်တန်းတန်း ရိုက်သွားနိုင်သလား။ ပါးစပ်ကခေါ်ပေးပြီး ဖုန်းက အလိုလိုရိုက်တဲ့နည်းပညာမျိုးလည်း ပေါ်သေးတယ် မကြားမိဘူး။   နောက်ပြီး သေခါနီးနေတာတောင် အဖေအမေဆီလည်းဖုန်းမခေါ်၊ ဆေးရုံကားလည်း ဖုန်းဆက်မခေါ်ဘဲ ရည်းစားဆီမတ်ဆေ့ခ်ျ ပို့သွားနိုင်တယ်ဆိုတော့ ထွက်သက် တယ်ပြင်းလှသကိုး။ တိုက်တဲ့ကားသမားကလည်း ဆေးခန်းလိုက်မပို့ဘဲ   သွေးအလိမ်းလိမ်းနဲ့ ကားတိုက်ခံရသူက ဖုန်းထုတ်ပြီး မတ်ဆေ့ခ်ျရိုက်နေတာကို ဘေးက ပြုံးပြုံးကြီးထိုင်ကြည့်နေတာဖြစ်မယ်။ ဟုတ်ရဲ့လား ဆရာ"

- "မောင်ရင့်နှယ် မေးခွန်းတွေက များလှရန်ကောကွယ်။ ကျုပ်တောင် မောင်ရင်မေးမှ အဲဒါတွေတွေးကြည့်ဖြစ်တယ်။ ခေါင်းတောင် အတော်နောက်သွားတယ်။ ဘာတွေမေးမှန်းလည်းမသိဘူး။ ကျုပ်မှာ တစ်သက်နဲ့တစ်ကိုယ် စာသာရေးလာတာ အဲဒါတွေ တစ်ခါမှ တွေးရကောင်းမှန်းတောင်မသိဘူး။ အဲဒါတွေပါ လိုက်တွေးနေလည်း ကျုပ်မှာ ဒီလိုကမ္ဘာကိုခြိမ်းခြောက်ကိုင်လှုပ်မယ့် ရာစုနှစ်ရဲ့ အချစ်ဇာတ်လမ်းဇာတ်ကြမ်းတွေ ဘယ်လိုရေးလို့ရတော့မှာတုံး။ မောင်ရင်တို့က အဲသဟာတွေခက်တာပဲ။ အနုပညာကို ဘောင်ခတ်ဖို့ စည်းမျဉ်းကန့်သတ်ဖို့ ကြိုးစားတာပဲ။ ဒါဟာ အနုပညာကို ဖျက်လိုဖျက်ဆီးလုပ်လိုတဲ့သဘောကိုပြတယ်"
- "မဟုတ် .. မဟုတ် ပါ ဘူး ဆရာရဲ့။ ကျွန်တော် မရှင်းတာလေးတွေ မေးကြည့်ရုံပါ။ ဆရာ့ဇာတ်လမ်းကို စိတ်နဲ့တောင် မပြစ်မှားဝံ့ပါဘူး"

ကျွန်ုပ်ကား အတန်ငယ် စိတ်ထွက်လာပြီဖြစ်သဖြင့် အတော်အသံကျယ်လာမိလေသည်။
- "အနုပညာဟာ ပြည်သူ့အတွက်ဖြစ်ရမယ်။ ကျုပ်က ပြည်သူတစ်ရပ်လုံးအကျိုးအတွက် ပင်ပင်ပန်းပန်း စာတွေရေးတာကို   မောင်ရင်တို့က ဟိုလိုလား ဒီလိုလား ဘေးကလိုက်ပြောချင်နေကြတယ်။   မောင်ရင်တို့က ဝေဖန်ရေးဆရာတွေလားကွဲ့။ စာပဲဟာ ယုတ္တိရှိရှိမရှိရှိ ကျုပ်ရေးချင်သလို ရေးမှာပေါ့၊ ကျုပ်ရေးတာကို ကျုပ်ပရိသတ်တွေကြိုက်ရင်အားပေးရင် ပြီးရောမဟုတ်လား။ ကျုပ်ဒီဇာတ်လမ်းက Like သုံးထောင်လောက် အနည်းဆုံးရမှာ။ မောင်ရင်ပြောသလိုသာ ယုတ္တိပါအောင် လိုက်ရေးနေရရင် Like က သုံးဆယ်တောင်ပြည့်မှာမဟုတ်တော့ဘူး။ နောက်ပြီး ခေတ်ကြီးကိုက သမန်ကာလျှံကာအချစ်ဇာတ်လမ်းမျိုးရေးလို့ ရတော့တာမဟုတ်ဘူး။ ဘယ်သူမှလိုက်မရေးနိုင်တဲ့ အိတ်ဆွာအော်ဒနီဇာတ်လမ်းမျိုးရေးမှ ရမှာ"

- "အိတ် အိတ်စထွာအော်ဒစ်နရီ လုပ်တာလည်း လုပ်တာပေါ့ ဆရာရယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာက .."

- "တော်ကွယ့် တော် တော်။ မောင်ရင်တို့တိုက်နဲ့ အင်တာဗျူးလုပ်မိတာကိုမှ ကျုပ်အမှားပဲ။ ကျုပ်ကို ဒီလိုဂဂျိုးဂဂျောင်မေးခွန်းမျိုးတွေ ဘယ်ပရိသတ်ကမှ စစ်စစ်ပေါက်ပေါက်လာမမေးဘူး။ လာမေးလည်း တစ်ခါတည်း ဖေ့စ်ဘုတ်ကနေ ဘလော့ခ်လွှတ်ပစ်မှာ။ ဟေ့ တစ်ခါတည်းပြောလိုက်မယ်၊ ကျုပ်စာကိုဝေဖန်ချင်တဲ့ကောင်တွေ ကျုပ်လို Like ငါးထောင်ခြောက်ထောင်ရမှ ဝေဖန်ပါ။ ဒါပဲ ဟင်းဟင်း"

အနှီသူငယ်ကား ဇီးကင်းရွက်မျက်နှာငယ်ဖြင့် ချွေးအလိမ်းလိမ်းလူးနေ၏။ ကျွန်ုပ်ကိုကြည့်လိုက် စားပွဲခင်းကိုကြည့်လိုက် ကြံရာမရ ဖြစ်နေဟန်တူသည်။ နောက်ဆုံးမှ ဟင်းခနဲသက်ပြင်းချရင်း စိတ်ကိုပိုင်းဖြတ်လိုက်ဟန်ဖြင့်-
- "ဒီ ဒီနေ့ အင်တာဗျူးအတွက် အလွန်ကိုကျေးဇူးတင်ပါတယ်ဆရာ။ ကျွန်တော် သွားစရာလေးရှိနေလို့ ခွင့်ပြုပါဦး။ တိုက်က ဆရာ့ကိုဆက်သွယ်ပါလိမ့်မယ်"

ဤသို့လျှင် စကားအထစ်ထစ်အငေါ့ငေါ့ဖြင့် ကျွန်ုပ်ကိုပင် ကောင်းစွာနှုတ်မဆက်နိုင်အားတော့ဘဲ စကားဝိုင်းကိုဖြတ်၍ တစ်ချိုးတည်းပြန်လစ်ပြေးတော့လေသတည်း။
ကျွန်ုပ်လည်း အတော်ကလေး ဒေါနှင့်မောနှင့် ပြောလိုက်ရသည့်အတွက် အတန်ငယ်ပြိုင်းသွားသည်။ မပြောလို့လည်း မရ။ ငနာကလေးက မဟုတ်မဟတ်မေးခွန်းတွေနဲ့ အကြပ်ကျအောင် လာလုပ်သည်။ သည်လောက် အွန်လိုင်းစာပေလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားလူကြိုက်များလှသည့် ကျွန်ုပ်လိုစာရေးဆရာတစ်ဦးသည် ဒင်းလို မလောက်လေးမလောက်စား စာပေသမား၏ အရေမရအဖတ်မရ မေးခွန်းများကို ပြန်လှန်ဖြေကြားခြင်းပြုဖို့ လိုသေးအံ့သလော။ လိုတော့အံ့မထင်။ ကျွန်ုပ်ဘာတင်တင် Like မည့်သူတွေ ရှိသည်။ ကျွန်ုပ်ဘာရေးရေး Share မည့်သူတွေ ရှိသည်။ ကျွန်ုပ်၏အချစ်ဒဿန ဘ၀ဒဿန တက်ကျမ်းကြီးငယ်အသွယ်သွယ်ကို ဘ၀တစ်သက်တာလက်ကိုင်ထား ကျင့်သုံးသွားမည့်သူတွေရှိသည်။ ဘာလိုသေးသနည်း။ ရွှေဥဒေါင်း၊ မြသန်းတင့်၊ မောင်ချောနွယ်၊ တာရာမင်းဝေ၊ သူရို့ပြောကြသော စာပေဂုရုကြီးတွေ မပြန်လမ်းသို့စောစောမြန်းသွားသည်က ကောင်း၏။ မဟုတ်လျှင် အကျွန်ုပ်၏အောင်မြင်မှုများကို လက်လှမ်းမမီနိုင်သဖြင့် ခမျာတို့တတွေ စိတ်ကျရောဂါရကုန်ကြမှာ သေချာလေသည်။
ကျွန်ုပ် အာပလာဆရာရွှီးကား ထိုသို့လျှင် ကိုယ့်အတွေးနှင့်ကိုယ် ကျေနပ်သဘောကျလှစွာ မိန့်မိန့်ကြီးပြုံးလိုက်ပြီးသကာလ ကွန်ပြူတာပြန်ဖွင့်၍ စောစောန ရေးလက်စစာပိုဒ်တွင် နောက်ထပ်တစ်ကြောင်း ဖြည့်စွက်လိုက်တော့မည်အပြု ဟိုငနဲသားလေး ကျကျန်ခဲ့သော လုံးခြေထားသည့် စာရွက်တစ်ရွက်ကို ကြမ်းခင်းပေါ်တွင် သွားမြင်၏။ အခုနကတော့ ဟိုခြစ်ဒီခြစ်လုပ်နေခဲ့တာမြင်မိသည်။ ဘာတွေ ခြစ်သွားလည်းသိအောင် ကြည့်ကြည့်ဦးမှ။ စာရွက်ကို ဖြန့်ယူဖတ်ရှုလိုက်သောအခါ -

ဘဲကြီးက နည်းနည်းချောင်နေဟန်တူသည်
ကျွန်ုပ်ကား စာကြောင်းကိုဖတ်ရှုပြီးသည့်အခါ နွေခေါင်ခေါင်မိုးကြိုးပစ်လိုက်သည့်နှယ့် ခေါင်းထဲဝယ် မိုက်ခနဲဖြစ်သွားပြီလျှင် လက်များပါ တဆတ်ဆတ်တုန်လာသည်ဖြစ်၍ ဆက်လက်ချုပ်တီးခြင်းငှာ မစွမ်းသာတော့ဘဲ စိတ်လွတ်ကိုယ်လွတ်ဆဲရေးမိတော့သည်။
" @#$% လေး … ^&*() မသားလေး .. အိုနာကျိုးကန်း မျိုးမစစ်ကလေး "

ထိုသို့ဆဲရေးရင်းမှ အားမရနိုင်ဘဲ မမီနိုင်တော့မှန်းသိသော်လည်း ဟိုဂန်းမသားကလေး ပူပူနွေးနွေး ဆင်းသွားသော အိမ်ရှေ့တံခါးပေါက်ကို အနီးရှိ သားရေဖိနပ်ဖြင့် လှမ်းပစ်ထည့်လိုက်သည်။ ဖိနပ်သည် သူ့သခင် အလိုကျအမျက်ပြေစေရန်အလို့ငှာ သစ်သားတံခါးကို ဒိုင်းခနဲထိရမည့်အစား ပွင့်နေသောတံခါးတစ်ဖက်ကိုကျော်လွန်၍ အိမ်ရှေ့သို့ ကျသွားတော့သည်။
ထိုအခါ အိမ်ရှေ့လှေကားရင်းဝယ် အေးအေးလူလူခွေအိပ်နေသော ဂုတ်ကျားသည် သူ့ကိုအစာပစ်ကျွေးသည် ထင်၍လားမသိ၊ သားရေစိမ်းနံ့တသင်းသင်း ညနေစာကို ၀မ်းမြောက်ရွှင်မြူးစွာချီမ၍ တအီအီအော်ရင်း ဆင်းပြေးလေတော့သတည်း။

"ဟဲ့ ဟဲ့ခွေး လုပ်ကြပါဦး ငါ့ဖိနပ် .. "

                                                                                                                                တည်တံ့ (G.B.K)
                                                                                                                               ၂၇ ဇန်န၀ါရီ ၂၀၁၃

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...