Sunday, January 13, 2013
ညရဲ့ ည(မြ)
ညဟာကိုယ့်ကို ကိုယ်မှောင်ရိပ်ခိုရင်း တစ်ပင်တည်း ထီးထီး
တဲတဲလေးယိုင်နဲ့  စိတ်သေအိုင် ရာသီက အေးစက် ယိုင်ရွဲ့
လုံခြုံနွေးထွေးလိုမှုကို ရလိုရငြား ဆွဲခြုံလိုက်တဲ့ ဂွမ်းစောင်လေးမှာတောင်
အစိမ်းရောင်လှိုင်းတွေစီးဝင်နေတယ်။
တစ်ဝီ၀ီ ဆာလောင်သံ ခြင်တစ်ကောင်ဆီကလား၊ ရင်အလွှာဆီကလား
ရယူခဲ့ခြင်းက ပေးဆပ်လို့ ကိုမကုန်နှိုင်ဘူး (ဘာကိုမှမတောင်းဆိုရဲတော့ဘူး)
ရှင်သန်နေရတာ ပြစ်မှုတစ်ခုလို စိမ်းသက်
လျှပ်စီးလှိုင်းတွေစိမ့်ဝင်နေသလိုမျိုး တသခွင့်ရှိမယ်ထင်လို့ 
စိတ်တွေက ပြေးနေရတယ်
ဘယ်တော့မှပြန်မလာတော့ဘူး
ကျောရိုးတစ်လျှောက် အကြောက်လှိုင်းက ရှပ်တိုက်
အရေပြားအောက်က ကြက်သီးဖုလေးတွေ တဆိတ် လောင်းရိပ်မိလွန်းတယ်
နှင်းခိုးပိန်းလမ်းမကြီးက မသဲမကွဲ အလဲအကွဲ
ကျွံနစ်သွားတဲ့ သောကအသိုက်အမြုံ သိပ်သည်းကျစ်လစ်မှုတွေက
ထုနဲ့ ထည်နဲ့  အထုပ်နဲ့ အထည်နဲ့  ထဲထဲဝင်ဝင်
အ၀င်အထွက်ကလေးတစ်ချက်နဲ့ တင် ပွဲချင်းပြီးတယ်
နေရိပ်ကိုဝင်ဖို့ နေပူတော့လျှောက်ရဲရမယ်လေ
စိတ်တွေက မလတ်ဆတ်တော့ဘူး
လက်ရဲ ဇက်ရဲ သတ်ရဲ ဖြတ်ရဲ ဘယ်တော့မှထုံးမချည်တော့ဘူး
အရာလေးထင်ကျန်တာတောင် ထိမိရုံနဲ့ ဆတ်ဆတ်ခါတယ်
ခေတ်ကမကောင်းတာလား၊ကိုယ်ကပဲမကောင်းတာလား
လူ့ အဖွဲ့ အစည်းတစ်ခုလုံးက ဖွဲနဲ့ ဇကွဲ ၊အမဲနဲ့ သဲလို
သစ္စာကင်းမဲ့ အရေးအသားမှာ သဲသဲမဲမဲ
အသားစကို ဆွဲကိုက်ပြီး ဆတ်ခနဲ ခါထုတ်ခံလိုက်ရတယ်
နာကျင်ခံခက်ခြင်းတွေနဲ့  ပွက်ပွက်ဆူ
နှလုံးသွေးထဲ တဟုန်ထိုး ကူးခတ်နေရတယ်
မမှီမကန်းတွေများလာတော့လည်း ထိုးဆွပစ်ချင်စိတ်က မျက်ကြည်လွှာမှာ သွားသွားစုတယ်
သွေးစသွေးနတွေပေနေတဲ့  အသိအစုံနဲ့  ကျောက်ငမန်းတစ်ကောင်လို ကိုယ့်ကိုကိုယ်ဂုဏ်ယူပါတယ်။       ။
မြ(၁၁.၁.၂၀၁၃)
No comments:
Post a Comment
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...