Tuesday, December 25, 2012

ချစ်ခဲ့သမျှကိုသစ္စာဆို တိုင်တည်လို့ရရင်တိုင်တည်ချင်စမ်းပ ဤမှန်သောအချစ်သစ္စာကြောင့် ချစ်ခဲ့သမျှ အမုန်းကင်းတဲ့အလွမ်းဖြစ်ပါစေသား (ကိုမှူး)





သောကြာနဲ့လမ်းခွဲနှုတ်ဆက်ပွဲကအပြန် အာရုဏ်ဦးမှာ ရင်ခွင်ကြီးကိုဖွင့်ချ ရှိုက်သံသဲ့သဲ့နဲ့ ငိုနေတဲ့ကောင်းကင်တောင် အပြုံးစစ
မမှီလိုက်တဲ့ရထားတစ်စင်းကစလို့ ချောင်ချိချိဘတ်စ်ကားတွေထိ အားလုံးဟာ ဖလန်းဖလန်းထ
အမြဲတမ်းငိုက်နေတဲ့လူကူးမျဉ်းကျားလေးရယ် မညောင်းမညာရပ်နေတဲ့မီးပွိုင့်လေးရယ်က
အချင်းချင်းမျက်စပြစ်လို့ အီစီကလီ
လွှတ်လှနေတဲ့စနေကတော့ သူ့ကိုယ်သူရွစိတက်နေတာကို မသိချင်ယောင်ဆောင်ရင်း တနင်္ဂနွေနဲ့ဖေါက်ပြန်ဖို့တရွေ့ရွေ့
မမျှော်လင်တဲ့အခြေအနေဆိုတာ မထင်မှတ်တဲ့အခြေအနေမှာရောက်လာမြဲ
အချိန်အခါမဟုတ် အငြိုးမဲ့ငိုကြွေးတဲ့မျက်ရေစက်တွေကြား ငါခြေလှမ်းတွေမှားခဲ့ရပေါ့
အေးစက်တဲ့ အငွေ့အသက်တွေကိုချနင်းရင်း အလွမ်းတွေက တဘူတာပြီးတဘူတာ ခရီးဆက်
ခပ်ညက်ညက်ပါးပြင်ပေါ်ကသနပ်ခါးရနံ့လေးတောင်မိုးခေါင်နေခဲ့တာကြာပြီ
တစ်ရာသီစာလုံးမိုးစွေခဲ့တဲ့ငါ့ရင်ခွင်ကတော့ဗွက်ထလို့
ခပ်ပါးပါးလေးမျှော်မိသေးတယ် မြောက်ပြန်လေနဲ့အတူ သနပ်ခါးရနံ့လေးများပါလာလေမလား
လုံးလားထွေးလားဖြစ်နေတဲ့ ငါ့ရဲ့စိတ်နဲ့ငါနဲ့ကတော့ ခရီးဆက်နေရမြဲ
အေးစိမ့်တဲ့လေတွေတိုက်လာရင် ပြုံးတတ်တဲ့ဆံနွယ်လေးကလမ်းထလျောက်ဖြစ်နေအုံးမယ်ထင်တယ်
နှင်းတွေဝေနေတဲ့ခပ်စောစောမနက်ခင်းတစ်ခုမှာ မျက်ခုံးတစ်ချက်အပင့်က လေးညှို့တင်လိုက်တဲ့အနေအထားဆိုတာသတိမထားမိလိုက်တဲ့ခဏ "ဒိုင်း"ကနည်းရောက်လာတဲ့မျက်စောင်းက ဘယ်ဖက်ရင်အုံကိုထုတ်ထုတ်ချင်းချင်းဖေါက်ပြီးနေပြီ
ဒါဟာရှောင်လို့မရ ရှောင်ဖို့နောက်ကျသွားတဲ့မြှား
ကစင့်ကလျားပြေးနေတဲ့အတိတ်ကို စိတ်ပေါက်နဲ့ကောက်နေမိပြန်ပေါ့
ဒီအချိန်ဆိုမြူတွေစိုင်းတတ်တဲ့ အတူလျောက်နေကြ ချစ်သူလမ်းကြားလေးတောင် ချမ်းနေတော့မှာ
နောက်ဆုံးဖျော်တိုက်ခဲ့တဲ့ စနေနံ့သင်းသင်း ကော်ဖီခါးခါးတစ်ခွက် ဒါဟာထင်မှတ်မထားတဲ့ ဆောင်းမနက်တစ်ခု
စနေမှာ စ နေခဲ့ရတဲ့ နှင်းမှုန်ကြားက အပြာရောင်တစကတော့ ခုထိအသက်ရှူသံတွေမြန်နေစဲ
တခါတခါ အိမ်မက်တွေကိုအားတင်းဆုပ်ကိုင်မိလိုက်တိုင်း သူမ သူမ လို့ထထအော်နေတုန်း
လွင့်ပါးနေတဲ့ဒီဇင်ဘာရဲ့စနေညနေတစ်ခုဟာ ချမ်းစိမ့်လို့ စိတ်ကိုဖမ်းဆုပ် ကောင်းကင်ကိုမော့ကြည့်မိတော့မှဒီဇင်ဘာစနေမိုးကသည်းသည်းမဲမဲ
ကော်ဖီသောက်ဖို့အားတင်းမိတဲ့ခဏ ခပ်လွင်လွင်ရီသံလေးက နားစီနားလေးကပဲဖြတ်ပျံသွားသလိုလို
လှိုက်လှိုက်တက်လာတဲ့ သတိရခြင်းတွေကိုပဲ နို့ဆီမပါသကြားနဲ့ဖျော်သောက်လိုက်မိတယ် သစ္စာတရားတစ်ခွက်ကခါးသက်သက်
မိုးစက်တွေကိုငေးကြည့်မိရင်း ကိုအောင်ရဲ့ အပြာရောင်လမ်းခွဲသီချင်းကို တိုးတိုးလေးဆိုညည်းဖြစ်လိုက်တယ်
စနေဟာ လမ်းသင့်စွာနဲ့ လွမ်းရင်းဒီဇင်ဘာကို ခေါင်းငိုက်စိုက်တိုးဝင်မိ...
တိတ်ဆိတ်လွန်းအားကြီးတဲ့ အားပြင်းစစ်ပွဲတစ်ခုလို သူမကိုလွမ်းတဲ့စိတ်က သတိပေးကြော်ငြာမှု့မရှိပဲ ပေါက်ပြဲနေတဲ့ရင်ခွင်ကိုဗဟိုပြုအားပြင်းငလျင်တစ်ခုလှုပ်သွား..
နွမ်းလျှစွာနဲ့စိတ်က အခြေမဲ့အနေမဲ့ မျော လွင့်   လှုပ် ခတ်  တုန်  ရီ   ငေး   မော....။ ။








ကိုမှူး (၁၅.၁၂.၂၀၁၂)

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...