Thursday, November 8, 2012

ကျွန်တော်မယုံကြည်တော့ဘူး( ခံစားမှုသက်သက်စာ) ..မှူးသစ်


ယုံကြည်မိတဲ့အရာတွေကလည်း မယုံကြည်စရာ အနံ့အသက်တွေ စွတ်ဆိုလာနေသလို။
တစ်ခုခုကို ခေါင်းမော့ကြည့်ရမှာတောင် မျက်လုံးတွေ လေးလံလွန်းတယ်။
ရိုးသားမှုဆိုတာ ဘယ်လိုအရောင် ဘယ်လိုအနံ့အသက်များလဲ ။
ကျွန်တော်မယုံကြည်ဘူး”  ကျွန်တော် မယုံကြည်တော့ဘူး ထရီဇာ...
ဒီလိုပဲ အလန့်တကြား ထထ အော်နေရုံကလွဲလို့ ဘာမှ မတတ်ပါဘူး

သစ္စာ စကားကို ဘယ်တော့ကမှ မဆိုခဲ့ဖူးပါဘူး
ဒါပေမယ့် ထရီဇာ ကျွန်တော့်သွေးကြောတွေ ကို ဖေါက်ထုတ်လိုက်တဲ့ အချိန်ကြရင် ရိုးသားမှုတွေဟာ မျက်လုံးတွေကနေ စတင်ပြီး စီးကျလာလိမ့်မယ် ။
ဒါ ကျွန်တော် ဆိုပြချင်တဲ့ သစ္စာပါ။ ခင်များ တစ်ယောက်ထဲ ရှေ့က လွဲလို့ တစ်ခြားဘယ်သူ့ထံမှာ မှ ကျွန်တော် မဆိုချင်တဲ့ သစ္စာပါ
ကဗျာတွေရေးရတာ လူ့အဖွဲ့စည်းကို ချစ်ရတာ အရသာသိပ်ရှိပါတယ်။ ရင်ဘတ်ထဲက နာကျင်မှုတွေကို ရင်းနှီးလိုက်ရတာကလွဲလို့ပေါ့
 ဟော့ဒီ လောကကြီးထဲမှာ လူကြိုက်များမှု ထင်ပေါ်ကျော်ကြားမှု တကိုယ်ကောင်းဆန်မှု တွေ ဟာ
စိတ်ပျက်စရာကောင်းလောက်တဲ့ အထိ အောင် တင်းပြည့်ကျပ်ပြည့် သိပ်ကို မွန်းကျပ်စရာ..

လမ်းပေါ်က ကလေးတွေရဲ့ ဆာလောင်မှုတွေကို မျက်ကွယ်ပြုထားတဲ့ လူတစ်ယောက်ကလည်း လူ့အဖွဲ့အစည်းရဲ့ ကယ်တင်ရှင်ဖြစ်နိုင်တယ်တ။ဲ့ ဘယ်လောက်ဝမ်းနည်းစရာ ကောင်းလိုက်သလဲ။
 ဖေါက်လွဲ ဖေါက်ပြန်မှု တွေ သိပ်များ ပတ်ဝန်းကျင် အဲ့ဒီလိုပတ်ဝန်းကျင်ထဲက   ကျွန်တော်လူတွေကို မယုံကြည်တော့ဘူး ။
ကျွန်တော့်တို့မှာ ရှိခဲ့တဲ့ အိမ်မက်ကလေးတွေ ဟာ ငွေကြေးစည်းစိမ်ရနံ့ကလေးတစ်ခုခုမှ မရရင် ပြိုလဲကျသွားတော့မလို။
အဲ့ဒီလောက်တောင် ၀မ်းနည်းစရာကောင်းနေသတဲ့။ စိတ်ပိုင်းဆိုင်ရာ နာကျင်ထိခိုက်မှုဆိုတာ ပုဂ္ဂလိကမဆန်မှုတွေကြောင့်လဲ ဖြစ်ပေါ်တတ်တယ်ဆိုတာ ကျွန်တော်သိခဲ့တယ်။ နာကျင်စရာကောင်းတဲ့ တစ်ချို့ အဖြစ်ပျက်တွေကို သိမြင်ရမှုက အရာအားလုံး စိတ်ပျက်ဝမ်းနည်းစေခဲ့တယ်။
ကျွန်တော်တို့လူအဖွဲ့အစည်းက ပညာနဲနဲ တက်လာတဲ့အခါ ပညာများများ ပြဖို့ကြိုးစားလာတတ်တဲ့ စရိုက်တွေထွန်းကားလာခဲ့တယ်။
ဟိုးအမြင့်ကို လှမ်းကြည့်လွန်းတဲ့အခါ  လူများစုကို သနားစရာ မျောက်လှလှလေးတွေ သဘောထားလိုက်ကြသတဲ့။
ဒါဟာ ယဉ်ကျေးမှုတစ်ခုလို ဖြစ်တည်နေခဲ့ပါပြီ
လိုအပ်ချက်ဟာ ဂျာနယ်စာမျက်နာ ပေါ်က အင်တာဗျုးတစ်ခု ဒါမှမဟုတ်
ရုပ်သံမီဒီယာပေါ်မှာ လျှပ်တပြတ် ဖြတ်သန်းမှု ဒီလိုပဲ မြတ်နိုးပြီး တန်းဖိုးထားတတ်ကြပါတယ်။
ဒါဟာ အောင်မြင်မှုပါ ။ ဒါဟာ ချစ်မြတ်နိုးမှုပါ…တဲ့ ။
"ဘုံ "စကားလုံးတွေအောက်မှာ သူရဲကောင်း ဆုတံဆိပ်တွေ တစ်ယောက်ကိုတစ်ယောက် အုပ်စုဖွဲ့တပ်စင်ပေးနေကြတာ အော်ဂလီဆန် စရာကောင်းလောက်အောင် မြင်တွေ့နေရတယ်။
လူကြိုက်မများဘူးဆိုရင် အဘွားအိုတစ်ယောက်ရဲ့ ငါးရာကျပ်တန် ဆာလောင်မှုမျက်ဝန်းတွေကို မေ့လျော့ထားဖိုက သိပ်မခဲယဉ်းကြဘူး
ပညာနည်းနည်းပိုတတ်သွားတဲ့အခါ လူပါး များများဝ ရတဲ့ အရသာက သိပ်များ ကောင်းနေခဲ့သလား။
မအောင်မြင်ခဲ့ဖူးတော့ ကျွန်တော်မသိပါဘူး ထရီဇာ။  သိသလောက်တော့ စိတ်မှာ နာကျင်ရွံ့မုန်းမိခဲ့တယ်။
 ခေတ်တွေပြောင်းလာသလောက်မပြောင်းလဲနိုင်တဲ့ လူတွေရဲ့ သည်းခြေကြိုက်များ ၊
အဏာ ငွေကြေး ထင်ပေါ်ကျော်ကြားမှု ဒါတွေဟာ ဘယ်တော့မှ မပြောင်းနိုင်တဲ့ ဖေါက်ပြန်မှု သီအိုရီတွေပဲ။
ကျွန်တော် ဘာကိုမှ မယုံကြည်တော့ဘူး။
မယုံကြည်မှုတွေ များလွန်းလာတော့ ကိုယ့်ကိုယ်ကို တောင် ကြောက်ရွံ့မိ ပတ်ဝန်းကျင်ကို ကြောက်ရွံ့မိ လူတစ်ချို့ကို မုန်းတီးမိ
ကျွန်တော် မယုံကြည်တော့ဘူး
 လူများစုသဘောနဲ့  ဒီမိုကရေစီဆန်မှုကို အသုံးချထားပြီး  အိပ်ကပ်ထဲ ကို ထည့်ပစ်လိုက်ဖို့ ကြိုးစားနေတဲ့ ကိုယ်ကျိုးစီးပွားများ …။
အဲ့ဒီလို လူတွေက လူ့အဖွဲ့အစည်းကို သိပ်ချစ်တဲ့ သူရဲကောင်းတွေလို့ အော်ဟစ်တတ်ကြတယ်။ အဲ့ဒီလိုကျွမ်းကျင်မှုတွေနဲ့ ထိတ်လန့်စရာ ပတ်ဝန်းကျင်၊
အဲ့ဒီ ယဉ်ကျေးမှုတွေက ကျွန်တော့်တို့ ကို ရှော့ရစေခဲ့တယ်။
ဖေါက်ပြန်ရေးသမားတွေက ခေတ်တိုင်းမှာ နေရာယူတတ်တယ်။ ဒါဟာ  လူ့လောကကြီးရဲ့ မဖေါက်ပြန်မပြောင်းလဲနိုင်တဲ့ နိယာမတစ်ခုလို ဖြစ်နေခဲ့တာများလား။
 ဘယ်လောက်သန့်ရှင်းသလဲ ။ Name card လေးတွေ အသုံးမပြုပဲ
စကားတွေ ပြောကြည့်ရအောင် ဆက်ဆံကြည်ရအောင် အလုပ်လုပ်ကြည့်ရအောင် လူတွေက သိပ်ရယ်စရာ။

 ရယ်စရာကောင်းလွန်းတော့ ကျွန်တော်မယုံကြည်တော့ဘူး ။

ပညာတတ်လူပါးဝယဉ်ကျေးမှုနဲ့ သေသပ်သော စကားလုံးတပ်စင်မှု၊ ရှက်စရာသိပ်ကောင်းတဲ့ ကိုယ်စားပြူမှုများ ပေါ်ပင်အရေခြုံထားသော ချစ်မြတ်နိုးမှုများ
...... ..............................အဲ့ဒီအရာတွေကို...
ကြောက်လန့်စရာ ကောင်းလောက်

ကျွန်တော်မယုံကြည်တော့ဘူး

တစ်ခါတစ်လေ ကြတော့လဲ သိပ်ဝမ်းနည်းမိတယ် ထရီဇာ...ခုတော့
ကိုယ့်ဘ၀လေးနဲ့ကိုယ်  ကဗျာလေးတွေပဲ ရေးနေတော့မယ် YEP ဆိုတဲ့ အိမ်ကလေးမှာ နေထိုင်ရင်းးးး
တစ်နေ့နေ့တစ်ချိန်ချိန် တစ်စုံတစ်ခုမှာ ရှင်သန်နေထိုင်ခွင့်ရတဲ့အခါကျရင်
အဲ့ဒီလို ကြောက်လန့်စရာကာင်းတဲ့ ပတိဝန်းကျင်တွေကို မသိမမြင်နိုင်တဲ့ ဘ၀ကလေးမှာပဲ
ရှင်သန် ချင်တော့တယ်။




မှူးသစ်
Nov 8 / 2012 AM 2 ;02

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...