Wednesday, November 7, 2012

အိပ်မက်ရွှေပြည် အတွေးများ - (၁ မှ ၄) ကေအောင်လင်း


တိုးတက်သည်ဆိုသည်နှင့် မိမိတို့တိုင်းပြည်မှာ အများအံ့သြ မင်သက် ငေးမောအားကျရလောက်အောင်ပင် အလျင်အမြန် ဖြစ်ထွန်းအောင်မြင်လာခဲ့ပေသည်။

ခေတ်စားမှု

ခေတ်ကာလ၏တောင်းဆိုမှု၊လိုလားမှု ဆိုသည်မှာ မည်သည့်နည်းနှင့်မျှတားဆီး၍မရနိုင်ကြောင်း၊ကန့်သတ်ချုပ်ခြယ်ထား၍မဖြစ်နိုင်ကြောင်း ကမ္ဘာတလွှား ဝေမျှ၊လက်တို့၊ လေ့လာဆည်းပူး၊ဝေဖန်လက်ခံ ငြင်းခုံနေကြရသော လူမှုရေးသီအိုရီအသစ်တစ်ခုဖြစ်သည့် " အိပ်မက်ရွှေပြည် " သီအိုရီမှာ ယနေ့ တိုးတက်ထွန်းကားနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ နောက်ဆုံးထုတ်ကုန်တစ်ခုဟုပင်ဆိုရမည်။

ဟိုးယခင်အတိတ်ဆီမှ အရာရာတို့သည် ယခုအခါတွင် အဆိုပါသီအိုရီ၏အံ့မခန်းသက်သေပြချက်များ၊ ကွင်းဆက်များ၊ မြှုပ်ကွက်များအဖြစ် အပြည်ပြည်ဆိုင်ရာရှိ အင်စတီကျူ ကြီး၊ ငယ်မဟူတွင်နောက်ကျကျန်မနေစေရေးအတွက် သင်ကြား၊ပို့ချ နာယူနေကြပြီဖြစ်သည်။ တတိယလှိုင်း၊ စတုတ္ထလှိုင်းတို့အလွန် ကမ္ဘာ့ရွာခေတ်တွင် သံတမန်စကားဝိုင်းအစ လဖ္ဘက်ရည်ဝိုင်း၊ အရက်ဝိုင်း၊ ဆိုရှယ်မီဒီယာစကားဝိုင်းများအလည်၊ ဖိုရမ်များ၊ ဝေါ့ရှော့များ၊ ဆယ်မီနာများအဆုံး ပြောမဆုံးအောင်ပင် ခေတ်စားလွန်းလှသည်။

ပါဝင်လှုပ်ရှား၊သက်ဝင်ရုန်းကန်ခဲ့ကြသူများမှာ အသီးသီးပင်ကိုယ်တွေ့ဖြစ်ရပ်မှန်များ၊ ကိုယ်တိုင်ရေးအထ္တုပတ္တိများ ရေးသားဖြန့်ဝေခဲ့ကြပြီးနောက် ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့အနောက်ခြမ်း၊အရှေ့ဖျား၊ လက်တင်အမေရိက၊ အာဖရိကနိုင်ငံများ အစရှသည်ဖြင့် ခြေဆန့်ကာ ဖိတ်မန္တကပြုမှုများအား ဖြည့်ဆည်းဝေမျှပေးနေကြပြီဖြစ်သည်။ အထူးသဖြင့် အရှေ့အလယ်ပိုင်းနိုင်ငံများ၏စိတ်ဝင်တစား ဖိတ်ခေါ်မှုများမှာ အံ့အားသင်ဖွယ်ကောင်းလှပေသည်။ ကမ္ဘာ့ပထမဦးဆုံး အမျိုးသားရင်ကြားစေ့ရေးဖိုရမ်ကြီး၏ အလုပ်ရုံဆွေးနွေးပွဲဆိုသည်ကား မြန်မာတို့၏အရိပ်လွှမ်းခြုံထားသည်ဟုပင် နိုင်ငံတကာမီဒီယာများမှ ပြောဆိုခဲ့ကြရသည်။ ဤသည်တို့မှာ အမ် ဝိုင် အေ အမ် အမ် အေ အာ ဟူသော ကမ္ဘာ့ရေပန်းအစားဆုံး လိုဂို၏ ပျံ့ နှံ့အောင်မြင်မှု တစ်စိတ်တစ်ဒေသပင်ဖြစ်ပေသည်။


အရင်းခံ

အသီးမှန်ခြင်းသည် အပင်သန်၍ဟုဆိုရကား သရုပ်၊သဏ္ဍာန် ရှင်သန်အောင်မြင်လာသော ယနေ့ပြည်ထောင်စုကြီး၏ အရင်းခံအချက်မှာ အမှန်တကယ်တိုးတက်အောင်မြင်လိုပြီး လက်တွေ့ကျသော ပြည်ထောင်စုသားအားလုံး၏စေတနာနှင့် လုပ်ရပ်များ၊ဆုံးဖြတ်ချက်များကြောင့်ပင်ဖြစ်သည်။

အမှန်စင်စစ် ဤမျှ စုံလင်များပြားလှသော ယဉ်ကျေးမှုစနစ်ကြီးမျိုးသည် ယနေ့မြင်တွေ့နေရသော အဆင့်ထိ ပေါက်ရောက်အောင်မြင်လာမည်ဟု အတိုင်းတိုင်း အပြည်ပြည်မှ ကဝိဆရာတို့ ထင်မှတ်မထားခဲ့ကြ။ ဒုံရင်းနှင့် မူရင်း စာလုံးပေါင်းသာကွာသည်ဟု စောကြောဝေဖန်ခဲ့ကြသည်ကိုး။ ယခုအခါတွင်မတော့ အဆိုပါ ကဝိဆရာ အာစရိတို့ ရန်ကုန်ပင်မဝိဇ္ဖာသိပ္ပံ တက္ကသိုလ်ကြီးသို့ ချောင်းပေါက်မတတ် မပြတ်နာယူ အကျိုးတူနေကြပါတော့သည်။

စေတနာသည်သာ အရင်းခံ ဟုဆိုထားသည်မဟုတ်ပါလား။
တစ်ဦးနှင့်တစ်ဦး ၊ တစ်နယ်နှင့်တစ်နယ်၊ တစ်မြို့တစ်ရွာ မှသည် မျိုးဆက်တစ်ခုနှင့်တစ်ခုကြားမှ စေတနာသည် တစ်ပါတီနှင့်အကြင်တစ်ပါတီတို့အကြား လုပ်ရပ်နှင့်စေတနာ တစ်ထပ်တည်းကျသော အဖြစ် ယနေ့ ပြည်ထောင်စုကြီးတွင် တွေ့မြင်ခံစားနေကြရခြင်းပင်။ များပြား ပြင်းထန်လှသော နိုင်ငံရေး၊လူမှုရေး၊စီးပွားရေး ငြင်းခုန်မှုများအလည် အရင်းခံသည်ကား အဆိုပါ စေတနာပင်။ လူမှုရေး ပရဟိတအသင်းအဖွဲ့များတွင်လည်း အဆိုပါ စေတနာပင်။ ဥာဏ်ရည်၊ စွမ်းရည်ပိုင်းဆိုင်ရာ နေရာများတွင်လည်း စေတနာ။ ကျန်းမာရေး၊ ကာကွယ်ရေး အစရှိသောစောင့်ရှောက်အပ်သော နေရာဌာနတို့တွင်လည်း စေတနာ။ အသီးသီး အသက နေရာ၊ဌာနတိုင်းတွင် ပင်မပဓာနတွေ့မြင်နေကြရသာ အချက်မှာ စေတနာပင် ဖြစ်ပေတော့သည်။

ထို့ကြောင့် ကမ္ဘာတလွှားမှနိုင်ငံ့ခေါင်းဆောင်များ လေးစားအားကျကာ တိုက်တွန်းနေကြရသည်မှာ စေတနာမှန်ကြဖို့ပင်ဖြစ်ပြီး ရောင်ပြန်ဟပ်သော ဆိုလာအင်နာဂျီကဲ့သို့ပင် စပ်စတိန်းအေးဘဲ စေတနာသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ကမ္ဘာကြီးသို့ နောက်ဆုံးထပ်မံ တင်ပို့လိုက်သော ဆိုရှယ်ပရောဒတ် ပင်ဖြစ်နေသည်။

ဘက်စုံထောင့်စုံ

အရင်းခံတရားထပ်တူပွားနိုင်ကြသောအခါ နေရာစုံ ထောင့်စုံ၊ကဏ္ဍစုံမှာ အံ့မခန်းအကျိုးများလွန်းလှတော့သည်။
လယ်ယာစိုက်ပျိုးရေးအားပြုသည့်အလျောက် စက်မှုအဆင့်သို့ အတင်းကာရောဇွတ်မပြုပြောင်းဘဲ လက်မှု၊စက်မှု လယ်ယာဖြစ်အောင် ကြိုးပမ်းရင်း တန်ဖိုးကြီးမားသော အစဉ်အလာ ရိုးရာပုံစံများအား ထိန်းသိမ်းနိုင်ခဲ့ကြသူတို့၏ စေတနာမှာ အံ့ချီးဖွယ်ပင်။ အထူးသဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အမှန်တကယ် အောင်မြင်လှသောကြောင့် ကမ္ဘာပေါ်ရှိ စိုက်ပျိုးရေးနှင့် မကင်းနိုင်ကြသော အနှီနိုင်ငံတို့မှာ အတူယူလာကြတော့သည်။
ကျွဲကူးရေပါလွန်းလှသည်မဟုတ်လား။
အစိမ်းရောင်တော်လှန်ရေးစင်စစ် မဟုတ်ပါလား။

ရုပ်ကြွင်းလောင်စာမသုံးစွဲသော အော်ဂင်းနစ် ဇီဝလယ်ယာစိုက်ပျိုးရေးစနစ်မှာ ရိုးရာအားမပျက်ယွင်းစေပဲ ခေတ်၊စနစ်တို့နှင့်အညီ ယှဉ်တွဲအောင်မြင်နေသဖြင့် ဒေသတွင်းနိုင်ငံများသာမက ကမ္ဘာတလွှားမှ လေ့လာဆည်းပူး မှာယူသုံးစွဲနေကြပြီဖြစ်သော ကိုင်နက်တစ် ယမထာရွှေကြိမ်လုံး၊ ဘလူးတု ထွန်တုံးနှင့် ဆက်တယ်လိုက် ခမောက်တို့မှာ အလိုရှိရာသို့ အတိအကျ စေခိုင်းနိုင်ခြင်း၊ ကောက်စိုက် ပျိုးခင်း တေးသီချင်းများအား အချိန်မရွေးနားဆင်နိုင်ခြင်း၊ မိုးလေဝသနှင့် မြစ်ရေကြီးမှုသတင်းများ၊ နိုင်ငံတကာ ကောက်ပဲသီးနှံပေါက်ဈေးများအား အချိန်နှင့်တပြေးညီ လယ်သမားတိုင်း သိရှိနိုင်ခြင်း စသည်တို့မှာ တိုင်းပြည်၏ ဂျီဒီပီ၊ အိပ်(ချ)ဒီပီ၊အက်(စ)ဒီပီ တို့အား အရှိန်အဟုန်ဖြင့် ပံ့ပိုးပေးနေကြလေသည်။

လယ်ယာစိုက်ပျိုးရေးနှင့်သက်ဆိုင်သော ကိရိယာတန်ဆာပလာများ၊ ဝတ်စုံ အသုံးအဆောင်များ၊ အသုံးချဆော့(ဖ)ဝဲလ်များတို့မှာလည်း ရှေ့တန်းရောက်လွန်းနေပေတော့သည်။ မြွေအန္တရာယ် ကာကွယ်ရေးနှင့် မိုဘိုင်းလ်ဘက်ထရီအားသွင်းနိုင်သော လယ်သမားသုံး လည်ရှည်ဖိနပ်မှာ အရောင်းအသွေးစုံ၊ ဒီဇိုင်းစုံလှသလို အသက်အရွယ်မရွေး ကြိုက်နှစ်သက်မက်မောကြတော့သည်။

ကောက်စိုက်သမတို့မှာ မိမိတို့နှစ်သက်ရာ ရုပ်ရှင်မင်းသားတို့၏ အလှပုံများဖြင့် ပုံဖော်ထားသော ချွေးဓာတ်ဆုံးရှုံးမှု အနည်းဆုံးနှင့် အရေပြားကာကွယ်ပေးသော ခေတ်မီ ကောက်စိုက်အကျဲီတို့နှင့်။ ယင်းအင်္ကျီတို့မှာ ပင်နီချည်သားကို နည်းပညာမွမ်းမံထုတ်လုပ်ထားခြင်းဟုဆိုသည်။ လက်အိတ်ဆိုသည်မှာလည်း ခွန်အားအသုံးချထိန်းသိမ်းမှု နည်းပညာသုံးပင်။

ရိုးရာတေးတို့အား ဘလူးတုထွန်တုံးမှ ပတ်လည်ပြေးစပီကာတို့ဖြင့် နားဆင်နိုင်ကြသလို၊ နားနေချိန် သစ်ရိပ်အောက်ဝယ် ကာရာအိုကေလည်း အသည်းလှိုက်၊အူလှိုက် ဟစ်ကျွေးနိုင်ရကား  အတိတ်မှ မီးမှိန်မှိန်၊ ခရီးတိမ်တိမ် သီချင်းခန်းများတို့မှာ ပျောက်ခြင်းမလှပျောက်ကုန်ကြပေပြီ။

နေစွမ်းအင်၊လေစွမ်းအင်တို့ကို ထိထိရောက်ရောက် အသုံးချနေသည်သာမက ရေစွမ်းအင်ဖြစ်သော ဆည်ရေ၊ မြစ်ရေ တို့ကိုလည်း လိုအပ်သည့်အလျောက် မိုဘိုင်း အသုံးချဆော့(ဖ)ဝဲလ်များဖြင့် စီမံခန့်ခွဲနိုင်ကြရကား အတိတ်မှ ရေထိန်းတံခါးအချိန်မီမဖွင့်ပေးမှုများ၊ ချစားမှုများမှာလည်း ပုံပြင်ပမာပင်။

မြစ်ဝကျွန်းပေါ်ဒေသများတွင်ဆိုလျှင် ရေတက်၊ရေကျချိန်များ၊ ရေငန်နှုန်းများ၊ သဘာဝဘေးကြိုတင်သတိပေးချက်များ၊ ပျိုးထုတ်၊ပျိုးနှုတ် သံပတ်ပေးနှိုးဆော်မှုများအား မိုဘိုင်းဖုန်းများမှလုပ်ဆောင်သိရှိနိုင်ကြသည်။

တောနေလယ်သမား တို့ဘဝမှာ အတိတ်နှင့် မျက်မှောက် အပုံတကာ့အပုံကြီးကွာလွန်းလှသည်။
ကောက်သစ်ဦးတွင်လည်း နိုင်ငံတော်အဆင့် ပျော်ပွဲရွှင်ပွဲများနှင့် အစဉ်အလာကြီးမားလာရကား နိုင်ငံတကာ ခရီးသွားပြက္ခဒိန်တွင် မပါမဖြစ် သုတနှင့် အပန်းဖြေ ဒက်စတီနေးရှင်းတစ်ခု ဖြစ်လာခဲ့သည်။ ကမ္ဘာလှည့်တို့မှာ ဖုန်းကင်မရာတို့မှသည် ပရော်ဖက်ရှင်နယ် အက်(စ)အယ်လ်အာ မျိုးစုံတို့ဖြင့် ပွဲတော်ကာလအတွင်း ခုရိုက်၊ခုတင်ကာ မျက်နှာစာအုပ်ထက်တွင် ပွင့်လန်းတင့်တယ်နေကြတော့သည်။

တောင်သူများစိုက်၍ထွက်ရှိသမျှသည် ယခုအခါတွင် သယ်ယူပို့ဆောင်ရေးအလွန်အမင်းကောင်းမွန်လာသဖြင့် ရှေးယခင်က သိမ်းဆည်း၊သိုလှောင်ရာ ကျီများမှာ ပြယုဒ်မျှသာကျန်နေကြတော့သည်။ ကောက်ပဲသီးနှံများသယ်ယူပို့ဆောင်ရေးတွင် ရထားလမ်းကွန်ယက်ကြီးသည် ပင့်ကူအိမ်သဖွယ် လွန်းထိုးယှက်နွယ်နေတော့သည်။ မြန်နှုန်းမြင့်ရထားလမ်းကွန်ယက်ကြောင့် ထွက်ရှိသောကောက်ပဲသီးနှံတို့မှာ အရည်အသွေးကျဆင်းမှု နည်းလာသဖြင့် တောင်သူများပဒေသာပင်သီးသည့် အဖြစ်ပင်။
မြစ်ကြီးနားမှ နံမည်ကျော် နာနတ်သီးနှင့် မြိတ်အထင်ကရ ငှက်သိုက်တို့မှာ ထွက်ရှိပြီး နေ့မကူးပဲ ရန်ကုန် ၁၉လမ်းညဈေးတွင် မြိန်ရေယှက်ရေ စားသုံးနေကြတော့သည်။
အားထားဖွယ် လမ်းပန်းဆက်သွယ်ရေးစနစ်မဟုတ်ပါလား။
မြေကြောချုံ့ နိုင်လိုက်ခြင်းပင် မဟုတ်ပါလား။

-----------------------------------------------------------------------------------------------------------------

( အိပ်မက်ရွှေပြည် အတွေးများ - ၂ သို့ )
မြန်မာပြည်မြောက်ပိုင်း ပူတာအိုအနီးမှသည် တောင်ဖျားအဆွယ် ကော့သောင်းအထိ၊ အနောက်ဖက်ကျောက်ဖြူ၊ ဂွမြို့ များမှသည် အရှေ့ဖက် မူဆယ်၊တာချီလိတ်အထိ၊ ချင်းပြည်တစ်ခွင်၊ တနသာင်္ရီတလွှားစသည်ဖြင့် ဖောက်လုပ်ပြီးစီး၊သွားလာနိုင်သမျှ ရထားလမ်းများ လက်တွေဖောက့်လုပ်လျက်ရှိနေရာ ထပ်မံ၍တိုးချဲ့ရန် လတ်တလောမဖြစ်နိင်အောင်ပင် ရှိရာ ထိန်းသိမ်းမွမ်းမံခြင်းသည်သာလျှင် ပင်မလုပ်ငန်းအဖြစ်လုပ်ဆောင်နေကြရတော့သည်။

ရထားလမ်းအဆင့်မြင့်မားလာသည့်အတွက် ကမ္ဘာလှည့်တို့မှာ မော်တော်ယဉ်၊လေယာဉ်ပျံတို့ထက် ဒေသန္တရဗဟုသုတပိုရသော ရထားများသာစီးနင်းလာကြတော့သဖြင့် တိုးအက်(စ)ပရက်(စ) ရထားများမှာ တစ်နေ့တစ်ခြားများပြားလာလျက်ရှိလေသည်။
ထင်ရှားသောခရီးသွားလည်ပတ်ရာနေရာများစွာတို့မှာ ရထားဖြင့်ပင်လွယ်လင့်တကူ လက်လှမ်းမီစွာ သွားနိုင်ကြသည်ဖြစ်၍ ခရီးသွားလုပ်ငန်းအရပ်ရပ်မှ ပြည်တွင်းသုံးစွဲမှု ဝင်ငွေသည်ပင်လျင် ဂျီဒီပီတွင် အရေးပါသောအနေအထားသို့ တစ်နေ့တစ်ခြားရောက်ရှိလာနေတော့သည်။

စား၊ဝတ်၊နေရေးဖူးလှုံလာသည်နှင့်အတူ မွေးဖွားကြီးပြင်းရာအမိနိုင်ငံတစ်ဝှမ်း လည်ပတ်သွားလာ ခံစားကြည်နူးလိုမှုများသည်လည်း ရာနှုန်းပြည့် မြင့်တက်လာနေတော့သည်။ နံမည်ကျော် တန်ခိုးကြီး ကျိုက်ထီရိုးဘုရားသို့ မြန်မာပြည်အနှံ့မှ ရထားဖြင့်သွားရောက်ဖူးမျှော်နေကြပြီဖြစ်သည်။ ရန်ကုန်မှဆိုလျှင် နှစ်နာရီအတွင်း ကင်ပွန်းစခန်းသို့ရောက်ရှိနိုင်ပြီး ထိုမှ ကောင်းကင် အနှေးကြိုးရထားဖြင့် တစ်နာရီခန့်ဖြင့်ပင် ရင်ပြင်တော်အရောက် ရင်ငွေ့ခိုလှုံနိုင်ကြပေပြီ။ အရှေ့တောင်အာရှမှ ဘုရာဖူး၊ကမ္ဘာလှည့်ခရီးသွားများအတွက်ဆိုလျှင် ရန်ကုန်-ဘန်ကောက်-ကွာလာလန်ပူ-စင်ကာပူ ကျည်ဆံရထားဖြင့် ခရီးတစ်ထောက်ဆင်းရုံမျှဖြင့်ပင် လည်ပတ်နိုင်ကြပြီဖြစ်သည်။ ကျိုက်ထီရိုး-ရွှေတိဂုံ-မဟာမြတ်မုနိ ခရီးစဉ်ဆိုလျှင် နေ့ချင်းပြန် အဓိဌါန်ဘုရားဖူးခရီးစဉ်အဖြစ် ထိုင်းလူမျိုးခရီးသွားတို့ နှစ်စဉ်လိုပင် မဖြစ်မနေသွားရောက်နေကြပေပြီ။
အရှေ့တောင်အာရှတစ်ခွင် ရေကြည်ရာခရီးဆန့်နေကြသော၊ ပညာခရီးထွက်နေကြရသော ရွှေမြန်မာတို့အဖို့ ရွှေပြည်တော် မျှော်တိုင်းနီးသည့်အဖြစ်ပင်။
လာချင်ရင်အနီးကလေး ဆိုသော စကားအမှန်တကယ်ပင် ဖြစ်နေတော့သည်။ ရှင်ကွဲ ကွဲရခြင်း၊ ရေမြေခြားသွားရခြင်းဆိုသည်မှာ ယနေ့အခါ အိပ်မက်မျှသာ။

နှစ်ထပ်အမြန်ရထားများဖြင့် မြန်မာ့ရေမြေအလှသဘာဝအား ခံစားနိုင်သော တိုးအိပ်(စ)ပရက်(စ) ရထားများသည် ရခိုင်ရိုးမတစ်လွှား၊ရှမ်းကုန်းမြေမြင့်တစ်ခွင်နှင့် တနသာင်္ရီမုတ်သုန်တောများသို့ ပဲခူးရိုးမအားဖြတ်ကျော်ကာ အချိန်မှန် လှည့်လည်ပို့ဆောင်ပေးနေကြပြီဖြစ်သည်။ ကြင်စဦးဇနီးမောင်နှံတို့အဖို့မှာ ပျားရည်စမ်းစရာ လမ်းဖြာလွန်းလှသဖြင့် လပင်မက နှစ်ပေါက်အောင်ပင် ရွေးချယ်သွားလာစရာများလွန်းလှသည်။

အထူးသဖြင့် ပြည်နယ်ဖြတ်ကျော် ပြည်ထောင်စု မီးရထားလမ်းမကြီးများမှာ လေးလမ်းသွား၊လျှပ်စစ်ကျည်ဆံရထားများဖြစ်ရကား ပြည်ထောင်စုအစိုးရ ဝန်ထမ်းများ၊ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နေပြည်တော်သို့ ရုံးတက်ရုံးဆင်း သွားလာရလွယ်ကူသဖြင့် ရန်ကုန်၊မန္တလေးမြို့ကြီးများမှသာ နံနက်သွား၊ ညနေပြန် ရုံးတက်နေကြတော့သည်။ တက္ကသိုလ်ကျောင်းတော်သူ၊ကျောင်းတော်သားများအဖို့မှာ အမြန်ရထားစီးကာ အင်းယားအလှ၊(ရန်ကုန်)သုံးဆင့်ကန်အလှ(ပုသိမ်)၊ရေနီမြောင်း(မန္တလေး)ဘေးစသည့် သာမောဖွယ် ချစ်ပုံပြင်တို့တွင် ရင်ခုန် ပျော်မွေ့ကြည်းနူးဖွယ်အတိဖြစ်နေကြတော့သည်။
သာမောဖွယ်ကောင်းလွန်းလှသည်မဟုတ်ပါလား။

 --------------------------------------------------------------------------------------------



အိပ်မက်ရွှေပြည် အတွေးများ - ၃

by K Aung Linn on Monday, September 10, 2012 at 12:37am ·

ဝန်ဆောင်မှု

ထို့ပြင်ဈေးကွက်၏သဘောအရ ကျယ်ပြန့်မှုနှင့်အတူ ဆန်းသစ်မှု၊ဆွဲဆောင်မှုအနေဖြင့် အဆိုပါ လျှပ်စစ်ကျည်ဆံတိုးအိပ်(စ)ပရက်(စ)ရထားများတွင် အပြိုင်အဆိုင်ဝန်ဆောင်မှုကိုပေးလာကြရာ လေကြောင်းလိုင်းများနည်းတူ လေယာဉ်မောင်၊လေယာဉ်မယ်တို့ကဲ့သို့  ခရီးသွားနှင့် ကမ္ဘာလှည့်ဧည့်သည်များကို ဝန်ဆောင်မှုပေးရန် ထရိန်း ဟို့(စ)တက်(စ) ခေါ် မီးရထားမောင်၊မီးရထားမယ် များကိုအပြိုင်အဆိုင် ထားရှိကာ
ဝန်ဆောင်မှုပေးလာနေကြပြီဖြစ်သည်။

ကမ္ဘာကျော် မြန်မာ့ နိုဘယ်ဆုရှင် အမျိုးသမီးကြီး နှစ်များစွာက တိုက်တွန်းခဲ့သည့် အတိုင်း အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများ၊ အင်စတီကျုများဖြစ်ထွန်းလာခြင်းကြောင့် ပရော်ဖက်ရှင်နယ် ထရိန်း အတန်းဒန့် ခေါ် ရထားမောင်၊မယ်များမှာ နှစ်လိုဖွယ်ကောင်းခြင်း၊ ဝန်ဆောင်မှု ကောင်းမွန် ပြည့်ဝခြင်းတို့ဖြင့် ရွှေပြည့်ကျက်သရေတစ်ပါးဖြစ်နေပေပြီ။

မိမိတိုင်းပြည်အတွင်းသာမက အရှေ့တောင်အာရှ၊ အရှေ့အာရှနှင့် တောင်အာရှတစ်လွှား ဒေသအနှံ့ရောက်ရှိကာ လစာနှင့် ခံစားခွင့်များကို အမေရိကန်ဒေါ်လာဖြင့် ရရှိခြင်း၊ ရထားခရီးမှန်သမျှ ချိုသာသော နှူန်းဖြင့်သွားလာခွင့်ရခြင်း၊ နှစ်စဉ်ကျင်းပလာခဲ့သော ထရိန်း ဟို့(စ)တက်(စ) အိုင်ဒေါလ် ပြိုင်ပွဲ၏ဆွဲဆောင်မှုကောင်းလွန်းလှခြင်း တို့ကြောင့် ဆယ်ကျော်သက်ရွယ်များအကြား ပေါ်ပြူလာ အဖြစ်ဆုံး၊ ပျော်ရွှင်ဖွယ်ရွေးချယ်စရာ အသက်မွေးဝမ်းကျောင်းလိုင်းတစ်ခု ဖြစ်နေပေပြီ။ စစ်တမ်းများအရ ရွှေပြည်အတွင်း လူကြိုက်အများဆုံး ထိပ်တန်းအသက်မွေးဝမ်းကျောင်းများထဲမှတစ်ခုဖြစ်ပေသည်။

အဒမ်စမစ်၏ မမြင်ရသောအံ့ဖွယ်လက် ( The Invincible Hands) ကား ရွှေပြည်တွင် လှုပ်ရှားသက်ဝင်လွန်းလှတော့သည်။
ဈေးကွက်၏သဘော၊ ဈေးကွက်၏တောင်းဆိုမှု၊ ဝန်ဆောင်မှု၏သဘော၊ ဝန်ဆောင်မှု၏တောင်းဆိုမှုများက အံ့ဖွယ်လက်၊ အံ့မခန်းလက်၏ ဆင်စွယ်ရောင် လက်ချောင်းများသဖွယ် အပီအပြင် လှုပ်ရှားသက်ဝင် ဖော့ဖယောင်းအသွင်ပင်။
လက်အရွေ့  တို့သည် ရွှေပြည်ကြီးအတွက် စိတ်ကျေနပ်ခြင်း၊ ပြည့်ဝကုံလုံစေခြင်း၊ ပြည်သူ့ဝန်ဆောင်မှု ကဏ္ဍအတွက် အခွန်မှတစ်ဆင့် ပံ့ပိုးခြင်း၊ သက်ဆိုင်သော အင်စတီကျု ၊ တက္ကသိုလ်၊ ကျောင်းများနှင့် လူမှုရေး၊ နိုင်ငံရေး၊စီးပွားရေးအစစသော နယ်ပယ်တို့၏ စွမ်းပကားဘောင်များကို ပိုမိုတိုးတက်ကျယ်ပြန့်လာစေခြင်းဖြင့် မြင်ရသော အံ့ဖွယ်များကို ဖန်ဆင်းလျက်ရှိပေပြီ။
ရထားလုံခြုံရေးရဲတပ်ဖွဲ့ ဝင်များ၊  ပြည်သူ့ကျန်းမာရေး သူနာပြု၊ဆေးဖက်ဆိုင်ရာ အရေးပေါ်ဝန်ထမ်းများ၊ ဆရာဝန်များ၊ အစားအသောက်နှင့် အဖျော်ယမကာဝန်ဆောင်မှုဝန်ထမ်းများ၊ အင်ဂျင်နီယာများ၊ စက်မှုလက်မှုအတတ်ပညာရှင်များ၊ စီမံခန့်ခွဲမှုပညာရှင်များ၊ သန့်ရှင်းစွမ်းအင်ပညာရှင်များ၊ အခွန်နှင့်လူဝင်မှုအရာထမ်းများ၊ စာပို့ဝန်ဆောင်မှုနှင့် အထွေထွေလုပ်သားများ အစရှိသဖြင့် ကျွဲကူးရေပါ တိုးပွားစေသည့် တိုးရထားရွှေအတိအဖြစ်ပင်။

ဆက်ပါအုံးမည်.... အိပ်မက်ရှည်လွန်းလှ၍ အားနာမိသည်။
----------------------------------------------------------------------------------------

အိပ်မက်ရွှေပြည် အတွေးများ - ၎

by K Aung Linn on Wednesday, September 26, 2012 at 12:35am ·

မက်ထရိုပိုလီတန် မျဉ်းပြိုင်များ

အံ့ဖွယ်လက်၏အရွေ့ များကား မက်ထရိုပိုလီတန်မြို့ကြီးဖြစ်သော ရန်ကုန်မြို့အား ပျားတို့မွေ့လျော်ကြီးပြင်းရာ ပျားဂေဟာအလား ဝတ်ရည်ချိုချိုသောက်သုံးကြသူများ၊ စုဆောင်းကြသူများဖြင့် နေ့ရောညပါ စည်ကားသက်ဝင်နေစေတော့သည်။

အဆိုပါပျားပန်းခပ်မျှများပြားလှသည့် သန်းချီသော မက်ထရိုပိုလီတန်လုပ်သားပျားများတို့အဖို့ နေ့စဉ်ကူးသန်းသွားလာရေးတွင် အဓိကအနေဖြင့် မြို့ပတ်မိုးပျံရထားများ၊ မြို့တွင်း လိုင်းတိုအမြန်ရထားများတို့အား အလိုရှိရာသို့ အချိန်တိုတွင်း၊ သက်တောင့်သက်သာ လွယ်ကူချိုသာစွာဖြင့် ရောက်ရှိသွားလာနိုင်ကြသဖြင့် အသုံးပြုလျက်ရှိကြပေသည်။

ရန်ကုန်၏မြေမျက်နှာသွင်ပြင်အနေအထားအရ မြေအောက်ရထား၊ မြေပြင်ရထားများထက် မိုးပျံလျှပ်စစ်ရထားလမ်းများကိုသာ တည်ဆောက်အသုံးပြုနေကြပြီဖြစ်သည်။ မြို့လည်ခြောက်မြို့နယ်အား စတုဂံပတ်လမ်းဖြင့်ပြေးဆွဲနေသော မိုးပျံအမြန်ရထားလိုင်း၊ ဗိုလ်တစ်ထောင်မှဘုရင့်နောင်အထိအရှေ့မှအနောက်သို့ ကမ်းနားလမ်းအတိုင်းပြေးဆွဲနေသော မျဉ်းဖြောင့် ကွန်မြူတာလိုင်း၊ ရန်ကုန်၏အနားသတ်မြို့ပတ်လမ်းလည်းဖြစ် အရှည်လျားဆုံးနှင့် ပြည်ထောင်စုရထားလမ်းများဆုံရာ ရန်ကုန်ဘုတာကြီးသို့ ဆက်လက်ကူးပြောင်းစီးနင်းနိုင်သော ရောင်စုံအမြန်ရထားလမ်းများစသည်ဖြင့် စနစ်တကျ စီမံပို့ဆောင်ပေးလျက်ရှိသည်။

လောင်စာဆီအသုံးသက်သာစေခြင်း၊ ယာဉ်ရပ်နားဧရိယာများစွာ မလိုအပ်ခြင်း၊ ယခင်အတိတ်က ယာဉ်ကြောပိတ်ဆို့မှုမျိုးများ မရှိစေတော့ခြင်း၊ အလိုရှိရာသို့ အချိန်မီရောက်ရှိနိုင်ခြင်း၊ ရထားခေါက်ရေတိကျခြင်း၊ တွဲအရေအတွက်များပြားခြင်း၊ လုံခြုံစိတ်ချရခြင်း၊ ကောင်းမွန်သောဖျော်ဖြေရေးနှင့် သတင်းစနစ်တို့ပါရှိခြင်း၊ ရာသီမရွေးအချိန်မှန်ပို့ဆောင်ပေးနေခြင်းကြောင့် လူတန်းစားမရွေး နှစ်ခြိုက်ကာ ဝင်သက်ထွက်သက်အလား အားထားရာအဖြစ်ပင် ပြောစမှတ်ပြုလျက်ရှိကြပေသည်။

အလွှာအသီးသီးမှ အရွယ်မရွေး တိုးတက်သော၊တိုးတက်လိုသောအမြင်ရှိသူတို့အသုံးပြုနေကြခြင်းကြောင့် ဒီမိုကရက်တစ် ယဉ်ကျေးမှုတစ်ခုဟုပင်တင်စားကာ  မိုးပျံရထားလမ်းများတစ်လျောက် အချစ်၊အလွမ်း ဘဝနှင့်ရသစုံလင်သော ရုပ်မြင်သံကြားဇာတ်လမ်းတွဲများအဖြစ် တင်ဆက်အောင်မြင်လျက်ရှိနေသည်။ ထို့ကြောင့် ရထားစီးနေချိန်တွင်သာမက ကျန်အချိန်များတွင်ပါ အမြဲထိတွေ့မကင်းနိုင်ကြသော မက်ထရိုပိုလီတန် မျဉ်းပြိုင်များ၏အရွေ့  အဖြစ် ဒစ်စကာဗာရီချယ်နယ်တွင်ပင် တင်ဆက်ရသောအဖြစ်ပင်။

မျဉ်းပြိုင်များ၏ဆုံမှတ်ကား အနန္တမဟုတ်ပါလော။

အဆိုပါမျဉ်းပြိုင်များ၏အလျားရှည်စေသော အကြောင်းများအနက် အဓိကကျသော ကောင်းမွန်သည့်စီမံခန့်ခွဲမှုဆိုသည်ကား စနစ်တကျသုတေသနပြုခြင်း၊ တိကျသောလုပ်ထုံးလုပ်နည်းများရှိခြင်း၊  ပညာရှင်နှင့်အတွေ့အကြုံများအား အလေးထားခြင်းနှင့် အခွန်ထမ်းအပေါ် လေးစား၊စေတနာထားခြင်းတို့ကို အချိုးညီညီပေါင်းစပ်ပေးနိုင်သော အနုပညာမြောက် ခေါင်းဆောင်မှုအတတ်ပင်မဟုတ်ပါလော။

(ဆက်ရန်.....)

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...