Thursday, November 8, 2012

“၀၀မစားရသေးပေမယ့် ဝေးဝေးနေလိုက်တော့မယ်။” (စိမ်းခက်စိုး)


သေတော့မသေချာဘူး
မူးနေတဲ့ ဒီဂျေတီးလုံးတွေလိုဘဲ
ခံတွင်းအပျက်နားမှာ ဇရက်က ဘာလို့တောင်ပံလာကြိုးတာလဲ
ကောင်းကောင်းမွန်မွန် မပြောချင်ပါဘူးဆိုမှ
ခေတ်ကြီးကို စင်ပေါ်တင်ပေးမိတယ်။


လမ်းလျောက်ရအောင်တဲ့
ငြိမ်းချမ်းမှုကို ကိုယ်ယုံတယ်
စကားလုံးတွေကိုတော့ မယုံတော့ဘူး။


မျှောဖူးခဲ့တဲ့ မီးဖောင်လေးလေ
လွတ်ငြိမ်းချမ်းသာခွင့်ကို အလင်းဆောင်ဖို့ပါ။



လွှတ်ဖူးလိုက်တဲ့ မိုးပျံပူပေါင်းလေးတွေလေ
သာတူညီမျှမှုကို အမြင့်ဆုံးပင့်တင်ဖို့ပါ။


သူ သေချာမသိလို့ ကိုယ် ရေရေရာရာ မသိလို့
ကိုယ်တို့ချင်း ခါးခါးသီးသီးမှာ ပြန်ခါးသီးတတ်ကြပေမယ့်
ရွာရိုးတစ်လျောက် မီးလောင်တဲ့အခါ
သူလုပ်တာ ငါလုပ်တာထက်
ကယ်ပါယူပါ သို့မဟုတ် ငြိမ်းပါသတ်ပါ။
မင်းမှာ ငါ့မှာ ရွေးစရာ အသေအချာရှိပါတယ်။


မလိမ့်တပတ်လုပ်ရဲရင်သူတွေအတွက်
ခုခေတ်ကြီးမှာ
မကျေနပ်ခြင်းဟာ အမည်တပ်လို့သိပ်ကောင်းလာတယ်။
အစစ်တွေကို တဆစ်ဆစ်လိုက်ကိုက်ခဲနေတဲ့
ထုနဲ့ထည်နဲ့ အတုတွေ အတုတွေကလည်း ဖွယ်ဖွယ်ရာရာ။


လူစုစုမြင်တိုင်း တကယ်မဖမ်းတော့ဘူးဆိုမှ
အညွန့်ချိုးဖို့တော့ စောင့်နေမယ်ဆိုပြီး ထပွင့်တယ်။


လက်ယက်တွင်းမှာ မော်တာတပ်ချင်တဲ့အိပ်မက်ပါ
ရေချိုရမလာရင်နေ
ဆောက်ခဲ့တဲ့ အုတ်ကန်လေးမှာ အလှူရှင်အမည်လေး
ဖွေးနေအောင်ရေးပေးပါတဲ့…..။


ကိုယ်တို့ချင်းအချစ်က သိပ်ဈေးမကောင်းလှတော့ပေမယ့်
ဘယ်ဝါ ဘယ်သူဖြစ်ဖြစ်ပေါ့
အခြေအနေပေးရင် ဂျက်စတင်းဘီဘာသီချင်းလေးဆိုပြီး
အိုပါဂန်းနမ်းစတိုင်လောက်နဲ့တော့ ကချင်ကလို့ရသေးတာပ။


အခြေအနေပေးသမျှတော့
ကိုယ်တို့ဘာတွေ ရေးရေး၊
သူတို့ ဘာတွေတွေးတွေး၊
အဆင်ပြေရင်
ခပ်ရှောင်ရှောင်လေးသာနေချင်တော့တယ်။


စိမ်းခက်စိုး
(တနင်္လာနေ့) အောက်တိုဘာ ၂၂၊ ၂၀၁၂
နေ့လည် - ၁၂း ၀၁ နာရီ

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...