Tuesday, October 30, 2012

အမေရိကားရောက် အီရတ်ကဗျာဆရာမ Dunya Mikhail(ဟံလင်း)


 by Fyodor HanLynn on Saturday, October 27, 2012 at 7:53pm

Baghdad မှာမွေးဖွားခဲ့တဲ့ Dunya Mikhail ( 1965-    ) ဟာ Iraqi-American
ကဗျာဆရာမတစ်ဦးဖြစ်ပါတယ် ။ သူမဟာ Arabic ဘာသာစကားနဲ့စာအုပ် ၅ အုပ်
( The Psalms of Absence နဲ့ Almost Music တို့ပါဝင် ) ဖြန့်ချိခဲ့ပြီးဖြစ်ပါတယ် ။
English ဘာသာစကားနဲ့ ပြန်ဆိုဖြန့်ချိခဲ့တဲ့ ပထမစာအုပ် The War Works Hard
( New Directions ၊ NY ၊ 2005 ) ဟာ PEN Translation Award ( Elizabeth Winslow ဘာသာပြန် )
ကိုရရှိခဲ့ပြီး Griffin Prize (2006) အတွက် ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့အပြင် New York Public Library ရဲ့
အမှတ်ရစရာ၂၅အုပ် ( 2005 ) စာရင်းထဲထည့်သွင်းခံခဲ့ရပါတယ် ။ အဆိုပါစာအုပ်ကို Elena Chiti က
Italian လိုပြန်ဆိုပြီးဖြန့်ချိခဲ့ပါသေးတယ် ( Edizioni San Marco dei Giustiniani ၊ Rome ၊ 2011 ) ။

Arabic - English ဘာသာစကား ၂ မျိုးနဲ့ ဖြန့်ချိခဲ့တဲ့စာအုပ် Diary of A Wave Outside the Sea
( New Directions ၊ NY ၊ 2009 ၊ Elizabeth Winslow နှင့် Dunya Mikhail တို့အတူဘာသာပြန် ) ဟာ
Arab American Book Award ကိုရရှိခဲ့ပါတယ် ။ သူမကဗျာတွေဟာ
World Beat - International Poetry Now အပါအဝင် anthology များစွာမှာ ဖော်ပြခံခဲ့ရပါတယ် ။
2001 ခုနှစ်မှာ သူဟာ UN Human Rights Award ( Freedom of Writing ) ချီးမြှင့်ခြင်းခံရပါတယ် ။
သူမကဗျာတွေဟာ " အပေါ်ယံဖြူစင်ပုံရသလောက် မဖြူစင်နိုင်လောက်ဘူး "လို့ အာဏာပိုင်တွေက
မယူဆခင်အချိန်အထိ Baghdad မှာ သူမနေခဲ့ပါတယ် ။  အာဏာပိုင်တွေက သူ့ကို
အတိအလင်းခြိမ်းခြောက်လာကြတဲ့အခါမှာတော့ America ကို 90 ခုနှစ်တွေအလယ်ပိုင်းမှာ
သူမထွက်ခွာခဲ့ပါတယ် ။ Iraq မှာရှိခဲ့စဉ်က The Baghdad Observer သတင်းစာမှာ journalist ၊
ဘာသာပြန်သူအဖြစ် လုပ်ခဲ့ပြီး လက်ရှိမှာတော့ Oakland University မှာ Arabic ဘာသာစကားကို
သင်ကြားပို့ချပေးလျက်ရှိပါတယ် ။ New Directions Publishing ရဲ့အမေးနဲ့ သူ့အဖြေ Interview ( 2010 )
ကို အောက်မှာဖော်ပြပေးလိုက်ပါတယ် ။


Cathy Linh Che:  Aramaic ( Hebrew ဘာသာစကားနှင့်အတော်နီးစပ်သော Semitic ဘာသာစကားတစ်မျိုး ) နဲ့ Arabic တို့ပြီးရင် English ဟာ ရှင့်ရဲ့တတိယဘာသာစကားဖြစ်တယ် လို့ဖတ်ရတယ် ။ English လိုပြန်ထားတဲ့ ရှင့်လက်ရာရဲ့ ကြီးမားတဲ့အကျိုးသက်ရောက်မှုကို ရှင်တွေးမိလား ။

Dunya Mikhail :   Arabic နဲ့စာရင် English က ကျွန်မကိုပိုပြီးထိရှလွယ်စေခဲ့တယ် ။ စကားလုံးတွေအကြောင်းကို ပိုပြီးဂရုတစိုက်စဉ်းစားဖို့အတွက် ကျွန်မခြေလှမ်းစခဲ့တယ် ။ English လိုမှာလည်း ကောင်းကောင်းပဲ့တင်ထပ်လောက်တဲ့ Arabic စကားစုတွေကို ရွေးချယ်နေမိမှန်း တစ်ခါတလေ ကိုယ့်ကိုယ်ကိုယ်သတိထားမိတယ် ။ ကျွန်မက အမြဲတမ်း Arabic လိုအရင်ရေးတယ် ၊ ပြီးမှဘာသာပြန်ဖို့ကြိုးစားတယ် ။ အဲဒီတော့ ကျွန်မအရေးအသားက ဟိုကနေဒီရောက်လိုက် ဒီကနေဟိုရောက်လိုက် ဖြစ်နေတာပေါ့ ။ Aramaic ကတော့ ကျွန်မအမေနဲ့ပြောတဲ့ဘာသာစကားပေါ့ ။

CC : " The War Works Hard " ကဗျာမှာ ရှင်ဟာ စကားသံတွေ ဇာတ်ကောင်တွေ အတော်များများကနေ 'ပြော' ထားတဲ့အပြင် အခြားလူတွေကိုယ်စားလည်း ဆန္ဒထုတ်ဖော်ထားသေးတယ် ။ အသံတိတ်ခံထားရသူတွေ / ဘာသံမှမထွက်ရဲကြသူတွေကိုယ်စား ဆန္ဒထုတ်ဖော်ပြောဆိုဖို့ဟာ ရှင့်အတွက်အရေးကြီးလား ။

DM : ကဗျာဆရာတစ်ယောက်ဖြစ်နေရတာဟာ သိပ်ကိုကိုယ်ရေးကိုယ်တာဆန်/ပုဂ္ဂလဆန်ပြီး တစ်ချိန်တည်းမှာပဲ သိပ်ကိုလူထုဆန်/ယေဘုယျဆန်နေပါတယ် ။ ကျွန်မကဗျာရေးတဲ့အခါ ကိုယ့်ဘက်မှာပဲကိုယ်ရှိပေမယ့် ကဗျာပြီးသွားတဲ့အခါမှာတော့ လူတိုင်းဘက်မှာ ကျွန်မရှိပါတယ် ။ ဒီကဗျာတွေကို စာနာနားလည်နိုင်ကြတယ်လို့ လူတွေကကျွန်မကိုပြောကြတယ် ( ရှင့်လိုပေါ့ ) ။ ပြီး ကျွန်မအနေနဲ့ တခြားလူတွေရဲ့အတွေ့အကြုံတွေအတိုင်း တစ်ပုံစံတည်းခံစားရတယ်လို့ကိုယ့်ကိုယ်ကိုယ်ထင်ပါတယ် ။ သူတို့အတွေ့အကြုံတွေကို ကိုယ့်အတွေ့အကြုံတွေအဖြစ် အရင်မွေးစားယူတယ် ။ ပြီးတော့မှ ကိုယ်နဲ့ ကိုယ့်ကိုယ်ပိုင်အတွေ့အကြုံနဲ့ ဝေးအောင်ကြိုးစားတယ် ၊
တစ်စုံတစ်ယောက်ရဲ့ အတွေ့အကြုံပုံ ပြန်ပေါက်အောင်လို့လေ ။

CC : " Diary of a Wave Outside the Sea " ကဗျာမှာ ရှင်ရေးထားတာက

                              " ကဗျာဟာအမီးဘားတစ်ကောင်ပဲ ငါတွေ့ရှိ
                                တပ်အပ်မြင်ဖို့မျက်လုံးတစ်လုံး ၊  ခြေရာတွေချန်ဖို့ခြေတစ်ချောင်းနဲ့
                                လိုက်လျောညီထွေပုံသဏ္ဍာန် သူ့မှာရှိ "

                               [ So I discover poetry is an amoeba
                                 It has an eye for witnessing , a foot
                                 for leaving traces , and a flexible form ]

" တပ်အပ်မြင်ခြင်း [ witnessing ] " နဲ့ " ခြေရာတွေချန်ခြင်း [ leaving traces ] " ၊ အဲ့ idea တွေက ရှင့်ကဗျာမှာ ဘယ်လောက်အရေးကြီးသလဲ ။

DM :  ကျွန်မရဲ့မျက်လုံးတွေကို  စစ်ဆီ  ဖွင့်ခဲ့ကြတယ် ။ ခု ကျွန်မမျက်လုံးတွေကို ပိတ်လိုက်တဲ့အခါမှာလည်း စစ်ကို ကျွန်မမြင်နေတုန်းပဲ ။ ကဗျာဟာ တုံ့ပြန်နိုင်စွမ်းမြင့်တယ် ။
 စာပေအမျိုးအစားတွေအားလုံးထဲမှာ ကဗျာဟာ အနက်ရှိုင်းဆုံးတုံ့ပြန်နိုင်စွမ်းရှိတဲ့အရာ ဖြစ်ဖို့များတယ် ။

CC : ရှင့်ရဲ့ ကဗျာဖြန့်ချိနိုင်စွမ်းအပေါ်မှာ ဆင်ဆာက ဘယ်လောက်တောင်များ အကျိုးသက်ရောက်သလဲ/ခဲ့သလဲ ။

DM :  Iraq မှာ တကယ့်လခစားကြီးတွေပါတဲ့ ဆင်ဆာဌာနတစ်ခုရှိခဲ့တယ် ။ သူတို့အလုပ်က ' လူထုကိုယ်ကျင့်တရားတွေ [ public morals ] ' ကိုသတိထားစောင့်ကြည့်ဖို့နဲ့ ဘာရေးသင့်တယ် ဘာဖတ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ပေးဖို့ပေါ့ ။ စာရေးဆရာတိုင်းဟာ ဖြန့်ချိရေးမလုပ်ခင်မှာ အရင်ဆုံးခွင့်ပြုချက်ရဖို့လိုခဲ့ကြတယ် ။ အဲဒါကြောင့်ပေါ့ metaphor တွေအများကြီး အဓိပ္ပာယ်အထပ်ထပ်တွေအများကြီး ကျွန်မသုံးခဲ့တာ ။  ဒါဟာ ကျွန်မကဗျာအတွက်တော့ ကောင်းရင်ကောင်းခဲ့လိမ့်မယ် ၊ ဒါပေမယ့် အဲ့ပြောပုံဆိုပုံကြီးတွေကို အဓိပ္ပာယ်ဝှက်ဖို့သက်သက်တော့ မသုံးချင်ဘူးလေ ။ ဒီမှာ ( America ) တော့ စကားလုံးတစ်လုံးဟာ ကဗျာဆရာတစ်ယောက်ကို အများအားဖြင့် ဘဝပျက်မသွားစေပါဘူး ။ ဒါပေမယ့် မိန့်ခွန်း/အပြောအဆို [ Speech ] ကိုတော့ တစ်ခါတရံ ကန့်သတ်ထားကြတယ် ၊ လူထုစံတွေအရ လက်ခံနိုင်လောက်တဲ့ အတိုင်းအတာအတွင်းပေါ့ ။ ဆိုတော့ Iraq မှာဆိုရင် စာသားပြီးမှ ဆင်ဆာလာတယ် ။ America မှာတော့ ဆင်ဆာပြီးမှ စာသားလာတယ် ။ အဲဒီတော့ US နဲ့ အနောက်နိုင်ငံတွေမှာ ဆင်ဆာဟာ ရှင်းရှင်းလင်းလင်း သဲသဲကွဲကွဲ မဟုတ်ဘူး ။ Iraq နဲ့ Arab ကမ္ဘာမှာတော့ ရှင်းရှင်းလင်းလင်း သဲသဲကွဲကွဲကြီးပေါ့ ။ ဒါပေမယ့် ဒီမှာ ကျွန်မတို့အတွက် စိတ်သက်သာစရာကြီးကဘာလဲဆိုတော့ ဖြန့်ချိဖို့အတွက် အယ်ဒီတာရှိနေခြင်း ၊ ဆင်ဆာပုဂ္ဂိုလ်မဟုတ်တော့ခြင်းပေါ့ ။ သိပ်ကိုကျေနပ်စရာကောင်းပါတယ် ၊ " မှားတာပြောရင် သေထိုက်တယ် ဆိုတာကြီးကို စိတ်ထဲအရေးတကြီးပူပန်နေကြအောင် ဆင်ဆာကလုပ်ထားတယ် " ဆိုတဲ့ အထေ့အငေါ့စကားရှိပေမယ့်ပေါ့ ။ အယ်ဒီတာက ကျွန်မတို့တွေ ကိုယ်ပြောချင်တာဘာမဆိုပြောနိုင်တယ် လို့ခံစားရစေတယ် ။ ပြီး ဒါဟာ အဆုံးသတ်နိဂုံး ဘယ်တော့မှမဟုတ်ပါဘူး ။

CC : ကဗျာရဲ့ အပိုင်း ၂ ပိုင်းဟာ ရှင့်အတွက်ဘယ်လိုခြားနားတယ်ဆိုတာကို ဖော်ပြနိုင်မလား ။ ဆင်ဆာရှိခြင်း ဒါမှမဟုတ် ဆင်ဆာမဲ့ခြင်းဟာ ဒီ ၂ ပိုင်းကိုရေးတဲ့အပေါ် အကျိုးသက်ရောက်မှုရှိခဲ့လား ။

DM : ပထမပိုင်းက Iraq မှာပဲ ရေးသားဖြန့်ချိခဲ့တာ ။ ဆိုတော့ ကျွန်မမွေးရပ်ကိုစွန့်ခွာပြီးနောက်ပိုင်းမှရေးခဲ့တဲ့ ဒုတိယပိုင်းနဲ့တော့ နှိုင်းယှဉ်ကြည့်မထားပါဘူး ။အမှန်က Iraq ကိုကျွန်မစွန့်ခွာခဲ့ရတဲ့ အဓိကအကြောင်းရင်းဟာ ဆင်ဆာ ပါ ။

CC : Iraq မှာ စစ်ကို ရှင့်မျက်မြင်ကိုယ်တွေ့ တွေ့ကြုံခဲ့တာကနေ ပထမပိုင်းကို ရေးခဲ့တယ် ။ ဒုတိယပိုင်းကိုကျတော့ Iraq မှာတခြားစစ်ဖြစ်နေချိန်အတောအတွင်း America မှာ ( စစ်ကို အဝေးကတဆင့်ပဲလှမ်းမြင်ရတဲ့ အခွင့်ကောင်းနေရာ တစ်နေရာကနေ ) ရေးခဲ့တယ် ။ ဒီခြားနားတဲ့ အခွင့်ကောင်းနေရာ ၂ နေရာဟာ ( ကဗျာရဲ့ ) ခြားနားတဲ့အပိုင်း ၂ ပိုင်းအပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိထားလဲ ။

DM : ကျွန်မအတွက်တော့ စစ်ဆိုတာ တစ်ခုတည်း တစ်မျိုးတည်း ၊ အမြဲတမ်းအတူတူပဲဆိုပေမယ့် ပထမပိုင်းဟာ Iraq မှာကျွန်မကြုံတွေ့ကျော်လွှားခဲ့ရတဲ့ စစ်ပွဲ ၂ ပွဲ ( Iraq - Iran စစ် နဲ့ US-မဟာမိတ် ပင်လယ်ကွေ့စစ် )နဲ့ အထူးစပ်လျဉ်းပါတယ် ။ ဒုတိယပိုင်းမှာတော့ ကျွန်မအဝေးကပဲလှမ်းမြင်တွေ့ခဲ့ရတဲ့ 2003 စစ်ကို ဗဟိုပြုအာရုံစိုက်ထားပါတယ် ။  ဒုတိယပိုင်းမှာ ကျွန်မဟာ လေယာဉ်သံတွေ ပေါက်ကွဲသံတွေအလယ်မှာ ရှိမနေခဲ့ပါဘူး ၊ ဒါပေမယ့် ကျွန်မရဲ့ထိတ်လန့်စရာအမှတ်တရတွေကို ကျွန်မလွယ်လွယ်လေးအောက်မေ့နိုင်ခဲ့တယ် ။ ကျွန်မသတိထားမိခဲ့တဲ့ ကိစ္စအသစ်တစ်ခုရှိသေးတယ် ။ Iraq မှာရှိကြတဲ့ ကျွန်မဆက်သွယ်နိုင်ခဲ့တဲ့ မိတ်ဆွေဟောင်းတွေက " ဪ ၊ အင်း ၊ ငါ ဒဏ်ရာရခဲ့တယ်လေ ၊ ဒါဖြစ်နေကျပဲလေ " လို့ (ကျွန်မကို) ထင်မြင်ချက်ပေးကြတဲ့ကိစ္စ ။ နိုင်ငံအတွင်းမှာ စစ်ဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုလို အသားကျလာနေခဲ့ပုံရတယ် ( ငြိမ်းချမ်းရေးကလွဲလို့ ) ။ ဒါမှမဟုတ် ကျွန်မမိတ်ဆွေတွေက ကျွန်မကို စိတ်မပူစေချင်တာကြောင့်များလား ။ ဒါမှမဟုတ် သူတို့ရဲ့ " အန္တရာယ်မရှိပါဘူး " ဆိုတဲ့ငြင်းဆိုချက်နဲ့အတူ သူတို့အပေါ် ပိုအာရုံစိုက်စေချင်ကြတာများလား ( အထူးသဖြင့် လက်ရှိပြည်ပရောက် ကျွန်မကိုပေါ့ ) ။

CC : ပုဂ္ဂလဘဝတွေအပေါ် စစ်ရဲ့အကျိုးသက်ရောက်ပုံကြီးအကြောင်း ရှင်ပြောထားပုံတွေကို ကျွန်မအထူးစိတ်ဝင်စားတယ် ။ နိုင်ငံရေးဆိုင်ရာတွေကိုပြောတဲ့အချိန်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာကို ပြောဖို့က ရှင့်အတွက် ဘယ်လောက်အရေးပါသလဲ ။

DM : ကျွန်မအမြင်ပြောရရင် Arab ကဗျာရဲ့ရောဂါတွေထဲကတစ်ခုက ဘာလဲဆိုတော့  နိုင်ငံရေးအကြောင်းအရာတွေကို ( ပြောစဉ်မှာ ) ပုဂ္ဂိုလ်ရေးမဆန်တဲ့နည်းလမ်းနဲ့ပြောကြတာပဲ ။ သူတို့က ဒါတွေကို ကြီးကြီးမားမားအကြောင်းအရာကြီးတွေ လို့ခေါ်ကြတယ် ။ ဒါပေမယ့် ကဗျာမှာ ကြီးကြီးမားမားအကြောင်းအရာကြီးရယ်လို့မရှိသလို သေးသေးဖွဲဖွဲအကြောင်းအရာလေးရယ်လို့လည်း မရှိပါဘူး ။ ကဗျာမှာ ကဗျာပဲရှိပါတယ် ။

CC : ရှင် Iraq ကိုပြန်ဖို့ ဖြစ်နိုင်ခြေရှိပါ့မလား ။

DM : မသေချာဘူး ။ " ဒီနေရာ " မှာရှိနေခြင်းဟာ " ဟိုနေရာ " အကြောင်းတွေးမိဖို့အခြေအနေတစ်ရပ်ဆိုပေမယ့် လက်တွေ့မှာတော့ ကိုယ်သိတဲ့နိုင်ငံကိုကိုယ်ရှာမတွေ့မှာ/ ကိုယ်ရှာတွေ့တဲ့နိုင်ငံကိုကိုယ်မသိမှာ ကျွန်မစိုးပါတယ် ။ ပြီး ခု ကျွန်မချည်းပဲမဟုတ်ပါဘူး ။ ကျွန်မမှာ သမီးတစ်ယောက်ရှိတယ် ၊ သူ့အနာဂါတ်ကလည်း ဒီမှာ ပိုအလားအလာရှိပုံရတယ်လေ ။ ကျွန်မအမျိုးသားရဲ့တူမဆို Iraq မှာ ပြန်ပေးဆွဲခံခဲ့ရတယ် ။ ခုဆိုတစ်နှစ်တောင်မကတော့ဘူး ပြန်လည်းမတွေ့သေးဘူး ဒီတစ်ခုနဲ့တင် ပြန်ဖို့စိတ်မကူးရဲလောက်အောင် ကြောက်စရာဖြစ်နေပြီ ။

CC : ခေတ်ပြိုင် Iraq နဲ့ Arabic ကဗျာအပေါ်မှာစစ်ရဲ့ ကြီးမားတဲ့အကျိုးသက်ရောက်မှုရှိထားတာကို ရှင်ဘယ်လိုထင်လဲ ။

DM : အစဉ်အလာ Arabic ကဗျာမှာ တင်းကျပ်တဲ့ပုံသဏ္ဍာန်တစ်ခုရှိတယ် ၊ မော်ဒန်စစ်နဲ့ မော်ဒန်စစ်ရဲ့အလျင်လိုမှုသပွတ်အူကြီးနဲ့ မအပ်စပ်လှတဲ့ ပုံသဏ္ဍာန်ပေါ့ ။ ခေတ်ပြိုင်ပုံသဏ္ဍာန်တွေကတော့ လိုက်လျောညီထွေမှုတချို့ ပေးနိုင်တယ် ။ Arab ကမ္ဘာထဲမှာ အစဉ်အလာပုံသဏ္ဍာန်တွေရေးတဲ့ကဗျာဆရာတွေ နဲ့ ' စကားပြေကဗျာဆရာတွေ ( လို့သူတို့အခေါ်ခံရ ) ' ရဲ့ကြားမှာ တင်းမာမှုရှိတယ် ။ ဥပမာ Egypt မှာဆိုရင် ကဗျာဆရာတွေက ဒီကဗျာပွဲတော်ကြီးကို ( ထုံးတမ်းနဲ့ညီလို့ ထုံးတမ်းနဲ့မညီလို့ စသဖြင့်ကြောင့် ) သပိတ်မှောက်ကြတဲ့အကြောင်း ဆောင်းပါးတစ်ပုဒ်ရှိခဲ့တယ် ။ Iraq စစ်ကဗျာတွေမှာတော့ တချို့ကသုံးမရတဲ့အမှိုက်တွေ ( Iraq စစ်သားကို ဘာကိုမှမကြောက်တဲ့စူပါဟီးရိုးကြီးအဖြစ် အမွှမ်းတင်ပြောဆိုတာမျိုးတွေ ) ၊ တချို့ကတော့ တကယ်ကောင်းလွန်းပါတယ် ( ကဗျာကို စစ်ကနေ ရှင်ကျန်ရစ်စေတယ် ) ။

CC : US မှာရှိတဲ့ကဗျာဆရာတစ်ယောက်ရဲ့အခန်းကဏ္ဍကို ရှင်တွေးမိလား ။ ကမ္ဘာကြီးပေါ်ကကဗျာဆရာတစ်ယောက်ရဲ့အခန်းကဏ္ဍနဲ့ ခြားနားမှုရှိလား ။

DM : သမိုင်းမှာ ပထမဆုံးနာမည်ရခဲ့တဲ့ကဗျာဆရာ Enheduanna ဟာ Iraqi အမျိုးသမီးတစ်ယောက်ပါ ။ သူမဟာ Inanna ( လိင်မှုချစ်ခြင်းဆိုင်ရာ Sumerian နတ်ဘုရားမ ) အကြောင်းကို ကျောက်စာ/ကျောက်ပြားတွေပေါ်မှာ Cuneiform ( the 30th century BC တဝိုက်ပေါ်ပေါက်ခဲ့တဲ့ အရုပ်စာပုံစံတစ်မျိုး ) ဘာသာစကားနဲ့ ရေးခဲ့တယ် ။ သူမနဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာတစ်ခုက သူမဟာ နေရာတစ်ခု ဒါမှမဟုတ် ဂုဏ်ပုဒ်တစ်ခုကို ပိုင်ဆိုင်ခဲ့တယ်ဆိုတာပဲ ။ " Keeper of the flame [ မီးလျှံစောင့် / တိမ်မြုပ်ပျောက်ကွယ်သွားနိုင်တဲ့ အစဉ်အလာ ၊ အတွေးအခေါ် ၊ အယူအဆ ၊ အလေ့အကျင့်တွေကို ဆက်လက်ရှင်သန်ထွန်းကားအောင် လက်ဆင့်ကမ်းကာကွယ်စောင့်ရှောက်သူ ] " တဲ့ ။ ကဗျာဆရာတစ်ယောက်မှာ လုပ်ဆောင်ရမယ့်အခန်းကဏ္ဍတစ်ခုခုတော့ရှိသင့်တယ်ဆိုရင် ( အချိန်မရွေး နေရာမရွေး ) အတူတူပဲဖြစ်သင့်တယ်လို့ ကျွန်မထင်တယ် ။
" Keeper of the flame " ပေါ့ ။








No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...