မှူးသစ်...
2030 ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ၏
စီးပွားရေး နိုင်ငံရေး ဖွံဖြိုးတိုးတက်မှုမှာ ကျည်ဆန် ရထားနှင့် နှိုင်းရမည့်
အခြေအနေဟု ဆိုရမည်။ အင်အားကြီးပါပေ့ဟု ဆိုနိုင်သော အမေရိကန်၊ တရုတ်တို့ပင်
ငေးမောအားကျယူရလောက်တဲ့အထိဖြစ်လာသည်။ မြန်မာနိုင်ငံ၏
ဖွံ့ဖြိုးတိုးတက်မှုမှာ “ဥုံဖွ!!”ဟူ၍ နတ် ရေကန်ထဲသို့ပစ်ချလိုက်သလိုပင်
မည်သူမျှ မယုံကြည်နိုင်လောက်သောအခြေအနေထိ တိုးတက်လာ တော့သည်။
လွှတ်တော်မှာဆိုလျှင် ဥပဒေတွေ ပြဌာန်းပြင်ဆင်စရာမလိုတော့လောက်အောင် ပြည့်စုံ
သွားပြီဟု ဆိုရမည်။ အစိုးရအဖွဲ့မှ သမ္မတ အလုပ်မှာဆိုလျှင် တစ်ခါတရံ
မိန့်ခွန်းပြောတာလောက်၊ လက်မှတ်ထိုးတာလောက်နှင့်
နိုင်ငံခြားဧည့်သည်တွေလက်ခံတွေ့ဆုံတာလောက်ပဲရှိတော့သည်
။ အစိုးရ
အဖွဲ့ဝန်ကြီးဌာနအဆင့်ဆင့်တို့မှာလျှင် သူ့နေရာနှင့်သူ ဖစ်တင်တကျ ဖြစ်နေသည်။
နိုင်ငံရေးအလုပ်တွေသိပ်မရှိကြတော့သောအခါ
အတိုက်အခံနိုင်ငံရေးဟူ၍လည်းမရှိတော့။ နိုင်ငံရေး
သမားများလည်းမရှိသလောက်ရှားလာသည်။ နိုင်ငံရေးပါတီဆိုသည်မှာ
အသံတွေပင်မထွက်ကြတော့။ စီးပွားရေးက အားလုံးပြည်စုံနေတော့ နိုင်ငံသားတွေ
ဆိုလျှင် အလုပ်မလုပ်ပဲ ထိုင်စားမည်ဆိုလျှင် ထိုင်စားနိုင်သည့်အခြေအနေမှာ
ရှိကြသည်။
သို့သော် လူတွေ ဆိုတော့ အခက်သား အပျင်းပြေစီးပွားရေးလုပ်ငန်းလေး ဘာလေးလုပ်လိုကြသည်။
တစ်စထက်တစ်စ ချမ်းသာလိုကြသည်။
ငွေကြေးလိုအပ်ချက်တွေက ပြည့်စုံသထက် ပြည့်စုံလာခဲ့တော့ တစ်လလောက်
စီးပွားရေးလုပ်လိုက်( ၃ )လလောက် အပန်းဖြေလိုက်နှင့်
အတော်ပင်ဟန်ကြနေကြသည်ဟုဆိုရမည်။အလုပ်လုပ်ကြသည်ဆိုရာမှာလည်း
သိပ်အထူးဆန်းကြီး ခက်ခက်ခဲခဲကြီးမဟုတ် အိမ်က ကွန်ပျုတာကို
ထဖွင့်ထားလိုက်ရုံပင်။ အဲ့တော့ ဖေ့ဘုတ်ပေါ်မှာ ကွန်မန့်ရေးလိုက်
ပို့စ်တင်လိုက်နဲ့ စသည်ဖြင့် …။
တစ်နိုင်ငံလုံးက ကျိကျိတက်ချမ်းသာလာကြသည့်အခါ အလုပ်ကြမ်းလုပ်မည့်
လူတွေကမရှိကြတော့ ။ တစ်ခြားနိုင်ငံတွေက လုပ်သားတွေကို
လခကောင်းကောင်းပေးပြီး ခေါ်ယူခိုင်းရသည်။ ဒေသတွင်းရှိ နိုင်ငံတွေအတွက်မှာမှု
မြန်မာနိုင်ငံမှာ အလုပ်လုပ်ခွင့်ရရေးသည် အိမ်မက်တစ်ခုလို
အထူးမျှော်လင့်နေကြသည့်အခြေအနေမှာရှိသည်။
မျှော်လင့်မည်ဆိုလည်းမျှော်လင့်ချင်စရာပင် မြန်မာငွေက ကမ္ဘာမှာ
တန်ဖိုးအမြင့်ဆုံးဖြစ်နေပြီကိုး။ မြန်မာငွေတစ်ကျပ်ကို
အမေရိကန်ဒေါ်လာတစ်ထောင်လောက်တန်နေသည်။ မြန်မာနိုင်ငံမှာ အလုပ်လုပ်ပြီး
သူတို့နိုင်ငံရှိ မိသားစု(၆)ယောက်လောက်ကို
ကောင်းကောင်းကျွေးထားနိုင်သည်ဆိုတော့ မြန်မာပြည်မှာ အလုပ်လာချင်ကြသူတွေက
ဒုနဲ့ဒေး၊ ငမ်းငမ်းတက် လိုချင်နေကြသည့် အခွင့်အရေးလိုဖြစ်နေကြတော့သည်။
သမိုင်းတစ်ပတ်လည်သည်ဟုပြောမလား ၊ခေတ်တစ်ပတ်လည်သည်ဟုပဲ ပြောရမလားမသိ
မြန်မာနိုင်ငံက စီးပွားရေး၊နိုင်ငံရေးဘက်စုံ ဖွံဖြိုးတိုးတက်လာချိန်တွင်
အမေရိကန်နဲ့တရုတ်တို့ရဲ့ စီးပွားရေးကျဆင်းလာမှုမှာ တောင်ဆင်းလမ်းကို
ဖရီးရိုက်ပြီးဆင်းသလား အောင့်မေ့ရလောက်တဲ့အထိ ကို ကျဆင်းကုန်ကြသည်။
အမေရိကန်ဆိုလျှင် လူအခွင့်အရေးချိုးဖေါက်မှုများ များစွာဖြစ်ပေါ်လာခဲ့ပြီး
ပြည်တွင်းမငြိမ်မသက်ဖြစ်ကာ စစ်တပ်က အဏာသိမ်းလိုက်ပြီး စစ်တပ်အုပ်ချုပ်သော
နိုင်ငံအဖြစ်သို့ပင် ရောက်ရှိသွားရရှာသည်။ အမေရိကန်မှာ
အဲ့ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာတော့ မြန်မာအစိုးရက အမေရိကန်ကို
စီးပွားရေးပိတ်ဆို့ပြီး အရေးယူပစ်လိုက်သည်။
ထိုအခါ အမေရိကန်နိုင်ငံရှိ အထည်ချုပ်စက်ရုံက အလုပ်သမလေးများ အများစုမှာ KTV
တို့ မာဆတ်ခန်းတို့ကို ရောက်ကုန်ကြတော့သည်။ ကုလသမဂ္ဂအနေဖြင့်လည်း
ကြားဝင်ဖြေရှင်းပေးလို့မဖြစ်နိုင်၊ ဒီချိန်မှာ မြန်မာက
ထိပ်သီးနိုင်ငံဖြစ်နေ၍ဖြစ်သည်။ ကုလသမဂ္ဂရုံးချုပ်ကိုပင် ရန်ကုန်မှာ
အခြေစိုက်ထားရသည့်အခြေအနေ။
မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံဖြိုးတို့တက်လာသည်မှာ
တရုတ်ရဲ့ကျေးဇူးမကင်းဟု ဆိုမည်ကဆိုနိုင်မည်။ဘာဖြစ်လို့လည်းဆိုတော့
မြန်မာနိုင်ငံက ကွာလတီမရှိသော
လူသုံးကုန်ပစ္စည်းမျိုးစုံ၊စက်ပစ္စည်းမျိုးစုံတို့ကို တရုတ်နိုင်ငံအတွက်
သီးသန့်ထုတ်လုပ်ရောင်းချပြီး စီးပွားဖြစ်လာသည်။ တရုတ်နိုင်ငံမှာပင်
တရုတ်လုပ်သားတွေကို ဈေးပေါပေါဖြင့်ငှားပြီး ရင်းနှီးမြုပ်နှံမှုတွေလုပ်သည်။
တရုတ်နိုင်ငံတစ်ခုလုံးမှာ သွားကြားထိုးတံကစပြီး
ဟမ်းဖုန်း၊မော်တော်ကားလောက်
အထိ မြန်မာနိုင်ငံက ထုတ်သောပစ္စည်းကိုသာ သုံးနေကြသည်။ တရုတ်နိုင်ငံရှိ
အထင်ကရမြို့ ဖြစ်သော ပေကျင်းမြို့ကြီးမှာဆိုလျှင် မြန်မာနိုင်ငံက
လုပ်ငန်ရှင်များ ၀ယ်ယူအခြေချနေထိုင် လာကြသောကြောင့် တစ်မြို့လုံးမှာ
မြန်မာတွေသာဖြစ်ကုန်တော့သည်။ပေကျင်းမြို့ဒေသခံတွေက
တိုးချဲ့မြို့သစ်တွေကိုပြောင်းကုန်ကြရသည်။ အဲ့ဒီအကြောင်းကိုပင်
တရုတ်အဆိုတော် ရှင်းရှင်းက သီချင်းလုပ်ဆိုသည်။
“ပေကျင်းမြို့ကြီးရွေ့သွားပြီဟူ၍’
မြန်မာနိုင်ငံသည် မည်သို့ပင် စီးပွားရေးဖွံဖြိုးတိုးတက်လာပြီး
လုပ်စရာမရှိတော့အောင်ပြည့်စုံနေသည်ဟုဆိုကာပင်မှု ၅ နှစ်တစ်ကြိမ် ပြုလုပ်ရသော
ရွေးကောက်ပွဲကတော့ လုပ်ရစမြဲ၊ လွှတ်တော်ခေါ်ပြီး လွှတ်တော် တက်နေရစမြဲ
မလုပ်လို့လည်းမဖြစ် လွှတ်တော်ကြီးဆောက်ထားပြီး ဒီအတိုင်းထားလို့တော့
မသင့်လျော်။ ခက်တာက လူတွေက အားလုံးပြည်စုံနေတော့ နိုင်ငံရေးကို မည်သူမှ
စိတ်မ၀င်စား လွှတ်တော်ကိုယ်စားလှယ်လုပ်ပြီး လွှတ်တော်ထဲသွားနေရမည့် အလုပ်ကို
မည်သူ့မှ မလုပ်ချင်ကြ။ လွှတ်တော်မှာလည်း ဥပဒေတွေက ဘာမှ လုပ်စရာမလိုအောင်
ပြည်စုံနေပြီ ။ကိုယ့်ဘာသာကိုယ်အေးအေးဆေးဆေး စီးပွားရေးလေးလုပ်လိုက်
ရှော့ပင်လေးထွက်လိုက်၊ အပျင်းပြေ အင်္ဂလန်သွားပြီး
ပရီးမီးယားလိဂ်ဘောပွဲလေးကြည့်လိုက်နဲ့ပဲ နေချင်ကြသည်။ အဲ့တော့
ရွေးကောက်ပွဲလုပ်တဲ့ပုံစကပြောင်းသွားသည်။
အရင်လို မဲထည့်ပြီး ရွေးကောက်တာမျိုးမလုပ်တော့
မကောင်းသူထိပ်ကောင်းသူထိပ် မဲနှိက်ပြီး မဲပေါက်တဲ့သူသွားကြေး အဲ့လိုပုံစံမျိုး ပြောင်းလိုက်သည်။
ကိုယ်စားလှယ်လုပ်ဖို့ မဲနှိုက် ကြတော့ အထူးပင်ပြောစရာမလို
သိကြသည့်အတိုင်း ကံမကောင်းတတ်ကြသူများမှာ ကဗျာဆရာအများစုဖြစ်သည်။ အဲ့တော့
ကဗျာဆရာအများစုက ကိုယ်စားလှယ်လုပ်ဖို့မဲပေါက်ကြသည်။ မဲပေါက်တဲ့
ကဗျာဆရာတွေကလည်း သူတို့ချည်းပဲတော့ လွှတ်တော်မသွား။
နိုင်ရာလူကို ဖိပြီးဆွဲခေါ်ကြသည်။ ဟိုမှာ ကဗျာအကြောင်း ကောင်းကောင်းဆွေးနွေးကြမည်ပေါ့။
ဒီလိုနဲ့ မြန်မာနိုင်ငံလွှတ်တော်မှာ ကဗျာလွှတ်တော်ဟုပြောရမလိုဖြစ်လာသည်။
**************************************************************************
လွှတ်တော်အတွင်းမှာ ကဗျာဆရာ/မ စာရေးဆရာ/မ များသာရှိကြသည်။ လွှတ်တော်ကိုယ်စားလှယ်တွေမှာ
ထူးခြားချက်ကတစ်ခုတော့ ရှိသည်။ အဲ့ဒါက တစ်ခြားနိုင်ငံလွှတ်တော်တွေလို
ပါတီတွေ ကွဲနေကြတာ မျိုးမရှိ၊ ဒါပေမယ့် ဗေဒ တွေ ကွဲနေကြတာတော့ရှိသည်။
နီယိုမော်ဒန်အဖွဲ့..ကွန်ဆက်ကျူရယ်သမား..ပို့စ်မော်ဒန်သမား..သရုပ်မှန်သမား..အက်ဆေးရေးသူများ
ဝတ္တုရေးသမား စသည်ဖြင့်….အစုစုတွေသာရှိကြသည်။
လွှတ်တော်စနေသည်မှာ ယခုဆိုလျှင် ဒုတိယအကြိမ်
သတ္တမနေ့သို့ပင်ရောက်ရှိနေပြီ။ အမှန်တော့ လွှတ်တော်ခန်းမသို့ လာမတတ်ဘဲ
နေမယ်ဆိုလျှင်နေလို့ရသည်။ အိမ်က ကွန်ပျုတာဖွင့်လိုက်တာနှင့် အစည်းအဝေးကို
တန်းရောက်သွားနိုင်သည်။ သို့သော် ကဗျာဆရာ စာရေးဆရာတွေ
ဆိုတော့သိကြသည့်အတိုင်း ဖေ့ဘုတ်ပေါ်မှာတင် like လုပ် comment ရေးနေရုံနှင့်
အားမရကြ အပြင်မှာကို အာကြောလျှော့ချင် ကြသေးသည်။
လွှတ်တော်ဥက္ကဌ ဖြစ်လာသူကတော့ တစ်ခြားလူမဟုတ် ကဗျာဆရာ သော်ဇင်အုန်း။
အမှန်တော့ သူက ဥက္ကဌမလုပ်ချင် သူဥက္ကဌဖြစ်လာတာက
လုပ်ကြံခံလိုက်ရခြင်းဖြစ်သည်။ သူက လွှတ်တော်ဥက္ကဌမလုပ်ချင်
ကိုယ်စားလှယ်တွေကမှ မသိမသာ နှပ်နေ လို့ရသေးသည်။ ဥက္ကဌဆိုတော့ ရှေ့ဆုံးမှာ
အနေရအထိုင်အရ အတော်ကျပ်သည်။
သူ့ကို လုပ်ကြံလိုက်သူက တစ်ခြားလူမဟုတ် ကဗျာဆရာ မိုးလှိုင်ည။
ကဗျာဆရာသော်ဇင်အုန်းစိတ်ထဲမှာတော့ နောက်ကျောကို ဓါးနဲ့
အထိးုခံရလေခြင်းဟု တွေးမိတိုင်း တောက်တခေါက်ခေါက်ဖြစ်ရသည်။ ကိုမိုးလှိုင်ည
အခုလိုလုပ်ကြံရခြင်းကလည်းအကြောင်းရှိသည်။ HOME ကဗျာရွတ်ပွဲ မှာ
ကဗျာဆရာသော်ဇင်အုန်းက မိုးလှိုင်ညကဗျာကို ရွတ်သွားရာတွင်
စာကြောင်းတစ်ကြောင်းမှာ ၀စ္စနှစ်လုံးပေါက် မေ့ကျန်သွားသည်။
အဲ့ဒီထည်းက အခွင့်ရလျှင် ပြန်ဆော်မည်ဟု ကဗျာဆရာမိုးလှိုင်ညက စိတ်ထဲမှာ တေးထားလိုက်သည်။
လွှတ်တော်ဥက္ကဌနေရာရွေးတော့ ကဗျာဆရာ မိုးလှိုင်ညက" ခွင်" တွေ့ပြီ ဆိုပြီး ဘာမပြောညာမပြောနဲ့
ကဗျာဆရာသော်ဇင်အုန်းကို အဆို ထတင်ပစ်လိုက်သည်။ကန့်ကွက်မယ့်သူက မရှိတော့ ကဗျာဆရာသော်ဇင်အုန်းခင်မျာ အောက်သက်သက်နဲ့ ခံလိုက်ရသည်။
လွှတ်တော်စလာတော့ ဥက္ကဌက နေရာ ယူလိုက်ပြီး အစီစဉ်တွေကိုတစ်ခုပြီးတစ်ခု ကဗျာရွတ်သလို ကြေညာလိုက်သည်။
အစီစဉ်အရ အဆိုများစပြီးတင်သွင်းမှာဖြစ်သည်။ ကဗျာဆရာမောင်မြတ်သူက စပြီး အဆိုတင်သည်။
အဆိုမတင်ခင် မောင်မြတ်သူက လွှတ်တော်မှာချိတ်ထားသော LED တီဗီပေါ်မှာ ထင်နေသော သူ့ကိုယ့်သူအရင်ကြည့်လိုက်ပြီးမှ
“ဥက္ကဌကြီးနဲ့ ကိုယ်စားလှယ်ကြီးများခင်များ ကျန်တော် မောင်မြတ်သူက
ချစ်ခြင်းမေတ္တာကို အယုံကြည်မရှိ အဆိုတင်သွင်းလိုပါတယ် အဲ့ဒါကို
အတည်ပြုပေးပါ”
ကဗျာဆရာ မောင်မြတ်သူက ဒေါသတကြီး ပြောချပစ်လိုက်သည်။တကယ်က အဆိုကို
အဲ့လိုကြီး အတည်ပြူခိုင်းလို့ ရသည်မဟုတ်၊ ထောက်ခံဆွေးနွေးပြီးမှ
မဲခွဲဆုံးဖြတ် အတည်ပြုရမှာဖြစ်သည်။ ခုတော့ကဗျာဆရာမောင်မြတ်သူခမျာ ဘာတွေများ
နာကျည်းချက်တွေ ရှိနေလည်းမသိ ခပ်ပြတ်ပြတ်ပင်ပြောချလိုက်သည်။
ကဗျာဆရာကိုယ်စားလှယ်တွေအားလုံးက မောင်မြတ်သူကို ကြောင်ကြည့်နေကြသည်။ ဥက္ကဌက မနေနိုင်မထိုင်နိုင်ထမေးရသည်။
“မောင်မြတ်သူ မောင်ရင်က ဘာလို့များ ချစ်ခြင်းမေတ္တာကိုအယုံကြည်မရှိအဆိုတင်ရတာလဲ”
“ဒါကဒီလိုရှိပါတယ်ဥက္ကဌကြီး... လွန်ခဲ့တဲ့ရက်ပိုင်းတုန်းက ကျွန်တော်
ရည်စားစာလို့အမည်ရတဲ့ အချစ်ကဗျာတစ်ပုးရေးဖြစ်ပါတယ်.. ရေးပြီးတော့ facebook
ပေါ်က ချောပေ့ လှပေ့ ဆိုတဲ့ကောင်မလေးတွေကို ရွေးပြီး Tag လိုက်ပါတယ်။
အဲ့ဒါကို ဒင်းလေးတွေက အဖြေကောင်းကောင်းပြန်မပေးတဲ့အပြင်
ပြောင်နောက်တဲ့ကွန်မန့်တွေ ပဲ ပြန်ရေးကြပါတယ် အဲ့တော့ ကျန်တော်တွေးမိပါတယ်
ဥက္ကဌခင်များ ချစ်ခြင်းမေတ္တာဆိုတာ မရှိတော့ဘူး ယုံကြည်စရာမကောင်းတော့ဘူး
ဆိုပြီး ဒီအဆိုကိုတင်တာပါ” မောင်မြတ်သူက လွမ်းလွမ်းဆွေးဆွေး ပြန်ဖြေရှာသည်။
ဥက္ကဌက ခေါင်းတဆတ်ဆတ်ညိမ့်ပြီး ထောက်ခံသူရှိသလားဟု ဆက်မေးသည်။
“ကျန်တော် ထောက်ခံပါတယ်”
အသံလာရာကို အားလုံးက ၀ိုင်းကြည့်ကြသည်။ လူကိုမတွေ့ရ သို့သော်ကိစ္စမရှိ
အသံကြားရုံနဲ့ဘယ်သူလဲဆိုတာ သိနိုင်သည်။ တစ်ခြားလူမဟုတ်
ကဗျာဆရာမောင်မိုးမြင့်
“မောင်မိုးမြင့် လွှတ်တော်မှာဆွေးနွေးရင် ထိုင်မပြောပါနဲ့ ထပြောပါ” ဥက္ကဌက သတိပေးသည်။
ကဗျာဆရာမောင်မိုးမြင့်က “၀ုန်း..!”ဆို ထိုင်ခုံပေါ်တက်ပြီး ထရပ်ပစ်လိုက်သည်။
“ဥက္ကဌ ဒီလိုတော့ နှိမ့်ချမပြောသင့်ပါဘူး တကယ်ဆို ဥက္ကဌအရပ်နဲ့ ကျန်တော့်အရပ်သိပ်ကွာတာမဟုတ်ပါဘူး
”ကဗျာဆရာသော်ဇင်အုန်း သူမှားမှန်းသိသွားရှာသည်။
”အော် ဆောရီး မောင်မိုးမြင့် မောင်ရင်ဆွေးနွေးချင်တာ ဆွေးနွေးပါ”
အဲ့တော့မှ မောင်မိုးမြင့်က သူကဗျာရွတ်နေကျ ပုံစံအတိုင်း
အသက်ကိုအောင့်ပြီး ရှိုက်ထုတ်လိုက်သည်။နောက်ပခုံးကို မြင့်ပစ်လိုက်ပြီး
အံကိုကြိတ်ရင်း ဇက်ကိုပါ စောင်းပစ်လိုက်သည်။
“ဒီအဆိုကို ကျန်တော်ထောက်ခံပါတယ် ဒါပေမယ့် ထပ်ပြီး
ဖြည့်စွက်ချင်ပါသေးတယ် ဥက္ကဌကြီးခင်များ
ချစ်ခြင်းမေတ္တာကိုအယုံကြည်မရှိတော့တဲ့အခါ ယောင်္ကျားတွေအတွက် မိန်းမတွေ
မလိုအပ်တော့သလို မိန်းမတွေအတွက်လည်း ယောင်္ကျားတွေလည်းမလိုအပ်တော့ပါဘူး
ဒီနေရာမှာ ကျန်တော့်ထည့်ပြောချင်တာက ကျန်တော် မိန်းမတွေကို
သိပ်မကျေနပ်ပါဘူး ကျွန်တော်သူငယ်ချင်း လောက အကြောင်းကို စဉ်းစားမိတိုင်း
ပိုပြီးမကျေမနပ် ဖြစ်မိပါတယ် ”
မောင်မိုးမြင့်က ကဗျာဆရာလောကကို စိတ်မကောင်းဖြစ်မိသလိုကြည့်ပြီးပြောသည်။
ကဗျာဆရာလောက က အသည်းအသန် ထငြင်းသည်။ “မဟုတ်ဘူး မဟုတ်ဘူး..အဲ့ဒါကြောက်တာမဟုတ်ဘူး ချစ်တာကွ..!!”
ဥက္ကဌနည်းနည်းကြောင်သွားသည်။ ဘာမှ မဆိုင်ပါလားလို့လည်း တွေးမိသည်။ မောင်မိုးမြင့်ကိုဆက်ပြောရန်အချက်ပြသည်။
“အဆိုမှာ ကျွန်တော်ထပ်ပြီး ဖြည့်စွက်ချင်တာက ယောင်္ကျားနဲ့ မိန်းမ
တစ်ယောက်နဲ့တစ်ယောက်အကူညီမလိုပဲ မိသားစု ဖန်တီးနိုင်အောင် လူသားအားလုံး
ကိုယ့်ကိုယ်တိုင် ကိုယ်ဝန်ဆောင်ပြီး ကိုယ်ကိုယ်တိုင်
ကလေးမွေးနိုင်တဲ့ဆေးဝါးမျိုး မြန်မာနိုင်ငံဆေးဝါးထုတ်လုပ်ရေးမှ
အမြန်ဆုံးဖေါ်စပ်ပေးပါရန် အဆိုကိုထပ်ပြီး ဖြည့်စွက်ချင်ပါတယ.်
ဒါနဲ့ပတ်သက်ပြီး ကျွန်တော်... ကိုယ်ပိုင်အကုသိုလ် ဆိုတဲ့ ကဗျာတစ်ပုဒ်တောင်
ရေးထားပါတယ်.လိုအပ်ရင်ခုရွတ်ပြပါမယ်…” “ကိုယ်ပိုင်အကုသိုလ်”
မောင်မိုးမြင့်က ကဗျာအတင်းထရွတ်ဖို့လုပ်သည်။
ဥက္ကဌခင်မျာ မနည်းတားယူရသည်။
မောင်မိုးမြင့်အဆိုပြီးပြီးချင်းပင် “ကျန်တော်
အသည်းအသန်ကန့်ကွက်ပါတယ်”.. “ကျန်တော်လည်း အပြင်းအထန်ကန့်ကွက်ပါတယ်” ကဗျာဆရာ
ကမ္ဘာ့ဖျာနဲ့ ကဗျာဆရာ ရင်နင့်အောင်ကို ထပြီး
ကန့်ကွက်သည်။မကန့်ကွက်လို့လည်းမဖြစ် အိမ်ကမိန်းမတွေနှင့်
ပြသာနာအကြီးအကျယ်တက်နိုင်သည်။
ကဗျာဆရာကမ္ဘာဖျာက စပြီး ပြောသည်။
“ဥက္ကဌ ကြိးလည်း ချစ်လှစွာသော ဇနီးနဲ့သားနဲ့ပါ စဉ်းစားကြည့်ပါဦး
ဥက္ကဌကြီးခင်များ တကယ်လို့ ချစ်ခြင်းမေတ္တာအယုံကြည်မရှိအဆိုသာ အောင်သွားပါက
ကျန်တော်တို့ မဒမ်တွေ စိတ်ကောက်ရင် ဘယ်စကားလုံးနဲ့ချော့ရပါမလဲ ပိုဆိုးတာက
မောင်မိုးမြင့်ပြောတဲ့ ဆေးသာ တကယ်ထွက်လာရင် ကျန်တော်တို့ ဘ၀က
မတွေးရဲစရာပါပဲ”
သို့သော် ကန့်ကွက်သည်ဖြစ်စေ ထောက်ခံသည်ဖြစ်စေ လုပ်ထုံးလုပ်နည်းအရတော့ မဲခွဲဆုံးဖြတ်ရမည်ဖြစ်သည်။
အဲ့တော့ မဲခွဲပြီး အဆုံးအဖြတ်ရယူသည်။အဆိုက အပြတ်အသတ်ရှုံးသွာသည်။
မရှုံးပဲလည်း နေမည်မဟုတ် ကိုယ်စားလှယ်အများစုက ယောင်္ကျားတွေဖြစ်နေတော့
ကိုယ့်သေတွင်းတော့ ကိုပြန်မတူးကြ။
ကဗျာဆရာမောင်မြတ်သူကတော့ မောင်မိုးမြင့်ကို မကြည် ကြည့် ကြည့် နေသည်။
သူ့အဆို မောင်မိုးမြင့်ဝင်ရှုပ်တော့မှ ခွက်ခွက်လန်အောင်ရှုံးသွားရသည်။
အစီစဉ်အရတော့ မေးခွန်းမေးရမည့်အစီစဉ်ဖြစ်သည်။သို့သော် ကဗျာဆရာဇာတိ(ဗျာပုံ)က ဘာမပြောညာမပြော အရေးကြီးအဆိုထတင်သည်။
“ဥက္ကကြီးခင်များ ကျန်တော်အရေးကြီးအဆိုတစ်ခုတင်ချင်ပါတယ် ခွင့်ပြူပေးပါ”
ဥက္ကဌက ခွင့်မပြူလို့လည်းမဖြစ် ထပြောမယ့်အခြေအနေရှိနေတော့ခွင့်ပြုလိုက်ရသည်။
"မောင်ဇာတိ မြန်မြန်တင်ပါ"
ဇာတိ(ဖျာပုံက)က အဆိုကိုဆက်ပြောသည်။
“ကျန်တော်တင်ပြလိုတာက အခုဆိုရင် ခေတ်ကြီးက အရမ်းကို
တိုးတက်နေပါပြီအဲ့တော့ ခေတ်စနစ်နဲ့ မကိုက်ညီတော့တာတွေကို ပြင်ဆင်ရပါတော့မယ်
ကျန်တော်အရင်ဆုံးပြင်ချင်တာကတော့"
ဇာတိက ခဏနားလိုက်သည်။ပြီးတော့မှ “ကျွန်တော့်နာမည်ကို အရင်ပြင်ချင်ပါတယ်
ကျွန်တော့်နာမည်ဇာတိ(ဖျာပုံ)ဆိုတာက ခေတ်မမီတော့ပါဘူး ဘာလို့လည်းဆိုတော့
ခုခေတ်မှာ ဖျာ ဆိုတာ မရှိတော့ပါဘူး မွေ့ယာတွေပဲခေတ်စားနေပါတော့တယ်
အဲ့တော့.. ကျွန်တော့်နာမည်ကို ဇာတိ(ဖျာပုံ)အစား ဇာတိ(မွေ့ယာပုံ)လို့
version မြှင့် လိုက်ချင်ပါတယ် အဲ့ဒါအတည်ပြုပေးပါ”
အမှန်တော့လွှတ်တော်လိုနေရာမျိုးသည် တစ်နိုင်ငံလုံးအရေးများသာ ဖြေရှင်းဆောင်ရွက်ရသည့်နေရာဖြစ်သည်။
သို့သော် မြန်မာနိုင်ငံအတွက်က အထူးဆောင်ရွက်စရာမလိုအောင် အားလုံးပြည့်စုံနေပြီ။ အဲ့တော့ ကိုယ်ဖြစ်ချင် တာသာလျှောက်ပြင်နေကြတော့သည်။
သိပ်တော့လည်းပြောစရာမလို သူ့နာမည်သူပြင်တာ လွှတ်ပေးထားလိုက်ရုံပင်။
ဒီလောက်နှင့်မပြီး ကဗျာဆရာ ကမ္ဘာဖျာကပါ တစ်စခန်းထလာပြန်သည်။
“ဒီလိုဆိုရင် ကျန်တော့်နာမည်လည်း version မြှင့်မှ ဖြစ်မှာပါ ကျန်တော့်နာမည်ကိုလည်း ကမ္ဘာမွေ့ယာလို့ အတည်ပြူပေးပါ”
အားလုံးက ပြီးပြီးရော အတည်ပြုပေးလိုက်ကြသည်။ သို့သော်လည်း နာမည် ပြောင်းချင်သူတွေက ထပ်တိုးလာသည်။ ဒီတစ်ခါတော့ ကဗျာဆရာ မင်းလုလင်။
“ကျွန်တော်လည်း နာမည် version မြှင့်ချင်ပါသေးတယ် အရင်တုန်းက
ခေတ်တွေမှာ ရှင်ဘုရင်တို့ မင်းတို့ ဆိုတာ ရှိပေမယ့် အခုချိန်မှာ
အဲ့ဒီခေတ်မဟုတ်တော့ပါဘူး သမ္မတခတ် ဖြစ်သွားပါပြီ အဲ့တော့ ကျွန်တော့်နာမည်ကို
မင်းလုလင်ကနေပြီးတော့ သမ္မတလုလင်လို့ ပြောင်းချင်ပါတယ် ဥက္ကဌကြီးခင်များ ”
သမ္မတလင်လု ဟု မပြောင်းသည်ပဲ တော်သေးသည်ဟု ဥက္ကဌခင်မျာ စိတ်ပျက်လက်ပျက်တွေးမိသည်။
နောက်တစ်ခါ နာမည်ပြောင်းချင်သူကလည်း ပေါ်လာပြီ။ ဒီတစ်ခါတော့ ကဗျာဆရာမ ဖြစ်နေသည်။
ကဗျာဆရာမ ရွှေဖယောင်း ကလည်း သူ့နာမည်ကို ပြောင်းဖို့ အဆိုထပြုသည်။
“ကျွန်မလည်း နာမည်ကို version နည်းနည်းမြှင့်ချင်ပါတယ်”
“ဘယ်လိုမြှင့်ချင်တာလဲကွယ်” ဥက္ကဌအသံမှာ အတော်ပင်အားမရှိတော့။
“ဒီလိုပါ အခုဆိုရင်ခေတ်ကြီးက အရမ်းတိုးတက်ပြီးတော့ ၂၄ နာရီလုံးလုံး လျှပ်စစ်မီးတွေ တထိန်ထိန်နဲ့ ဖြစ်နေပါပြီး
ဒီချိန်မှာ ဖယောင်းတိုင်ဆိုတာ မရှိသလောက်ရှားကုန်ပါပြီ အဲ့တော့လည်း
နာမည်ကို version မြှင့်တဲ့အနေနဲ့ ရွှေဖယောင်းကနေ ရွှေလျှပ်စစ်
လို့ပြောင်းချင်ပါတယ်”
ကောင်းရော လွှတ်တော်ဥက္ကဌမှာ သူ့နမည်ပင် Update ဖြစ်ပါတော့မလားဟု တွေးမိသည်။
ကျွန်မလည်းပြောင်းချင်ပါသေးတယ်။ ကဗျာဆရာမ မြ က တစ်စခန်းလာပြန်သည်။
“ဟိုလေ ကျွန်မ နာမည်က ခေတ်မမီတော့လို့မဟုတ်ပါဘူး ဒါပေမယ့် မြ ဆိုတာထက်
ပလက်တီနမ်က ပိုပြီး မြင့်မယ်ထင်လို့.. ပလက်တီနမ်လို့ ပြောင်းချင်တာပါ”
ကျွန်တော်လည်း version မြှင့်ချင်ပါသေးတယ်။ အဆိုရှုံးပြီး မှုံကုပ်ကုပ်ဖြစ်နေသော ကဗျာဆရာမောင်မြတ်သူက အသံပြန်ထွက်လာသည်။
“ကျွန်တော်တိုတိုနဲ့ လိုရင်းပဲပြောချင်ပါတယ် ခုခေတ်မှာ မြက်ပင်တွေ
မရှိတော့ပါဘူး အဲ့တော့ ကျွန်တော်နမည့်ကို မောင်မြတ်သူကနေ မောင်ကွန်ကရစ်သူ
လို့ version ကို မြှင့်လိုက်ချင်ပါတယ်။”
“ကျွန်တော်လည်း ပြောင်းချင်ပါတယ် ”“ ကျွန်တော်လည်း ပြောင်းချင်ပါတယ်” အသံတွေက တစ်ခုပြီးတစ်ခု ထွက်လာသည်။
ဥက္ကဌ စိတ်မရှည်တော့…
“တော်ပြီတော်ပြီ နာမည်ပြောင်းချင်သူတွေ version မြှင့်ချင်သူတွေ အားလုံး စာရင်းပေးထားကြ
နောက်တစ်နေ့ လွှတ်တော်မှာ ကြေညာပြီး အတည်ပြုပေးမယ်။ အ ခုနောက်အစီစဉ်သွားမယ် ဒါပဲ”
နောက်အစီစဉ်အရ ကဗျာဆရာ မူးရစ်က မေးခွန်းမေးရန် မတ်တပ်ထရပ်သည်။
လွှတ်တော်တစ်ခုလုံး အုံးအုံးကြွက်ကြွတ်ဖြစ်သွားတော့သည်။်မီဒီယာသမားများ
အလုအရက် ဓါတ်ပုံရိုက်နေကြသောကြောင့်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော်
ကဗျာဆရာမူးရစ်မှာ နှုတ်ခမ်းနီမလေးတွေ အသည်းစွဲ အောင်မြင်ကျော်ကြားလှသော
ကဗျာဆရာဖြစ်နေသောကြောင့်ပင်။
“ကျွန်တော် အခုမေးမယ့်မေးခွန်းက ကျွန်တော့်ရှေ့က ကဗျာဆရာ အစ်ကိုကြီးတွေ
ဖြစ်တဲ့ ကိုလေပြေသုန် ကိုလူလူလင်္ကျာ တို့နဲ့ တခြား အစ်ကိုအစ်မ ကဗျာဆရာ/မ တွေ
အတွက်ရည်ရွယ်ပြီး မေးမှာပါ ကျွန်တော်မေးချင်တာက ”
ကဗျာဆရာမူးရစ် စကားကိုခဏရပ်လိုက်သည။် ပြီးမှ..
“တကယ်တော့ နိုင်ငံတော် အစိုးရဆိုတာ တိုင်းသူပြည်သားတွေရဲ့ မိဘပါပဲ
အဲ့တော့ မိဘတို့ဝတ္တရားအတိုင်း အရွယ်လွန်သက်တမ်းလွန် ဂေါ်မစွံ
လူပျိုကြီးအပျိုကြီးတွေကို မိဘဖြစ်သော အစိုးရအနေနဲ့ သင့်လျော်ရာနဲ့
စီမံ အိမ်ထောင်ချပေးရန် ရှိမရှိ ဆိုတာကို သိလိုပါတယ်”
“၀ုန်းးးးးးး” ဆို ကဗျာဆရာမ အမွန်းမွန်း က ထရပ်သည်။ သို့သော် သူ့ထက် ဦးအောင်ရပ်ထားက
ကဗျာဆရာလေပြေသုန်ဖြစ်နေသည်။ ကဗျာဆရာလေပြေသုန်က
“ကျွန်တော်အနေနဲ့ ဒီမေးခွန်းက မေးခွန်းမဖြစ်ထိုက်ပဲ အဆိုဖြစ်သင့်တဲ့အတွက် အဆိုအဖြစ်ပြောင်းလိုပါတယ်”
အမှန်တော့ ဒီမေးခွန်းဒီအဆိုနဲ့ ပတ်သက်ပြီး ကဗျာဆရာမူးရစ်နဲ့
ကဗျာဆရာလေပြေသုန်တို့က
လက်ဝါးချင်းရိုက်ထားပြီးသားဖြစ်နေသည်။ဒါကြောင့်လည်းမူးရစ်ပြောလို့မပြီးခင်ကတည်းက
ကဗျာဆရာလေပြေသုန်က
မတ်တပ်ထရပ်ထားခြင်းဖြစ်သည်။ဒီအတွက် လေပြေသုန်က မူးရစ်ကို ဘီယာလေးခွက်တိုက်မယ်ပြောပြီး စည်းရုံးထားရခြင်းဖြစ်သည်။
“ကျွန်တော့်အနေနဲ့ ဒီမေးခွန်းကို အရွယ်လွန် ဂေါ်မစွံ
လူပျိုကြီးအပျိုကြီးတွေကို မိဘဖြစ်သော အစိုးရက သင့်လျော်ရာနဲ့
စီမံအိမ်ထောင်ချပေးရန် လွှတ်တော်က ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း
အဆိုအဖြစ် ပြောင်းလိုပါတယ်”
“၀ုန်းးးးး” “ကျွန်မ ကန့်ကွက်ပါတယ်”… “ကျွန်မလည်း ကန့်ကွက်ပါတယ်”
ကဗျာဆရာမ အမွန်းမွန်းနှင့် ကဗျာဆရာမ မြ တို့က ထပြီး ကန့်ကွက်သည်
မကန့်ကွက်လို့လည်းမဖြစ် သူတို့က အပျိုကြီးစာရင်း ၀င်စပြုနေပြီ။ ကဗျာဆရာမ
အမွန်းမွန်းက
“ ဒီအဆိုရော မေးခွန်းရော ကျွန်မ ကန့်ကွက်ပါတယ် ကျွန်မတို့က အေးအေးဆေးဆေးနေချင်တဲ့သူတွေ ရှုပ်ရှုပ်ရှက်ရှက်တွေ မလုပ်ပါနဲ့ ”
ကဗျာဆရာမ အမွန်းမွန်းက ကဗျာဆရာမူးရစ်ကို ပေကြည့် ကြည့်ပြီးပြောသည်။ ပါးစပ်ကလည်းရေရွတ်နေလိုက်သေးသည်။
“လူကြည့်တော့ ပိန်ညောင်ညောင်နဲ့ ဆရာဝင်လုပ်နေသေးတယ်” ခပ်တိုးတိုးရေရွတ်သော်လည်း မိုက်ကရိုဖုန်းက
အနားမှာ ရှိနေတော့ အားလုံးကြားလောက်သည်။ သို့သော် ကဗျာဆရာမူးရစ်က သိပ်ဂရုမစိုက်
အောင်မြင်ကျော်ကြားသူတွေအနေနဲ့ ဒီလိုအတိုက်အခိုက်ခံရမယ် ဆိုတာ သူတွေးထားပြီးသား။
ကျွန်တော်တစ်ခုလောက်တော့ အကြံပြုချင်ပါတယ်။ ဒီတစ်ခါထပြောသူက မန္တလေးက စာရေးဆရာဒေါက်တာဇွဲလွင်
“ကျန်တော် တစ်ခုလောက်အကြံပြုချင်ပါတယ် ခုန ကိုလေပြေပြောတဲ့
အဆိုရှေ့ဆုံးမှာ အိမ်ထောင်ပြူရန် ဆန္ဒရှိသော ဆိုတဲ့ စကားလုံးလေး
ဖြည့်လိုက်မယ်ဆိုရင် ကိုလေပြေတို့လိုချင်တာရော အစ်မမွန် တို့ အတွက်လည်း
ရှင်းရှင်းလင်းလင်း လွတ်ကင်းသွားလိမ့်မယ်လို့ ထင်ပါတယ်”
ဥက္ကဌ ကဗျာဆရာ သော်ဇင်အုန်းက ခေါင်းတဆတ်ဆတ်ငြိမ့်သည်။
ကန့်ကွက်မည့်သူလည်းမရှိတော့ ။လွှတ်တော်မှာ မဲခွဲပြီး ဆုံဖြတ်ကြသည်။
မဲခွဲဆုံးဖြတ်တော့လည်း သိတဲ့အတိုင်းပင် လွှတ်တော်မှာက ကဗျာဆရာ အများစု။
ကဗျာဆရာဆိုသည်က ကိုယ့်အစွမ်းအစ နှင့်ဆိုလျှင် တစ်သက်လုံး ဂေါ်မစွံ
ဖြစ်ကြဖို့သာ များသည်။အဲ့တော့ ပြောစရာမလိုအောင် အဆိုက အောင်သွားသည်။
ကန့်ကွက်မဲနှင့် ကြားနေမဲများတော့ အနည်းငယ်ရှိကြသည်။
ကဗျာဆရာလေပြေသုန်က ကဗျာဆရာ
လူလူလင်္ကျာကိုအောင်မြင်သည့်ပုံစံဖြင့်ကြည့်သည်။ကဗျာဆရာမူးရစ်က
လက်လေးချောင်းထောင်ပြသည်။ ဘီယာလေးခွက် ဟု ဆိုလိုသည့်သဘော။
ဥက္ကဌအနေဖြင့် လွှတ်တော်အစီစဉ်တွေကို ပြီးစေချင်နေပြီ။ ညနေ လမ်းလေးဆယ်တွင်
ဝိုင်းရှိသည်မဟုတ်ပါလား။ မမီလို့မဖြစ်။ ဒီနေ့လွှတ်တော်တွင်
နောက်ဆုံအစီစဉ်သာရှိတော့သည်။
မဲခွဲဆုံးဖြတ်အပြီးအားလုံးက ခတ္တငြိမ်သက်နေကြစဉ် မထင်မှတ်ဘဲ အသံတစ်သံထွက်လာသည်။
“ညောင်..!!!!!!”
တစ်ချိန်လုံး ငြိမ်နေသော ကဗျာဆရာ ဟံလင်းက လက်ကိုင်ဖုန်းကို ထုတ်ပြီး အပြေးအလွှား ဓါတ်ပုံလိုက်ရိုက်သည်။ ပါစပ်ကလည်းအော်နေသေးသည်။
“လွှတ်တော်တက် ကြောင်!! … လွှတ်တော်တက် ကြောင်!! …”
ကဗျာဆရာဟံလင်း ဓါတ်ပုံအရိုက်ကောင်း၍ထင်သည် လွှတ်တော်တက်ကြောင်မှာ လွှတ် နေအောင် ပြေးတော့သည်။
ဥက္ကဌတော်တော် ဒေါသ ထွက်သွားသည့်အခြေအနေ ဖြစ်နေသည်။
“ဒီကြောင်ကိုဘယ်သူခေါ်လာတာလဲ” ဒေါသသံပါပါဖြင့်မေးနေသည်။
အမှန်တော့ မေးစရာမလို ကြောင်နှင့်ပတ်သက်ပြီးယူလာမည့်သူဆိုလို့
ကဗျာဆရာဟံလင်းနဲ့ ကမ္ဘာဖျာ ၂ယောက်ထဲက တစ်ယောက်ယောက်ပင် ဖြစ်နိုင်သည်။
အထူးတွေးနေစရာမလို အားလုံးသိနိုင်သည့်အခြေအနေ
လွှတ်တော် ဥက္ကဌက သတိထပ်ပေးသည်။
“ကိုယ်စားလှယ်တွေကို သတိပေးထားမယ် နောက်ကို လွှတ်တော်ကိုအနှောင့်အယှက် ဖြစ်စေမယ့်အရာတွေ ယူမလာကြပါနဲ့
နောက်ပြီး လွှတ်တော်တက်နေတဲ့အချိန် ဖေ့ဘုတ်သုံးတာ ဆင်ခြင်ကြပါ
ကျွန်တော့ wall မှာ notifications တွေတက်လာနေတာ အာရုံနောက်တယ်”…”ဒုန်း!!”
ဥက္ကဌက မောင်းထုချပြီးပြောလိုက်သည်။ သူပြောလို့ မပြီးခင်မှာပဲ
ကဗျာဆရာဟံလင်း၏ လွှတ်တော်တက်ကြောင်မှာ ဖေ့ဘုတ်ပေါ်ရောက်
သွားပြီ ဖြစ်သည်။
လွှတ်တော်ဥက္ကဌက နောက်ဆုံးအစီစဉ် အဆိုတင်မည့်သူ့ကို ဖိတ်ခေါ်လိုက်သည်။
တိုတိုနှင့်လိုရင်း တင်ရန်ပြောသည်။အဆိုင်တင်ရမည့်သူမှာ ကဗျာဆရာ
အလင်းနှစ်ဖြစ်သည်။
တကယ်တော့ ကဗျာဆရာ အလင်းနှစ်မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အသက်မမီသေး
သို့သော် သူလည်းကဗျာဆရာတွေနဲ့ စုစုဝေးနေချင်သည် အဲ့တော့ လွယ်လွယ်ပင်
ဖေ့ဘုတ်ပေါ်မှာ အသက်ကို ပြောင်းလိုက်သည်။
“ကျွန်တော်တင်ချင်တဲ့ အဆိုနဲ့ ပတ်သက်ပြီးပြောရရင် ခုတလော ဖေ့ဘုတ်ပေါ်မှာ
ကဗျာဆရာတွေကို တိုက်ခိုက်နေတဲ့ မောင်ဂေါ်လီဆိုတာ တော်တော်လေး
လူပြောသူပြောများနေပါတယ် တစ်ယောက်နဲ့တစ်ယောက်လည်း သံသယတွေ ၀င်နေကြပါတယ်
အဲ့တော့ မောင်ဂေါ်လီ ဘယ်သူလဲ ဆိုတာကို စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်
ဖွဲ့ပြီး စစ်ဆေးဖေါ်ထုတ်သွားဖို့ အဆိုပြုလိုပါတယ်”
ပုံမှန်အတိုင်းဆိုရင်တော့ အဆိုကို ထပ်ပြီး ထောက်ခံဆွေးနွေး
ရဦးမည်ဖြစ်သည်။ သို့သော် ဥက္ကဌရော ကိုယ်စားလှယ်တွေပါ အစည်းအဝေးကို
ပြီးလိုကြပြီ။ ကြားဖြတ်အစီစဉ်တွေကြောင့်လည်း အချိန်က တော်တော်လင့်သွားသည်။
ဥက္ကဌက ဒီအဆိုကို နောက်တစ်နေ့မှာ ဆက်ဆွေးနွေးဖို့ ရွှေ့လိုက်ပြီး
အစည်းအဝေးကို တိုတို ပြတ်ပြတ် နဲ့ သိမ်းလိုက်ကြောင်းကြေညာလိုက်တော့သည်။
ဒီလိုနဲ့ အစည်းအဝေး သတ္တမနေ့မှာ အောင်အောင်မြင်မြင် ပြီးဆုံးသွားတော့သည်။
မပြီးလို့လည်း မဖြစ် ကျွန်တော်လည်း တော်တော် အိပ်ချင်နေပြီဖြစ်သည်။
အခန်းဆက်ရန် ရှိပါသေးသည်။
မှူးသစ်
(နောက်တစ်နေ့ လွှတ်တော်အတွက် အဆိုတင်ချင်သူများ မေးခွန်းမေးလိုသူများ ကဗျာဆရာ မူးရစ်ထံ စာရင်းပေးထားနိုင်ပါမည်။
နာမည် version မြှင့်လိုလျှင်လည်း စာရင်းပေးထားနိုင်ပါကြောင်း...)
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment