စီးကရက်တစ်လိပ်လောက် ဆိုတာကနေစပြီး
ငါ့ကို ဂရုစိုက်ပေးပါဆိုတဲ့ တောင်းဆိုမှုတွေအထိ
လင်းလိုက် မှောင်လိုက်နဲ့
စိတ်ပျက်စရာကောင်းတဲ့ အိပ်မက်တွေဟာ.
ငါရဲ့ လူဖြစ်ခြင်းဖြစ်တယ်
ခပ်ဝေးဝေးကိုမှ ကြည့်တတ်သူတွေကြားထဲ
ငါမျက်လုံးက အသည်းအသန် အနီးမှုံနေတယ်
ပြောင်းလဲသွားကြတဲ့ လူတွေအကြောင်းကိုငေး
ဆရာကြီးများသမိုင်း ဆိုတာကို ငါမြင်လာရတဲ့အခါ
အဲ့ဒီစာမျက်နာကို ငါကျော်ပစ်လိုက်တယ်
လူ့အသိုင်းအဝိုင်းဟာ လူထက် နာမည်တွေ ဂုဏ်တွေ
ကျော်ကြားချမ်းသာမှုတွေကို ပိုပြီးတောင်းတတယ်
ဒါဟာ ငါ နောက်ဆုံး နာဖြစ်တဲ့ တရားဖြစ်တယ်
အဲ့ဒီနောက် ငါဟာ မထွေးဖြစ်တဲ့ တံတွေးကို မျိုတယ်
ဘီယာတစ်ခွက်မှာတယ် စီးကရက်တစ်လိပ်ကို မီးညှိတယ်
လူ့အဖွဲ့အစည်းဟာ လူတွေနဲ့ပေါင်းဖွဲ့စည်းတာမဟုတ်ဘူးဆိုတာ
ငါကလွဲရင် ငါမဟုတ်သူတွေက သိနေတယ်
ငါမသိခဲ့တာတွေကလည်း အတော်များတယ်
လူတွေက ဘီယာဝိုင်းမထိုင်ဘူး
နာမည်တွေက ဘီယာဝိုင်းထိုင်ကြတယ်
လူတွေက စာမရေးဘူး သီချင်းမဆိုဘူး
နာမည်တွေက စာရေးကြတယ် သီချင်းဆိုကြတယ်
လူတွေက ရုပ်ရှင်မရိုက်ဘူး
နာမည်တွေက ရုပ်ရှင်ရိုက်ကြတယ်
ငါဘာမှ မသိခဲ့ဘူး
လူတွေဟာ လူအစစ်တွေမဟုတ်ဘူးဆိုတာတွေအထိ
ငါမသိခဲ့ဘူး
လူ့အသိုင်းအဝိုင်းတွေက ကျယ်ကျယ်လာတဲ့အခါ
ငါက တစ်စတစ်စ ကျုံ့ကျုံ့သေးလာတယ်
ငါဘယ်လောက် သေးလာသလဲဆိုတာလည်း
ငါမသိခဲ့ဘူး
မှူးသစ်
No comments:
Post a Comment