"မြန်မာ့ရုပ်ရှင်က မြန်မာ့လူ့အဖွဲ့အစည်းကို ဘာတွေသင်ကြားပေးနေသလဲ."


မှူးသစ်
ရုပ်ရှင်အနုပညာဆိုတာ လူ့အဖွဲ့အစည်းအပေါ်မှာ လွှမ်းမိုးရှိတယ်၊ အနုပညာတွေကတဆင့် လူ့အဖွဲ့အစည်းကြားထဲမှာ ခွဲခြားဆက်ဆံမှုတွေ၊ အမုန်းတရားတွေကင်းဝေအောင်လုပ်ကြဖို့ လိုအပ်တယ် ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က အကယ်ဒမီပေးပွဲကို ပေးပို့တဲ့ သ၀ဏ်လွှာထဲမှာ ထည့်ပြီးရေးထားတာကို သတိပြုမိတယ်။
နိုင်ငံခေါင်းဆောင်တစ်ယောက်ပြောတဲ့ စကားဖြစ်တာမို့ ရုပ်ရှင်လုပ်ငန်းလုပ်ကိုင်သူတွေဟာ သတိပြုမိကြလိမ့်မယ်လို့ ထင်မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အဲ့ဒီ စကားတွေကို ဘယ်လိုရည်ရွယ်ချက်နဲ့ ထည့်ပြောခဲ့တယ်ဆိုတာ မသိပေမယ့်၊ မြန်မာ့ရုပ်ရှင် ဗီဒီယို တွေထဲမှာ ခွဲခြားဆက်မှုနဲ့ အမုန်းတရားကို သင်ကြားပေးတာ တွေ၊ လူ့အခွင့်အရေးကို ချိုးဖေါက်တာတွေကတော့ တော်တော်များများကို ရှိနေဆဲပါပဲ။ အဲ့ဒီအမြင်တွေကို ပိုပြီးသေချာစေတာက ဒီနှစ်အကယ်ဒမီပေးပွဲမှာ အကောင်းဆုံးဇာတ်ကားဆု အပါအ၀င် ဆု ၃ ဆုရသွားတဲ့ အုတ်ကြားမြတ်ပေါက် ဆိုတဲ့ ဇာတ်ကားဟာ လူမျိုးရေး၊ ဘာသာရေး ဆိုင်ရာ မုန်းတီးမှုတွေဖြစ်စေမယ့် ဇာတ်ကွက်အချို့ပါနေတဲ့ ဇာတ်ကားဖြစ်နေတာကြောင့်ပါပဲ။
အဲ့ဒီ ဇာတ်ကားထဲက ဇာတ်ကွက် ၂ ခုဟာ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ အမုန်းတရားတွေလွှမ်းမိုးနေတာကို တွေ့ရနိုင်တယ်။ ဒီနေရာမှာ ရုပ်ရှင်ဇာတ်ကားတစ်ခုလုံး အသေချာကြည့်ပြီး သုံသပ်ချက်ရေးထားတဲ့ DatShin Page က ရေးသားထားတာကို ကောက်နုတ်ဖေါ်ပြချင်ပါတယ်။ ( * သကြား ထောင်ကအိမ်ပြန်လာတဲ့အခန်းနဲ့ ရွှေအုတ် တစ်ယောက် မမကြီးကို ရန်တွေ့တဲ့ အခန်းပါ။ ဇာတ်လမ်းနဲ့ ဘာမှမပတ်သက်တဲ့ ပြီးတော့ အရမ်းလည်း အန္တရာယ်ကြီးတဲ့ လူမျိုးရေးအရောင်ဆိုးထားတဲ့ အကွက်တွေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ထည့်ရိုက်ထားပါတယ်။*) အပြည့်အစုံကို ဖတ်ချင်ရင် ဒီလင့်မှာ ဖတ်ပါ - https://www.facebook.com/…/a.84420329895…/1100015513373021/…
ဖေါ်ပြထားတဲ့ သုံးသပ်မှုကို ကြည့်ပြီး ဇာတ်ဝင်ခန်း ၂ ခုတည်းလို့ ဆိုပြီး တုံ့ပြန်ကောင်းတုံ့ပြန်နိုင်ပါတယ်။ဒါပေမယ့် သတိပြုရမှာ ရုပ်ရှင်ဇာတ်ကားတွေကတဆင့်၊ အမုန်းတရားဖြစ်ဖြစ်၊ ခွဲခြားဆက်ဆံတဲ့အကျင့်ဖြစ်ဖြစ်၊ ချစ်ခြင်းမေတ္တာဖြစ်ဖြစ် ပေးတဲ့အခါမှာ ဇာတ်ကားတစ်ကားလုံးစုပြုံပြီးပေးမှ ဆိုတာမျိုး
မဟုတ်ပါဘူး။ ဇာတ်ကွက်တစ်ခု၊ ဒိုင်ယာလော့ခ်တစ်ခု တည်းနဲ့လည်း လူတွေရဲ့ စိတ်ထဲကို စွဲနှစ်ပြီးရောက်သွားအောင်လုပ်ဆောင်နိုင်ပါတယ်။ အဲ့ဒီဇာတ်ကားထဲက နေတိုးက စိုးမြတ်သူဇာကို ပြောတဲ့ ဒိုင်ယာလော့ခ်တွေ၊ ထွန်းထွန်းတို့ အိမ်ကို တခြားလူတစ်ယောက်ပိုင်သွားတဲ့ ဇာတ်ဝင်ခန်း အဲ့ဒီဇာတ်ဝင်ခန်းမှာဆိုရင်လည်း ဘာသာခြား လူမျိုးခြားက သိမ်းပိုက်လိုက်တာမျိုး၊ ဘာသာခြား၊ လူမျိုးခြားဆိုတာကိုလည်း ဘယ်ဘာသာ၊ဘယ်လိုလူမျိုးဆိုတာ သိသာအောင် ပုံဖေါ်ထားတာမျိုး စတာတွေ ပါဝင်ပါတယ်။
အရမ်းကြိုက်တဲ့ ရုပ်ရှင်ဇာတ်ကားထဲက ဒိုင်ယာလော့ခ်တစ်ခုကို အမြဲတမ်းမှတ်မိနေတာမျိုးဆိုတာ ဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။အဲ့ဒီထဲက အမူအကျင့်တွေ စကားလုံးတွေကိုကို စွဲမြဲမှတ်မိနေမိစေတာမျိုးပါ။ ဥပမာအနေနဲ့ ပြောရရင် ပြီးခဲ့တဲ့ Oscar ဆုပေးပွဲမှာ nominated ၀င်ခဲ့တဲ့ HackSaw ဆိုတဲ့ ဇာတ်ကားထဲမှာ သေနတ်မကိုင်တဲ့ ဇာတ်ကောင် သူနာပြု ပြောတဲ့ “သူများတွေ လူသတ်နေတဲ့အချိန်မှာ ငါလူတွေရဲ့ အသတ်ကိုကယ်နေမှာပါ” ဆိုတဲ့ စကားဟာ (ကျန်တော့်အမြင်အရ ခံစားမှုအရ) လူတွေရဲ့ ရင်ထဲကို ရောက်သွားစေနိုင်တဲ့ ဒိုင်ယာလော့ခ်မျိုးပါ။ အဲ့သလို ဇာတ်ကားတစ်ခုလုံးရဲ့ အနုပညာကို ခံစားပြီး၊ အဲ့သလို စကားကို နားထောင်မိတဲ့ လူတစ်ယောက်ဟာ လူ့အသတ်၊ လူ့ဖြစ်တည်မှုတန်းဖိုးတွေကို အများကြီး တန်းဖိုးထားသွားစေနိုင်တာမျိုးပါ။
လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက စကြည့်ဖူးပြီး အရမ်းကြိုက်ခဲ့ပြီး ခဏခဏကြည့် ဖြစ်တဲ့ Hotel Rwanda ဆိုတဲ့ ဇာတ်ကားထဲက ဒိုင်ယာလော့ဂ်တစ်ခုကိုလည်း ပြန်ပြီး အမှတ်ရမိပါသေးတယ်။အဲ့ဒီဇာတ်ကားကလည်း ရ၀မ်ဒါနိုင်ငံက လူမျိုးရေးမုန်းတီးကြောင့်ဖြစ်တဲ့ ပြည်တွင်းစစ်ကို အခြေခံရိုက်ထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားပါပဲ။ လူမျိုးစု နှစ်စုကြားထဲက မုန်းတီးတွေကြောင့် ဖြစ်လာတဲ့ ဒုက္ခတွေ၊နာကျင်မှုတွေနဲ့အတူ အမုန်းတရားတွေကြားထဲက ချစ်ခြင်းမေတ္တာတွေကို အကောင်းဆုံးရိုက်ပြသွားနိုင်တဲ့ ဇာတ်ကားပါ။ အဲ့ဒီဇာတ်ကားကြည့်ပြီး လူမျိုးရေးမုန်းတီးမှုဆိုတာ သိပ်ကိုဆိုးရွားလှ ပါလားဆိုတဲ့ အသိရခဲ့တယ်။ အဲ့ဒီဇာတ်ကားထဲမှာ သတင်းထောက်ရိုက်လာတဲ့ လူတွေသတ်နေတဲ့ ဗီဒိယိုဖိုင်တွေကို မန်နေဂျာပေါလ်ကတွေ့သွားတယ်။ ပေါလ်က ဒီသတင်းကို တစ်ကမ္ဘာလုံးက လူတွေသိသွားရင်ကောင်းတာပေါ့လို့ပြောတော့ သတင်းထောက်က “ဒါတွေကို လူတွေကြည့်မိရင် အံ့သြစရာကြီး၊ ရက်စက်လိုက်တာ ဆိုပြီးပြောကြလိမ့်မယ် ပြီးရင် သူတို့သွားစရာရှိတဲ့ ညစာစားပွဲတွေကို ဆက်သွားကြမှာပါ” ဆိုပြီး ပြန်ပြောလိုက်တဲ့ စကားဟာ တကယ့်ကို စွံ့အသွားစေတဲ့ ဒိုင်ယာလော့ခ်ပါ။ လူတွေရဲ့ တကယ့်အစစ်အမှန် စာနာမှုကို ထင်းနေအောင်ပြောပြလိုက်တာ။
လူတွေတော်တော်များများကြည့်ဖူးကြမယ့် Bajrangi Bhaijaan ဆိုတဲ့ ဘောလိဝုဒ်ဇာတ်ကားတစ်ကားကိုလည်း ကောက်နုတ်ပြချင်ပါသေးတယ်။ အဲ့ဒီ ဇာတ်ကားကတော့ အမေနဲ့ကွဲ၊ လမ်းပျောက်ပြီး အန္ဒိယရောက်လာတဲ့ ပါကစ္စတန်ကလေးငယ်ကလေးကို
ဘာသာမတူ၊လူမျိုးမတူ၊နိုင်ငံမတူသူတွေက စောင့်ရှောက်ထားပြီး ပြန်ပို့တဲ့ ဇာတ်ကားပါ။ တကယ့်ကို လူ့အဖွဲ့အစည်းကြားထဲမှာ ချစ်ခြင်းမေတ္တာတရားတွေ လွှမ်းမိုးလာအောင်သင်ကြားပေးနိုင်တဲ့ ဇာတ်ကားမျိဲး။ အဲ့ဒီဇာတ်ကားအစမှာ ကလေးပျောက်သွားတော့ ပါကစ္စတန်ဘက်က မိသားစုပြောလိုက်တဲ့ စကားတစ်ခွန်းဟာ အဲ့ဒီလူ့အဖွဲ့အစည်း ၂ ခု ကြားက အကြောက်တရားတွေကို သံသယတွေကို အကောင်းဆုံး ဖေါ်ပြသွားနိုင်တယ်။ ပြောသွားတာက “ အန္ဒိယမှာ လူကောင်းတစ်ယောက်လောက်တော့ ရှိမှာပါ” ဆိုတဲ့ စကား ဘယ်လောက်တောင် သံသယတွေ ပြည့်နှက်နေတဲ့ စကားလဲ ဒါပေမယ့် အဲ့ဒီ သံသယကို နှစ်ဖက်စလုံးမှာ စိတ်ကောင်းရှိတဲ့ လူတွေ အများကြီးရှိနေတယ်ဆိုတာပြပြီး ချေဖျက်ပြတယ်။ အဲ့ဒီ စကားနောက်က နောက်က ဇာတ်ဝင်ခန်းတွေအားလုံးက ချေဖျက်ပြသွားတယ်။
The Long Way Home ဆိုတဲ့ တောင်မြောက်ကိုရီးယားစစ်ပွဲအကြောင်းရိုက်ထားတဲ့ ဇာတ်ကားဆိုရင်လည်း နှစ်ဖက် စစ်သား ၂ ယောက်ကြားက မေတ္တာတရားကို ရိုက် ပြသွားတာ တကယ့်ကို ကောင်းပါတယ်။ အဲ့သလိုပုံစံနဲ့ နီးစပ်တဲ့ အန္ဒိယနဲ့ပါကစ္စတန် စစ်သား ၂ယောက်အကြောင်း ရိုက်ပြထားတဲ့ ဇာတ်ကားလည်း ကြည့်ခဲ့ဖူးတယ်။ ရုပ်ရှင်ဇာတ်ကားတွေကတဆင့် လူတွေကို ချစ်ခြင်းမေတ္တာတရားတွေ ပြန့်ပွားလာအောင် လုပ်ဆောင်ကြတာ ဘယ်လောက်တောင် အားရဖို့ကောင်းကြသလဲ။ ဒီနေရာ ချစ်ခြင်းမေတ္တာဆိုတာ ယောက်ျားနဲ့ မိန်းမကြားထဲက ချစ်တဲ့အကြောင်းကို အခြေခံပြီး၊ ချစ်ကြိုက်ကွဲညားတွေ ရိုက်ပြနေတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းကြားထဲက ငြိမ်းချမ်းတဲ့ ချစ်မေတ္တာတရား၊ ကိုယ်ခြင်းစာတရားတွေ ပြန့်ပွားလာအောင် ဆိုလိုတာပါ။
မြန်မာရုပ်ရှင်ဇာတ်ကားတွေထဲမှာ အသားအရောင်၊လူမျိုး၊လိင် ကွဲပြားမှုတွေကို ဟာသလုပ်ထားတာ၊ ခွဲခြားဆက်ဆံမှုတွေလုပ်တာ အများအပြားတွေ့မြင်ရနိုင်ပါတယ်။ အဲ့ဒါတွေနဲ့ပါတ်သက်လို့ "လူ့အခွင့်အရေး၊ ခွဲခြားဆက်ဆံခြင်းအမူအကျင့် နှင့် မြန်မာ့ရုပ်ရှင်မီဒီယာ" ဆိုပြီး အကျယ်တ၀န့် ပြောထားတဲ့ ဆောင်းပါးတစ်ပုဒ်လည်း ကျန်တော်ရေးခဲ့ဖူးပါတယ်။ အပြည့်အစုံဖတ်ချင်ရင် ဒီလင့်မှာ သွားဖတ်နိုင်ပါတယ်- https://www.facebook.com/minthaung/posts/1012977825434955
ဒေါ်အောင်ဆန်းစုကြည်ပြောထားသလိုပါပဲ ရုပ်ရှင်အနုပညာဆိုတာ လူ့အဖွဲ့အစည်းပေါ် များစွာလွှမ်းမိုးမှုရှိတဲ့ မီဒီယာတွေထဲကတစ်ခုပါ။ ဆိုရရင်တော့ လူ့အဖွဲ့အစည်းပေါ် လွှမ်းမိုးနိုင်တဲ့ သြဇာတစ်ခုကို ရရှိထားတယ်လို့ ဆိုနိုင်ပါတယ်။ အဲ့ဒီ သြဇာကို လူ့အဖွဲ့အစည်းအတွက် ဘယ်လို အသုံးချကြမလဲ၊ အမုန်းတရားတွေသင်ကြားပေးဖို့ အသုံးချကြမလား၊ ချစ်ခြင်းမေတ္တာတွေသင်ကြားပေးဖို့ အသုံးချကြမလားဆိုတာကတော့ အဲ့ဒီအဖွဲ့အစည်းထဲမှာ ရှိနေတဲ့ လူတွေရဲ့ အတွေးအခေါ်ရင့်ကျက်မှု၊ ဥာဏ်ပညာပြည့်ဝမှုနဲ့လူ့အဖွဲ့အစည်းအပေါ် စိတ်စေတနာရှိမှု ဆိုတာတွေအပေါ်မှာပဲ မူတည်နေပါတယ်။ တနည်းအားဖြင့်ပြောရင်တော့ ရုပ်ရှင်ဆိုတာကလည်း မီဒီယာတစ်မျိုးပါပဲ။ အဲ့ဒီမီဒီယာကို တစ်ချို့က လက်နက်အဖြစ်အသုံးပြုကြတတ်ကြတတ်ကြတယ်။ ၀ါဒမှိုင်းတွေအဖြစ်အသုံးပြုတတ်ကြတယ်။
အသိဥာဏ်မရှိတဲ့လူမိုက်လက်ထဲမှာ ချိန်ကိုက်ဗုံးဖေါက်မယ့် ခလုတ်ရှိနေရင် အန္တရာယ်သိပ်ကြီးနိုင်တယ်ဆိုတဲ့ ပုံစံမျိုးပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ လူ့အဖွဲ့အစည်းအပေါ် လွှမ်းမိုးမှုရှိတဲ့ ရုပ်ရှင်အနုပညာတွေကတဆင့် ခွဲခြားဆက်ဆံမှု၊ အမုန်းတရားတွေ ကင်းဝေးအောင် ၊ မေတ္တာတရားတွေ တိုးပွားလာအောင် လုပ်ဆောင်ပေးဖို့ တိုက်တွန်းထားပါတယ်။ သို့သော်လည်း စိတ်မကောင်းစရာ ရှိတာက သူတိုက်တွန်းတဲ့ နှစ်မှာပဲ အမုန်းတရားပါတဲ့ ဇာတ်ကားတစ်ခုကတော့ ဆုတွေရရှိသွားခဲ့ပါပြီ။
မြန်မာ့. မြန်မာ့ ရုပ်ရှင် အရောင်အသွေးစုံလင်.. ဆိုတဲ့ သီချင်းစာသားက အကယ်ဒမီပေးပွဲ အချိန်တွေ နီးလာတိုင်းကြားရတတ်ပါတယ်။ အရောင်အသွေးစုံလင်ဆိုတာ ဘာကို များ ဆိုလိုချင်တာပ်ါလဲ ရုပ်ရှင်ဇာတ်ကားတွေရဲ့ အမြင်အာရုံခံ အရောင်သက်သက်စုံလင်တာကိုပဲ ဆိုလိုတာလား။ မည်သို့ပင်ဆိုပါစေ အဲ့ဒီစာသားနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အခြေအနေကတော့ လက်တွေ့ ကျကျ ရှိနေတာအမှန်ပါပဲ။ မြန်မာ့ရုပ်ရှင်တွေဟာ လူ့အဖွဲ့အစည်းထဲက မတူကွဲပြားတဲ့ အလှတရား (တနည်းအားဖြင့် အရောင်အသွေးစုံလင်တဲ့အလှတရားတွေ၊ မေတ္တာတရားတွေ လူသားဆန်တဲ့ စိတ်ဓါတ်တွေကို ဖေါ်ကျူးပေးနိုင်ခြင်း ခုထက်ထိမရှိသေးပါဘူး။) အဲ့ဒါတွေကို လုပ်ဆောင်ကောင်းရမှန်းမသိသေးရုံတင်မကပါဘူး၊ ခွဲခြားဆက်ဆံမှုတွေ၊ အမုန်းတရားတွေ မပါရှိအောင် ရုပ်ရှင်အနုပညာကတဆင့် လူတွေကို ခွဲခြားဆက်ဆံမှုတွေ၊ အမုန်းတရားတွေ မကူးစက်သွား သတိပြုရမယ်ဆိုတာလည်း မသိသေးဘူးလို့ ထင်မှတ်ရပါတယ်။
ဒါက ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်း၊ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်လာဖို့ အလှမ်းဝေးနေစေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ပါတယ်။ အဲ့ဒါအပြင် လူ့အဖွဲ့အစည်းအတွက် စိုးရိမ်ဖွယ်ရာကောင်းတဲ့ အဆိပ်အတောက်တစ်ခုအဖြစ်တောင် ရှိနေသလားဆိုတာ သံသယဖြစ်မိပါသေးတယ်။

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...