Friday, May 31, 2013

သွား . . . . .ကိုက်လို့ (သက်ငြိမ်သစ်)

ဝမ်းနည်းပါတယ်လို့ စာတန်းတွေကြွေကျလာတယ်၊ ပီယာနို၊ ဓမ္မတေးနဲ့၊ ကြောင်ကလေးတစ်ကောင်တညောင်ညောင်ပါပဲ၊ကြည်လောင်လောင်တနင်္ဂနွေတစ်နေ့ဆီက၊လုပ်ကြံမှု တစ်ချို့တစ်ဝက်ပါ၊ ဖန်ခွက်နှုတ်ခမ်းမှာ စွန်းထင်သွားတယ်၊ တရိပ်ရိပ်နဲ့၊ ပါးတစ်ခြမ်းယောင်နေတယ်၊ ကိုယ်ရယ် ကိုယ်လို့ထင်ရတဲ့ အခြားတစ်ယောက်ရယ် သွားကိုက်နေတဲ့ ဝေဒနာအစွဲအလန်းနဲ့လျှောက်ပြေးတယ်၊ ပိုးဟပ်တွေလိုပဲလို့ ကိုယ်တို့ ရယ်မိကြသေးတာလား၊ သွားကြားညပ်သလို ပျော့စိစိမြင်ကွင်းကိုအလိုမကျ၊ ကျီးအာသံတွေ ပြတင်းပေါင်မှာ ပေနေတယ်၊ တိမ်ပြာပြာသံချေးတက် အသံတိတ်
ရှုံးနိမ့်သွားတယ်လို့မငိုကြေး၊ဘာတွေရလာလဲလို့ လျှောက်အော်တယ်၊ ပိုက်ထဲဝင်တိုး သေနေတဲ့ ငါးတွေ၊ (သူတို့)မျက်လုံးပြူးကြောင်ကြောင်ကိုကြည့်ပီး ပျော်ရွှင်နေမိသလား မသိပါဘူး၊ လက်မှာကပ်ပါနေတဲ့ ငါးညှီတွေကို ရှူလိုက်တော့မှ အမူးပြေသွားသလိုလို၊ သူတို့ သေသွားတာလား၊ အရိုးစူးနေတဲ့ အကြည့်တွေထွင်လို့မရဘူး၊ မိုးကိုမျှော်တယ်၊ ဇောက်ထိုးကြီး ၊ နေလည်ခင်းဟာပျံလို့မရဘူး၊ တိုင်တွေကိုဝင်ဆောင့်နေလို့ ဒဏ်ရာအနာတရ ထုတ်ပြလာတယ်၊ ဒီမှာ အကြာကြီးရပ်နေတာ ရေပိုက်ခေါင်းအ၀မှာပိတ်ဆို့နေတာကြာပြီ၊ ဖော့တုံးအဆွေးကြီးကို မျှော်လင့်တယ်၊ ရိရွဲထွက်ကျလာမယ့်နေ့ ပြန်လာခဲ့မယ်၊ သပ်သပ်ရပ်ရပ်အမှန်ခြစ်ကလေးတွေလိုက်ထည့် ထားပါ၊အာရုံကိုဖျက်ပစ်ဖို့ ၊ ရယ်ရမောရ၊ မိတ်ကပ်တွေ အဖွေးသားနဲ့ ကိုယ့်တို့မျက်နှာကြီးရယ်၊ မျက်ခုံးမွေး ထူလပျစ်ကြီးရယ် ၊လင်းထိန်နေတာ သဘာဝကျထယ်လို့ထင်တယ်၊ ဘော်ကြယ်တွေနဲ့ဆိုတော့ မခက်လား၊ ပျော်မယ်ထင်ရင် ညစ်ပေနေတဲ့ ခြေထောက်ကြီးကို အရင်ဆေးကြောပစ်လိုက်ဖို့၊ ပြီးရင်စာသားတွေပေါ်တက်ခဲ့ပါ၊ ပြတင်းပေါက်ကို တစ်ဝက်ဖွာ၊တစ်ဝက်ကို မီးခဏသတ်ထားမယ်၊ “ လာခဲ့ပါဝင်ခဲ့ပါ”၊ ချွေချွေတာတာ သုံးစွဲပါ၊ အားလုံးအတွက် အညစ်အကြေးစစ်စစ်တွေ နာနာကျင်ကျင်တွေ့ရှိထားတယ်၊ အမှောင်မတိုင်ခင် ကြမ်းပြင်ကြီးလည်း လည်နေတယ်၊ ဒီလိုနေ့တွေညတွေမှာ ခဏနေရင် အမှောင်ကို ဖရဲသီးတစ်လုံးလို ခွဲစားပစ်ဖို့ ကလွဲလို့ ဘာမှမကျန်တော့မှာ စိုးရိမ်မိတယ်၊ ဓါတ်ပုံထဲမှာ သွားကြီးဖြဲပြီးပြုံးနေတဲ့ ကမ္ဘာလုံးပုံလေးကို မြင်လိုက်ရဲ့လား၊ ငယ်ဘ၀ အဖြစ်အပျက်တစ်ခုနဲ့ ခပ်ဆင်ဆင်၊ အခုတော့ အကြာကြီး အသက်အောင့်ထားနိုင်ဖို့၊ လည်ပင်းအစ်နေသလိုလို မျက်နှာပေးနဲ့ ကြောင်ကလေးတစ်ညောင်ညောင်၊  ဘုရားသခင်ရဲ့ကြေကွဲဖွယ် မျက်ဝန်းကို ကိုက်ချီလာတယ်လို့ပြောသွားတယ်၊ မှတ်မိသေးလား . . . . . . ရင်ခုန်စရာသိပ်ကောင်းတာပဲ၊ စွန့်ပစ်ပစ္စည်းလို ကိုယ်တို့ရဲ့ နုပျိုမှုလေ၊ မုန်လာဥတွေ မုန်လာဥလို ၀ဖီးဖောယောင်လို့၊ ကြည့်ရတာ ရင်ခေါင်းထဲ ချွဲတွေထလာသလိုလို တစ်ဖက်ခန်းမှာ ရင်ဘတ်ကိုဟ တကန့်စီမီးမှိတ်လို့၊ တောင့်တင်းနေတာပဲ၊ စိုစိုစွတ်စွတ် ထောင့်မှာအိပ်မောကျ အအေးမိတာကြာပါပြီ၊ စောင့်နေတဲ့ရထားနဲ့ ၀င်ဆောင့်မိရင် အဆင်ပြေနိုင်မလား၊ အောင်မြင်မှု ဘယ်နှအောင်စနဲ့ ဖြတ်ကြိတ်ခံကြမလဲ၊ တိုက်အမြင့်ကြီးတွေပေါ်မှာ တဟူးဟူးရှိနေတယ်၊ တိမ်တွေ ကိုယ်တို့သွေးကိုသောက်ထားတာနီရဲလို့၊ နှုတ်ခမ်းတွေ နူးအိနေတာ ပိုလှသလိုပဲ၊ ခြေရာကြီးတစ်ထည်ကို တစ်ယောက်တစ်ဝက်ခြုံထားပါတယ်၊ ကိုယ်တို့ လျှောက်ပြေးမလို့ပါ၊ တနင်္ဂနွေ၊ ပီယာနို၊ ဓမ္မတေးနဲ့၊ ချောင်းဆိုးသွေးပါ အနန္တ စကြာဝဠာဆီကပါ၊ ကျေးဇူးကမ္ဘာအတွက် ဘာပါသေးလဲ?
ကိုယ်ရယ်၊ကိုယ်လို့ထင်ရတဲ့တစ်ယောက်ယောက်ရယ်
ပါးယောင်ယောင်ကြီးရယ်၊ ခိုတွေကို မေတ္တာပို့ဖို့၊ ခိုစာကျွေးဖို့ . . .။
                                                                                   

                                                                                    သက်ငြိမ်သစ်
                                                                             (၁၁၊စက်တင်ဘာ၊၂၀၁၁)
၂၀၁၂၊ အောက်တိုဘာ၊ Idea မဂ္ဂဇင်း
. . . .

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...