Friday, May 31, 2013

အားလုံးအဆင်ပြေမှာပါကွယ် တဆတ်ဆတ်တုန်ရီနေတာကလွဲလို့ပေါ့ ။(ရင်ခွင်ရှိန်း)


ငါတို့ရည်းစားဘ၀တုန်းက အင်းလျားရဲ့လေက သိပ်ချိုတာပဲမှတ်လား
ခုများ မင်းမှာ လကုန်ရက်မြန်မြန်ရောက်ပါစေ ဆုတောင်းနေတာနဲ့
နက်ဖြန်အတွက်ဈေးဖိုးနဲ့ ဇောချွေးတွေပြန်နေတာ မောင်မကြည့်ရက်ဘူး

"ဆိုက်ကားစီးသွားရင် ၂၀၀ ကုန်ဦးမယ်ကွယ်
လာလမ်းပဲလျှောက်ရအောင်"
အင်တင်တင် ကိုယ့်လက်ကို အတင်းဖက်ထားတဲ့
အရူးမလေး ။ ငါ မင်းကို ပိတ်ထုလိုက်ချင်တယ်။



"မောင်
ကျမတို့ရဲ့မွေးလာမဲ့ရင်သွေးလေးကို
သူ့အမေနဲ့ သူ့အဖေတို့ဟာ အသက် ၂၀ ကျော်ရုံလေးတွေဆိုတာမသိစေချင်ဘူး။"
ဒီလိုစိတ်နဲ့ ငါတို့တွေအသက်ရှင်ကြရတယ်။


"ကျမ မုန်တိုင်းလည်းမသိဘူး
နှစ်ဖက်မိဘတွေရဲ့ သဘောတူညီမှုမတူညီမှုတွေလည်းမသိဘူး
နက်ဖြန် မောင့်ထမင်းချိုင့်အတွက်ပဲ ကျမသိတယ်"
ကိုယ့်ဆီမှာ မငိုမိအောင်ထိန်းထားလိုက်ရတဲ့ မျက်ရည်တွေရှိတယ်။


လူမှုဒုက္ခတွေကြုံလာတဲ့အခါ မင်းဘယ်လိုလုပ်မလဲ ငါမေးတယ်
"သေသွားလဲ အေးတာပဲ" တဲ့
စောက်ပိုတွေမပြောစမ်းနဲ့ ။
ဒီကောင်နဲ့ ငရဲခန်းတွေဖြတ်ခဲ့တာတွေအကြောင်း စိတ်ပြောင်းတွေးထားစမ်း။


ငါ့မှာ အမေရှိတယ် အဖေရှိတယ် ပြောတော့
"မောင့်ကိုသိပ်ချစ်တဲ့ မောင့်မိဘတွေကို ကျမ မချစ်ဘူး
မိဘကိုချစ်တဲ့ မောင့်ကိုလည်း မကျေနပ်ဘူး"
မင်းရဲ့မိန်းမသားဆန်မှုကို ငါပြတိုက်မှာ ထားလိုက်ချင်တယ်။


"မောင် ဆေးလိပ်မသောက်နဲ့ ကွမ်းမစားနဲ့ အရက်လည်းမသောက်နဲ့
လူ့သက်တမ်းကို ကျမနဲ့ အတူတူ အကြာကြီးဆွဲဆန့်ထားပါကွယ်"
ဆေးလိပ်တို ငါ့လက်ကိုမီးစွဲတဲ့အထိ ငါပြန်ကြားယောင်တယ်။
မောင်က ဒီလိုကောင်ပါကွယ် ။


"ဘာသာစကားတစ်ခုခု ကျမ တတ်ထားသင့်တယ်ထင်တယ်မောင်
မောင်မသိတဲ့ ဘာသာစကားနဲ့ မောင့်ကို လိမ်ချင်တယ်"
မင်းက ကိုယ့်ရဲ့ပျော်ရွှင်မှုကို တူးဆွနေတဲ့ တူရွင်းလေးပဲ


အိမ်ခြံမြေတွေ ဈေးတက်တဲ့အကြောင်း မင်းကို မောင် မပြောပြချင်ဘူး
ရွှေဈေးကျတဲ့အကြောင်းလည်း မင်းကို မောင် မသိစေချင်ဘူး
မင်းအတွက် ၀မ်းနည်းစရာတွေကို မောင် တတ်နိုင်သလောက် ဝေးဝေးမှာထားကြည့်ချင်တယ်။


"ဘောပဲ ဟာ" တဲ့
"တောက် ... ဒီအဆဲ ကို မင်းဘယ်ကတတ်သလဲ" မောင်မေးတယ်
အကြိမ်ပေါင်းများစွာ မောင် ဆဲခဲ့တာကို မောင်မေ့တယ် ။


Dancer တစ်ယောက်ဖြစ်ချင်တဲ့ မင်း
သရုပ်ဆောင်ဆက်လုပ်ချင်နေတဲ့ မင်းကို
သာမန်ကျောင်းသူတစ်ယောက်ဘ၀ထဲ ငါ ဆွဲချခဲ့တယ်
လူတွေကြည့်ဖို့ မင်း ကို မောင် အသက်ရှင်ခွင့်မပေးနိုင်ဘူး ။


ကုတင်တစ်လုံးပဲဆန့်တဲ့အခန်းမှာ မင်းဘယ်လိုနေမလဲ မောင်တွေးတယ်။
Plants Vs Zombies ကိုအိပ်ရေးပျက်ခံပြီး မင်းဘာကြောင့်ဆော့လဲ မောင်တွေးတယ်။
မောင်က ဘာမှအသုံးမကျတဲ့ အတွေးသမားသက်သက်ရယ်ပါ ။


ချေ-ဂွေဗားရား မင်းမသိဘူး ။
ကွန်မြူနစ်ကိုလည်း မင်းမသိဘူး ။
Avatar ကားလည်း မင်းမသိဘူး ။
"ကျမ မောင့်ကိုချစ်တာတော့ ကျမသိပါတယ်"တဲ့


မောင့်ဆံပင်တွေ အရမ်းပါးလာတာပဲ
မောင် ဘာသာပြန် မလုပ်နဲ့တော့ကွာ
မင်းက ဘာမှနားမလည်တဲ့ ခပ်တုံးတုံးလေးပါကွယ်
ဘာမှမလုပ်ပဲ ငါတို့ ဘယ်လိုရပ်တည်ကြမလဲ


"တွေ့လား မောင်ကူညီခဲ့တဲ့သူတွေက မောင်ဒုက္ခရောက်တော့ ပြန်ကူညီလို့လား
ဖိုးကယ်ချင်ကြီး ခံ ခံ"
ဗိုက်ခေါက်ဆိုတာ ဒေါသနဲ့ လိမ်ဆွဲလည်း နာတာပါပဲ ။


"ဘုရားကျောင်းသွားရအောင်" တဲ့
"ငါ့လောက်မှ စာမဖတ်တဲ့ကောင်တွေဟောတဲ့ တရား ငါနားမထောင်ချင်ဘူး" မောင် ပြန်ပြောတယ်။
ငြိမ်းချမ်းတဲ့အရိပ်ကို မောင်မသွားရဲလို့ပါကွယ် နားလည်ပါ။


ကလေး သုံးယောက်လိုချင်တယ် လို့မောင်ပြောတော့
လက် ၂ ချောင်းထောင်ပြတယ် ။
ဒီအတွက်နဲ့ ရန်ခဏခဏဖြစ်ကြတဲ့ မောင်တို့ဟာ အရူးလေးတွေပါကွယ်။


"ဘာလို့ပိုက်ဆံတွေချေးရတာလဲ မောင်ရယ်
ကျမမှာ ရှိပါသေးတယ် "
အမေရိကန်တွေဘာလို့ အောင်မြင်နေလဲသိလား
Plan A , Plan B  အမြဲထားလို့
စကားကြီးစကားကျယ်တွေ မောင်လျှောက်ပြောပစ်တယ်။

"ဖုန်းလေးလိုချင်တယ် မောင်ရယ်
မောင့်အသံကို လမ်းဘေးဆိုင်က နားထောင်ရတာမ၀ဘူး"
ငါ့ဆီ လာသမျှ ဖုန်းခေါ်သံတွေအားလုံး ငါ မုန်းမိတယ်။

အစ်မက ပိုက်ဆံမပို့တော့ဘူး
အဖေကလည်း စကားမပြောတော့ဘူး
ဒီလိုစကားတွေ ငါခဏခဏ ကြားတယ်။
မင်းမပြောချင်မှန်းလည်း မောင်သိတယ်။

ရှေ့လျှောက်ဘယ်လိုလုပ်ကြမလဲ မင်းမေးတယ်။
မောင်တို့သွားကြမယ်ကွယ်
မောင်တို့ သွားနိုင်သလောက်သွားကြည့်ကြမယ် ။
ဘယ်ရောက်မလဲ မောင်တို့မသိဘူး
မောင်တို့ သွားနိုင်သလောက် သွားကြည့်ကြမယ်။
လူ့သက်တမ်းတစ်ခုမှာ မောင်တို့သွားနိုင်သလောက် သွားကြည့်ကြတာပေါ့ကွယ်။

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...