Friday, April 19, 2013

“ တစ်ဖက်မြင် ကောက်ကြောင်း တစ်ချို့ ”(မောင်မိုးမြင့်)


ကျွန်တော့်အကြောင်းကိုရေးထားတဲ့ စာတစ်ပုဒ်ကို ကျွန်တော့်ဘလော့်မှာ ပြန်တင်ဖို့ တော်တော့်ကို ခက်ခဲပါတယ်။ ဒါပေမယ့် ဒီစာဟာ တာယာနဲ့ ကျွန်တော် နောက်တော့ ကျွန်တော်တို့အစုအဖွဲ့ မိသားစုကလေး  ကြားက ရင်းနှီးမှု၊ ပွင့်လင်းမှု ရိုးသားမှု၊ ချစ်ခြင်းမေတ္တာ တွေအတွက် တန်းဖိုးဖြတ်လို့ မရနိုင်တဲ့ အရာတစ်ခုဖြစ်နေတဲ့ ဘလော့မှာ အမှတ်တရ တင်ထားဖြစ်သွားခဲ့ပါတယ်။




လူတစ်ယောက်အကြောင်းကိုရေးရတာဟာ အလွန်မှပဲ တာဝန်ကြီးလှပါတယ် ။ ကိုယ် ရေးလိုက်တဲ့သူရဲ့ အပေါ်မှာ ပုဂ္ဂိုလ်ရေးရာအရ စော်ကားသလိုဖြစ်မှာလဲ စိုးရိမ်မိပါတယ် ။ ဒါပေမဲ့ ကျနော်အခုရေးပါပြီ ။ ရေးရတာလဲ အကြောင်းကလေးတွေ ရှိပါတယ် ။  ခင်ဗျားတို့မှာလဲ ခင်ဗျားတို့ ကျင်လည်ရာ လူမှု့ပတ်ဝန်းကျင်က အသိ၊ မိတ်ဆွေ၊ အပေါင်းအဖော်တွေ ရှိမှာပါ ။ ကျနော့်မှာလဲ ထိုနည်းတူပါပဲ ။ အထက်မှာ ရေးခဲ့သလိုပါပဲ လူပုဂ္ဂိုလ်အကြောင်းရေးရတာဟာ တာဝန်ကြီးပါတယ် ။ အခု ကျနော်ကတော့ ကျနော့် တစ်ယောက်ထဲကို ကိုယ်စားပြုပြီး ကျနော့်အမြင်ကိုပဲ ရေးမှာဖြစ်တဲ့အတွက် အမှားအယွင်းဖြစ်သွားရင်လဲ
အနူးညွှတ်တောင်းပန်ပါတယ် ။ နောက်ပြီးကျနော်ဟာ စာပေပညာရှင်တစ်ယောက်လဲ မဟုတ်တဲ့ အပြင်၊ ပြောမနာ ဆိုမနာ သူငယ်ချင်းတစ်ယောက်အကြောင်းလဲ ဖြစ်တဲ့အတွက် သူ့အပေါ်ထားတဲ့ ကျနော့်စိတ်ခံစားမှု့နဲ့ အမြင်လေးတွေကိုပဲ အဆင်ပြေသလိုရေးပါမယ် ။ အကြောင်းကလေးတွေ ရှိပါတယ် ဆိုတဲ့ စကားကို ဆက်ပါမယ် ။ များမကြာမီ ရက်ပိုင်းတစ်ခုတုန်းက သူနဲ့ ကျနော် အပါအ၀င်တစ်ခြား မိသားစု သူငယ်ချင်းတစ်ချို့နဲ့ အတူ သောက်ဖြစ်ကြပါတယ် ။ နည်းနည်းကလေး အရှိန်ရလာတော့ သူကစပြောလာတယ် ကျနော့်ရင်ထဲမှာ သူမရှိဘူး နောက်ပြီး ကျနော့်က သူ့အပေါ်ကိုလဲ  အလေးအနက်မထားဘူး တန်ဖိုးမထားဘူး စသည်ဖြင့် ရန်လုပ်တော့တယ် ။ ဒါကိုအကြောင်းပြုပြီးပဲ ကျနော် ဒီစာကို ရေးသားဖြစ်တာပါ ။ ဒီစာထဲမှာ ခံစားမှု့ရသ ဒါမှမဟုတ် ခင်ဗျားတို့လိုချင်တဲ့ တစ်စုံတစ်ခုထက် လူငယ်တွေရဲ့ ပွင့်လင်းလွတ်လပ်မှု့ ၊ ခေတ်ပေါ် လူငယ်ပေါင်းသင်းဆက်ဆံရေး နဲ့ ခေတ်ကိုဖြတ်သန်းမှု့ စတာတွေကိုပဲ တွေ့ရမှာဖြစ်ပါတယ် ။ အဲ့ဒီအတွက်လဲ သီးခံပေးဖို့ ကြိုတင်မေတ္တာရပ်ခံ ထားပါရစေ ။
သေချာမမှတ်မိ လွန်ခဲ့တဲ့ တစ်နှစ်ကျော် နှစ်နှစ်လောက်က ထင်ပါတယ် ။ ကျနော် မြို့ထဲကို ကိစ္စတစ်ခုနဲ့ ရောက်သွားတုန်း အကိုလိုခင်ရတဲ့ ကိုအောင်ရင်ငြိမ်းနဲ့တွေ့ နောက်ပြီး လ္ဘက်ရည်ဆိုင်ထိုင် စကားလေးဘာလေးပြောပေါ့ ။ အဲ့ဒီမှာ စတာပါပဲ ကိုအောင်ရင်ငြိမ်းဆီကနေ သတင်းတစ်ခုပေးလာပါတယ် ။ ဒီနေ့ ညနေပိုင်းပဲ ပန်းဆိုးတန်း ဂယ်လာရီမှာ ကဗျာရွတ်ပွဲနဲ့ ကဗျာ ၀ပ်ရှော့လေးတစ်ခု ရှိတယ် ။ YEP ဆိုတဲ့ အဖွဲ့ကလေးက ဦးစီးပြီးလုပ်တာ ကျနော့်ကိုလဲ ကဗျာလေးဘာလေး လာရွတ်ပါလားဆိုတော့ ကျနော်ကလဲ ကဗျာရွတ်တဲ့ ကိစ္စနဲ့ ပတ်သတ်လာရင် ပိုးကလေးကလဲ ရှိနေလေတော့ ညနေမှာပဲ အဲ့ပွဲလေးဆီရောက်သွားဖြစ်ပါတယ် ။ စီစီ ကားကားပါပဲ ကဗျာရွတ်ပွဲကလေးပြီးတော့ ကိုအောင်ရင်ငြိမ်းက ကျနော့်ကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးလာပါတယ် ။ ညီလေးရေ ဒါကတော့ ကဗျာဆရာ ( မှူးသစ်ဆိုတဲ့ နာမည်နဲ့ပဲ မိတ်ဆက်ပေးခဲ့တယ် ထင်ပါသည် ) ပါ ဆိုတော့ သူက ဖော်ဖော်ရွေရွေပဲ “ ဟုတ်ကဲ့ တွေ့ရတာ ၀မ်းသာပါတယ် ကျနော် မင်းသူအောင်ပါ ” ဆိုပြီး မိတ်ဆက်လာပါတယ် ။ အဲ့ဒီအချိန်မှာ မှူးသစ်ဟာ သူ့ကိုယ်သူ မှူးသစ်လို့ မခံယူ မရပ်တည်သေးဘူး ထင်မိပါတယ် ။ ပြီးတော့ စကားလေးဘာလေးပြောပေါ့ ။ ဒီလိုနဲ့ အရပ်ခပ်ပုပု ၊ အသားညိုညို ( အမှန်တော့ မဲတဲ့ဘက်ကို ပိုပါတယ် ) ၊ ဆံပင်ဘေးခွဲနဲ့ ခပ်ပြုံးပြုံးနေတက်တဲ့ မှူးသစ်ဆိုတဲ့ ကဗျာဆရာနဲ့ စတင်ဆုံတွေ့ သိကျွမ်းလာရပါတယ် ။ နောက်တော့ အွန်လိုင်းပေါ်မှာပါ ဆက်သွယ်မိ ။ အတူစား အတူသောက်ဖြစ်တဲ့အပြင် အကျင့်ဗီဇလေးပါ ခပ်ဆင်ဆင်တူနေလေတော့  အချိန်တိုတိုအတွင်းမှာပဲ ငယ်ပေါင်းကြီးဖော်တွေလို အရင်းတနှီး ဖြစ်သွားတယ် ။ သူရယ် ကျနော်ရယ် လောကရယ် တစ်တွဲတွဲပေါ့ တစ်ခါတစ်လေ လက်ပံတန်းကနေ အားတာနဲ့ လစ်လစ်လာတဲ့ ဇက်ကကြိုးတောင်ပါသေး ။ ကျနော် ရန်ကုန်မှာ ရှိတဲ့ရက်တွေဆို ညနေတိုင်းလိုလို တာမွေက ဖက်ဖူးရောင်မှာ လ္ဘက်ရည်ဆိုင်ထိုင် နည်းနည်းမိုးချုပ်တာနဲ့ တာမွေအ၀ိုင်းထိပ်က ကောက်ညှင်းလေးနဲ့ ညနက်တဲ့အထိ စကားတွေပြောကြတာ ထုံးစံလိုတောင်ဖြစ်နေပြီ ။ ပြောရဦးမယ်ဗျ ကျနော်က အလုပ်လက်မဲ့လား အလုပ်လက်ရှိလားတောင် ကိုယ့်ကိုကိုယ် မသိပါဘူး ။ ဘာလို့လဲဆိုတော့ ကျနော်က ပိုက်ဆံလိုမှ အလုပ်ထထ လုပ်ဖြစ်တာလေ ။ သူကတော့ အလုပ်အများသားရယ် သင်တန်းနည်းပြဆရာ ၊ အကြီးတန်း သတင်းထောက် ၊ လူမှု့အဖွဲ့အစည်းတစ်ခုရဲ့ ဦးဆောင်ဦးရွက်ပြုသူ ဒါတွေတောင် ကျနော်သိသလောက် သူ့အလုပ်တွေပါ ။ ဒီလို အလုပ်တွေ များ  သူ့မိဘအတွက် မိသားစု တာဝန်လေးတွေ တက်နှိုင်သလောက် ယူနေရတာတောင် ကျနော်တို့ အသိုက်လေးဆီ သူလာတာ မပျက်ကွက်ခဲ့ပါဘူး ။ မိတ်ဆွေတွေ အပေါ် သူရဲ့ စိတ်တိမ်းညွတ်မှု့ပါ နောက်ပြီး ကျနော့်အထင် သူလဲ လူငတ်နေတယ် ထင်ပါရဲ့ ။ ဒါတွေဟာ ကျနော်တို့ရဲ့ ပတ်သတ်ဆက်နွယ်မှု့ တစ်ချို့ပါ ။ လူငယ်ဆန်ဆန်ပါပဲ ကိုယ့်အယူအဆကိုကိုယ် တင်သွင်းကြ၊ ပြောကြ၊ ဆိုကြ၊  ငြင်းကြ ရင်းနဲ့ပဲ နောက်များမကြာမီမှာ ကျနော်တို့ အသိုက်လေးထဲကို သူ အဆိုတစ်ခု တင်သွင်းလာတယ် ။ ဒါကတော့ လူငယ်တွေ အနေနဲ့ ကဗျာရွတ်ပွဲလေး လုပ်ချင်တယ်ပေါ့ ။ အကုန်လုံး တိုင်ပင်ကြ ဆွေးနွေးကြ ငြင်းခုန်ကြနဲ့ နောက်ဆုံးကျတော့ ကဗျာစာအုပ်လေး လုပ်ဖို့အဆင့်အထိပါ ရောက်သွားတယ် ။ စာအုပ်လုပ်တော့မယ်ဆိုတော့ သိတဲ့အတိုင်းပဲ အလုပ်ကရှုပ်လာပြီ ။ ကဗျာရွတ်ပွဲလုပ်ရမဲ့ ရက်ကို ခန်းမနဲ့ချိတ် နောက်ပြီးအဲ့ရက်လေး အမှီစာအုပ်ထွက်နှိုင်ဖို့ပါ လုံးပမ်းရတော့တာပေါ့ ။ တစ်ချို့အလုပ်တွေဟာ ပါးစပ်ကပြောရင်သာချောနေတာ လုပ်ကြည့်တော့ အခက်သားလားဗျ ကိုယ်နဲ့လဲ စိမ်းနေတော့ ပိုဆိုးတာပေါ့ ။ သူကလဲ ရုံးတစ်ဖက်နဲ့ အလုပ်များ ၊ ကျနော်ကလဲ ကျန်းမာရေးမကောင်း ဖြစ်နေ ၊ငွေကြေးအခက်အခဲ နဲ့ လုပ်ငန်းပိုင်း ကျွမ်းကျင်မှု့မရှိတဲ့ကြားကပဲ ကျနော်တို့ အတူတူ တက်မရှိလဲ လက်နဲ့လှော်ဖြစ်ခဲ့ကြတယ် ။ စာမူလေးတွေလိုက်တောင်း ၊တက်နှိုင်သလောက် ငွေကြေးပါဝင်ဖို့ပြောနဲ့ ဒါတောင် သူနဲ့ကျနော် ငွေကြေးတော်တော်လေး စိုက်ထုတ်လိုက်ရပါသေးတယ် ။ ကိုယ့်ထမင်းကိုယ်စားပြီး ဘေးထိုင် ဘုပြောသူတွေကလဲ ခေတ်အဆက်ဆက် ရှိခဲ့ကြတာပဲလေ ။ နှစ်ယောက်သား  တစ်ယောက်ကို တစ်ယောက် ဖေးမရင်းနဲ့ပဲ ဆက်လုပ်ဖြစ်တယ် ယုံကြည်ရာကို ဆက်လုပ်ဖြစ်တယ် ။ အချိန်ကိုက်ပါပဲဗျာ သူ့ကဗျာလေးတွေကလဲ အဲ့ဒီလပိုင်းမှာ မဂ္ဂဇင်းစာမျက်နှာတွေပေါ် ခပ်စိပ်စိပ်လေးပါလာလေတော့ သူ့အတွက်လဲ ပိုအားရှိသွားတယ် ထင်ပါရဲ့ ။ ကိုယ်တိုင်စာမူစု ၊ ကိုယ်တိုင်စာအကြမ်းရိုက် ကိုယ်တိုင်စာပြင်နဲ့ နေ့လည်စာ ငတ်ခဲ့တဲ့ ရက်တွေတောင် ရှိခဲ့ပါတယ် ။ အချိန်ကနီးလာလေ အလုပ်တွေက များလာလေ ၊ ငွေကြေးကလဲ အဆင်မပြေ အဲ့လို အခြေအနေမှာတောင် သူ့ဆီက စိတ်ပျက်အားလျှော့သံ တစ်ချက်မကြားခဲ့ရပါဘူး ။ ဒါတောင် အဲ့အချိန်မှာ သူ့အမေက ကျန်းမာရေးအခြေအနေအရ မျက်လုံးခွဲစိတ် ကုသမှု့ခံယူထားတဲ့ အချိန် ။ မှူးသစ်ဟာ စာပေနဲ့ ပတ်သတ်လာရင် အင်မတန်မှ မြတ်နိုးဇွဲကောင်းသူတစ်ယောက်လို့ ကျနော် သတိထားမိခဲ့ပါတယ် ။
တစ်နည်းအားဖြင့် ကျနော်တို့လူငယ်ဘ၀မှာ သေရာပါနာကျင်မှု့တွေ ရလောက်အောင် အစော်ကားခံရပြီး သူနဲ့ ကျနော်ကိုလဲ ပိုပြီးနီ်းကပ်သွားစေခဲ့ပါတယ် ။ စာအုပ်ကိစ္စပြောတုန်းမို့ တစ်ခါထဲပဲ ကျေးဇူးတင်လိုက်ပါရစေ ။ ကဗျာစာမူကို ယုံယုံကြည်ကြည်ပေးခဲ့တဲ့ သူတွေရော ၊ အစစ အရာရာ အကြံပေး အတူဝိုင်းလုပ်ကိုင်ခဲ့တဲ့ ရဲဖော်ကြီး လောက ၊စာအုပ်ခေါင်းစဉ်ကို ခေါင်းစားပေးတဲ့ ကိုဝီရ ၊ မျက်နှာဖုံး အကြမ်းကို အကြမ်းလို့မပြောပဲ ( အချောတောင်အဲ့လောက် ကောင်းမယ်မထင်မိ ) နှစ်ရက်အတွင်း ဖန်တီးပေးခဲ့တဲ့ မိုးချို ၊ မန္တလေးကနေ အဖြူအမဲ သေချာမသိပဲ (လူချင်းတောင်မတွေ့ဘူးပဲ ) ယုံကြည်စွာ လက်တွဲပေးခဲ့တဲ့ မိုးခါး ကိုရော အားလုံးကိုပါ ကျေးဇူးတင်ပါရစေ ။

ဒါကတော့ မှူးသစ်နဲ့ ပတ်သတ်တဲ့ အမှတ်ရစရာတွေပါ ။ အခု ကျနော့်ရဲ့ သူ့အပေါ် အမြင်နဲ့ စာပေနဲ့ပတ်သတ်လို့ သူ့အရေးအသားတွေဆီ သွားကြရအောင်ပါ   ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျနော်ဟာ သူနဲ့စသိမှ သူ့စာပေလက်ရာတွေကို စပြီးဖတ်ဖူးတာပါ ။ အထူးသဖြင့် ကဗျာတွေပေါ့ ။ အဲ့ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေနေပေမဲ့ စာပေနဲ့ပတ်သတ်လို့ကတော့ သူ့အပေါ်မှာ ကျနော့်ရဲ့အမြင်မကြည်လင်မှု့လေးတွေ ရှိပါတယ် ။ “တံငါနားနီး တံငါ မုဆိုးနားနီး မုဆိုး” လို့ပဲပြောရမလိုပါ သူက အကြီးတန်းသတင်းထောက် ဒါ့ပြင် သူလုပ်ကိုင်နေတဲ့ ဂျာနယ်ကလဲ နှိုင်ငံရေးအသားပေးဂျာနယ် ဆိုတော့က သူ့ကဗျာတွေမှာ နှိုင်ငံရေးနဲ့ဆိုင်တဲ့ အသုံးအနှုန်း စိတ်တိမ်းညွတ်မှု့တွေ အတော်များများပါဝင်နေတာကို တွေ့ရပါတယ် ။ ဒါကိုပဲ ကျနော်က မတင်မကျ ဖြစ်နေတာပါ ။ ပေါ့ပ် ဆန်မှု့ကို လိုလားသူလို့ သူ့ကို မမြင်မိတာတော့ အမှန်ပါ ။ သူကလဲ ပေါ့ပ် ဆန်တဲ့ နေထိုင်မှု့မရှိပါဘူး ။ ဒါကလဲ ကျနော်က စိတ်ခံစားမှု့ဝါဒီ ဘက်ကို တိမ်းညွှတ်သူ တစ်ယောက်မို့လဲ ဖြစ်နှိုင်ပါတယ် ။ ဒါဟာ ပြဿနာ တစ်ခုတော့လဲ မဟုတ်ပါဘူး ။ ကျနော့် အလိုမကျမှု့ သက်သက်ပါ ။ သတင်းသမားတစ်ယောက်ရဲ့ စာပေလက်ရာဟာ သတင်းဆန်နေခြင်းက ဖြစ်ရိုးဖြစ်စဉ် ကိစ္စတစ်ခုဖြစ်ပေမဲ့ ကျနော့်အတွက်တော့ သဟဇာတ သိပ်မဖြစ်ပါဘူး ။ဥပမာ - သူ့ရဲ့ ဆိုက်ကို ကဗျာထဲက “ငါးထောင်တန်ဆင်းကဒ်လား ချယ်ရီကား ပါမစ်လား”
  “ နယ်စပ်မှာ တိုက်ပွဲတွေဖြစ်နေတယ်ဆိုတော့ လွတ်ငြိမ်းချမ်းသာခွင့် သုံးကြိမ်ထဲမှာ အထည်ချုပ်ကောင်မလေးတစ်ချို့ပါဝင်လာတာ တိုင်ရီစက်ရုံက အလုပ်သမားတွေ ဆန္ဒပြနေကြတယ်” အစရှိတဲ့ ကဗျာစာသားတွေဟာ သူရဲ့သတင်းသမားပီသလွန်းတဲ့ အရေးအသားအချို့ပါပဲ ။ နောက်ပြီး မှူးသစ်ဟာ မျက်မှောက်နှိုင်ငံရေး အခင်းအကျင်းနဲ့ လူမှု့ဘ၀ စံသတ်မှတ်ချက် တစ်ချို့ကိုလဲ သံသယ ရှိနေပြန်ပါသေးတယ် ။ အဆင်မပြေမှု့တွေ ၊ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု့မရှိတဲ့ အခြေအနေတွေကိုလဲ စိတ်ထဲမှာမှတ်ပြီ သူ့ရဲ့လူမှု့ဘ၀ကို ကျားကန်ထားပါတယ် ။အပြင်ပိုင်း နေထိုင်မှု့ဟန်ပန်က အေးဆေးပြီး လူကြီးဆန်နေပေမဲ့ လူငယ်ဘ၀လေးကိုလဲ အမိမရ ဖက်တွယ်ထားချင်ပြန်ပါသေးတယ် ။ လွတ်လပ်ပွင့်လင်းတဲ့ ဆက်ဆံရေးနဲ့ ခေတ်ပေါ်လူငယ်တစ်ယောက်ရဲ့ နေထိုင်ပုံမျိုးတွေဟာ သူ့ကိုဘ၀အမောတွေဆီက ဆယ်ယူထားကြောင်း သူ့အနေအထိုင်ပြောင်းလဲလာချင်မှု့နဲ့ သူ့စာပေလက်ရာတွေမှာ မကြာခဏဖော်ပြလေ့ရှိပါတယ် ။ “ မြို့ပြရဲ့ နွေးထွေးမှု့တွေဟာ လမ်းဘေးဘုံဆိုင်ထဲ”  “ လူငယ်တစ်ယောက်ရဲ့ ဖြတ်သန်းမှု့တွေက အပေါစားလမ်းဘေးကဖေး အပြင်းစားရော့ခ်သီချင်း စကားလုံး အသုံးနှုန်းကြမ်းတမ်း ရှတသော ကဗျာ တစ်ပုဒ်   ခေါင်းလောင်းလေးတွေမြည်နေပြီ သီချင်းကို ဂစ်တာခေါက်ပြီး ရဲရဲဆိုကြည့်ချင်ခဲ့တယ် “ စတဲ့ အရေးအသားတွေဟာ သူ့ရဲ့ လူငယ်ဆန်ချင်မှု့ တစ်နည်းအားဖြင့် လူငယ်တစ်ယောက်ဖြစ်ပြီး လူငယ်ဆန်ဆန်မဖြတ်သန်းရတဲ့ သူ့လူငယ်ဘ၀ကို အားမလို အားမရဖြစ်နေပုံလဲ ရပါတယ် ။ အခုတော့ မှူးသစ်ဟာ သူ့ရဲ့စိတ်တွင်း သွေးယိုစီးမှု့တွေကို စာပေဖန်တီးမှု့အပေါ် အကုန်သွန်ချလိုက်ပြီလို့ ကျနော် ယူဆမိပါတယ် ။ ဘာကြောင့်လဲဆိုတော့ သူ့စာပေလက်ရာတွေထဲမှာ မရနှိုင်တော့တဲ့ ငယ်ဘ၀ကို ထပ်တလဲလဲ ရေးသားဖော်ပြခြင်း ၊ လူ့အဖွဲ့အစည်းကို သံသယဖြင့် အမြင်မကြည်လင်ခြင်း ၊ ဘ၀ အခက်အခဲတွေဟာ သူယုံကြည်သက်ဝင်တဲ့ ချစ်ခြင်းမေတ္တာကို ဖဲ့ယူသွားခြင်း စတာတွေအပြင် လက်ရှိ သူခံစားနေရတဲ့ လူမှု့ဘ၀အခြေအနေကို အိပ်သွန်ဖာမှောက် ဖော်ပြရေးသားနေတဲ့ အတွက်ကြောင့်ဖြစ်ပါတယ် ။ အရေးအသားတင်ပြပုံနဲ့ ပတ်သတ်လို့ကတော့ စကားပြောဟန်ကို ခြေပြုရေးသားမှု့များခြင်း ၊ ဖတ်ရထောင့်နေတဲ့ ၀ါကျ ၊စကားစုတွေကို ဖတ်ရချောအောင် မပြုပြင်ပဲ ရေးသားဖော်ပြခြင်းဟာ မှူးသစ်ရဲ့ ဟန်ပဲလား သူအသုံးပြုနေတဲ့ တက္ကနစ်ပဲလားဆိုတာတော့ သူကပဲပိုသိပါလိမ့်မယ် ။ အမြဲတမ်းခပ်ပြုံးပြုံးနေတက်ပြီး အားနာလေ့ရှိတဲ့သူဟာ စာပေရေးသားမှု့အပေါ်ထားတဲ့ သူ့ခံယူချက် အယူအဆ နဲ့ ပတ်သတ်လာရင်တော့ အချိန်မရွေး ဖော်ထုတ်ရပ်တည်ဖို့ အဆင်သင့်ရှိနေခဲ့ပါတယ် ။ ဒါပေမဲ့ အပြောင်းအလဲ မြန်သူမဟုတ်တဲ့ မှူးသစ်ဟာ အကို သူငယ်ချင်းတွေရဲ့ တိုက်တွန်းစေ့ဆော်မှု့ကြောင့် ထင်ပါရဲ့ နောက်ပိုင်းသူ့အရေးအသားတွေဟာ သိမ်မွေ့ပြီး စိတ်ခံစားမှု့ကို ပိုအသားပေးလာခဲ့ပါတယ် ။ ဒါဟာ သူ့စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခုလဲ ဖြစ်နေနှိုင်ပါတယ် ။ ကျနော့်အတွက်ကတော့ သူ့အရေးအသားအပေါ် စိတ်ကျေနပ်မှု့ရရှိပေမဲ့ ကျနော်နဲ ပေါင်းသင်ဆက်ဆံနေတဲ့ သူငယ်ချင်း မှူးသစ်ကို မှူးသစ်အဖြစ်မြင်နှိုင်ဖို့ကိုတော့ အနည်းငယ်ကြိုးစားခဲ့ရပါတယ် ။ ပြောင်းလဲခြင်းနိယာမကို ကျနော်တို့မှ မလွန်ဆန်နှိုင်ပဲလေ ။ ဒါတွေက ကျနော့် အတ္တသက်သက်ပါပဲ ။ လူသားဘ၀ဖြစ်တည်နေမှု့ ကို အလိုမကျ စိတ်ပျက်နေတဲ့ မှူးသစ်အတွက် လာခြင်းကောင်းသော အပြောင်းအလဲ ဖြစ်ပါစေ ။ ဘာပဲ ဖြစ်ဖြစ် မှူးသစ်ဟာ သွေးရိုး သားရိုးနဲ့ စာပေကို တစိုက်မတ်မတ်ရေးသားနေခဲ့တယ် ရေးသားနေဆဲပါ ။ အချို့အရာတွေကို စွန့်လွတ် (လောကကြီးအတွက် လျှော်ကြေးပေးပြီး ) သူယုံကြည်ရာကို လျှောက်လှမ်းနေပါတယ် ။ အကောင်းနဲ့ အဆိုးဒွန်တွဲနေတဲ့ လောကကြီးမှာ သူဟာ ခင်ဗျားတို့ဆီကို တစ်ခုခု
( အကောင်းလား အဆိုးလား မသိ ) ပေးချင်နေပါတယ် ။ သူ့ကိုယ်သူ ဖျော်ချပြီး ခင်ဗျားတို့ဆီ စီးဆင်းလာပါလိမ့်မယ် ။ မှူးသစ်ဟာ ရှိနေပါလိမ့်မယ် ရှိနေပါစေလို့လဲ ဆန္ဒပြုမိပါတယ် ။ အခုရေးသားသွားတာတွေ အကုန်လုံးဟာ ခင်ဗျားတို့အတွက် အမှန်တရားတစ်ခု ဟုတ်ချင်မှ ဟုတ်လိမ့်မယ် ။ အထက်မှာပြောခဲ့သလို ကျနော့်တစ်ယောက်ထဲကို ကိုယ်စားပြုထားတဲ့ ကျနော့်အမြင်သက်သက်ဖြစ်ပါတယ် ။ ပုံတူမဟုတ်ရင်တောင် ကျနော်မြင်တဲ့ ဘက်က ရေးဆွဲလိုက်တဲ့ တစ်ဖက်မြင် ရုပ်ပုံကားချပ် တစ်ခုရယ်ပါ ။






ကိုပျော့အတွက် အမှတ်တရ

-       မောင်မိုးမြင့်     ၂ ၈ ၁ ၁ ၂ ၀ ၁ ၂

အပေါ်ဓါတ်ပုံ ။  ။ ဇက်ကကြိုး ၊ တာယာ(မောင်မိုးမြင့်)၊ မှူးသစ်
ဒုတိယဓါတ်ပုံ။   ။ခေတ်ကိုခပ်ကခပ်ရှုပ်ရှုပ်ပဲ စာအုပ်မိတ်ဆက်ပွဲ အမှတ်တရ

- အေးချမ်း ၊ ဇက်ကကြိုး ၊ မောင်မိုးမြင့် ၊ မောနွေ ၊ရုပ်သေး ၊ လင်းထက်အောင် ၊ မှူးသစ် ၊ လင်းသက်ငြိမ်

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...