အိုဘားမား ကဗျာရွတ်ဖို့ စတင်ပြီး ကြံရွယ်လိုက်စဉ် အချိန်မှာပဲ လွှတ်တော်အတွင်း ဗြုန်းစားကြီးပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ဖြစ်သွားပုံမှာ တစ်ခြားမဟုတ် ကဗျာဆရာမင်းခိုင်မြဲက အလန့်တကြား ထအော်သည်.။
"ဟိုး... ဟိုးထား ဟိုးထား ဆရာ ကဗျာရွတ်လို့မဖြစ်သေးဘူး"
အိုဘားမား ခင်မျာ မျက်နှာမည်းလေးဖြင့် ကြောင်ကြည့်နေရရှာသည်။ ကဗျာဆရာ မင်းခိုင်မြဲက လွှတ်တော် စင်မြင့်ပေါ်သို့ အပြေးအလွှား တက်သွားခဲ့ပြီး
"ခင်များ ကဗျာကို တန်းဝင်မ၀င် အရင်စစ်ဆေးဖို့လိုတယ်" ဟု ဆိုကာ ကဗျာစာရွက်ကို လုယူလိုက်သည်။
နာမည်ကြီး ကဗျာဆရာ တွေရှေ့ရောက်နေသော အိုဘားမား ခင်မျာ ဘာမှ မပြောနိုင်ရှာ စစ်မည်ဆိုတော့ လည်း စစ်ပေါ့ တစ်ခြားတတ်နိုင်သည်မရှိ လျှော့ပေးလိုက်ရသည်။
ကဗျာဆရာ မင်းခိုင်မြဲက ကဗျာစာရွက်ကို ဖင်တပြန်ခေါင်းတပြန် သေသေချာချာ စစ်ဆေးနေရင် ပါးစပ်ကလည်းပြောနေလိုက်သည်။
"ဟန်တွေကတော့ တာရာမင်းဝေ အရိပ်က မလွတ်သေးဘူး ဒါပေမယ့် ပို့စ်ဘက်လည်းမရောက်ဘူး မညှာတမ်းပြောရရင် မော်ဒန် လောက်တောင် မရှိသေးဘူး LP ဘက် နွယ်တယ်လို့ပြောရင် မှားလိမ့်မယ် နီယိုဆိုတာ ပိုဝေးပြီးပေါ့ "
ကဗျာဆရာ မင်းခိုင်မြဲက အိမ်မက်ဆုံရာ အစီစဉ်ထဲက ဒိုင်တွေကဲ့သို့ သုံးသပ်ချက်တွေ တသီကြီးထုတ်နေသည်။ အိုဘားမားကတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိရှာ ..
ကဗျာဆရာ မင်းခိုင်မြဲ သုံးသပ်လို့မဆုံး ကဗျာဆရာ တာယာကပါ စင်မြင့်ပေါ်သို့တက် လာပြီး မင်းခိုင်မြဲလက်ထဲက ကဗျာစာရွက်ကို အသာအယာ ဆွဲယူလိုက်သည် သူဆက်လက်သုံးသပ်တော့မည့် သဘော..
"အရင်ဆုံး ဒီကဗျာမှာ ရိုးသားမှု ဘယ်လောက်ရှိသလဲဆိုတာ ရှာကြည့်ရလိမ့်မယ် " ကဗျာဆရာ တာယာက အိုဘားမားကို မော့ကြည့်ရင်းပြောလိုက်သည်။
ကဗျာဆရာ တာယာက ကဗျာကို သေချာဖတ်ပြီးနောက်
"ခင်များကဗျာ မှာ အမေရိကန် အငွေ့အသက် ဘာတစ်ခုမှ မတွေ့ရဘူး မြန်မာကဗျာတွေ အတုယူပြီးရေးထားတာပဲ အမေရိကန် ကဗျာစစ်စစ် ရေးပြီးတဲ့ အချိန်ကြမှ ဒီကို ပြန်လာလိုက်ပါ အိုကေနော်.." ဒုံးတိကြီး ပြောချလိုက်တော့သည်။
အိုဘားမားရဲ့မျက်နှာမှာ ဇီးရွက်လောက်သာ ရှိတော့သည့် အနေအထားသို့ရောက်သွားသည်။ သူအနေဖြင့် ကဗျာလွှတ်တော်မှာ ကဗျာလာရွတ်ခွင့်ရရေးကို အိမ်မက် တစ်ခုလို့ မျှော်လင့်ပြီး ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ခုတော့ သူ့အိမ်မက်တွေ အားလုံးက အိမ်သာရေဘုံဘိုင်ထဲ ဆွဲချလိုက်ရသလိုပင် ဘာတစ်ခုမှ မကျန်တော့..
အိုဘားမားဖြစ်နေပုံကို လွှတ်တော်ဥက္ကဌက ကြည့်ပြီး သနားသွားပုံရသည် "ကိုယ်စားလှယ်ကြီးများခင်များ အိုဘားမားအနေနဲ့ကလည်း ဒီကဗျာလွှတ်တော်မှာ ကဗျာရွတ်ခွင့်ရရေးကို အင်မတန် ကြိုးစားခဲ့ရတာ နိုင်ငံတွင်းပြုပြင်ပြောင်းလဲရေးတွေကိုလည်း သူတော်တော် လုပ်ခဲ့ရှာပါတယ် လွှတ်တော်မှာလည်း ကဗျာရွတ်ခွင့်ကိုသဘောတူထားပြီးပြီဆိုတော့ ရွတ်ခွင့်ပေးလိုက်ပါဗျာ " ကဗျာဆရာသော်ဇင်အုံးက ဖေးဖေးမမ ပြောပေးရှာသည်။
သို့သော်မရ..
ကဗျာဆရာ လင်းလက်တာရာ က တစ်စခန်းထလာသည်။
"နေပါဦး ဥက္ကဌ ကြီးရဲ့ အိုဘားမားအနေနဲ့ ကယ်လီးဖိုးနီးယား ပြည်နယ်ဘက်က တိုက်ပွဲတွေကို ငြိမ်သက်အောင် မလုပ်နိုင်သေးပဲနဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာကို လက်ခံပေးလို့ မရသေးပါဘူး အဲ့တော့ ကဗျာရွတ်ခွင့်ကို ပြန်ပြီး သုံးသပ်သင့်ပါတယ်"
ကဗျာဆရာလင်းလက်တာရာက လွှတ်တော်ဥက္ကဌ သော်ဇင်အုန်းကို ဘုကြည့် ကြည့်ပြီးပြောလိုက်သည်။
လွှတ်တော်ဥက္ကဌဖြစ်သူ ကဗျာဆရာသော်ဇင်အုန်းအနေနဲ့ လည်း သိပ်ပြီးတော့ အဒွန့်မတက်ရဲ လင်းလက်တာရာဆိုသည်က မသိလျှင် မြန်မာ့လက်ဝှေ့သမား ၀မ်ချိုင်းနှင့် မှားနိုင်သည့် ရုပ်မျိုးဆိုတော့ နည်းနည်းရှိန်နေသည်။
သို့သော် ဘယ်နေရာမှာမှ ချံပီယံဆိုသည်မှာ မရှိ
ကဗျာဆရာ တေးခက် က ၀ိတ်နဲ့ ထဖြဲသည် "ရွတ်ခွင့်ပေးဖို့ သဘောတူထားတာ ရွတ်ပါစေ နိုင်ငံကြီးသားပီသရမှာပေါ့"
ကဗျာဆရာ လင်းလက်တာရာဆီက ထပ်ပြီးတော့ အသံထွက်လာတာ မကြားရ ကဗျာဆရာ လင်းလက်တာရာက ၀မ်းချိုင်းလောက် ဆိုဒ်ပဲ ရှိပေမယ့် ကဗျာဆရာတေးခက်က ဂျပန်နာပန်းသမားများ အနေအထားလောက်ဆိုတော့ ရှိန်မယ်ဆို ရှိန်လောက်သည်။
ဒီလိုနဲ့ အိုဘားမားခင်မျာ အငြင်းပွားမှုများကြားကပင် ကံကောင်းထောက်မ စွာ ကဗျာရွတ်ခွင့်ရသွားရှာသည်။
အိုဘားမားက တုံရီနေသော အသံ လှုပ်ခတ်နေသော ခြေလက်အစုံတို့ဖြင့် ကဗျာစ ရွတ်လေတော့သည်..။
"ဒေါ်သန်းလှ ပဲပြုတ်တောင်း အပေါင်ဆိုင်မရောက်တဲ့
ကိုယ်ပိုင် အကုသိုလ် တွေကို ဘီအီပုလင်း အဖုံးပေါ်မှ ခေါ်ဝေါ်မိ
နှင်းတွေထဲမှာ တစ်ယောက်ထဲ မသာတဲ့လား ။ လန်းတယ်
ကမ္ဘာစောင့်ပြိတ္တာအရောင်စပ်ပုံစပ်နည်း ရူးနှမ်းအပြေးကမ္ဘာ ရေ..
အ၀ိုင်းထိပ်မှ တိုက်ပါ
နှစ်ကိုယ်ခွဲပေးလိုက်ရတဲ့ အခြောက်တစ်စုံ
စုံထောက်ကြီး စောက်ထုံ က ဘီအမ်တစ်စီးရဲ့ ပြောကြားချက် ကို
စပိတ်တစ် ထောင့်ချိုး
ညီလေး! မင်း ပလာတာ လုပ်တာ ငါ ဝမ်းသာအားရဖြစ်လှတယ်။
လူ လက် မခံနိင်အောင် ကို ပတ္တလားတလက်နဲ့ ငါ နဲ့ တီးချင်တိုင်းတီးနေတာဟာ
မြန်မာနိုင်ငံကြီးကို သိပ်လွမ်းလို့.ဒီလိုနဲ့
21 နှစ်ပြည့်တဲ့ နှစ်မှာ ကုတုံး တုံးလိုက်တယ်
..ဒီတစ်ခါရမ်ပုလင်းကုန်ရင် ကောက်ညှင်းကို မျက်ဆောင်းမထိုးတော့ဘူး"
အိုဘားမားဖြစ်ပါတယ်။
အိုဘားမားက ကဗျာကို အဆုံးသတ်လိုက်ချိန်မှာ လက်ခုပ်သံများ တဖြောင်းဖြောင်းဖြင့် လွှတ်တော်တစ်ခုလုံး တဟိန်းဟိန်း ညံထွက်သွားတော့သည်။
ယမကာ ဘရိတ် အချိန်ကြပြီ မဟုတ်ပါလား..။
ယမကာဘရိတ် အချိန်ကား သာမာန်ထက်ပို၍ ဆူညံ ပွက်လောရိုက်နေသည် ဧည့်သည်တော် အိုဘားမားကတော့ ဘယ်ချောင်ကပ်နေလို့ နေရမလဲ မသိ ကောက်ညှင်းခွက်ကလေး ကိုင်ပြီး ဟိုငေးလိုက် ဒီငေးလိုက် ဖြစ်နေရှာသည်။ သူ့ကို ဂရုစိုက်မည့် သူ မရှိကြ။
အခြေအနေကို သတိထားမိသွားသော ကဗျာဆရာ စိုးမင်းအောင်က အိုဘာမားကို လှမ်းခေါ်လိုက်သည်
"ကိုရင် ဘာမား ဒီကို လာစမ်းပါဦးကွ.. " အိုဘားမားခင်မျာ အားရ၀မ်းသာ ပြေးသွားရှာသည်။
ကဗျာဆရာ စိုးမင်းအောင်က လက်ထဲမှာ ကိုင်ထားသော ဘီယာခွက်ကို အိုဘားမားဆီ ထိုးပေးလိုက်ရင်း
"မောင်ရင့် ကဗျာကို ကိုယ် သေချာ နားထောင်လိုက်ကြည့်တယ်.. အဲ့တော့ လောလောဆယ် ဘီယာတစ်ခွက် သွားဖြည့်ပြီးယူလာခဲ့
ပြီးမှ ဆက်ရှင်းပြ မယ် "
အိုဘားမားကတော့ ဒီလို နာမည်ကျော် ကဗျာဆရာ တစ်ယောက်ကို ဘီယာငှဲ့ပေးရသည်မှာ နည်းသည့်အခွင့်အရေး မဟုတ်ဟု တွေး မိသည် ထင်ဧ။် ဘီယာ စည်ဘားများ ရှိရာသို့ သုတ်ခြေတင်ပြေးတော့သည်။ အိုဘားမားမှာ ပြန်ရောက်မလာသေး
ကဗျာဆရာ စိုးမင်းအောင်က သူ့ရှေ့က ဖြတ်လျှောက်သော လူတစ်ယောက်လက်ထဲက ဘီယာခွက်ကို ဆွဲယူပစ်လိုက်ရင်း
"မောင်ရင့် ကဗျာက...."ဟု ဆိုလို့ မဆုံးခင်မှာပဲ "ဆရာ စိုးကြီး ဘီယာရပြီဗျ " ကို စိုးမင်းအောင် အသံလာရာ နောက်ဖက်ကို လှည့်ကြည့်လိုက်ရာ အိုဘားမား ဖြစ်နေသည်။ ကဗျာဆရာ စိုးမင်းအောင် တအံ့တသြ ပြောချလိုက်သည်
"ဟာ အိုဘားမား နှစ်ကိုယ်ခွဲ "
ဘေးက ဘီယာခွက် အလုခံရသော ကဗျာဆရာ ကိုမှူးက ဒေါသတကြီး ထအော်သည်
"ဘာဗျ!!!!!!!!!!! ဒီရုပ်နဲ့ ဒီရုပ် နှစ်ကိုယ်ခွဲ ဖြစ်စရာလား "
တကယ်တော့ ကဗျာဆရာစိုးမင်းအောင် အိုဘားမားနှင့် ကဗျာဆရာ ကိုမှူး ကို လူမှားသွားခြင်း ဖြစ်သည်။ မှားမည်ဆိုလည်း မှားနိုင်သည့် အနေအထားပင် ကဗျာဆရာ ကိုမှူး နှင့် အိုဘားမား ရုပ်ခြင်းဆင်ပုံက ညီအစ်ကို လို့ပြောရင်တောင် မယုံမည့်သူ ရှိမှာ မဟုတ်။
ကဗျာဆရာ ကိုမှူး ကတော့ ခပ်အောင့်အောင် နှင့် ထွက်သွားရှာသည်။
ကဗျာဆရာ စိုးမင်းအောင်က အိုဘားမားကို ကဗျာ လက်ချာ ဆက်လက်ပေးဖို့ ကြိုးစားစဉ် အချိန်ခါမှာပဲ ယမကာ ဘရိတ် အချိန်စေ့ကြောင်း ခေါင်းလောင်းသံက မြည်လာတော့သည်။
"ယခုအစီစဉ်ကတော့ အရေးပေါ်အဆိုတွေ တင်ဖို့ စာရင်း ပေးထားသူတွေ တင်သွင်းဖို့ ဖြစ်ပါတယ် "
ဥက္ကဌက ပြောကြားလိုက်သည်။
ကဗျာဆရာ ဒီလူကလေး က အဆိုတင်သွင်းရန် ထရပ်လိုက်သည်။
"ကျွန်တော့်အနေနဲ့ ကဗျာဆရာ အလင်းနှစ် ပြန်ရုတ်သိမ်းထားတဲ့ အဆိုကို ထပ်မံဖြည့်စွက်ပြီး တင်သွင်းလိုတာ ဖြစ်ပါတယ် ဥက္ကဌကြီးနဲ့ ကိုယ်စားလှယ်ကြီးများ သိကြတဲ့ အတိုင်းပါပဲ ကဗျာဆရာ အလင်းနှစ်က မောင်ဂေါ်လီကို စုံစမ်းစစ်ဆေးရေး လုပ်ဖို့ အဆိုတင်သွင်းလိုက်တဲ့အချိန်မှာ ငြိမ်သက်သလို ရှိခဲ့ပေမယ့် ခုချိန်မှာတော့ တကျော့ပြန် ဂျိုထောင်လာတဲ့ မောင်ဂျိုထောင်နဲ့ ဖေ့ဘုတ်ပေါ်မှာ ဂေါ်လီ ထထ လုပ်နေတဲ့ မောင်ဂေါ်လီကို စစ်ဆေးဖေါ်ထုတ်ပြီး အရေးယူဖို့ လိုအပ် နေပါပြီ အဲ့ဒီတော့ ဒီနေ့ လွှတ်တော်မှာပဲ စုံစမ်းစစ်ဆေးရေး ကော်မရှင်တရပ် အမြန်ဖွဲ့ပြီးတော့ စစ်ဆေးဖေါ်ထုတ်သွားဖို့ အဆိုပြူပါတယ် "
ကဗျာဆရာ ဒီလူကလေးအနေနဲ့ ဒီအဆိုကို တင်သွင်းလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ ကဗျာဆရာ တစ်ချို့ကတော့ သူ့ခန္တာကိုယ် အချိုးအစား ဘောဒီ ဗလ နဲ့ ဒီအဆိုမျိုး တင်ရဲလေခြင်းဆိုပြီး ချီးကျူးကြသည်။
"ဒီအဆိုနဲ့ ပတ်သက်ပြီး ဘယ်သူများ ဖြည့်စွက်ဆွေးနွေးချင်ပါသေးလဲ ဆွေးနွေးမယ့်သူရှိရင် ဆွေးနွေးပါ ပြီးရင် အတည်ပြုချက်ရယူပါမယ် " လွှတ်တော်ဥက္ကဌ က လုပ်ငန်းစဉ်အတိုင်း ပြောလိုက်သည်။
အံ့သြစရာပင် တစ်နှစ်ပတ်လုံးနေလို့မှ အဆိုတစ်ခု မေးခွန်းတစ်ခု မတင်သွင်းဖြစ်သော ကဗျာဆရာလောက က မတ်တပ်ထရပ်လာသည်။
ပုဆိုးထဆီးတာများ ဖြစ်နေမလားဆိုပြီး အားလုံးက ၀ိုင်းကြည့်နေကြသေးသည်။ မဟုတ် တကယ့်ကိုပင် ဆွေးနွေးရန် ထရပ်လိုက်ခြင်းဖြစ်သည်။
"ကျေးဇူးပြုပြီးတော့ ကျွန်တော် ဆွေးနွေးမှုကို ဓါတ်ပုံမရိုက်ဖို့ အသံမဖမ်းဖို့ ဖေ့စ်ဘုတ် မတင် ဖို့ ဦးစွာ ပြောကြားလိုပါတယ်"
ကဗျာဆရာလောက က ထုံစံအတိုင်း သူ့ကိုယ်သူ ကာကွယ်မှု အရင်ပြုလုပ်လိုက်သည် ပြီးတော့မှ စကားကိုဆက်သည်။
"ဥက္ကဌကြီးနဲ့ ကိုယ်စားလှယ်ကြီးများလည်း သတိထားမိပါလိမ့်မယ် မောင်ဂျိုထောင်နဲ့ မောင်ဂေါ်လီ တို့ဟာ ကဗျာလောက အကြောင်းကို တော်တော်လေးကို သိထားပါတယ် အဲ့တော့ သူတို့ နှစ်ယောက်စလုံးဟာ ကဗျာဆရာထဲကလည်း ဖြစ်နေနိုင်ပါတယ် ထပ်ပြောရရင် ဒီလွှတ်တော်ထဲမှာ ထိုင်နေတဲ့ သူတွေထဲက ဖြစ်နိုင်ပါတယ် အဲ့ဒီတော့ သူတို့ကို စုံစမ်းစစ်ဆေးရေးလုပ်ဖို့ရာ ဒီလွှတ်တော်က လူတွေနဲ့ မဖြစ်နိုင်ပါဘူး အဲ့ဒီတော့ လွတ်လပ်ပြီး အများလေးစားတဲ့ ပြင်ပ ကဗျာဆရာတွေကို ခန့်အပ်ပြီး စစ်ဆေးသင့်ပါတယ် ဒီနေရာမှာ ဖြည့်စွက် တင်ပြလိုတာက အများက လေးစားပြီး မျှတဖို့အတွက် ခုလွှတ်တော်ကို ဧည့်သည်အဖြစ် လေ့လာဖို့ရောက်ရှိနေတဲ့ ဆရာသစ္စာနီကို စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဌ ခန့်အပ်ရင် အလွန်သင့်တော်ပါလိမ့် ကျေးဇူးတင်ပါတယ် "
လက်ခုပ်သံတွေ တဖြောင်းဖြောင်း ထွက်လာသည်။ "ကို လောက က မပြောတော့သာ အရှင်းပြောလိုက်ရင် ချက်နဲ့လက်နဲ့ပဲ "ဟု ကဗျာဆရာ လင်းတည်ငြိမ်က မှတ်ချက်ပေးသည်။
ကဗျာဆရာ သစ္စာနီက အသည်းအသန် ထငြင်းရှာသည်။
"ဟေ့ ဟေ့ ဟေ့.... ပေါက်ပေါက်ရှာရှာ ရှုပ်ရှုပ် ရှက်ရှက် မင်းတို့ ကိစ္စတွေ ငါမပါ ပါရစေနဲ့ လွှတ်တော် တောင်မလာပဲ ငါ့ဟာငါ့ အေးဆေး နေနေတာ "
သို့သော် မရ အားလုံးက ၀ိုင်းပြီးထောက်ခံနေကြသည်။
ကဗျာဆရာ သော်ဇင်အုန်းက အရောက်ထပ်ပို့သည် "ကိုရဲ ကိုအားလုံးလေးစားတော့ ဒီအမှု စစ်ဆေးပေးစေချင်ပါတယ် ။ ကွယ်လွန်သွားတဲ့ ဆရာမောင်ချောနွယ်တို့ ဆရာမြေချစ်သူတို့ ကိုလေးအောင်တို့ မျက်နာ ထောက်ထားပြီးတော့ ဆောင်ရွက်ပေးစေချင်ပါတယ် နောက်ပြီး ကိုရဲက အခု ဖေ့စ်ဘုတ်စ သုံးနေပြီဆိုတော့ ကိုရဲမှာလည်း တာဝန်ရှိပါတယ် " ဆိုင်မဆိုင်မသိ ကဗျာဆရာသော်ဇင်အုန်းက ချုပ်လိုက်သည်
ကဗျာဆရာသစ္စာနီ ခင်မျာ နောက်ထပ် ငြင်းဖို့ မတတ်နိုင်ရှာတော့ အောက်သက်သက်နဲ့ပင် လက်ခံလိုက်ရရှာ သည်။
စိတ်ထဲမှာတော့ ငြီးတွားနေမိသည်။
" ဒီတိုင်း နေနေတာ အကောင်းသား ဖေ့စ်ဘုတ်သုံးမိတော့မှ ငါးပါးကို မှောက်တော့တာပဲ သုံးချင်ဦးဟဲ့ ဒီဖေ့စ်ဘုတ် "
ကဗျာဆရာ စိုးမင်းအောင်ကလည်း ဖြည့်စွက်လိုသည်ဟု ဆိုလာပြန်သည်။
"ကျွန်တော် တစ်ခု ထပ်ဖြည့်စွက်ချင်ပါသေးတယ် ဒီစုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ဘုန်ကြီးကဗျာဆရာများဖြစ်တဲ့ ဦးဇင်ဆူးရင့်နဲ့ ဦးဇင်းမောင်မင်းစိုး တို့ကိုပါ အားထပ်ဖြည့်လိုက်မယ်ဆိုရင် တကယ့်ကို ဂွတ်ရှယ် ဖြစ်သွားမယ့် စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြစ်လာပါလိမ့်မယ် "
ကဗျာဆရာ စိုးမင်းအောင်ဧ။် အဆိုကို အားလုံးက သဘောကျ လက်ခံကြသည်။
ဦးဇင်းမောင်မင်းစိုးကတော့ ခေါင်းတစ်ခါခါလုပ်ရင်း စကားတစ်ခွန်းကို အခါခါ မိန့်နေရှာသည်။
"ဒကာ အရင်းတွေ မယုံရဘူး သစ္စာဖေါက်တတ်တယ် ... ဒကာ အရင်းတွေ မယုံရဘူး သစ္စာဖေါက်တတ်တယ်
ဒကာ အရင်းတွေ မယုံရဘူး သစ္စာဖေါက်တတ်တယ်... "......................................
ထိုသို့ ဖြင့် မောင်ဂျိုထောင် နှင့် မောင်ဂေါ်လီတို့အား စုံစမ်းစစ်ဆေးမည့် ကော်မရှင်အား အောင်မြင်စွာ ဖွဲ့စည်းနိုင်လိုက်တော့သည်။
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .. . . . .. . . . . . . .. . . . . . . . . . . . . . . . . .
ဒီကနေ့ ကဗျာလွှတ်တော်ကား အရေးကြီးသည်ဟု ဆိုနိုင်သလို အရေးမကြီးဟု ဆိုပါကလည်း ဆိုနိုင်သည်။ ဒီနေ့ ဆောင်ရွက်ရမည့် ကိစ္စရပ်မှာ ဘတ်ဂျတ်ခွဲဝေမှုဖြစ်သည်။ တစ်နိုင်ပတ်လုံးသုံးဆွဲမည့် ဘတ်ဂျတ်ကို ဒီကနေ့ အပြီးသတ် ဆုံးဖြတ်ချက်ချရမည် ဖြစ်သည်။ ခါနှစ်များမှာတော့ ဘတ်ဂျတ်က ခွဲဝေနေကျ အတိုင်းပင် အဆင်ပြေသည် အတည်ပြုလိုက်ရုံပင် ဘတ်ဂျတ်ခွဲဝေမှုကလည်း ရှင်းသည်။ ပုံမှန်ခွဲဝေမှုက စာပေကဏ္ဍအသုံးစရိတ်က ကျန် ရုပ်ရှင် ၊ဂီတ ကဏ္ဍတွေဧ။် အသုံးစရိတ်ထက် ငါးဆ ခန့်မြင့်ထားသည်။ ဒါကလည်းရှင်းသည် ဘတ်ဂျတ်တွေ အတွက် အဓိက ၀င်ငွေရှာပေးနိုင်မှုမှာ စာပေကဏ္ဍက ကျန်တော် ကဏ္ဍတွေထက် အများကြီးသာ နေသည်။ စာပေကဏ္ဍမှ ၀င်ငွေများထည်းမှ ကျန်ကဏ္ဍတွေအတွက် ခွဲဝေပေးရတဲ့ အနေအထား ဆိုတော့ ဒီလောက်ကွာသည်ကပင် တော်နေသေးသည်။
ဘတ်ဂျတ်ခွဲဝေမှုက လွယ်လင့်တကူ ပြီးစီးသွားလိမ့်မည်ဟု ထင်မှတ်ထားကြသော်လည်း အလွယ်တကူ မပြီးခဲ့ ရုပ်ရှင် နှင့် ဂီတ ဘက်မှလည်း ဒီနှစ်တော့ ဘတ်ဂျတ်ကို မရ ရ အောင် ထပ်တိုးတောင်းမည်ဟု ဆုံးဖြတ်ချက် ချထားပုံ ရသည်။
ရုပ်ရှင်ဘက်က ကိုယ်စားလှယ်အနေဖြင့် နာမည်ကြီးရုပ်ရှင်မင်းသား မင်းနတ်ကွန်း နှင့်အတူ ကဗျာဆရာ အချို့ရဲ့ အသည်းနှလုံးဟု တင်စားမည့် နာမည်ကျော် မော်ဒယ် နန်းခင်ပလယ်ယာ တက်ရောက်လာခဲ့သည်။ အနေအထားကတော့ နန်းခင်ပလယ်ယာရဲ့ စွဲဆောင်မှုနဲ့ ဘတ်ဂျတ်ကို မရရအောင် တိုးတောင်းမည့် ပုံစံဖြစ်နေသည်။
ဂီတဘက်ကတော့ နာမည်ကျော် အဆိုတော်များဖြစ်သည့် ၊ ဖလမ်းဖလမ်းခမ်းလှိုင် ၊ တက်ကျမ်း တို့နှင့်အတူ အဆိုတော်မလေး လေဗကာဝင်းတို့ တက်ရောက်လာခဲ့ကြသည်။ သူတို့ဘက်ကလည်း ..လေဗကာဝင်း အလှဖြင့် ဘတ်ဂျတ်ကို မျှားယူမယ့် အနေအထား..
ကဗျာဆရာ သော်ဇင်အုန်းက စတင်ပြီး
"ဘတ်ဂျတ်ကိစ္စနဲ့ ပတ်သက်ပြီး အရင်နှစ်တွေကလိုပဲ သတ်မှတ်ပေးဖို့ ရာထားပါတယ် တက်ရောက်လာတဲ့ ဂီတ ၊ ရုပ်ရှင် ကိုယ်စားလှယ်တွေ ဘက်မှ ဘာများ ဆွေးနွေးချင်ပါသေးလဲ"
ဥက္ကဌ စကားဆုံးသည်နှင့် တပြိုင်နက် သက်ပြင်းချသံ ကြီးနှင့် အတူ သရုပ်ဆောင်မင်းနတ်ကွန်းက ထရပ်လိုက်သည်။
"ကျွန်တော်တို့ ရုပ်ရှင်အတွက် မလောက်ပါဘူး ဒီနှစ်မှာ နောက်ထပ် တစ်စ လောက် ထပ်တိုးပေးဖို့ တောင်းဆိုပါတယ် " မင်းနတ်ကွန်းက သနားဖွယ်ရာကောင်းသော မျက်နှာအချိုးအစားဖြင့် ပြောလိုက်သည်။
"ကျွန်တော်တို့လည်း မလောက်ပါဘူး ကျွန်တော်တို့ကိုလည်း ထပ်တိုးပေးသင့်ပါတယ်" ဂီတဘက်မှ ဖလမ်းဖလမ်း ခမ်းလှိုင်ကလည်း အားကျမခံ လိုက်ပြောသည်။
"မဖြစ်နိုင်ပါဘူး" "..မဖြစ်နိုင်ပါဘူး." " နိုး မရဘူး ..." ငြင်းဆိုသံတွေက တစ်ခုပြီးတစ်ခု ထွက်လာသည်။
ကဗျာဆရာ ဇက်ကကြိုးက ထပြီးပြောသည်
"လုံးဝ မဖြစ်နိုင်ပါဘူး ခင်များတို့ ရုပ်ရှင် နဲ့ ဂီတ ဟာ ခုချိန်မှာ စံချိန်တင် အရှုံးတွေ ပြနေတာပါ ခုခွဲပေးတဲ့ ဘက်ဂျတ်တွေကလည်း ကျွန်တော်တို့ လစဉ်ကဗျာရှိုးပွဲကြီးတွေ စာအုပ်ထုတ်ဝေရေး လုပ်ငန်းတွေရဲ့ ၀င်ငွေထည်းက သနားလို့ ပြန်ခွဲဝေပေးနေတာပါ ထပ်တိုးပြီးရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး "ကဗျာဆရာ ဇက်ကကြိုးက ပစ်ပစ်ခါခါ ငြင်းပယ်ပစ်လိုက်သည်။
ထောက်ခံသံတွေကလည်း ထွက်လာသည်။ ဒီပုံဆိုလျှင် ရုပ်ရှင်နဲ့ ဂီတအတွက် အခြေအနေမကောင်းနိုင်တော့..
မင်းနတ်ကွန်းက နန်းခင်ပလယ်ယာကို မျက်စပစ်လိုက်ပြီး ဆက်လှုပ်ရှားရန် အချက်ပြလိုက်သည်။
နန်းခင်ပလယ်ယာကလည်း အခြေအနေကို ကောင်းကောင်း သဘောပေါက်ထားပုံပင် သူ့တိုက်ကွက်ကို စတင်လိုက်သည်။
"နန်းခင်တို့ ရုပ်ရှင်အတွက် တကယ်လိုအပ်နေတာပါ ဒီနှစ် ဘတ်ဂျတ် မှ မရရင် နန်းခင်တို့ ရုပ်ရှင်လောကကြီးဟာ မတွေးရဲစရာပါပဲ ရှင်" ....နန်းခင်ပလယ်ယာရဲ့ အပြောက မိုးပေါ်က သကြားမင်းတောင် ကြွေကျလာချင်စရာ သို့သော် ကဗျာလွှတ်တော်ရဲ့ အရှိန်အ၀ါကိုတော့ သိပ်ပြီး မတုန်လှုပ်နိုင်..။
နန်းခင်ပလယ်ယာက အားမလျော့
"နန်းခင်က ဟော့ဒီက ကဗျာဆရာကြီးတွေ ပရိတ်သတ်စစ်ပါ ကဗျာဆရာ ကိုလူကြီးတို့ ကိုမားဆိုးတို့ ကိုဟံလင်း တို့ရဲ့ အမာခံပရိတ် သတ်ပါ သူတို့ ကဗျာတွေ ဆို သိပ်ကြိုက်တာ.." နန်းခင်ပလယ်ယာက မျက်စောင်းကလေးထိုးပြီး ကဗျာဆရာတွေ ကို ချုပ်ဖို့ ကြိုးစားသည်။ဒီတစ်ခါတော့ ကဗျာဆရာတွေ ဘက်က ခံနိုင်ရည် နည်းနည်းလျော့ ကျသွားသည် ထင် သည်။
ကဗျာဆရာ လူကြီးက ထပြီး တိုးပေးဖို့ပြောသည်။
"တိုးပေးလိုက်ပါဗျာ ဘယ်လောက်မှ မရှိပါဘူး" ကိုမားဆိုးကလည်း ထောက်ခံသည် "ဟုတ်တယ် တိုးပေးသင့်တယ်"
အခြေအနေက အကောင်းဘက်ကို အနည်းငယ်ရွေ့လာတော့ မင်းနတ်ကွန်းတို့ ဖလမ်းဖလမ်းခမ်းလှိုင်တို့ကပါ ၀င်ပါလာတော့သည်။
"ကျွန်တော်လည်း ကဗျာဆရာမ မြ တို့ အမွန်းမွန်း တို့ ဆရာမ ရွှေဖယောင်း၊ ဆရာမ အယ်နီ တို့ရဲ့ ပရိတ်သတ်ပါ"
မင်းနတ်ကွန်း က အားရ၀မ်းသာ ထပြောသည်။
ဖလမ်းဖလမ်းခမ်းလှိုင် ကလည်း
"ကျွန်တော်လည်း ကူနို တို့ မြေနံ တို့ ညိုပြာဝိုင်တို့ နန်းအသင်္ခယာ တို့ ကို အရမ်းကြိုက်တာ ပြောရရင် ကဗျာဆရာမဆို ကျွန်တော်က ကြိုက်ပြီးသား ၊ "
အဆိုတော်မလေး.လေဗကာဝင်း ကလည်း အားကျမခံ "သမီးက ကဗျာဆရာ ကောက်ကွေ့တို့ လင်းတည်ငြိမ် တို့ကို အရမ်းကြိုက်တာ ကဗျာဆရာ မြင်ရင် နေကို မနေနိုင်တာ "
ဆွဲဆောင်မှုက တော်တော်လည်း တာသွားသည်ဟု ထင်ရသည် တိုးပေးဖို့ ထောက်ခံသံတွေက ထွက်လာသည်။
ဆရာမ တွေဘက်ကလည်း အသံထွက်လာသည်။ "မင်းနတ်ကွန်းလေး ခင်မျာ သနားစရာ " "ဖလမ်းဖလမ်းခမ်းလှိုင် မျက်နာလေးတော့ ထောက်သင့်ပါတယ် "
သို့သော် မရသေး ထောက်ခံမှု တိုးတက်လာသော်လည်း ကန့်ကွက်မဲက များနေသည်။
ကဗျာဆရာ မူးရစ်ဆိုလျှင် သက်မွန်မြင့် ပါလာမှ တိုးပေးဖို့ စဉ်းစားမည် လုပ်နေသေးသည်။
အခြေအနေက အပျော့နည်းနဲ့ ဆွဲဆောင်လို့ မရတော့မှန်း ရုပ်ရှင်၊ ဂီတ ကိုယ်စားလှယ် တွေ ကောင်းကောင်း သဘောပေါက်သွားသည်။
အဲ့တော့ မတတ်နိုင် နောက်ဆုံး တိုက်ကွက်ကို ထုတ်သုံးရန် သူတို့ ဆုံးဖြတ်လိုက်တော့သည်။
အဆိုတော် တက်ကျမ်းက ခပ်မိုက်မိုက် ထပြောသည်
"ဟုတ်ပြီလေ မတိုးပေးရင်လည်း ဘယ်တတ်နိုင်မလဲ ဒါပေမယ့် ကျွန်တော်တို့ ဂီတ ဘက်ကတော့ ဘတ်ဂျတ် ပြည့်မီဖို့ အတွက် ဟော့ဒီ လွှတ်တော်မှာ အဆိုတော် ပိန်းပိန်းရဲ့ သီဆိုမှုကို ဘီယာဟိန်းရဲ့ ကပြမှုနဲ့ ဖျော်ဖြေပြီး အလှူငွေ ကောက်ရပါလိမ့်မယ် "
အဆိုတော် တက်ကျမ်းက ချက်ကောင်းကို ကိုင်လိုက်ပုံရသည် လွှတ်တော် တစ်ခုလုံး ထိတ်ထိတ်ပြာပြာ ဖြစ်သွားတော့သည်။
ဒီလိုမျိုး အခြေအနေတော့ အဖြစ်ခံလို့မဖြစ် မတော်လျှင် ကိုယ်စားလှယ်တွေ အားလုံး ခပ်ကြောင်ကြောင်း ဖြစ်သွားနိုင်သည် မဟုတ်လား ။ဘတ်ဂျတ်တိုးပေးလိုက်ဖို့သာ ခွင့်ပြုဖို့ အားလုံးက ထောက်ခံလိုက်ကြရသည်။
ရုပ်ရှင် ဘက်ကလည်း သူတို့ တိုက်ကွက်ကို စဖွင့်သည်။
"ကျွန်တော်တို့ ဘက်ကလည်း ဘတ်ဂျတ်ပြည့်မီဖို့ အတွက် အကူညီတောင်းချင်ပါတယ် အဲ့ဒါက လွှတ်တော်က ကဗျာဆရာမတွေကို သရုပ်ဆောင် ဗေလုဝနဲ့ တွဲပြီး ရုပ်ရှင်ကားရိုက် ရန်ပုံငွေရှာခွင့်နဲ့ ကဗျာဆရာတွေကို သရုပ်ဆောင် ပွင့်နဲ့ တွဲပြီး ရန်ပုံငွေ ရှာ ဖို့ ကြိုးစားရပါလိမ့် မယ် "
မင်းနတ်ကွန်းက ခြိမ်းခြောက်သလိုလို အကူညီတောင်းသလိုလို ဖြင့် ပြောလိုက်သည်။
ဒီတစ်ခေါက်လည်း ကိုယ်စားလှယ်တွေအားလုံး ထိတ်ထိတ်လန့်လန့် ဖြစ်သွားရပြန်သည်။ အားလုံးက ဘ၀တော့ အဆုံးခံလို့မဖြစ် ဘတ်ဂျတ်သာ တိုးပေးတော့မည်ဟု သဘောတူကာ ဘတ်ဂျတ်ငွေ တိုးပေးလိုက်ရတော့သည်။
ရုပ်ရှင် နဲ့ ဂီတ ဘက်က ကိုယ်စားလှယ်တွေ အနေဖြင့် လွှတ်တော်မှ အောင်မြင်မှုဖြင့် ပြန်လာရသည့် အသွင် ပေါ်လွန်းနေသည်။
လွှတ်တော်အစည်းအဝေး ပြီးသွားချိန်တွင် ..
ကဗျာဆရာ လူကြီးက နန်းခင်ပလယ်ယာ အနားကို မသိမသာ ကပ်သွားပြီး
"ညီမလေးက အစ်ကို့ပရိတ်သတ်လို့ပြောသွားတယ် နော် အမှတ်တရ လက်မှတ်လေးဘာလေး ထိုးပေး ရဦးမလား " လက်ထဲက ဘောပင်ကို စ ရင်း ပြောလိုက်သည်။နန်းခင်ပလယ်ယာ က အလန့်တကြား ငြင်းရှာသည်။
"ဟို နန်းခင်မှာ အော်တိုစာအုပ်ပါမလာလို့ နောက်တစ်ခေါက်မှ ထိုးပေးလေ နော်"
ဒါတောင်မရ ကဗျာဆရာ လူကြီးက စာအုပ်မပါရင် အင်္ကျီမှာ ထိုးပေးမယ်ဟု ဆိုပြီး လက်မှတ်အတင်း ထိုးပေးဖို့ကြိုးစားနေသေးသည်။
နန်းခင်ပလယ်ယာခင်မျာ လေးထောင့်ခိုင်သိမ်းရှိက ငှားဝတ်လာတဲ့ အင်္ကျီဟုဆိုပြီး အတင်ငြင်းလိုက်ရသည်။
ကဗျာဆရာမူးရစ်က မင်းနတ်ကွန်းနား ကပ်ပြီး တိုးတိုးကလေးသွားပြောသည်
"နောက်တစ်ခေါက်ဆို သက်မွန်မြင့် ပါလာအောင် ခေါ်လာခဲ့ဗျာ ဘတ်ဂျတ် သုံးစ ရအောင် ကြည့်လုပ်ပေးမယ်"
ကဗျာဆရာမ အမွန်းမွန်းကလည်း အားကျ မခံ ဖလမ်းဖလမ်းခမ်းလှိုင် ကို မျက်စိမှိတ်ပြဖြစ်အောင် မှိတ်ပြလိုက်သေးသည်။
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
ဒီကနေ့ ကဗျာ လွှတ်တော်ကတော့ စိတ်ဝင်းစရာတွေ နဲ့ ပြည့်နှက်နေသည် ။ အဘယ့်ကြောင့်ဆိုသော မောင်ဂျိုထောင်၊ မောင်ဂေါ်လီ တို့အား စုံးစမ်းစစ်ဆေးရေးကော်မရှင်ဧ။် စစ်ဆေးတွေ့ရှိချက်ကို လွှတ်တော်မှာ ဖတ်ကြားမည် ဖြစ်သောကြောင့် ဖြစ်သည်။
လွှတ်တော်မစခင် အချိန်တွင်း တီးတိုးစကားတွေ ဆိုသံများဖြင့် ဆူညံနေသည်..။
လွှတ်တော်ကား စတော့မည်။ သို့သော် စစ်ဆေးတွေ့ရှိချက်ကို ဖတ်ကြားရမည့် ကော်မရှင်ဥက္ကဌ ကဗျာဆရာ သစ္စာနီ နှင့်
ဘုန်းကြီး ကဗျာဆရာများဖြစ်သော ဦးဇင်းမောင်မင်းစိုးနှင့် ဦးဇင်းဆူးရင့်တို့မှာ အရိပ်အယောင်မျှပင် မမြင်ရသေး.။
လွှတ်တော်ဥက္ကဌ နှင့် ကဗျာစိုးမင်းအောင်တို့မှာ သူတို့ကို အသည်းအသန် လိုက်ရှာနေကြသည် အချိန်က ကပ်နေပြီ မဟုတ်ပါလား ဖုန်းတွေ တဂွမ်ဂွမ်ဆက်သည် သို့သော်မရ လူကြီးမင်းနဲ့သာ တိုးနေသည်။
နောက်ဆုံး လွှတ်တော်ဥက္ကဌ နှင့် ကဗျာစိုးမင်းအောင် မှာ လွှတ်တော်အတွင်း သို့ ၀င်ရောက်သွားချိန်တွင် ..
သူတို့ကို ကျောပေးထိုင်နေသော ဦးဇင်း ၂ ပါး နှင့် လူတစ်ယောက် ကို တွေ့လိုက်ရသည်။ ဦးဇင်း ၂ ပါးကလည်း မှားစရာ မရှိ
လူတစ်ယောက်ဆိုသည်မှာလည်း နောက်ကျောက ကြည့်ရုံ ဖြင့်ပင် ကဗျာဆရာသစ္စာနီမှန်း သိသာသည်။
ကဗျာဆရာ သော်ဇင်အုန်းက လှမ်းခေါ်လိုက်သည် "ဆရာ ရဲ.." ပြန်ထူးသံမကြားရ..
ကဗျာဆရာ စိုးမင်းအောင်ကလည်း လှမ်းခေါ်သည်။ "ဦးဇင်းမောင်မင်းစိုး ဦးဇင်းဆူးရင့်..." ပြန်ထူးသံမကြားရ
အကြိမ်ကြိမ်အခါအခါ ထပ်ခေါ်သည်။ သို့သော် ပြန်မထူးကြ လှုပ်ပင်မလှုပ်..။
တဖြည်းဖြည်း သူတို့ မသင်္ကာဖြစ်လာသည်။ စိုးရိမ်စိတ်တွေလည်း ၀င်လာသည်။
အပြေးအလွှားပင် ရှေ့တည့်တည့်ကို သွားကြည့်လိုက်သည်။ သူတို့ နှစ်ယောက်စလုံး အံ့အားသင့် သွားရတော့သည်။
ဦဇင်း ၂ ပါး နှင့် ဆရာသစ္စာနီ တို့ မှာ မျက်နှာ ဖုံး ကိုယ်စီ နှင့် တုပ်တုပ်မျှ ပင် မလှုပ် သူတို့ကို မသိချင်ယောင် ဆောင်နေသည်။
ကဗျာဆရာ သော်ဇင်အုံးက စိတ်သိပ်မရှည်တော့ "ဆရာရဲ ဒါဘာလုပ်တာဗျ နားမလည်တော့ ဘူး"
ကဗျာဆရာ စိုးမင်းအောင်ကလည်း "ဦးဇင်းတို့ ဘာလုပ်နေကြတာလဲ "
အဲ့ဒီ အချိန်ကြတော့မှ ကဗျာဆရာ သစ္စာနီက
"မင်းတို့တွေ ငါတို့ကို မှတ်မိတယ်လား ငါတို့ ရုပ်ဖျက် ထားကြတာ "
ဦးဇင်း ၂ ပါးကလည်း "ဟုတ်တယ် ဒကာကြီး ဦးဇင်းတို့ ဒီလောက် ရုပ်ဖျက်ထားတာ ဘယ်လိုလုပ် ဘုန်းကြီးမှန်းသိလဲ"
"သေလိုက်ပါတော့ ဗျာ ..."
ကဗျာဆရာ သော်ဇင်အုန်းနဲ့ ကဗျာစိုးမင်းအောင်တို့ ခင်မျာ ကိုယ့်နဖူးကို ရိုက်ပြီး အော်ပစ်လိုက်တော့သည်။
ကဗျာဆရာစိုးမင်းအောင်က ကဗျာဆရာ သစ္စာနီကို ခပ်ပြုံးပြုံးကြည့်ရင်း
"ဆရာ က မျက်နှာ ဖုံး တပ်ပြီး ရုပ်ဖျက်တယ်သာ ပြောတယ် ခန္ဒကိုယ်က ဒီခန္ဒကိုယ် အသိသာကြီး ကို"
ကဗျာဆရာ သော်ဇင်အုန်းကလည်း ဦးဇင်း ၂ပါးကို သေချာကြည့်ပြီး
"ဦးဇင်းတို့လည်း ရုပ်သာ ဖျက်တာ သင်္ကန်းက ဖျက်မှ ဖျက်မထားတာ အသိသာကြီး "
အဲ့ဒီ ချိန်ကြတော့မှ ဆရာသစ္စာနီ နဲ့ ဦးဇင်း ၂ ပါးတို့မှာ သေချာပြန်တွေးပြီး ဟုတ်သားပဲ ဟု သက်ပြင်းအရှည်ကြီး ချ ပစ်လိုက်ကြသည်။
ကဗျာဆရာသစ္စာနီ နဲ့ ဦးဇင်း ၂ ပါးတို့ ရုပ်ဖျက်ပြီး လွှတ်တော်ထဲကို ရောက်လာခြင်း သတင်းမှာ မီနစ်ပိုင်းတွင်းမှာပင် လွှတ်တော်တစ်ခုလုံး ပျံသွားတော့သည်။ ဖေ့စ်ဘုတ်ကနေ Share လုပ်လျှင်တောင် ဒီလောက်မြန်နိုင်မည်မဟုတ် ကဗျာဆရာတွေ ဆရာမတွေ အားလုံးကလည်း ပြုံးစိစိတွေ နဲ့ ဖြစ်နေကြသည်။
နောက်ဆုံး ရှင်းလင်းချက်..
ကဗျာဆရာ စိုးမင်းအောင်က ကဗျာဆရာသစ္စာနီကို မျက်နှာဖုံး တပ်ပြီး ရုပ်ဖျက်ရခြင်း အကြောင်းအရင်းကိုမေးသည်။
ကဗျာဆရာသစ္စာနီက မထူးတော့ပြီမို့ အကြောင်းအရင်းကို စုံစုံစေ့စေ့ ရှင်းပြလိုက်တော့သည်။
. . . . . . . . . . . . . . .
အမှန်တော့ မောင်ဂျိုထောင်နဲ့ မောင်ဂေါ်လီတို့ ဘယ်သူဘယ်ဝါ ဆိုတာ သိနိုင်ဖို့ ကဗျာဆရာသစ္စာနီရော ဦးဇင်း ၂ ပါးရော တော်တော်လေးကို အပင်ပန်းခံပြီး စုံစမ်းကြသည်။ အချက်အလက်တွေလည်း တိတိကျကျဖြစ်အောင် ရှာကြသည်။ ဒီလိုကိစ္စမျိုးဆိုသည်မှာ နည်းနည်းလေးမှ လွဲသွားလို့ မဖြစ် ဆိုသည်ကို သူတို့ အားလုံးက လက်ခံထားသည်။ သူတို့အနေနဲ့ ကဗျာလောက က လူငယ်တွေ ဖြစ်ချင်နေသည့် အရာတစ်ခုကို ကူညီပေးလိုသော ဆန္ဒကြောင့်သာ အခုလို အပင်ပန်းခံရခြင်းဖြစ်သည်။
ဒီလိုနဲ့ ရှာဖွေ စစ်ဆေးရင်း အချိန်တစ်ခုရောက်လာသောအခါ ဆရာသစ္စာနီမှာရော ဦးဇင်း ၂ ပါး မှာပါ အချက်အလက်တော်တော်များများ ရရှိသွားခဲ့သည်။ သို့သော် မောင်ဂျိုထောင်နဲ့ မောင်ဂေါ်လီ တို့မှာ ဘယ်သူဘယ်ဝါ ဆိုတာတော့ အတိ အကျ မသိကြသေး သူတို့ အချက်အလက်တွေ အားလုံး ပေါင်းမိချိန်တွင်တော့ ရှင်းရှင်းလင်းလင်းပေါ်လာမယ့် အနေအထားကို ရရှိသွားခဲ့သည်။
အဲ့ဒီတော့ ဒီကိစ္စကို လွှတ်တော်မှာ တစ်ခါတည်း ရှင်းလင်းဖို့ သူတို့တွေ ချိန်းဆိုလိုက်ကြတော့သည်။ ဒီလိုနဲ့ လွှတ်တော်တွင် ရှင်းလင်းရမည့် မတိုင်မီ ည ၁၂ နာရီခန့်တွင် ကဗျာဆရာ သစ္စာနီ ထံသို့ ဦးဇင်း ဆူးရင့်ဆီ မှ ဖုန်းဝင်လာခဲ့သည်။ ဦးဇင်းဆူးရင့်က သူရရှိထားသော အချက်အလက်များ အခုညတွင်ပင် ရုတ်တရက်ပျောက်ဆုံးသွားပြီ ဖြစ်ကြောင်း ဆရာသစ္စာနီကို ပြောပြသည်။
ဦးဇင်းဆူးရင့် ရဲ့ ဖုန်းကို ရပြီးပြီး ခြင်းတွင် သူရရှိထားသော အချက်အလက် ဖိုင်ကို လက်ဆွဲအိတ်ထဲက ထုတ်ယူကြည့်ဖို့ ကြိုးစားလိုက်စဉ်တွင် အံ့သြစရာပင် သူရရှိထားသော အချက်အလက် ဖိုင်မှာလည်း ထူးဆန်းစွာ ပျောက်ဆုံးသွားခဲ့သည်။ ဦးဇင်းမောင်မင်းစိုး ထံ ဖုန်းဆက်မေးကြည့်လိုက်တော့လည်း သူလည်း ပျောက်ဆုံးသွား ကြောင်း ပြန်ပြောသည်။
ဒီလိုနဲ့..
ဆရာသစ္စာနီက ဦးဇင်း ၂ ပါးနှင့်တွေ့ကာ တိုင်ပင်ရတော့သည်။ နောက်ဆုံးတော့ သူတို့ ဆုံးဖြတ်ချက် တစ်ခု ချလိုက်ကြသည်။
ဆုံးဖြတ်ချက်က တစ်ခြား မဟုတ် နောက်တစ်နေ့ လွှတ်တော်တွင် ရုပ်ဖျက်၍ အချက်အလက်များ ပြန်လည် ရရှိရန် စုံစမ်းရေး ပင် ဖြစ်တော့ သည်။
မောင်ဂျိုထောင်နဲ့ မောင်ဂေါ်လီ တို့ မှာ ဘယ်သူဘယ်ဝါ ဖြစ်သည်ကို ဖေါ်ထုတ်နိုင်မည့် အခွင့်အရေးမှာ တည်းတည်းကလေး လွှတ်ထွက်သွားရသည်။
အချက်အလက်များကို မည်သူ ခိုးယူသွားသည် ဆိုသည်ကတော့ ခုချိန်ထိ စုံစမ်း၍ မရနိုင်သေး။။။
မှူးသစ်
12/3/2013 ,, PM 10 : 21
အားလုံးပျော်ရွှင်စေလို သော စိတ်ဖြင့် ရေးဖွဲ့ခြင်းဖြစ်ပြီး ဆရာသစ္စာနီ၊ ဦးဇင်းမောင်မင်းစိုး၊ ဦးဇင်းဆူးရင့် တို့နှင့် တကွ အခြား အနုပညာရှင် များ အပေါ် မလေးမစား ပြုမိသလို ဖြစ်ခဲ့သည်ရှိပါက ခွင့်လွှတ်ပေးပါရန် လေးစားစွာ တောင်းပန်အပ်ပါသည်။
ရုပ်ရှင် ၊ဂီတ အနုပညာရှင်နယ်ပယ်မှ ဧည့်သည်သရုပ်ဆောင်များအနေနဲ့ ထိခိုက်နစ်နာ သလို ဖြစ်သွားပါက ခွင့်လွှတ်ပေးပါရန် တောင်းပန်ပါသည်။
( မတော်တစ ဖတ်မိပါက စိတ်ဆိုးပြီး တရားဆွဲမည်ကို ကြောက်သောကြောင့် :D )
No comments:
Post a Comment