Monday, February 25, 2013
အိပ်မက်သတ်သူ (လင်းTငြိမ်)
အိပ်မက်ထဲမှာ ကျွန်တော့်အိပ်မက်တွေကို(ကျွန်တော်ကိုယ်တိုင်)အသေပြန်သတ်ပစ်ခဲ့တယ် ။
ဒီတော့ အိပ်မက်တွေဟာ အိပ်မက်ထဲမှာ သေဆုံးသွားတော့တာပေါ့ ။ အိပ်မက်တွေကို ကျွန်တော်
သတ်ပစ်ဖို့ မစဉ်းစားခဲ့ပေမဲ့ သူတို့တွေကိုယ်တိုင်က ကျွန်တော့်ဆီမှာ ကျေကျေနပ်နပ်နဲ့ အသတ်ခံဖို့
ရောက်လာခဲ့တာပါ ။
ပထမဦးဆုံး အိပ်မက်တစ်ခုက “ သူဟာ ကျွန်တော် အကြာကြီး မက်ခဲ့ပြီးမှ စွန့်ပစ်လိုက်တဲ့
အစွန့်ပစ်ခံ အိမ်မက်ပါ ” တဲ့ ။ အဲ့ဒီလို အစွန့်ပစ်ခံ အိပ်မက် ဘ၀ကနေ သူ့ကိုသတ်ပစ်လိုက်ဖို့
ဟောင်းနွမ်းဆွေးမြေ့နေတဲ့ စကားလုံးတွေနဲ့ ကျွန်တော်ကို တောင်းပန်နေတယ် ။
( ကျွန်တော်မှာ စိတ်မကောင်းဖြစ်နေရုံမှတပါး ဘာမှမတတ်နိုင်တော့ဘူး ) မျက်လုံးကို စုံမှိတ် နားထင်ကို သေနတ်နဲ့ ထောက်ပြီး နောက်ဆုံးကျဉ်ဆံ တစ်ထောင့်ကို မောင်းဖြုတ်ချလိုက်တယ် ။
သူ သေဆုံးသွားတဲ့အထိတိုင်အောင် သူဟာ ဘယ်လို အိပ်မက်မျိုးလဲဆိုတာ ကျွန်တော် မမေးကြည့်ခဲ့ဖူး ။
ဒုတိယ အိပ်မက်က “ ကံကော်ပွင့်လေး ” လို့ ကျွန်တော် နာမည်ပေးထားခဲ့တဲ့ အိပ်မက်လေး တစ်မက်ပါ ။
သူမဟာ သူမရဲ့ ဖြူလျလျ ပွင့်ချပ်လေးတွေကို ဖြန့်ကားပြီး ကျွန်တော် အနားကိုရောက်လာခဲ့တယ် ။
“ ရှင့် အတွက် ကျမ လုံးဝ စိတ်မကောင်းပါဘူး ဒါဟာ ကျမတို့ရဲ့ မဖြစ်မနေ လမ်းခွဲပဲ ”
ကျွန်တော် “ ကံကော်ပွင့်လေး ”ကို ငေးကြည့်နေတုန်းမှာပဲ ကျွန်တော်ကို ပွေ့ဖက်နမ်းရှုံ့ပြီး
သူမရဲ့ ပွင့်ချပ်လေးတွေကို ညှိုးနွမ်း သေဆုံးလိုက်စေတယ် ။
( ကျွန်တော်ရဲ့ တစ်ကိုယ်လုံးမှာတော့ ကံကော်ဆိပ်တွေ သင့်ခဲ့ပေါ့ )
တတိယမြောက် အိပ်မက်ကတော့ အခိုးအငွေ့ သက်သက်ပဲ ။ ဒါပေမဲ့ “ လေဟာနယ်တစ်ခုလို
ဘာမှမရှိဘူး” ထင်ရပေမယ့် သူဟာ အဆမတန် လေးလံလွန်းနေတယ် ။
သူဟာ ကျွန်တော် အဆုံးမသတ် နိုင်ခဲ့တဲ့ “ တစ်ပိုင်းတစ်စ အိပ်မက် ”ပေါ့ ။ အဲ့ဒီ အိပ်မက်ထဲကို
ကျွန်တော့်ရဲ့ စိတ်ရိုင်းတွေဟာ စီးဝင်လွင့်မျောကုန်တယ် ။ တဒိတ်ဒိတ်သွေးခုန်နူန်းတွေဟာ ဆူပွက်လာ ၊
အသက်ရှူသံတွေဟာ ရထားဘီးနဲ့ ဖိဆွဲခံလိုက်ရတဲ့ သံလမ်းလို မီးပွင့် တစ်ချက် နှစ်ချက် ငင်သွား ။
အား ---- ကျွန်တော် ဓါးမြှောင်တစ်လက်နဲ့ အဲ့ဒီ အိပ်မက်ကို မသေမချင်း ထိုးသတ်ပစ်လိုက်တယ် ။
စတုတ္ထ အိပ်မက် ၊ ပဉ္စမ အိပ်မက် --- အား --- အိပ်မက်တွေ ... အိပ်မက်တွေ ၊
“မျော်လင့်ခြင်း ” “ ရှင်သန်ခြင်း ” “လွတ်လပ်ခြင်း” အစရှိတဲ့ အိပ်မက်တွေ ---- ၊
ကျွန်တော့် ဘေးပတ်ပတ်လည်မှာ တစ်မက်ပြီး တစ်မက် ကျွန်တော် သွေးဆာနေတဲ့
လူသတ်သမား တစ်ယောက်လို အိပ်မက် အားလုံးကို ဓါးမြှောင်နဲ့ ထိုးသတ်ပစ်လိုက်တယ် ။
ကျွန်တော် အသိစိတ် ပြန်ဝင်လာတဲ့ အခါမှာ အိပ်မက်အသေတွေဟာ နေရာအနှံမှာ ကျဲပြန့်နေတယ် ။
အမှောင်ရဲ့ ကြောက်မက်ဖွယ်ရာ အနိဋ္ဌာရုံတွေထဲ မသေမရှင် အိပ်မက် တစ်မက်က လူးလွန့်ထလာပြီး
“ ကျနော့်ကို အသေသတ်ပါ ကျနော်က ခင်ဗျားရဲ့ နောက်ဆုံး လက်ကျန် အသက်ငင်နေတဲ့ အိပ်မက်ပဲ ”
လို့ပြောပြီး ကျွန်တော့်အနားကို တဖြေးဖြေး တိုးကပ်လာတယ် ။
မလာနဲ့ ။
ကျွန်တော့် နောက်ဆုံးအိပ်မက်ကို ကျွန်တော် မသတ်ချင်တော့ဘူး ။
အဲ့ဒီ အိပ်မက်ဟာ “ ဘာ ” ဆိုတာ ကျွန်တော် သိသင့်တယ် ထင်လာတယ် ။
လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ ဓါးမြှောင်နဲ့ ကျွန်တော့် ရင်ဝကနေ တဆင့် စိတ်အတွင်းသားထဲအထိ
ထိုးစိုက်ချပစ်လိုက်တယ် ။ ကျွန်တော့် ခန္ဓာကိုယ် တစ်ခုလုံးအခိုးအငွေ့တွေနဲ့ ဖြူလျ သွားတယ် ။
ကျွန်တော့်ရဲ့ နောက်ဆုံးလက်ကျန် အိပ်မက်ဟာ သေဆုံးသွားမလား ။
တကယ်လို့များ အဲ့ဒီ အိပ်မက် သေဆုံးသွားခဲ့ရင် ကျွန်တော် အိပ်မက်ကနေ ပြန် နိုးလာနိုင်မလား ။
အိပ်မက်တွေကို သတ်ခဲ့တဲ့ ဓါးမြှောင်ဟာ ကျွန်တော့် လက်ထဲကနေ ကြမ်းပြင်ပေါ်ကို “ ဒေါက် ” ခနဲ စိုက်ကျသွားတယ် ။
အဲ့ဒီ နောက်ဆုံးအိပ်မက်ဟာ
“မရောရာခြင်း အိပ်မက်” ဟု
ကျွန်တော် အမည်ပေးထားတဲ့ အိပ်မက် တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် ။
Lynn T Nyain
9 : 10 PM
2/25/2013
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment