Sunday, February 24, 2013
ဗိုင်းရပ်(စ်)လှလှတစ်ကောင်ရဲ့ အဆိပ်အသိုးအမြည့်များ (မိုဃ်းဇက်သော်)
အတိုင်းအဆမရှိ မှောင်နေတဲ့ ဗလာနယ်ညတွေထဲ ရင့်မူးစွာ ထိုးကျခဲ့ရတယ်။ အဆင့်အတန်းတဲ့… ထွီ…သွားစမ်း။ နှုတ်ခမ်းပဲ့ချင်း မီးလာမှုတ်ပြမနေနဲ့။ ဂုဏ်သိက္ခာတုကို တံဆိပ်ကပ်သူတွေ…ဦးနှောက်တစ်ခြမ်းမီးပျက်နေသူတွေ။ ဘာတွေဘယ်လိုဖြစ်ဖြစ် ကံ့ကော်မြို့ရိုးကို ချိုးဖျက်ပြီး နင့်ရဲ့ပါးချိုင့်နိမ့်နိမ့်လေးဆီ ငါပြန်ခဲ့ပြီ…ဒေလီယာ။ ငါ့အသွေး အသားကို ၀ါးမျိုပါ…ငါ့အသက်ရှူပွင့်တွေကျရှုံးအောင် ကျည်ဆန်တွေ တစ်တောင့်ချင်းပစ်ခတ်နေတာ နင့်ရုပ်နာမ်လေးပါ။ တစ်ခါတလေတော့လည်း လွမ်းတယ်ဆိုတာ ကိုယ့်နှလုံးသားကိုယ် နာကျင်စွာ ဓားပေါက်လေ့ကျင့်နေရတာမျိုးပါကွယ်။ ငါဗွေမယူပါဘူး။ နင်တို့အသိုက်အ၀န်းက မီးတွေ ငါ့အကျင့်စာရိတ္တထဲအထိ လာလာစူးနေတယ်။ ဒီလိုနဲ့ ငါတစ်ယောက် တည်း ငါနဲ့ငါ စစ်ဖြစ်ခဲ့ရပေါ့။
***
ရေပေးပါ…။ ဘယ်သူ့မှ မကြားကြဘူးလား။ အားးးးးးးးးးး….တစ်စတစ်စ ငါ့မျက်ဝန်းတွေ…နစ်မွန်းကျိန်းစပ်လာတယ်။ အသံတွေ ပြာနှမ်းလာတယ်။ လူတောထဲနေပေမယ့် လူနဲ့တူတာ တစ်ယောက်မှ မရှိတော့ဘူးလား။ ငါကကော လူနဲ့တူလို့ လား။ လူ့ကျင့်ဝတ်တွေကို သုတ်သင်စုတ်ဖြဲပစ်နေတဲ့ လူယောင်ဆောင် သတ္တ၀ါပဲလား။ ဖြေစမ်းပါ(တစ်ယောက်ယောက်ဖြစ်ဖြစ်ပေါ့)။
ပိုးပိုးပေါက်ပေါက်…မျက်ရည်တွေလား။ ခါးတယ်…။ မျက်ရည်တွေ ငန်တယ်လို့ ဘယ်ကျမ်းက အတိအလင်း ဆိုခဲ့လို့လဲ။
လောကဓံဆပ်ကပ်ပြပွဲထဲ ဖနောင့်သံစူးနေတဲ့ အိပ်မက်တွေနဲ့ ထွေးလုံးရစ်ပတ်…ခါးကိုင်းမတတ် ရှည်ရှည်လာတဲ့ ညတွေမှာ နင့်ကို ပိုသတိရဖြစ်တယ်။ ပြီး…နံရံကို လက်သီးနဲ့ထိုးတယ်။ ငါ့လက်ဖမိုးတစ်လျှောက် တပေါက်ပေါက် စိမ့်ယိုကျ လာတဲ့ သွေးတွေထက်…နှလုံးသားထဲမှာ မျက်ရည်တွေ ပင်လယ်လို တစ်စက်စက်ရွာလို့။ ကံကြမ္မာရယ် ကျွန်ုပ်ကျေအေး ချင်ပါတယ်လို့ ငါအခါခါလိမ္မာခဲ့ဖူးပါတယ်။ သူမကြားလိုက်ဘူးထင်တယ်။ အမျက်တော်ရှတယ်။ ရမ်းယောင် ခြောက်ခြား နေရတဲ့ တငိုငိုတရီရီ ညတွေက ငါ့အတ္ထုပ္ပတ္တိကိုရေးကြတယ်။ စုန်းမီးတောက်အောင် ပြုစားကြတယ်။ ခုတော့ နင်တို့ တဖွဲ့တနွဲ့အောင်ပွဲခံနေကြပြီမို့လား။ ဧဒင်ဥယျာဉ်ထဲက ပန်းသီးတစ်လုံးကို မသွေးရသေးတဲ့ ဓားဟောင်းတစ်လက်နဲ့ အပိုင်းပိုင်း ခွဲစိတ်ကြ။ ကိစ္စမရှိဘူး။ လူတိုင်းမရဏဖွားမဟုတ်ပေမယ့် အားလုံးသေမျိုးချည်းပဲ။ ကလေးကလား ဟက်ဟက် ပက်ပက် ငါရယ်တယ်။ ခြင်တွေ…ခြင်တွေ…။ ယင်ကောင်တွေ…ယင်ကောင်တွေ…။ အမျိုးအမည်မသိရတဲ့ အင်းဆက်တွေ မှောက်နေတဲ့ ငါ့အရက်တွေကို အာသာငမ်းငမ်း ရက်နေကြတယ်။ ကျိုးပဲ့ပျက်စီးလုလုဖြစ်နေတဲ့ ပြတင်းတစ်ချပ်က ပိတ်လာ လိုက် ပွင့်သွားလိုက်နဲ့ တကျွီကျွီမြည်ရင်း သူ့သီချင်းသူဆိုနေတယ်။ ရေးခဲ့ဖူးတဲ့ ငါ့ကဗျာတစ်ပုဒ်က နင့်ပင်လယ်ပြင်မှာ လှိုင်းမူးနေလေရဲ့။
(နင်ဘယ်မှာလဲ။ စိတ်ချင်း တံခါးခေါက်ကြည့်လိုက်တော့ ပြန်ထူးသံမကြားရဘူး။ ဆက်သွယ်မှုဧရိယာပြင်ပရောက် နေတာလား။ နတ်ပြည်ခြောက်ထပ်ရောက်နေတာလား။ ငရဲကြီးရှစ်ထပ်ရောက်နေတာလား။
တနင်္ဂနွေတစ်ရက်ရက်မှာ နင့်ရဲ့ဖုန်းသံလေးကြားရဖို့ ငါ့ရာဇ၀င်တစ်စောင်လုံးကို စုတ်ဖြဲရဦးမယ်…ဒေလီယာ။)
***
ပျင်းပျင်းရှိတာနဲ့ အလင်းမို့မို့ လမ်းမတွေပေါ် ငါ့ခြေလှမ်းတွေ ရွက်လွှင့်ခဲ့တယ်။ ငါတစ်ယောက်တည်းပေါ့ ဒါပေမဲ့ အရိပ်က ကပ်ပါလို့။ လူဖြစ်နေလို့ထင်ပါရဲ့။ သိကြားတွေ ဘီလူးတွေဆို အရိပ်မထွက်ဘူးတဲ့။ ပြောတဲ့သူတွေကလည်း တကယ်မမြင် ခဲ့ဖူးတဲ့ သူတွေပဲဖြစ်နေတယ်။ ဟုတ်တယ်…ဒေလီယာ။ အရိပ်…အဲဒီအရိပ်ပဲလေ။ ငါဟာ လူဆိုတော့ အရိပ်ခိုရတယ်။ ဒီအရိပ်ပြီးရင် နောက်တစ်ရိပ်ပေါ့။ မသေမချင်း အရိပ်ခိုရမယ်။ နင်ခိုချင်တဲ့ အရိပ်ကတော့ သံမဏိလို ခိုင်ခိုင်မာမာရှိလွန်းပါ တယ်။ ငါ့စိတ်တွေ ကျဉ်းမြောင်း ကျပ်တည်း…နင့်အကြောင်းတွေးမိတိုင်း တောက်ခေါက်သံတွေပဲ ထွက်ထွက်လာနေရ…။
***
မာနရယ် ဟစ်တလာရယ် အချည်းနှီး အဓိပ္ပါယ်မဲ့ ၀ါဒရယ် အရောင်ကန်းတဲ့သူတွေရယ် သံသရာတစ်ဝန်းစာ မုန်းတယ်။
***
ရင်ထဲက မပါဘဲ ပြုံးပြတတ်တဲ့ နှုတ်ခမ်းတွေကို ဘုရားသခင်နဲ့ အမေးအဖြေလုပ်ခိုင်းချင်တယ်။
***
ငါ့စိတ္တဇကို မှန်ထောင်ကြည့်ဖြစ်တဲ့ နေ့ကပေါ့။ ရွှေရည်စိမ် အနမ်းတစ်ခုနဲ့ ခွေခေါက်မူးလဲ…ငါ့ဘ၀မှာ မတောင်းပြည့်လာတဲ့ ဆုတောင်းတွေဟာ ခလုတ်ကန်သင်းတွေပါကွယ်။
အကြောင်းမရှိအကြောင်းရှာ တဏှာရာဂကို ဇက်သတ်ချင်တယ်ဆိုတဲ့ သူလိုကိုယ်လိုလူတွေကို တိုးတိုးလေး ရယ်နေပါရစေ။ သူတို့ကို မော်ဒယ်ရှိုးလက်မှတ်တွေ အခမဲ့ ဝေပေးလိုက်ကြပါ။ လျပ်ပေါ် လော်လည်မှုတွေနဲ့ ခေါက်ခက် သေသွားအောင် ပြုစားလိုက်ကြပါ။ ငါတော့ အခါမလပ် ပြုံးရယ် နေချင်တယ်။ ဒီလိုပါပဲ လောကမှာ မည်မည်ရရ မရှိတဲ့ ပကာသနတိမ်တိုက်တွေက ထူလွန်းပါတယ်… ဒေလီယာရယ်။ နင့်အပြုံးတွေနဲ့ တိုက်ချွတ်လျှော်ဖွပ်ပေးခဲ့ပါလား။
***
(ဂျိမ်းခနဲ… မိုးကြိုးပစ်ချလိုက်သလိုပဲ…
ဘာတွေလဲ….ဒေလီယာ….ဘာတွေလဲ….
ငါ့ကို အသက်တိုအောင်မလုပ်ပါနဲ့ ဒေလီယာ…)
အသံတွေ အသံတွေလေ ငါ့နားစည်တစ်လျှောက် ဆူပွက်လှိုက်ဝေသွားတယ်။ လှုပ်ရှားနေတဲ့ စိတ်ကို ထိန်းလိုက်ပြီး….
“ နင်ထင်သလို မဟုတ်ဘူး ဒေလီယာ…အဲဒီလိုချည်းတော့ တုတ်ရှည်ရှည်နဲ့ ပတ်မရမ်းပါနဲ့…သွေးသားဆန္ဒ ဖြေဖျောက်မှု တစ်ခုတည်းနဲ့ နင့်ကို ချစ်တာမဟုတ်ဘူးဆိုတာ…ငါဘာနဲ့ သက်သေပြကျိန်တွယ်ပြရမလဲ…ပြောစမ်းပါ…”
နောက်ထပ် နင့်ဆီက စကားသံကို ငါ တစ်ရှိုက်မက်မက်ကြားချင်ခဲ့တာပါ။ ဒါပေမဲ့ နင့်ဆီက ဘာစကားတစ်ခွန်းမှ ဖြစ်ထွန်းမလာခဲ့ဘူး။ ခဏနေမှ ခပ်လှောင်လှောင် ရယ်သံလေးထွက်လာတယ်။
“ နင်လည်း ဒီပုတ်ထဲက ဒီပဲ ပဲဖြစ်မှာပဲ…ကျိန်လည်း ကျိန်ပြမနေပါနဲ့တော့…ရှေးတုန်းကတော့ လူတွေကျိန်ရင် တကယ်ဖြစ်တယ်တဲ့… ခုတော့ ကတိမတည်တဲ့ သူတွေကြောင့် ကျိန်စာတွေ ပြယ်လွင့်သွားကြတာလေ…ငါ နင့်ကို ယုံပေးလိုက်ပါ့မယ်…နင့်ကောင်မကိုပဲ…နင် ယုယနေပါတော့… ”
“ ငါ ရှင်းပြပါရစေဦး…ဒေလီယာ…”
အသံတွေ ဆို့နင့်တုန်ရီလွန်းလို့ စကားတစ်ခွန်းတောင် ငါ့နှုတ်က ဖြစ်ဖြစ်မြောက်မြောက် ထွက်ကျမလာခဲ့ဘူး။ ဒီအချိန်မှာ ယင်တစ်ကောင်ငါ့ပခုံးပေါ်လာနားရင်တောင် ငါသယ်ထားနိုင်မှာမဟုတ်ဘူး။ ခွေခေါက်လဲကျလုလုပေါ့။ နင့်ဒေါသတွေပဲ အစွယ်ငေါငေါနဲ့ ထွက်ကျလာပြန်တယ်။
“ ငါပြန်မယ်…ငါ့နောက်က မလိုက်ခဲ့နဲ့နော်… ငါ့အကြောင်းကောင်းကောင်း သိသွားစေရမယ်…”
တောက်ခတ်သံအကျယ်ကြီးနဲ့ ဒီစကားကို နင်ဖောက်ခွဲခဲ့တယ်လေ။
“ ………………………………………………………………”
ငါ့မှာသာ အသံတိတ်ပြိုလဲ ရပ်ကျန်ခဲ့ရတယ်။ ရှင်းပြလို့မရနိုင်တော့တဲ့ ငါ့ကိုယ်ရေးမှတ်တမ်းဟာ…နင့်ရဲ့ အမိန့်တွေအောက်
မှာ ဆွံ့အသေဆုံးသွားခဲ့ပြီ…ဒေလီယာ။
***
ဖြစ်နိုင်မယ်ဆိုရင် သက်ပြင်းတွေနဲ့လေးလံ ကိုင်းညွတ်နေတဲ့ ငါ့သမိုင်းတွေကို တစ်လွှာချင်း နင့်ကို ဖြည်ချ ပြောပြချင်တာ ပေါ့…ဒေလီယာ။ကြယ်တွေ အုတ်အော်သောင်းနင်း ပျော်ပါးတဲ့ ညတွေမှာ ငါ့အလွမ်းတွေ တိတ်တိတ်လေး ရေငတ်နေရတာ ပေါ့။ မြိနေတဲ့ စကား…ငါ့အသည်းကို ထုတ်ချင်းပေါက်စိုက်ဝင်သွားကတည်းက အပြုံးအရယ်ပျော်ရွှင်မှုတွေဟာ နင့်မျက်စောင်း တစ်ဝင့်မှာ ဘ၀ကူးတောင် မကောင်းခဲ့ကြတာ…နင်သိရဲ့လား ဒေလီယာ။
မပြောဖြစ်တော့တဲ့ စကားတွေနဲ့ ရူးသွပ် ထစ်ချုန်း ငါ့မျက်ဝန်းနဲ့ငါ တိုးတိုးလေး ရွာနေတော့မယ်။
( ခုဆိုလေ…နင်မြင်ခဲ့တဲ့ အဲဒီထီးလှလှလေးအောက်မှာ ငါမရှိတော့ဘူး ဒေလီယာရဲ့။ ငါ့လက်ကောက်ဝတ်ကို ကိုင်ထားတဲ့ သူ့ လက်ကိုလည်း ငါဖြုတ်ထွက်ခဲ့ပြီ။ ငါ့မိသားစုရဲ့အကြွေးတွေကို သူပဲဆပ်ပေးခဲ့ရလို့...ဒါတွေမပြောတော့ပါဘူး ဒေလီယာ… သူ့နှုတ်ခမ်း၊ သူ့ပါးပြင်ကို ရွံပေမယ့်တစ်မိနစ်လောက်နမ်းနေချိန် ငါ့စိတ်က နင့်ဆီကိုပဲ အလည်ရောက်ရောက်နေတာလေ…သူက သေနတ်တွေ ဗုံးတွေသူဆောင်မထားပေမယ့် ဘာကိုကြောက်မိမှန်းမသိဘူး ငါကြောက်တယ်ဒေလီယာ)
(နင်မှားခဲ့တာလား။ ငါမှားခဲ့တာလား။ သေချာတာကတော့ နှစ်ယောက်လုံးမှန်နေတယ်ဆိုတာ တစ်နေ့နေ့မှာ နင်သိလာမှာပါ…ဒေလီယာ)
***
အပြင်မှာ မတွေ့ရသော်လည်း အိပ်မက်ထဲမှာ တွေ့ရ ၍တော်ပါသေးသည်။ ဘယ်မှာမှ မတွေ့ရလျှင် ကျွန်တော်ရူးသွား နိုင်ပါသည်။
နေခြည်လေရူး အလေအလွင့် ကဗျာတစ်ပုဒ်နဲ့ ဆက်မိုက်ရင်း ကျောင်းတော်ကြီးနဲ့ ကံ့ကော်ရွက်ကြွေတွေကို လွမ်းနေမိပါသည်…ဒေလီယာ။ ငါတစ်ယောက်တည်းပေါ့… ရခဲ့ဖူးတဲ့ အနမ်းတစ်ပွင့်နဲ့ ငရဲအထိဖောက်ခွဲ ငါမရောက်ရောက်အောင်သွားမယ်။
အိုမိတ်ဆွေတို့ ဒေါသမြူမှုန်မျှ မစွန်းထင်းပါစေနှင့်။ သစ္စာတရားသည် မီးလျှံကြားမှာပင် တငွေ့ငွေ့ရှင်သန်နေဦး မည်။
***
ဖြစ်နိုင်မည်ဆိုပါလျှင်…ရှင်းလင်းပြိုးပြက်သော လျှပ်စီးတစ်ဝင့်အောက်တွင် ချစ်သူနှင့်အတူ အသက်ပျောက်သွားချင်ပါ သည်။ ထိုသို့ဆိုလျှင် ချစ်သူနှင့်အတူတူ ဘုံဋ္ဌာနတစ်ခုခု၌ ပျော်ရွှင်စွာနေရမည်လား? ကျွန်တော် ကယောင်ကတမ်းတွေး ကြည့်ဖူးပါသည်။
***
ခပ်ခက်ခက်မက်ရသော အိပ်မက်သည် သွေးသံရဲရဲ ရှိလွန်းလှပါသည်။ အုံ့ပုန်းတစ်ဦး ငါ၏ စကားတွေ ဖြူဖျော့ခွေခေါက်…သူ့အတိုင်းထားလိုက်ပါတော့မည်။ လောကကြီးမှာ မိုးစင်စင်မလင်းသေးဘူးလား။ ချစ်ခြင်းတရားကို သွေးစက်လက်ဖြင့်ခြစ်ညှိ ထွန်းကြည့်ကြစမ်းပါ။ ကျိန်စာတွေ ဟူးဟူးရားရားက ငါ့ဂီတဖြစ်ပေတော့သည်။
***
နောက်ဆုံးတော့လည်း…
နောက်ဆုံးတော့လည်း….နောက်ဆုံးတော့လည်း…
ဂြိုဟ်ပျက်ထဲမှာ…ဘယ်သူ့မှ မသိအောင် ကျွန်တော့် မျက်ရည်အိုးလေး ခဏခဏကျကွဲမိတော့တာပဲလေ….။
မိုဃ်းဇက်သော်
(၂၀၁၂တုန်းက စာမူကို နည်းနည်းပြန်ချောပါသည်)
Subscribe to:
Post Comments (Atom)
"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"
မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...
-
“ဒဏ္ဍာရီတွေ အစက ဒိုင်ယာရီ “ လို့ဆိုရမလား ၊ သမီး ရက်စွဲတွေ “တစ်ထေရာတည်း“ ခဲ့တာ ၊ ဒီစာရွက်လေးက ခေတ်ရဲ့ မြူမှုန်ပိုင်းတစ်ပိုင်း ... အဖေ က တ...
-
မဖြစ်နိုင်မှန်းသိနေလည်း ညီမလေးဖျှော်ပေးမယ့် ကော်ဖီတစ်ခွက်ကိုပဲ ဆာလောင် တောင့်တ... မဆုံနိုင်မှန်းသိနေတာတောင် ညတွေဆို ကော်ဖီတစ်ခွက်က...
-
ယုံကြည်ချက်ကြောင့် လမ်းပေါ်ရောက်သူများကော ယုံကြည်ချက်ကြောင့် လမ်းဘေးရောက်နေသူများပါ လူစုံတက်စုံပါဝင်လာတဲ့ ပြည်သူ ၀က်ဝက်ကွဲ ဆုတောင်းပ...
No comments:
Post a Comment