မင်းမရှိလဲ ဖြစ်တယ် ငါမရှိလဲ ဖြစ်တယ် ဘယ်သူမှ မရှိလို့တော့ မဖြစ်ဘူး တော်လှန်ရေး( မောင်မိုးမြင့် )


စိတ်ပေါ်မှာ equipment တွေ အပြည့်အစုံ တပ်ဆင်ပြီးပြီလား
မြင်ကွင်းတွေကို ထောင့်ဒီဂရီ အကျယ်ဆုံးအထိ ချဲ့ ထားပေး
“ လွတ်လပ်ရေးဆိုတာ တိုက်ယူမှရမယ် ” အဆင်ပြေသလိုပေါ့
ကာလမ သုတ်ကို အဆက်မပြတ် နှလုံးသွင်း ဆင်ခြင်နေရမယ်
သံတူကြောင်းကွဲတွေ ကြားမှာ အစစ အရာရာ သတိရှိနေမှ
သက်ဝင်ယုံကြည်မှု့  ၊ စိမ့်ဝင်စီးဆင်းမှု့  ၊ ဖြစ်တန်စွမ်း ၊ ဥာဏ်ပညာ
တစ်ခုခုကို မေ့လျှော့နေခြင်းဟာ မင်းကို သတ်ကွင်းထဲ ပို့ပစ်လိမ့်မယ်

ချီတက်နေချိန်မှာ ခြေလှမ်းတွေ မှန်နေပါစေ ရပ်မပစ်နဲ့
ခေတ်ပေါ်တော်လှန်ရေးသမားတစ်ယောက်မှာ ကြယ်ဖြူနဲ့ အနီရောင်လက်ပတ်
တစ်ခြား အမှတ်အသား တံဆိပ်တွေလဲ ဘာမှမလိုတော့ဘူး မပါလဲရတယ်
မျက်ကန်းမျိုးချစ်စိတ်တော့ ပါလာလို့ မရဘူး
တော်လှန်ရေးဆိုတိုင်း အပစ် အခတ်နဲ့ အတိုက်အခိုက်တွေ လုပ်မလို့လား
ကိုယ်သိသလောက်ဟာ အမှန်တရား မဟုတ်ဘူး ဖြစ်မလာနှိုင်ဘူး
နည်းဗျူဟာ ၊ မဟာဗျူဟာ တွေက အချိန်နဲ့ အမျှ ရှုပ်ထွေးပြောင်းလဲနေတယ်
တစ်ခါတစ်လေ ခက်ထန်မယ် တစ်ခါတစ်လေ ထင်မထားလောက်အောင် သိမ်မွေ့နုညံ့မယ်
ရေမြေ အနေအထား အခြေအနေနဲ့ အချိန်အခါကို နားလည်ထားပါ
မြေပေါ် မြေအောက် ဖြစ်ချင်ရာဖြစ်မယ်
အဆင်ပြေသလို အခြေအနေပေးတာနဲ့ စပြီးတော်လှန်ပါ
ထင်ယောင်ထင်မှား ဖြစ်မှု့တွေက မင်းကို မကြာခဏ စတင်တိုက်ခိုက်လာလိမ့်မယ်
“ နွားကွဲရင် ကျားဆွဲမယ် ” ဆိုတဲ့ စကားပုံကို မေ့ပစ်လိုက်
တော်လှန်ရေးသမားဟာ နွားမဟုတ်သလို နေရာတိုင်မှာလဲ ကျားမရှိတော့ဘူး
တစ်ယောက်ထဲ ကျန်ခဲ့ရင်တောင် တစ်ယောက်ထဲ ဆက်တော်လှန်ပါ
သိပ်မကြာခင် လမ်းတစ်လျှောက် ပျဉ်းမပန်းတွေ ဝေလာပါလိမ့်မယ်
မမြင်ရတဲ့ တစ်ချို့ကိစ္စတွေကိုလဲ ယုံပေးပါ
ပွင့်ပွင့် လင်းလင်း တိုးကပ်လာခဲ့ပါ
အသံတိုင်းဟာ အဝေးကနေ မကြားနှိုင်ဘူး ပုံမှန် မက်ဂါဟက်ဇ် အနေအထား
ဘယ်သူ့အတွက်လဲ မေးခွန်းတိုင်းကို ဖြေဆိုရန်မလိုပါ
လိင်ကိစ္စကတော့ ယဉ်ကျေးသူတိုင်းစိတ်ဝင်စားတဲ့ ယဉ်ကျေးမှု့ပဲ
ဘာသာတရားနဲ့ မိမိကိုယ် မိမိ တစ်လှည့်စီ လှစ်လျူရှု့ပါ
အမြင်တွေ ပိုမို ပီပြင် ပြတ်သား လာပါလိမ့်မယ်
တော်လှန်ရေးမှာ မိဘ၊ ဆွေမျိုး ၊ သူငယ်ချင်း ဘာမှ မရှိဘူး
အသုံးမကျတဲ့ အယူအဆတွေကို အပြီးသတ်ခြေမှုန်း ပစ်ရမယ်
ယုံကြည်မှု့နဲ့  ပုဂ္ဂိုလ်ရေး ဆည်းကပ်ကိုးကွယ်မှု့ကို အာရုံမမှောက်စေနဲ့
ခြေမ မကောင်း ခြေမ ၊ လက်မ မကောင်း လက်မပဲ
လူ့အဖွဲ့ အစည်းတစ်ခုလုံးဟာ နီးစပ်ရာ ယုံကြည်မှု့အမှန် ၀ါဒ
အကြောက်တရားအောက်မှာ စနစ်တကျ နေသားကျနေခဲ့ပြီ
ခေတ်မမှီတော့တဲ့ အယူအဆတွေနဲ့ ထွန်းညှိရင်
အလင်းရောင် အစား မီးခိုးတွေနဲ့ ဦးနှောက်ပဲ ကြပ်ခိုးစွဲခံရမယ်
Keep  yourself  to  yourself
ပုံမပျက် ဆက်ဆံရေးနဲ့ တော်လှန်ရေးကို သွေးမြေမကျစေနဲ့
ဆင်ခြင်တုံတရား  ၊ ဥာဏ်ပညာ ၊ လက်ဖျံရိုးတွေကို ပူးကပ်ချည်နှောင်ထား
အဆင်သင့်သုံးလို့ရအောင် မြနေအောင်လဲ သွေးထား
အလိုက်သင့် စီးဆင်းရအောင် ငါတို့ဟာ အပျော်စီးလှေတွေ မဟုတ်ဘူး
ဆန်သင့်ရင် ဆန်တက်ရမယ် မြဲမြဲ ကိုင်ထား ။         ။




ခေါင်းစဉ် = ကို အနတ္တအနော်မာ၏ ကဗျာ စာသား
Equipment  = လိုအပ်သဖြင့် အပိုယူဆောင်ရသော  တန်ဆာပလာများ
Keep yourself to yourself = လူတွေကို လူမှု့ရေးအရ တွေ့ဆုံခြင်းမပြုပါနှင့်


-       မောင်မိုးမြင့်   - ၁ ၂ ၁ ၂ ၀ ၁ ၃

No comments:

Post a Comment

"ကမ္ဘာမှာ မြန်မာ့လူ့အဖွဲ့အစည်းကို ဘယ်လို မြင်စေချင်သလဲ"

မှူးသစ် 7DAY သတင်းစာ ရိုက်တာသတင်းထောက် နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တရားရုံးကနေ ထောင်ဒဏ်ခုနစ်နှစ်ချမှတ် လိုက်ပြီးတဲ့ နောက...